← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

🌻 Chapter 113

"မဟုတ်ပါဘူး၊ ငါက ရိုးနေပါပြီ"

"ဖူး... ဒီမိန်းမအိုကြီးတော့"

"နင်က ငါ့မျက်နှာကို ဘာလို့ တံတွေးထွေးရတာလဲ၊ ဖူး... ဖူး..."

"ထွေးတော့ ဘာဖြစ်လဲ၊ ဖူး... ဖူး... ဖူး..."

ဆံပင်ဖြူဖွေးနေသော အဘွားအိုနှစ်ယောက်မှာ ရန်ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ပဲစေ့ပစ်သေနတ်များပမာ တံတွေးများနှင့် ပက်ထွေးနေကြပြီး ပုံစံမျိုးစုံ လုပ်ပြနေကြသော်လည်း ရိုက်နှက်ကာ ရန်ပွဲ မဖြစ်ခဲ့ကြပေ။

အမျိုးသမီးကျောက်က အမြန်ပြေးလာပြီး အဘွားအိုကမ်းကို ဆွဲဖယ်ကာ ကူကယ်ရာမဲ့စွာဖြင့်ပြောသည်။

"အမေ... ချန်ချန်က အခုမှ ပြန်လာတာကို ဘာတွေ လုပ်နေတာလဲ"

ကမ်းချန်ချန် ဝေါယာဉ်ကို ရပ်ခိုင်းလိုက်ပြီးနောက် အနက်ရောင် မျက်နှာဖုံးပဝါကို ဝတ်ဆင်ကာ လျှောက်လာပြီး အမျိုးသမီးကျောက်ကို တွဲကာ ခြံဝင်းထဲသို့ ခေါ်ဆောင်သွားသည်။

သူမ နောက်မှ အစေခံများက တံခါးကို ပိတ်လိုက်သဖြင့် အိမ်နီးချင်းများ ချောင်းကြည့်ခြင်းမှ ကာကွယ်လိုက်သည်။

လူအုပ်ထဲတွင်တော့ မကောင်းဆိုးဝါးရုပ်ပေါက်နေသော အမျိုးသားတစ်ဦးက ကမ်းချန်ချန် ကျောပြင်ကို ကြည့်ကာ မကောင်းသော အကြံဖြင့် ပြုံးလိုက်ပြီး အလျင်အမြန် ပျောက်ကွယ်သွားသည်။

အိမ်ထဲရောက်သောအခါ ကမ်းချန်ချန်က စကားစပြော သည်။

"မား... မားက နေကောင်းတာ မဟုတ်ဘူး၊ သမီးကို အပြင်ထွက် ကြိုစရာ မလိုပါဘူး"

အမျိုးသမီးကျောက်က သူမ လက်ကို ပုတ်ကာ ပြုံးသည်။

"မား နေကောင်းပါတယ်၊ မားက အရမ်း ပျော်နေလို့ပါ၊ ရင်တွေတောင် ခုန်နေတယ်၊ ကုတင်ပေါ်မှာ ဆက်မလှဲနေနိုင်တော့ဘူး"

ကမ်းချန်ချန်က အမျိုးသမီးကျောက်ကို ကုတင်ပေါ်သို့ တွဲပို့ပေးပြီးနောက် သူမနှင့်အတူ လိုက်ပါလာသော အခြားသူများကို နှုတ်ဆက်ရန် ထွက်လာခဲ့သည်။

"ကျွန်မတို့ အိမ်က ရိုးရှင်းတယ်၊ ဧည့်ဝတ်ပြုတာ လိုအပ်ချက်တွေရှိခဲ့ရင် တောင်းပန်ပါတယ်နော်"

နံရံများမှာ မည်းမှောင်သော မြေသားများဖြစ်ပြီး ပရိဘောဂဟူ၍လည်း သိပ်မရှိပေ။

ထောင့်တစ်ဖက် ပဲ့နေသော သစ်သားစားပွဲအဝိုင်းလေးပေါ်တွင် မြေပဲတစ်ပန်းကန်၊ လတ်လတ်ဆတ်ဆတ် လှော်ထားသော ဖရဲစေ့တစ်ပန်းကန်နှင့် လမ်းဘေးဈေးသည်ထံမှ ဝယ်လာသော နို့လိပ်နှင့် ပျားရည်စိမ်မုန့်ကြွပ် နှစ်ပန်းကန်တို့ ရှိနေသည်။

အထိန်းတော်အဘွားအိုများက လူ့လောကအကြောင်း နောကျေနေသူများ ဖြစ်သည်။ သူတို့က အစားအသောက်များကို အထင်သေးလျှင်တောင်မှ ကိုယ်လုပ်တော်ကမ်းမှာ လက်ရှိတွင် မျက်နှာသာပေးခံနေရပြီး သူမကို စော်ကားမိသူများမှာ ကောင်းကျိုးမခံစားရနိုင်ကြောင်း သိထားကြသည်။

ထို့ကြောင့် သူတို့က "အိုး... ကျွန်မတို့က ဘယ်လိုလုပ် အပြစ် တင်ရက်မှာလဲ၊ ကျွန်မတို့ကလည်း အစေခံတွေပဲလေ၊ စားစရာရှိရင် လုံလောက်နေပါပြီ"

ဟွာယွီက အမိန့်အတိုင်း လက်ဖက်ရည်အိုးထဲမှ လက်ဖက် ရည်ငဲ့ပေးပြီးနောက် အဘွားအိုများနှင့် သက်တော်စောင့် တစ်ယောက်စီကို ငွေစအချို့ပါသော အထုပ်ငယ်လေး တစ်ထုပ်စီ ခိုးထည့်ပေသည်။

သူမက မျက်စိတစ်ဖက်မှိတ်ပြကာ "အားလုံးပဲ လမ်းမပေါ် ထွက်လျှောက်ပြီး ကြိုက်တာဝယ်လို့ရပါတယ်၊ အပြင်ထွက်ပြီး အပန်းဖြေဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပဲလေ၊ အားနာမနေကြပါနဲ့"

အထုပ်လေးများထဲတွင် ငွေအပြင် စာရွက်လေးတစ်ရွက်လည်း ပါလာသည်။ လူတိုင်း မျက်လုံးများ လင်းလက်သွားပြီး "ဟားဟား... ဒါဆို ကျွန်မတို့ အရင်ထွက်သွားလိုက်ပါမယ်၊ ဒီအလုပ်က တကယ် လွယ်ကူတာပဲ"

"သူတို့ကို အသုတ်လိုက် ခွဲလွှတ်လိုက်တာပေါ့၊ သခင်မလေးကို အချိန်မရွေး ခစားဖို့ လူတစ်စုတော့ ချန်ထားရမယ်"

ဤစကားကို ပြောလိုက်သူမှာ အတွေ့အကြုံများပြီး ရင့်ကျက်သော မားမားတုန်ဖြစ်ပြီး ဤနေရာရှိ လူများအားလုံးနီးပါးက သူမ အမိန့်ကို နာခံကြသည်။

"မားမား ပြောတာ မှန်ပါတယ်"

ဟွာယွီက လူတိုင်းကို ဧည့်ခံနေချိန်တွင် ကမ်းချန်ချန်က အမျိုးသမီးကျောက်၊ အဘွားအိုကမ်းတို့နှင့် ကိစ္စများ ဆွေးနွေးရန် အိမ်ထဲသို့ ဝင်သွားသည်။

ကမ်းချန်ချန်က "အဲဒီ ကျင်းရှို့က အခု ရောက်နေပြီလား"

အဘွားအိုကမ်းက သူမ လက်ကောက်ဝတ်ရှိ ငွေလက် ကောက်ကို ကိုင်ကာ "သူ ရောက်နေပြီ၊ နင် အားတဲ့အခါ သူ့ခြံဝင်းကို တိတ်တဆိတ် သွားလိုက်"

ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားသည်။

"သူက ဘာလို့ ကျွန်မတို့ ခြံဝင်းကို မလာတာလဲ"

အဘွားအိုကမ်းက သူမကို စိုက်ကြည့်ကာ "ဒီကလေးမလေးကတော့ ဘာလို့ အဲ့လောက် ဟန်လုပ်နေရတာလဲ၊ ငါတို့က သူ့အကူအညီ လိုနေတာလေ၊ သူက အစ်ကိုလျူကို ငါတို့အတွက် စကားကောင်းလေး ပြောပေးဖို့ သဘောတူအောင် နင့်အဖေခမျာ ပါးစပ်တွေတောင် ပွန်းမတတ် ပြောခဲ့ရတာ"

ကမ်းချန်ချန်က မေးသည်။

"အဘွားရဲ့ လက်ကောက်ဝတ်က လက်ကောက်ကရော သူ ပေးထားတာလား"

အဘွားအို မျက်လုံးများ ရီဝေသွားသည်။

"ဘယ်လက်ကောက်လဲ"

"ဟန်ဆောင်မနေပါနဲ့၊ တခြားသူတွေ မြင်အောင်လို့ သက် သက် ဝတ်ထားတာ သိသာနေတာကို ဘာလို့ဒီလိုမျိုး စကားတွေ ထစ်အပြီး ဖုံးကွယ်နေရတာလဲ"

ကမ်းချန်ချန်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။

အဘွားအိုကမ်းက သူမကို ရိုက်ရန် လက်ရွယ်လိုက်ပြီး "နင် ဒီကောင်မစုတ်လေး... ငါ့ကိုများ လှောင်နေသေးတယ်၊ နင်က မင်းသားရဲ့ စံအိမ်တော်မှာ ဘဝကောင်းကြီးနဲ့ နေနေရပြီးတော့ ငါ့အတွက် လက်ဝတ်ရတနာ တစ်ခုလောက်တောင် ဝယ်ပေးဖို့ မစဉ်းစားဘူး၊ နင့်ကို ပြောလိုက်မယ်၊ ဒီလက် ကောက်က လောင်းကစားဝိုင်းကနေ ငါ နိုင်လာတာ၊ သူ ပေးတာ မဟုတ်ဘူး"

"အဘွားက မြေးမအပေါ်မှ မကောင်းတာ၊ ကျွန်မက ဘာလို့ အဘွားအတွက် လက်ဝတ်ရတနာ ဝယ်ပေးရမှာလဲ"

ကမ်းချန်ချန်က သူမ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်ပြီး မျက်နှာပေါ်သို့ ကျလာမည့် ရိုက်ချက်ကို ကာကွယ်လိုက်ကာ လှောင်ပြန်သည်။

"လောကကြီးမှာလေ... အဘွားရဲ့ လောင်းကစားစွမ်းရည်လောက်နဲ့... ကျွတ်ကျွတ်"

အဘွားအိုကမ်းမှာ ဒေါသကြောင့် တုန်ရီသွားသော်လည်း ကမ်းချန်ချန်က သူမ လက်ကို လွှတ်ပေးလိုက်ပြီး မျက်နှာကို ထိုးပေးလိုက်သည်။

"ရိုက်လိုက်လေ... ကျွန်မ အခုခေါ်လာတဲ့ လူတွေကို မြင်တယ်မလား၊ အဘွားသာ ကျွန်မကို ရိုက်ရဲရင် သူတို့ကို အထဲခေါ်ပြီး ကျွန်မ ဒေါသပြေအောင် လုပ်ခိုင်းလိုက်မယ်၊ အဘွားရဲ့ ခန္ဓာကိုယ်အိုကြီးက ခံနိုင်မလား ကြည့်ကြတာပေါ့"

အဘွားအိုကမ်း မျက်လုံးများ ကျုံ့သွားပြီး သူမက မြန်မြန်လက်ကို ပြန်ရုပ်လိုက်ကာ အပြစ်ရှိသလိုဖြင့် ဗီရိုထဲမှ ကန်စွန်းဥကြော် တစ်ဆုပ်ကို ယူကာ မြေးဖြစ်သူ ပါးစပ်ထဲသို့ စတင် သိပ်ထည့်တော့သည်။

သူမက တတွတ်တွတ်လည်း ပြောနေသည်။

"ငါ့မြေးလေး... ကြီးလာရင် လိမ္မာရမယ်နော်၊ နင့်အစ်မလို မလုပ်နဲ့၊ ပြန်လာတာနဲ့ အဘွားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပဲ"

အမျိုးသမီးကျောက် စိတ်မကောင်းစွာဖြင့် "အမေ... ကလေး ပါးစပ်ထဲမှာ ပြည့်နေပြီလေ"

အဘွားအိုကမ်းက ပါးစပ်ဖောင်းကာ ဝါးရန် ရုန်းကန်နေရသော မြေးဖြစ်သူကို ကြည့်လိုက်ပြီး သူ့မေးစေ့ကို ညှစ်ကာ ကန်စွန်းဥကြော်များကို ပြန်ထုတ်ပြီး သူမ ပါးစပ်ထဲသို့ ထည့်ကာ အထင်သေးစွာဖြင့် ပြောသည်။

"နင့်သားအတွက်ဆိုရင်တော့ အရမ်း ဂရုစိုက်ပြတတ်တယ်ပေါ့လေ၊ နင့်သမီးကိုကျတော့ ဘာလို့ ဘယ်လိုဆုံးမရမလဲ မသိရတာလဲ"

ကမ်းချန်ချန်က ပြန်ပက်လိုက်သည်။

"အဲဒါက အဘွားက မြေးမကို ဘယ်လို ဆုံးမရမလဲ မသိလို့ မဟုတ်ဘူးလား"

အဘွားအိုကမ်းမှာ ဒေါသကြောင့် တုန်ရီသွားသည်။

"နင့်ကိုနင် ပြန်ကြည့်ဦး၊ နင့်ကိုနင် အရင်ပြန်ကြည့်ဦးဟဲ့၊ နင်က ငါ့ကို ပြန်ပြောရဲတယ်ပေါ့"

အမျိုးသမီးကျောက်က ညင်သာစွာ ဆူလိုက်သည်။

"ချန်ချန်... အဘွားကို အဲဒီလို မဆက်ဆံပါနဲ့"

ကမ်းချန်ချန်က အေးစက်စွာ နှာမှုတ်သည်။ သူမက ကျင်းရှို့အား သွားတွေ့မည်ဟု မပြောဘဲ အမျိုးသမီးကျောက်နှင့် တစ်နာရီခန့် စကားစမြည်ပြောကာ နေ့လယ်စာကို အေးဆေးစွာ စားသောက်နေသည်။

ဘေးတွင် ရပ်နေသော ကမ်းအဘွားအိုမှာ စိုးရိမ်လာပြီးပြောသည်။

"နင်က ဘာလို့ မသွားသေးတာလဲ၊ နင့်မှာ တစ်ရက်ပဲ အချိန်ရှိတာ မဟုတ်ဘူးလား"

ကမ်းချန်ချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဟုတ်တယ်လေ၊ အဲဒါကြောင့် ကျွန်မက မလောတာပေါ့၊ အဘွားက ဘာလို့ လောနေရတာလဲ"

အဘွားအိုကမ်း နှုတ်ခမ်းဆူကာ ပြောသည်။

"ငါနဲ့ လာရန်မဖြစ်နဲ့၊ ငါ နင့်ကို အမှန်အတိုင်း ပြောပြမယ် ဟုတ်ပြီလား၊ ကျင်းရှို့မှာ မင်းသားရဲ့ စံအိမ်တော်ကိုကိုယ် လုပ်တော်အဖြစ် ဝင်ချင်နေတဲ့ ညီမဝမ်းကွဲလေး တစ်ယောက်ရှိတယ်၊ သူက ကျင်းရှို့အိမ်မှာ စောင့်နေတာ၊ နင် မြန်မြန်သွားပြီး သူ့ရဲ့ သံသယတွေကို ရှင်းပြလိုက်စမ်းပါ၊ အဲဒါမှ အားလုံးအတွက် ကောင်းမှာ"

ဒါပဲလား၊ ငါ့လို အတွေ့အကြုံရှိတဲ့လူဆီကနေ အကြံဉာဏ် လာတောင်းတာပေါ့လေ...

ကမ်းချန်ချန်က ကိစ္စများ ထိုလောက် မရိုးရှင်းနိုင်ကြောင်း သိသဖြင့် အဘွားအိုကမ်းကို ပြောသည်။

"သူ့ကို သွားပြောလိုက်ပါ၊ ကျွန်မ ပြင်ဆင်ပြီး အမွှေးတိုင် နှစ်တိုင်စာလောက် ကြာရင် သွားလိုက်မယ်လို့"

အဘွားအိုကမ်းက စိတ်လှုပ်ရှားစွာဖြင့် "ကောင်းပြီလေ"

အဘွားအိုကမ်း အိမ်ထဲမှ ကမန်းကတန်း ထွက်သွားချိန်တွင် ကမ်းချန်ချန်က လီဝမ်နှင့် ဟွာယွီကို တိတ်တဆိတ် ခေါ်လိုက်သည်။

သူတို့က အခန်းငယ်လေးထဲတွင် လီဝမ်အတွက် အဝတ်အစား လဲလှယ်သည့် ကစားပွဲတစ်ခုကို ဆော့ကစားကြသည်။

လီဝမ်က မိန်းမစိုးတစ်ယောက် ဖြစ်သော်လည်း သူ့အသား အရေက ဖြူဝင်းနေသည်။

ကမ်းချန်ချန်နှင့် ဟွာယွီတို့က တစ်ယောက်က မိတ်ကပ်လိမ်းပေးပြီး နောက်တစ်ယောက်က ဆံပင်ဖြီးပေးကာ သူ့ကို လျင်မြန်စွာ ပြင်ဆင်ပေးသည်။

သူက မွေးရာပါ နူးညံ့သိမ်မွေ့သူဖြစ်ရာ မျက်ခုံးများ ရိတ်သင်ပြီး ပါးနီလိမ်းလိုက်ပြီးနောက် အမျိုးသမီးတစ်ဦးလမ်းလျှောက်ဟန်ဖြင့် လျှောက်ပြရာ အတော်လေး တူနေသည်။

ဟွာယွီက အနက်ရောင် မျက်နှာဖုံးပဝါဦးထုပ်ကို ဝတ်ဆင်ထားသော လီဝမ်ကို အဘွားအိုကမ်းရှေ့သို့ ခေါ်လာပြချိန်တွင် ကမ်းချန်ချန်က ဗီရိုထဲတွင် ပုန်းနသည်။

အဘွားအိုကမ်းက ကမ်းချန်ချန်အတုကို ကြည့်ပြီး နားမလည်စွာဖြင့် မေးသည်။

"နင်က ဘာလို့ ဒါကြီးကို ရုတ်တရက် ထပ်ဝတ်ထားရတာလဲ"

ဟွာယွီက "ဒါက အမြင်ကောင်းအောင်လို့လေ၊ အဘွားက နားမလည်ဘူးလား"

အဘွားအိုကမ်းက ရှက်ရွံ့စွာဖြင့် ခေါင်းသာညိတ်သည်။ ချမ်းသာသော မိသားစုသို့ လက်ထပ်ဝင်ရောက်သွားသူဖြစ်ရာ အပြင်ထွက်သည့်အခါ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ပိုမိုဂရုစိုက်ရမည်မှာ အမှန်ပင်။ ဥပမာအားဖြင့် ကျင်းရှို့ဆိုလျှင် ပို၍ပင် ရှုပ်ထွေးများပြားသော နောက်ပါအခြွေအရံများ ရှိနေသည်။

သူမက သူတို့နှစ်ယောက်ကို နောက်ဖေးတံခါးမှတစ်ဆင့် ဘေးအိမ်ရှိ ကျင်းရှို့အိမ်သို့ ခေါ်သွားကာ ပြောသည်။

"ကျင်းရှို့... တံခါးဖွင့်ပါဦး၊ နင့်ရဲ့ အဘွားကမ်းနဲ့ အစ်မချန်ချန်တို့ ရောက်နေတယ်"

🌻 Chapter 114

"ဟေး... သူ ရောက်လာပြီ"

ကျင်းရှို့က သော့ဖွင့်ရင်း သူမ ခါးလေးကို ယိမ်းနွဲ့ကာ ပြုံးလျက် "မြန်မြန် ဝင်လာခဲ့ကြပါ"

အဘွားအိုကမ်းကလည်း နောက်မှ လိုက်ဝင်ချင်သော်လည်း ကျင်းရှို့က တံခါးဝတွင် သူမကို တားသည်။

"ဒါတွေက ကျွန်မတို့ မိန်းမပျိုလေးတွေရဲ့ ကိုယ်ရေးကိုယ် တာ ကိစ္စတွေမို့ အဘွားကမ်းက အရင် ပြန်သွားနှင့်ပါ၊ ကျွန်မတို့ မိန်းကလေးကမ်းကို ဘာနစ်နာမူမှမဖြစ်စေရပါဘူး"

အဘွားအိုကမ်းက "ကောင်းပြီ၊ အားလုံးက အိမ်နီးချင်းတွေပဲဟာ၊ ဘာများ မယုံကြည်စရာ ရှိလို့လဲ"

ကမ်းချန်ချန်သည်တော့ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ အထဲရောက်သည်နှင့် ဟွာယွီက လီ၀မ် မျက်နှာဖုံးပဝါကို ဖယ်ရှားပေးသည်။

ကျင်းရှို့မှာ သူမ ရုပ်ရည်ကို ဂရုတစိုက် အကဲခတ်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားသည်။ မင်းသား စံအိမ်တော်တွင် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာနိုင်သူမှာ မြှူဆွယ်ဖျားယောင်းတတ်သော မြေခွေးမတစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဟု သူမက စိတ်ကူးယဉ်ထားခဲ့သော်လည်း ထိုမိန်းကလေးသည် မိတ်ကပ်ကိုသာ မှီခိုနေရပြီး သူမလောက်တောင် မလှသည့် သာမန်မိန်းကလေးတစ်ယောက် ဖြစ်နေမည်ဟု မည်သူ သိမည်နည်း။

ကမ်းချန်ချန် မိသားစုက မူလက ဤနေရာတွင် နေထိုင်ခဲ့ခြင်း မဟုတ်ဘဲ ကမ်းချန်အန်း မင်းသားစံအိမ်တော်တွင် အလုပ်ရပြီးနောက်မှ ပြောင်းရွှေ့လာခြင်း ဖြစ်သောကြောင့် ကျင်းရှို့အနေဖြင့် ကမ်းချန်ချန် ရုပ်ရည်ကို မသိခဲ့ပေ။

တံခါး ထပ်ပွင့်လာပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကြောက်တတ်သည့် မိန်းကလေးငယ်တစ်ဦး ဝင်လာသည်။

ကျင်းရှို့က ယပ်တောင်လေး ခတ်ကာ ပြုံးပြီး ပြောသည်။

"အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒါက စတုတ္ထမင်းသားရဲ့ စံအိမ်တော်က ကိုယ်လုပ်တော်ကမ်းပါ၊ ပြီးတော့ ဒါက ကျွန်မရဲ့ဝမ်းကွဲညီမ လွီနီပါ"

ကမ်းချန်ချန် ဟန်ဆောင်ထားသူမှ ခေါင်းညိတ်ပြသော် လည်း စကားပြန်မပြောပေ။

ကျင်းရှို့မှာ အစီအစဉ်အတိုင်း အမြန်လုပ်ချင်နေသဖြင့် ဘာကိုမှ သံသယမဝင်ခဲ့ပေ။ သူမက ဟွာယွီကို ပြောသည်။

"ကျွန်မ ညီမလေးက ကော်ကော်ကို သီးသန့် မေးစရာလေး ရှိလို့တဲ့၊ ကျွန်မတို့ အတူတူ မီးဖိုချောင်သွားပြီး သရေစာလေးတွေ သွားပြင်ကြရင် မကောင်းဘူးလား"

ဟွာယွီက ကမ်းချန်ချန်ကို ကြည့်လိုက်ရာ သူမက ခေါင်း ညိတ်ပြလေသည်။

သို့သော်လည်း ကျင်းရှို့နှင့် ဟွာယွီတို့ အခန်းထဲမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ်မှာ အပြင်သို့ ပြေးထွက်သွားတော့သည်။

ကမ်းချန်ချန်ဘာမှ မတုံ့ပြန်နိုင်မီမှာပင် အသားမည်းမည်း၊ ပိန်ပိန်နှင့် ကြွက်သားအပြည့်ရှိသော အမျိုးသားတစ်ဦး အတင်းဝင်လာပြီး တံခါးကို ဆောင့်ပိတ်ကာ အထဲမှ သော့ခတ်လိုက်သည်။

ထိုလူက ရမ္မက်ကြီးစွာ ပြုံးဖြီးပြီး လှည့်လာသော်လည်း သူ့နောက်ကျောမှ အသံတစ်သံကို ကြားလိုက်ရပြီးနောက် သူ့ ခေါင်းထဲတွင် စူးရှသော နာကျင်မှုကို ခံစားမိသည်။

"အား... မင်းက ငါ့ကို လက်ဖက်ရည်အိုးနဲ့ ရိုက်ရဲတယ်ပေါ့"

ထိုအမျိုးသားက သူ့ မျက်နှာပေါ်သို့ အမှုန့်တချို့ ပက်ခံလိုက်ရသည့်အချိန် ထပ်မံ အော်ဟစ်ပြန်သည်။

သူ့မျက်လုံးများသည် လောင်ကျွမ်းနေသလိုခံစားရကာ၊ သည်းမခံနိုင်လောက်အောင် ပြင်းထန်မှုကြောင့် အလွန်ကို နာကျင်နေရသည်။

သူ တံခါးဖွင့်ပြီး အပြင်ပြေးထွက်ရန် လုပ်လိုက်စဉ် တစ်ခုခုကို နင်းမိပြီး ချော်လဲကာ ဒိုင်းခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ ကြွေကွဲစအတော်များများက သူ့လက်ဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး သွေးများ အလွန်ထွက်လာသည်။

မီးဖိုချောင်ထဲတွင် ကျင်းရှို့က တစ်ခုခုကွဲသွားသည့်အသံကို ကြားလိုက်ရသော်လည်း သူမကို မအံ့သြခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေမှာ မည်သူကများ မရုန်းကန်ဘဲနေမည်နည်း။

သို့သော် သူမက အမျိုးသားတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရသလို ခံစားရသဖြင့် အထိတ်တလန့်ဖြင့် လုပ်နေသည်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး တွေးမိသည်။

'မဖြစ်သင့်နိုင်တာ၊ အစ်ကိုလျူက ဘာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်လေ၊ သူက အားနည်းတဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို ဘယ်လိုလုပ် မထိန်းချုပ်နိုင်ဘဲ နေမှာလဲ၊ ကမ်းချန်ချန်က ငယ်ငယ်ကတည်းက ဖျားနာလွယ်ပြီး နုနယ်အားနည်းတယ်လို့ အဘွားကမ်းဆီကနေ ငါ ကြားထားတာပဲဟာ'

ဟွာယွီကလည်း ထိုအသံကို ကြားလိုက်ရပြီး အံ့သြစွာဖြင့်မေးသည်။

"ဘာအသံကြီးလဲ"

ကျင်းရှို့က မကြားသလို ဟန်ဆောင်ကာ မြန်မြန် ပြန်မေးသည်

"ဘာ... ဘာကို ဘာအသံလဲ"

ဟွာယွီက "ခုနက တစ်ခုခု ကွဲသွားတဲ့ အသံ ကြားလိုက်ရသလိုပဲ၊ ကျွန်မ နားကြားမှားတာများလား"

ကျင်းရှို့က အထိတ်တလန့်ဖြင့် "ဟုတ်တယ်၊ နင် နားကြားမှားတာ နေမှာ"

ဟွာယွီက ဂျုံနယ်နယ်ရင်း "ဖြစ်နိုင်လောက်တယ်၊ ကျွန်မနားက သိပ်မကောင်းဘူး၊ အမြဲတမ်း အဲလိုဖြစ်နေတာပဲ"

ကျင်းရှို့က မြေပြင်ပေါ်တွင် ထိုင်ချပြီး မီးဖိုထဲတွင် လောင် ကျွမ်းနေသော ထင်းကို တိတ်တဆိတ် ဆွဲထုတ်ကာ ထင်းပုံထဲသို့ ပစ်ထည့်လိုက်သည်။

"အား... မီး... မီးလောင်နေပြီ"

သူမဘေးမှ ပုံမှန်မဟုတ်သော အပူရှိန်နှင့် အလင်းရောင်ကို ခံစားရသဖြင့် ဟွာယွီက ခေါင်းလှည့်ကြည့်ကာ အော်ဟစ်လာသည်။ သူမက မီးငြှိမ်းသတ်ရန် ရေစည်ထဲမှ ရေကို ခပ်ယူချင်သော်လည်း ကျင်းရှို့က သူမ လက်ကို ဆွဲထားသည်။

"နောက်ကျနေပြီ၊ အရင်ဆုံး ဒီကနေ ထွက်သွားကြရအောင်"

သူတို့နှစ်ယောက် မီးဖိုချောင်ထဲမှ ပြေးထွက်လာကြပြီး ပြေးရင်းလွှားရင်း အော်ဟစ်ကြသည်။

"မီးဟေ့... မီးလောင်နေပြီဟေ့"

အပြင်ဘက်တွင်ပင် မီးခိုးများ ပျံ့နှံ့လာသဖြင့် စိတ်ထားကောင်းသော လူတစ်စုက မီးငြှိမ်းသတ်ရန် ရေပုံးများဖြင့် အပြေးအလွှား ရောက်လာကြသည်။

ဟွာယွီက ကမ်းချန်ချန်ကို ရှာရန် အထဲသို့ ဝင်မည်ပြုစဉ် ကျင်းရှို့က သူမကို တွန်းချလိုက်ပြီး မတော်တဆဖြစ်သွားသလို ဟန်ဆောင်ကာပြောသည်။

"တောင်းပန်ပါတယ် မိန်းကလေးဟွာယွီရယ်၊ နင် အဆင်ပြေရဲ့လား၊ ကျွန်မ ခြေချော်သွားလို့ပါ"

ဟွာယွီက သူမခြေကျင်းဝတ်ကို ပွတ်ကာ မျက်မှောင်ကြုတ်ရင်း "အထဲကနေ တစ်ယောက်ယောက် ထွက်လာသေးလား သွားကြည့်ပေးပါလား"

ကျင်းရှို့ကလည်း ခြေကျင်းဝတ် နာနေသလို ဟန်ဆောင်ကာ ထိုနေရာတွင် ထိုင်နေပြီး "တစ်ယောက်ယောက်လောက် ကျေးဇူးပြုပြီး သွားကြည့်ပေးကြပါလား၊ ကျွန်မရဲ့ ဝမ်းကွဲညီမလေး အထဲမှာ ကျန်နေသေးလို့ပါ"

လူတစ်ယောက်က အပြင်မှနေ၍ တံခါးကို တွန်းလိုက်သော်လည်း ပွင့်မလာပေ။ သူတို့ တံခါးကို ခေါက်သော်လည်း အထဲမှ ဘာတုံ့ပြန်မှုမှ မရှိသဖြင့် တံခါးကို ထုရိုက်ကြတော့သည်။

မဆုံးတွင် အသံကျယ်ကြီးနှင့်အတူ တံခါး ပွင့်ထွက်သွားရာ အထဲတွင် အမျိုးသား နှစ်ယောက်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်မှာ အဝတ်ဗလာဖြစ်နေပြီး သူါမျက်နှာမှာ အမှုန့်ဖြူများ ဖုံးလွှမ်းနေကာ ခေါင်းမှ သွေးများ စီးကျနေလေသည်။ အခြားတစ်ယောက်ပုံစံကိုမြင်ချိန် လူတိုင်း မှင်တက်ကာ အံ့သြသွားကြသည်။

နေ့ခင်းကြောင်တောင်ကြီးကို...

ကျင်းရှို့က ဂရုမစိုက်နိုင်တော့ပေ။ သူမက လူအုပ်နောက်မှနေ၍ အော်မေးသည်။

"အထဲမှာ ဘာတွေ ဖြစ်နေတာလဲ"

"အာ..."

တံခါးဝရှိ လူများမှာ မျက်နှာများ နီရဲသွားကြပြီး တိတ်ဆိတ်နေကြလေသည်။ ကျင်းရှို့က ကျေနပ်စွာ ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ခပ်သွက်သွက် လျှောက်လာသည်။ သူမ ပြင်ဆင်ထားသည့် စကားများကို ပြောတော့မည့်ဆဲဆဲတွင် ကမ်းချန်ချန် အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်လာသည်ကို မြင်လိုက်ရသည်။

သူမ တောင့်တင်းသွားပြီး မယုံနိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်မိသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒါပေမဲ့ သူက ယောက်ျားတစ်ယောက်ဆိုတာ သေချာတာကို၊ သူမ ဘယ်လိုလုပ် သတိမထားမိဘဲ နေခဲ့ရတာလဲ...

"အွန်း..."

အစ်ကိုလျူမှာ ပါးစပ်ကို ပိတ်ဆို့ခံထားရသဖြင့် အသံတိတ် ညည်းညူသံများသာ ပြုလုပ်နိုင်လေသည်။ သူ့ကို လီဝမ်က ကန်လိုက်ရာ အကြိမ်အနည်းငယ် လိမ့်သွားပြီး သူ့ခန္ဓာကိုယ်မှာလည်း ပေပွရှုပ်ပွနေရသည်။

လီဝမ်က အသံကျယ်ကျယ်ဖြင့် "ဒီလူက နေ့ခင်းကြောင် တောင်ကြီး ကျွန်တော့်ကို အခွင့်အရေးယူဖို့ ကြိုးစားနေတာ"

"ထွီ... ဒါက ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို စော်ကားတာပဲ"

"ဒီအရိုင်းအစိုင်းက ဘယ်က ရောက်လာတာလဲ"

"သူက ငွေတိုးချေးတဲ့ အစ်ကိုလျူနဲ့ တူတယ်နော်"

"မဆန်းတော့ပါဘူး၊ ငွေတိုးချေးတဲ့သူတွေက ဘာများ ကောင်းနိုင်မှာလဲ၊ လူတွေ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး ညစ်ပတ်တဲ့ ပိုက်ဆံတွေ ရှာနေကြတာပဲ"

ထိုအချိန်တွင် ဟွာယွီက ကျင်းရှို့ ဘေးသို့ ရောက်လာပြီး သူမ လည်ပင်းနောက်ကျောမှ ဖမ်းဆွဲကာ နားနားသို့ ကပ်၍ တီးတိုးပြောသည်။

"မိန်းကလေးကျင်းရှို့၊ နင့်နောက်က လူက ငါတို့မင်းသားကို စော်ကားရဲလားဆိုတာကို သိချင်မိတယ်"

ကျင်းရှို့ မျက်နှာဖြူရော်သွားပြီး ပါးစပ်ကို ပိတ်ထားလိုက် ကာ အစ်ကိုလျူ ကဲ့ရဲ့လှောင်ပြောင်ခံနေရသည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရသည်။

ဟွာယွီက သူမကို မခြိမ်းခြောက်ခဲ့ဘူးဆိုလျှင်တောင်မှ ယခုအချိန်တွင် သူမ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။ ကမ်းချန်ချန် ဂုဏ်သိက္ခာကို ဖျက်ဆီးရန် မဟုတ်မမှန် ထပ်ပြောခဲ့လျှင်တောင် မည်သူက သူမကို ယုံကြည်တော့မည်နည်း။

ရွာသားများက သူ့ကို တံတွေးနှင့် ထွေးရုံတင်မကဘဲ ဝင်ကန်နေကြသေးသည်။ မီးလောင်မှုကြောင့် မီးဖိုချောင် ပျက်စီးသွားသော်လည်း ကံကောင်းထောက်မစွာ လူတိုင်း အချိန်မီ ရောက်လာကြသောကြောင့် အိမ်မကြီးနှင့် အိမ်နီးချင်းများအိမ်များ ထိခိုက်မှု မရှိခဲ့ပေ။

ထို့ကြောင့် ကျင်းရှို့က ကျေးဇူးတင်လက်ဆောင်အချို့ပေးပြီးနောက် လူတိုင်း လူစုကွဲသွားကြသည်။ ကျင်းရှို့မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ သူမသည် မထွက်သွားသေးသော ဟွာယွီကို ကြည့်ကာ မေးသည်။

"မိန်းကလေးဟွာယွီ"

ဟွာယွီက လှောင်ပြောင်လိုဟန်ဖြင့် "မိန်းကလေးကျင်းရှို့၊ ကျွန်မတို့ သခင်မလေးက ရှင့်ကို ပြောစရာ ရှိသေးတယ်"

ကျင်းရှို့ ခေါင်းလှည့်ကြည့်လိုက်ရာ ကမ်းချန်ချန်က အထိန်း တော် လေးယောက်၊ သက်တော်စောင့် နှစ်ယောက်နှင့်အတူ သူမ ခြံဝင်းတံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသက်တော်စောင့် နှစ်ယောက်ကလည်း တောင့်တင်းခိုင်မာ သော အမျိုးသားနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြသည်။

ကမ်းချန်ချန်က တံခါးကို စောင့်ကြပ်ခိုင်းထားပြီး ခြံဝင်းထဲတွင် ထိုင်ကာ သူမကို စစ်ဆေးမေးမြန်းတော့သည်။

"ပြောစမ်း... နင်က ငါ့ကို ဘာလို့ လုပ်ကြံဖို့စီစဥ်ရတာလဲ"

All Chapters