အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
🌻 Chapter 111
"စုဖေးရှန်နဲ့ သူ့ညီအစ်ကိုနှစ်ယောက်က သူ့နောက်ကိုတစ် လျှောက်လုံး လိုက်သွားခဲ့ပြီး သူ မြေတူးနေချိန်မှာ ပြေးဝင်သွားပြီး သူ့ကို ဖမ်းချုပ်ပြီး အထုပ်ကိုလုယူခဲ့တယ်၊ အထုပ်ထဲမှာ မီးရှို့တဲ့ပစ္စည်းတွေ၊ ဒူးလေးအသေးစားလေးတွေနဲ့ အလယ်အလတ်အကွာအဝေးကနေ မီးရှို့ဖို့ တခြားကိရိယာတွေ ပါဝင်တာကို အတည်ပြုပြီးတဲ့နောက်မှာ စွန်းလွန်ကို သိုလှောင်ရုံထဲခေါ်သွားပြီး တစ်ညလုံး သော့ခတ်လှောင်ထားလိုက်တယ်"
"ဒီနေ့ ဖူကျင်း နိုးလာတော့မှပဲ စွန်းလွန်ကို စစ်ဆေးမေးမြန်းတော့တာပဲ"
"တကယ်ကို ထက်မြက်တာပဲ၊ စုဖေးရှန်က စတုတ္ထမင်းသားရဲ့ ဘေးမှာရှိတဲ့ လူယုံတစ်ယောက် ဖြစ်ထိုက်ပါတယ်၊ သူက ဒီလောက်ငယ်ရွယ်တာတောင် ရဲရင့်ပြီး ဉာဏ်ရည်ပြည့်ဝတာပဲ"
ယွင်ရှူက အံ့သြချီးကျူးစွာဖြင့် ပြောသည်။ ကမ်းချန်ချန်နှင့် ယွင်ကျွမ်းတို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က ဒေါသကြောင့် သူ့ရန်သူများ ဖြစ်မသွားခဲ့ပေ။
ကမ်းချန်ချန်က "ဒါဆို ဘယ်လို အရေးယူလိုက်လဲ"
ဟွာယွီက ပြောသည်။
"စွန်းလွန်က မေးစရာမလိုဘဲ အကုန်ဝန်ခံခဲ့တယ်၊ ဒါပေမဲ့ ဒါတွေအကုန်လုံးက သူ့ကိုယ်ပိုင် အကြံအစည်ဖြစ်ပြီး ချန်ကော်ကော်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတယ်"
"အရင်တုန်းက သူက ကော်ကော်ရဲ့ ရိုက်နှက်တာကို ခံခဲ့ရလို့ အငြိုးထားနေခဲ့တာတဲ့၊ သူ ဒူးလေးအသေးလေးတစ်ခု လုပ်ခဲ့ပြီး အစကတော့ စမ်းကြည့်ဖို့ပဲ ရည်ရွယ်ခဲ့တာပါတဲ့၊ ဒါပေမဲ့ မထင်မှတ်ဘဲ မီးတုတ်ကို ပစ်ထုတ်လိုက်မိပြီး ပီယိုနီပန်းချုံတွေကို မီးစွဲလောင်သွားလို့ သူ နောင်တရနေခဲ့တယ်ပြောတယ်"
"ဖူကျင်းက နောက်ဆုံးတော့ သူ့ကို ကြိမ်ဒဏ် အချက်တစ်ရာ ရိုက်ဖို့ အမိန့်ပေးခဲ့ပြီး မွန်းလွဲပိုင်းမှာ ပြစ်ဒဏ်ကို အကောင်အထည်ဖော်ခဲ့တယ်၊ အလုပ်မရှိတဲ့သူတိုင်းကိုတောင် လာကြည့်ဖို့တောင် သူမက ခေါ်ထားသေးတယ်"
"ချန်ကော်ကော်ကတော့ စည်းကမ်းပိုင်း လျစ်လျူရှုမှုအတွက် တာဝန်ယူရပြီး လက်ဝါးကို ဝါးခြမ်းပြားနဲ့ အချက်သုံးဆယ် ရိုက်ခံရတဲ့အပြင် သုံးလကြာ အကျယ်ချုပ် ချမှတ်ခံလိုက်ရတယ်"
"သူမရဲ့ ခြံဝင်းထဲက တခြား အစေခံမလေးတွေကလည်း စွန်းလွန်းရဲ့ လုပ်ရပ်တွေကို အချိန်မီ မသိခဲ့ကြတဲ့အတွက် အပြစ်ပါသွားပြီး သုံးရက်တိတိ အစာငတ်ခံတဲ့ ပြစ်ဒဏ်ကို စုပေါင်း ခံလိုက်ရတယ်"
ယွင်ကျွမ်းက "အဲဒီလောက်တောင် ပြင်းထန်တာလား၊ ကံကောင်းလို့ ဒါကို လုပ်တာ ဟွာစန်း မဟုတ်ဘူးဆိုတာ သက်သေပြနိုင်သွားတာ"
ကမ်းချန်ချန်က ပြောသည်။
"ဖူကျင်းက ငါတို့ကို စံနမူနာပြနေတာ၊ ဒါပေမဲ့ ဒီဖြစ်ရပ်က ငါတို့အားလုံးက အတူတူပဲဖြစ်ပြီး ဂုဏ်ကျက်သရေရော ဆုံးရှုံးမှုပါ အတူတူ ခံစားရမယ်ဆိုတာကို လူတိုင်း သတိထားမိစေဖို့ သတိပေးလိုက်တာပဲ၊ ငါတို့က မင်းသားရဲ့ စံအိမ်တော် ဒါမှမဟုတ် ငါတို့ရဲ့ ကိုယ်ပိုင်ခြံဝင်းကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ ဘယ်တော့မှ မလုပ်သင့်ဘူး"
ယွင်ရှူနှင့် အခြားသူများက တစ်သံတည်းဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ကျွန်မတို့ နားလည်ပါပြီ"
ယနေ့ မွန်းလွဲပိုင်းမှာ ကမ်းချန်ချန် နိုးလာချိန် ယွင်ကျွမ်းက သူမကို ယပ်ခတ်ပေးနေသည်။ ကမ်းချန်ချန်က အကြောဆန့်ကာ ပြောလိုက်သည်။
"ပူလိုက်တာ၊ နင်လည်း သွားနားသင့်ပြီ"
ယွင်ကျွမ်းက ခေါင်းခါပြုံးကာ "ဒါက ကျွန်မရဲ့ တာဝန်ပါပဲ"
ထိုသို့ပြောကာ ယွင်ကျွမ်းက စက္ကူလိပ်လေးတစ်ခု ကမ်းပေးသည်။ ကမ်းချန်ချန်က စက္ကူလိပ်ကို ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားရသည်။ ထိုသည်မှာ ကမ်းချန်အန်းဆီက နောက်ထပ် ပို့လိုက်တဲ့ သတင်းစကားဖြစ်နေသည်။
"သူတို့က လက်မခံဘူး၊ မူလအစီအစဉ်အတိုင်းပဲ ဆက်လုပ်မယ်လို့ တင်းခံနေကြတယ်"
ထိုသို့ အဓိပ္ပာယ်များစွာပါ၀င်သော စကားလုံးအနည်းငယ်က ကမ်းချန်ချန်အား ကမ်းချန်အန်း ဆိုလိုရင်းကို ချက်ချင်း နားလည်သွားစေသည်။
ဒါဆို ငွေတိုးချေးတဲ့သူကလည်း တခြား ရည်ရွယ်ချက်တွေ ရှိနေတာပေါ့၊ မဟုတ်ရင် သူက ဘာလို့ တစ်ကြိမ်တည်းနဲ့ အကြေဆပ်လို့ရနေတာကို တစ်နှစ်စာ အကြွေးကို အချိန်ဆွဲနေရမှာလဲ၊ အရင်းနဲ့ အတိုးကို ယူပြီး စားဖို့သောက်ဖို့ ထွက်သွားတာက ပိုမကောင်းဘူးလား...
ကမ်းချန်ချန် နဖူးကို ပွတ်ရင်း သူမ မည်သူ့ကို သွားစော်ကားမိမှန်း နားမလည်နိုင်အောင် ဖြစ်နေသည်။
ပိုင်လျန်ဂိုဏ်းက အဖွဲ့ဝင်သုံးယောက်ကို သူမ တည်နေရာအား ပေါက်ကြားသွားစေသူမှာ ထိုလူသာဖြစ်နိုင်သည်။
စတုတ္တမင်းသား စံအိမ်တော်ထဲရှိလူများ လုပ်ခြင်းဆိုပါက မနေ့က သူမ ငွေတိုးချေးနေသည်ကို အဘယ့်ကြောင့် ဖွင့်မချခဲ့သနည်း။
သူတို့သာ မဟုတ်ဘူးဆိုလျှင် သမုဒ္ဒရာထဲတွင် အပ်ကျတာကို ရှာရသလို ဖြစ်နေလိမ့်မည်။ ဟွာယွီက စွန်းလွန် ရိုက်ခံရတာကို သွားကြည့်ခဲ့ပြီး ပြန်လာသည့်အချိန် ရင်ဘတ်ကိုဖိကာ ဗလာကျင်းနေသော အကြည့်ဖြင့် ကုတင်ပေါ်မှာ အားအင်ကုန်ခမ်းစွာ လှဲလျောင်းနေသည်။ ညနေပိုင်းရောက်ချိန် သူမက ပျင်းရိစွာဖြင့်ပြောသည်။
"အဲ့ကောင် သရဲဖြစ်သွားရင် ငါ့အိပ်မက်ထဲ လာမခြောက်ပါစေနဲ့လို့ ဆုတောင်းရမယ်"
ယွင်ကျွမ်းက သူမကို ဆန်ပြုတ်တစ်လုပ် ခွံ့ကျွေးပြီး ခေါင်းခါကာ သက်ပြင်းချသည်။
"နင့်ကို မသွားဖို့ ပြောသားပဲ၊ နင်က စကားမှ နားမထောင်တာ၊ စဉ်းစားကြည့်လေ၊ ကြိမ်ဒဏ် အချက်တစ်ရာဆိုတာ မသေရင်တောင်မှ အသားတွေ အရိုးတွေ ကွဲကြေသွားမှာပဲ၊ အဲဒါကို သွားကြည့်ရတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ"
ဟွာယွီက နှာမှုတ်ကာ ပြောသည်။
"ငါက နင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ နင်က အမြဲတမ်း တခြားသူတွေထက် ပိုတွေးပြီး ပိုလုပ်တတ်တာကို"
ပုံမှန်ဆိုလျှင် နွေးထွေးကြင်နာတတ်သော ယွင်ကျွမ်းက ပန်းကန်လုံးကို စားပွဲပေါ်တင်လိုက်ပြီး "နင့်ကို ဆက်မကျွေးတော့ဘူး"
ဟွာယွီမှာ အနည်းငယ် ရှက်သွားပြီး မျက်နှာမဲ့သွားသည်။ ကမ်းချန်ချန်က ကြားဖြတ်ပြောသည်။
"ရန်ဖြစ်တာ ရပ်ကြတော့၊ ယွင်ကျွမ်း... ဒီကိုလာခဲ့၊ နင့်ကို လုပ်ခိုင်းစရာ တစ်ခုရှိတယ်"
ယွင်ကျွမ်းက ချက်ချင်းထလာပြီး "သခင်မလေး... ဘာများလဲရှင်"
ကမ်းချန်ချန်က ကြောင်ကလေးကို ကောက်ချီလိုက်ပြီး
"ငါက နှင်းလုံးလေးနဲ့ တူတဲ့ အမွေးပွပွ နားရွက်ခေါင်းပတ်လေး တစ်ခုရယ်၊ ခါးမှာ ကြိုးသေးသေးလေးနဲ့ ချည်လို့ရတဲ့ ရှည်လျားတဲ့ အမြီးလုံးလုံးလေး တစ်ခုရယ် လုပ်ချင်တယ်၊ အော်... ဟုတ်သားပဲ၊ ကလစ်အသေးလေး နှစ်ခုနဲ့ ကြောင်လက်ဝါးလေးတွေနဲ့တူတဲ့ လက်အိတ်တွေလည်း လိုတယ်၊ အကုန်လုံးကို အဖြူရောင်တစ်ခု၊ ပန်းရောင်တစ်ခုစီ နှစ်စုံ လုပ်ရမယ်၊ အရွယ်အစားကိုတော့ ငါ့ရဲ့ အတိုင်းအတာအတိုင်း လုပ်ရမယ်"
ယွင်ကျွမ်းက မျက်တောင်တဖျပ်ဖျပ် ခတ်ကာမေးသည်။
"သခင်မလေးက ဘာလို့ ဒီပစ္စည်းတွေကို လုပ်ချင်ရတာလဲ
ကမ်းချန်ချန်လည်း အလွန်ရှက်ရွံ့သွားသည်။ ယင်ကျန်းကို မြှူဆွယ်ဖို့ ဒါကို လုပ်တာလို့ သူမက ပြောရမှာလား၊ ဒါပေမယ့် ပြောရမှာက အရမ်းရှက်စရာကောင်းတယ်လေ...
သူမက ထစ်ငေါ့စွာဖြင့် "နင် လုပ်ပဲပေးစမ်းပါ၊ ဒါက ငါ့ရဲ့ ကိုယ်ပိုင် ဝါသနာလေ၊ ငါက ဒီလို ဝတ်ရတာကို သဘောကျလို့၊ နင် လုပ်ပေးနိုင်မလား၊ အတူတူ လုပ်ကြတာပေါ့"
ယွင်ကျွမ်းက ခေါင်းညိတ်သည်။
"ဟုတ်ကဲ့"
သုံးရက်အကြာတွင် ကမ်းချန်အန်းက နောက်ထပ် စာတစ်စောင် ပို့လာခဲ့သည်။
စာထဲတွင် "ကျင်းရှို့က ဒီနေ့မှ ပြန်ရောက်လာတာ၊ မိဘအိမ်မှာ သုံးရက်နေလို့ရတယ်၊ သူက အတိုးကြီးကြီးနဲ့ ငွေချေးတဲ့ အစ်ကိုလျူကို သိတယ်၊ သူက မင်းနဲ့ ခဏလောက် စကားပြောချင်တယ်လို့ ပြောတယ်၊ အားရင် ပြန်လာခဲ့ပါ၊ မအားလည်း ကိစ္စမရှိပါဘူး"
ကမ်းချန်ချန် မျက်လုံးများကို မှေးကျဥ်းကာ လှောင်ပြောင်ချင်လာသည်။ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူက နောက်ဆုံးတော့ ပေါ်လာတော့မှာပေါ့ ဟုတ်လား၊
သူမသာ ပြန်မသွားရင် ဒီငွေတိုးချေးတဲ့လူက အစောကြီးမဟုတ်ရင်တောင် နောက်ပိုင်း ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့ သူမသာ ပြန်သွားရင်... ဟူး... အဲ့ဒီလှပတဲ့ မိန်းမပျိုလေးက မင်းသားရဲ့ စံအိမ်တော် မျက်နှာသာပေးတာကို လိုချင်ရုံ သက်သက်ဖြစ်ပြီး သူမကိုယ်တိုင်ကပဲ အတွေးလွန်နေတာ ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ...
ကမ်းချန်ချန်က လီဝမ်အား အပြင်ဘက်မှာ အလုပ်ကိစ္စတစ်ခုနှင့် စေလွှတ်လိုက်မည်ဆိုသော အကြောင်းပြချက်ကို ချက်ချင်း အသုံးပြုပြီး သူမ အိမ်ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် လူများ ငှားရမ်းခိုင်းလိုက်သည်။
ထိုနေ့ ညနေပိုင်း ယင်ကျန်း မရောက်လာခင်မှာ ကမ်းချန်ချန်က တစ်နာရီကြာ ပန်းရနံ့ရေချိုးပြီး သူမ ဆံပင်အမည်းရောင်လေးအား ချောမွေ့တောက်ပလာသည်အထိ ပုံသွင်းထားသည်။
ထိုင်ခုံရှေ့မှာ ထိုင်ရင်း သူမက ဆံပင်ကို ပြန်ပြင်ပြီး နုနယ်လှပသော ပီဂိုနီယာပန်းလေး တစ်ပွင့်ကို နားရွက်နောက်မှာ ပန်လိုက်သည်။
ခေတ်သစ်မှာ လျူပေအကြောင်း ဖတ်ဖူးတာသာမက မကြာသေးမီက လက်တွေ့ အတွေ့အကြုံများကြောင့်လည်း လှည့်ကွက်တချို့ကို အသုံးပြုတက်လာသည်။
"အို့..."
ယင်ကျန်း မတ်တတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ်းချန်ချန် ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး သူ့ရင်ခွင်ထဲသို့ ပြိုကျသွားရာ သူမ ခန္ဓာကိုယ်လေးမှာ လေပြေထဲတွင် ယိမ်းနွဲ့နေသော မိုးမခပင်လေးလို နူးညံ့နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု တောက်ပနေလေသည်။
သူမ အောက်မှာ ဘာဝတ်ထားတာလဲ၊ အမွေးပွဘောလုံးလေးလား...
ယင်ကျန်း လက်ချောင်းများက ထိုအရာကို ဆွဲညှစ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားသော်လည်း သူကိုယ် သူ တားဆီးလိုက်သည်။ ကမ်းချန်ချန်က မြှူဆွယ်လိုသော ရယ်မောသံလေးဖြင့် သူမ ဝတ်ရုံကို ဖြုတ်ချလိုက်ရာ သူမ ဂရုတစိုက် ရွေးချယ်ထားသော အဝတ်အစားများ ပေါ်လာလေသည်။
[ဒါက... ရှင့်ကို ရူးသွပ်သွားစေမှာ မဟုတ်လား]
[သူသာ ငါ့အတွက် ဒီလို ဝတ်ဆင်ပေးခဲ့မယ်ဆိုရင် ငါ နှာခေါင်းသွေးတွေတောင် လျှံကျလာလိမ့်မယ်]
ယင်ကျန်း မျက်လုံးများသည် အစပိုင်းက အံ့သြမှုများနှင့် သဘောကျမှုများ ပြည့်နှက်နေပြီး သူ့နှလုံးသားမှာ ယားကျိ ကျိ ဖြစ်လာသော်ငြား သူမ အတွေးများကို ကြားလိုက်ရသောအခါ တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် တည်ငြိမ်နေဟန်ပေါ်စေရန် မျက်နှာကို ပြန်တည်လိုက်သည်။
ကမ်းချန်ချန် နှုတ်ခမ်းဆူလိုက်ပြီး သူမ အမြီးပေါ်သို့ သူ့လက်ကို တင်ပေးကာ မေးသည်။
"အရှင် သဘောမကျဘူးလား"
ယင်ကျန်း၏ လက်ချောင်းများက တုန်ရီသွားပြီး အေးစက်စွာဖြင့် ပြန်ပြောသည်။
"လက်ခံနိုင်စရာ လောက်ပါပဲ"
[ လက်ခံနိုင်စရာလောက်ပဲ ဟုတ်လား၊ တောက်... အနုပညာခံစားမှု မရှိတဲ့လူ]
ရုတ်တရက် ယင်ကျန်းက အားပြင်းပြင်း ဆွဲလိုက်ရာ ကမ်းချန်ချန် အသာအယာ အော်မိသွားပြီး သူမ ခန္ဓာကိုယ်လေး နောက်သို့ လန်ကျသွားကာ ခါးလေးမှာ အဖက်ခံလိုက်ရပြီး အပေါ်သို့ မ,တင်ခံလိုက်ရသည်။
🌻 Chapter 112
မှိန်ပျပျ ဖယောင်းတိုင်အလင်းရောင်အောက်တွင် ကမ်းချန်ချန်က သူ့ မျက်နှာထားကို မမြင်ရသဖြင့် ထပ်မေးသည်။
"အရှင် သဘောမကျဘူးလား"
ယင်ကျန်း၏ အမည်းရောင် မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။
"ဒီနေ့ မင်း ဘာလို့ ဒီလို ဝတ်ထားရတာလဲ"
"ကျွန်မ အရင် မေးထားတာလေ"
"ညံ့ဖျင်းတဲ့ အတုအပတစ်ခုပဲ"
"..."
ကမ်းချန်ချန် သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ သူမ ကြောင်နားရွက် ခေါင်းပတ်ကို ချွတ်ရန် ကြိုးစားသော်လည်း သူက သူမ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ဖိချသည်။
ယင်ကျန်းက သူမ နားရွက်ဖျားလေးကို အသာအယာ ပွတ်လိုက်ရင်း မေးသည်။
"မင်းမှာ တခြား တောင်းဆိုစရာ ရှိသေးလား"
[ရှိတယ်]
"မရှိပါဘူး"
ယင်ကျန်း လှောင်ပြောင်ချင်ဟန်ဖြင့် သူမ နားထင်မှ နုနယ်သော ပန်းလေးကို ဆွဲနုတ်ကာ သူ့ လက်ချောင်းများကြားတွင် ချေမွပစ်လိုက်သည်။ တောက်ပသော ပန်း၀တ်မှုန်အရည်များက သူမ နဖူးပေါ်သို့ ကျဆင်းလာရာ ဂရုတစိုက် လိမ်းကျံထားသော ပါးနီနှင့်ပင် တူနေသည်။
ကမ်းချန်ချန် လန့်သွားပြီး တွေဝေစွာ မေးသည်။
"အရှင် ဒေါသထွက်နေတာလား"
[တကယ်ကို ပျင်းစရာကောင်းတဲ့လူပဲ]
သူမ ထိုင်ရန် ရုန်းကန်လိုက်သော်လည်း သူ့ တတိယခြေထောက်ကို မတော်တဆ ထိမိသွားပြီး လောင်ကျွမ်းနေသော အပူရှိန်ကို ခံစားလိုက်ရသဖြင့် ထပ်မလှုပ်ရဲတော့ပေ။
အခန်းထဲတွင် တိတ်ဆိတ်လွန်းနေသဖြင့် သူမ ကိုယ်ပိုင် နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။
ကမ်းချန်ချန် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် ပြန်ထုတ်လိုက်ကာ သူ့ခါးပတ်ဆီသို့ လက်လှမ်းလေသည်။ ယင်ကျန်းက သူမ လက်ကောက်ဝတ်ကို ဆွဲဖမ်းပြီး သူ့ လက်ချောင်းများက သူမ အသားအရေပေါ်သို့ ပွတ်ဆွဲသွားသည်။
"မင်းကို နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးမယ်၊ ဘာလိုချင်တာလဲ"
ကမ်းချန်ချန် တစ်ခဏမျှ တောင့်တင်းသွားပြီး သူမ မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် အနေခက်မှုများ ဖြတ်ပြေးသွားသည်။ သူမ ထွက်ပြေးချင်သော်လည်း အဆုံးတွင် နှုတ်ခမ်းကိုစေ့ကာ တီးတိုးပြောလာသည်။
"အရှင်မင်းသား... ကျွန်မ အကူအညီတစ်ခုလောက် တောင်းလို့ရမလား"
ယင်ကျန်းက "ပြော"
ကမ်းချန်ချန်က ပြောသည်။
"ကျွန်မ အိမ်ကို သုံးရက်လောက် ပြန်ချင်လို့ပါ"
ယင်ကျန်း မျက်နှာ ချက်ချင်း မည်းမှောင်သွားရသည်။
"မင်း အိပ်မက်မက်နေတာလား"
ကမ်းချန်ချန် မြန်မြန် ပြောလိုက်သည်။
"မဟုတ်ပါဘူး"
ယင်ကျန်းက သူမ မေးစေ့ကို ညှစ်ပြီး "စံအိမ်တော်ရဲ့ စည်းမျဉ်းတွေကို မင်း သိလား"
ကမ်းချန်ချန် မျက်မှောင်ကြုတ်ကာ ပြောသည်။
"ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ကျွန်မက အများဆုံး သုံးရက်ပဲ အိမ်ပြန်ခွင့်ရှိတယ်ဆိုတာ သိပါတယ်၊ အဲဒါကလည်း အရှင့်ရဲ့ ခွင့်ပြုချက်ရမှ ဆိုတော့ ကျွန်မက အဲဒီလို..."
"ဒါပေမဲ့တွေ လာမလုပ်နဲ့၊ မင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ"
ယင်ကျန်းက နှာမှုတ်ကာ သူမ စကားကို ဖြတ်ပြောသည်။
[ငါ အိမ်တောင် ပြန်ခွင့်မရှိဘူးလား၊ ဒီကောင်စုတ်တော့]
ကမ်းချန်ချန်က မချိတင်ကဲ ငိုကြွေးဟန်ဆောင်တော့သည်။
"ကျွန်မ အမေ နေမကောင်းလို့ပါ၊ သမီးတစ်ယောက်အနေနဲ့ သူမကို လုပ်ကျွေးပြုစုချင်လို့ပါ၊ စတုတ္ထမင်းသား... ကျေးဇူးပြုပြီး ကျွန်မကို သနားပါဦးရှင်"
ယင်ကျန်းက အေးစက်စွာ လှောင်ပြောင်လိုဟန်ဖြင့် "မင်းအမေက အန္တရာယ်ရှိတဲ့ အချိန်ကို ကျော်လွန်သွားပြီ မဟုတ်လား၊ ကမ်းချန်ချန်... စံအိမ်တော်ထဲ ဝင်လာကတည်းက စည်းမျဉ်းတွေကို မင်းသိထားသင့်တယ်၊ မင်း နှလုံးသားထဲမှာ အရှင်သခင်က ပထမ၊ မိဘက ဒုတိယပဲ ဖြစ်ရမယ်"
[ဘယ်သူက အရှင်သခင်လဲ၊ ရှင်က ထိုက်တန်တယ်လို့ ထင်နေတာလား၊ ရှင်သာ ဒီခေတ်မှာ မမွေးလာခဲ့ရင် ရှင့်ကို ကျွန်မရဲ့ ယောက်ျားကိုယ်လုပ်တော်လုပ်ခိုင်းပြီး နေ့တိုင်း ဒူးထောက် ခစားခိုင်းပစ်မယ်]
ကမ်းချန်ချန်က နှုတ်ခမ်းကို ကိုက်ကာ "ကျွန်မ မျက်နှာလေး ထောက်ပြီးတော့..."
ဖြန်း...
[နေပါဦး၊ သူ ဘာလို့ ထပ်ဒေါသထွက်သွားရပြန်တာလဲ]
ကမ်းချန်ချန် သူမ တင်ပါးကို အုပ်လိုက်ပြီး သူ့ကို မယုံနိုင်စွာ ကြည့်လာသည်။ ရိုက်လိုက်သော အားက ပုံမှန်ထက် အများကြီး ပိုပြင်းသဖြင့် အနီရောင် လက်ဝါးရာကြီး ထင်ကျန်ရစ်နေခဲ့မှာ သေချာသည်။
"ဒါဆိုလည်း ရှင့်ကို မလိုချင်တော့ဘူး... အွတ်"
[နှလုံးသားမရှိတဲ့ သစ်တုံးကြီး]
[ဒီလို မတရားတာကိုတော့ ငါ သည်းမခံနိုင်ဘူး]
သူမ ပါးစပ် လွတ်သွားပြီးနောက် ကမ်းချန်ချန် ဘာမှမပြောတော့ဘဲ သူ့ကို အကြမ်းပတမ်း တွန်းဖယ်ပစ်လိုက်ရာ ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ သွားများထုတ်ကာ လက်သည်းများ ထုတ်ပြနေလေသည်။
ယင်ကျန်းမှာ သတိလက်လွတ်ဖြစ်နေသဖြင့် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရသည်။ သူ မော့ကြည့်လိုက်ပြီး ဒေါသတကြီးဖြစ်နေသော သူမကို မြင်သောအခါ အဆုံးတွင် ပြောသည်။
"မင်းကို တစ်ရက်ပဲခွင့်ပေးနိုင်တယ်"
ကမ်းချန်ချန် မျက်တောင်တဖျပ်ဖျပ် ခတ်သွားပြီး ပြုံးလိုက် ကာ "ကောင်းပြီလေ၊ ဒါဆို မနက်ဖြန် ထွက်သွားမယ်နော်၊ ရတယ်မလား"
ယင်ကျန်းက ယခုအချိန်တွင် သူမအပြုံးကို သဘောမကျသဖြင့် မျက်မှောင်ကြုတ်ကာ "မင်း လောနေရင် အခုပဲ ထွက်သွားတော့"
ကမ်းချန်ချန်က သူ့ဆီသို့ လက်လှမ်းလိုက်ပြီး "ကျွန်မ အခုမသွားချင်ဘူး၊ ရှင်နဲ့ မခွဲနိုင်လို့လေ"
[အခု ထွက်သွားရမယ် ဟုတ်လား၊ ရယ်စရာပဲ၊ သန်းခေါင်ယံကြီးကို၊ ငါက မိဘအိမ် ပြန်မှာလေ၊ သရဲအိမ်ကို စွန့်စားခန်း သွားလုပ်မှာမှ မဟုတ်တာ]
[သူက မိန်းမတစ်ယောက်ကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ တကယ်ကို နားမလည်တာပဲ၊ နှလုံးသားမရှိတဲ့ လူယုတ်မာကြီး]
သူက သူမဆွဲထူသည့် အားကိုယူကာ ထလိုက်ပြီးနောက် သူမပြောသည်ကို ထပ်ကြားရပြန်သည်။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
ယင်ကျန်းက မျက်ခုံးပင့်၍သာ တုံ့ပြန်သည်။
ကမ်းချန်ချန်က ပြောသည်။
"ကျွန်မကို အရည်အချင်းမြင့်တဲ့ သက်တော်စောင့် နှစ်ယောက်လောက် ပေးလိုက်လို့ ရမလား၊ အော်... ပြီးတော့ ကျွန်မ မိဘအိမ်က ပြန်လာရင် သိုင်းပညာ သင်ချင်တယ်၊ အရှင်မင်းသား ကျွန်မအတွက် ဆရာတစ်ယောက်လောက် ရှာပေးနိုင်မလား"
ယင်ကျန်းက စကားမပြောနိုင်တော့လောက်အောင် ဖြစ်သွားပြီး "မင်း တောင်းဆိုတာတွေ အရမ်းများနေတယ်လို့ မထင်ဘူးလား"
ကမ်းချန်ချန် မျက်လုံးလှန်လိုက်ပြီး ပြောသည်။
"ကျွန်မ တောင်းဆိုတာ မတောင်းဆိုတာက ကျွန်မ ကိစ္စလေ၊ အရှင် သဘောတူတာ မတူတာက အရှင့် ကိစ္စလေ၊ စတုတ္ထမင်းသားရဲ့ စံအိမ်တော်မှာ အရည်အချင်းမြင့် သက်တော်စောင့်တွေ သိပ်မရှိဘူးဆိုတာ ကျွန်မ သိပါတယ်၊ မဟုတ်ရင် အရှင်လည်း လုပ်ကြံခံရမလို ဖြစ်ခဲ့မှာ မဟုတ်ဘူး"
ယင်ကျန်းက ဩရှသောဖြင့် "မင်း မိဘအိမ် မပြန်ချင်တော့ဘူးလား"
ကမ်းချန်ချန် နှလုံးသားလေး ရုတ်တရက် ခုန်ပေါက်သွားပြီး သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်။
"ပြန်... ပြန်ချင်တာပေါ့"
နောက်တစ်နေ့တွင် ယင်ကျန်းက သူမ နေမကောင်းဘူးဆိုသည့် အကြောင်းပြချက်ဖြင့် သူမအတွက် ဝေါယာဉ်တစ်စီး ပြင်ဆင်ပေးခဲ့ပြီး ငွေထိန်းကို ငွေစနှစ်ငါးဆယ် ထုတ်ပေးစေကာ အစေခံမလေးတစ်ယောက်နှင့် မိန်းမစိုးတစ်ယောက် ခေါ်ဆောင်ခွင့်ပြုခဲ့သည့်အပြင် ခရီးတစ်လျှောက်လုံး ဝေါယာဉ်ကို စောင့်ကြပ်လိုက်ပါရန် အထိန်းတော် အဘွားအို လေးယောက်နှင့် သက်တော်စောင့် နှစ်ယောက်ကိုလည်း စေလွှတ်ပေးခဲ့သည်။
ထို့ကြောင့် ကမ်းချန်ချန် အိမ်ပြန်သည့်ကိစ္စမှာ အတော်လေး စည်ကားလှပသွားပြီး ကြည့်ရှုသူများနှင့် အိမ်နီးချင်းများစွာ ထွက်လာကြည့်ကြသည်။
"ဒါက ဘယ်သူ့သမီးလဲ၊ ဝေါယာဉ်က တကယ်ကို ခမ်းနားတာပဲ"
"လူလေးယောက်ထမ်းတဲ့ ဝေါယာဉ်က ဘာများ ထူးခြားနေလို့လဲ၊ ငါ ပိုးထည်ဆိုင်ပိုင်ရှင် မစ္စတာကျန်းနဲ့ လက်ထပ်တုန်းကဆို လူရှစ်ယောက်ထမ်းတဲ့ ဝေါယာဉ်နဲ့တောင်လေ"
"ဒါပေမဲ့ သူ့နောက်က လိုက်ပါလာတဲ့ လူတွေကို ကြည့်ဦးလေ၊ သူတို့ရဲ့ အဝတ်အစားတွေနဲ့ အမူအရာတွေက သာမန်မဟုတ်ဘူး"
"ဒါဆိုရော ဘာဖြစ်လဲ၊ သူက ကိုယ်လုပ်တော်ပဲလေ"
ပိုးသားနှင့် ဖဲသားများကို ဝတ်ဆင်ထားပြီး အနီရောင်နှင့် ရွှေရောင်လွှမ်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက မျက်လုံးလှန်ကာ ပြောသည်။
အဘွားကမ်းမှာ မြေးလေးကို ချီကာ အပြင်ဘက်တွင် စောင့်နေသည်မှာ အတန်ကြာပြီဖြစ်ပြီး သူမဘေးရှိ အဘွားအိုကို ပြောလိုက်သည်။
"ဒါက ငါ့မြေးမလေးလေ၊ တော်တယ် မဟုတ်လား"
"အေးပါ၊ နင့်မိသားစုက တကယ်ကို အောင်မြင်သွားတာပဲ၊ နင့်သားက ဒီလိုဖြစ်နေပြီး နင့်မြေးမလေးက အခုလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဟေး... အဲဒါ ဘာအဓိပ္ပာယ်လဲ၊ ငါ့သားရဲ့ ရုပ်ရည်ကြောင့် နင် သေမလောက် လန့်သွားလို့လား"