← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

🌻 Chapter 115

ကျင်းရှို့ ဒူးများ ပျော့ခွေသွားပြီး ဒူးထောက်ချလိုက်ကာ ဖြူရော်စွာဖြင့် ပြောသည်။

"သခင်မလေး... ကျွန်မကို အသက်ချမ်းသာပေးပါ၊ ကျွန်မက သခင်မလေးကို ဒုက္ခပေးဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါတွေအကုန်လုံးက အစ်ကိုလျူရဲ့ အကြံတွေချည်းပါပဲ၊ ကျွန်မတို့ရဲ့ ပိုးထည်ဆိုင်က အစ်ကိုလျူကို ငွေစသုံးရာကျော် အကြွေးတင်နေလို့ပါ"

ဤနှစ်စီးပွားရေးက မကောင်းသဖြင့် အဖိုးကြီးကျန်းက အစ်ကိုလျူကို နောက်ထပ် ရက်အနည်းငယ်လောက် အချိန်ပေးနိုင်မည်လားဟု မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

အစ်ကိုလျူက ဤကိစ္စကိုသာ လုပ်ပေးလျှင် အကြွေးအကုန်ကြေသွားမည်ဟု ပြောသည်။ သို့မဟုတ်ပါက ဆိုင်ကို ဖျက်ဆီးပြီး အဖိုးကြီးကျန်း ခြေထောက်ကို ရိုက်ချိုးပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

"ကျွန်မမှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး"

ကမ်းချန်ချန်က "အစ်ကိုလျူ... ရှင့်ကို ဒါတွေလုပ်ဖို့ ဘယ်သူက ခိုင်းတာလဲ"

လီဝမ်က အစ်ကိုလျူ ခေါင်းပေါ်သို့ ရှာလကာရည် တစ်အိုး လောင်းချလိုက်ပြီး သူ့ပါးစပ်မှ အဆို့ကို ဖယ်ရှားပေးကာ လက်ကောက်ဝတ်များကို ချည်နှောင်ထားသော အဝတ်ကို ဖြုတ်ပေးလိုက်သည်။

အစ်ကိုလျူက သူ့မျက်နှာကို ပွတ်သပ်လိုက်ရာ အဆုံးတွင် နာကျင်မှုသက်သာသွားသဖြင့် သေချာဒူးထောက်ကာ ကမ်းချန်ချန်ကို ဦးညွှတ်လျက် ပြောသည်။

"သခင်မလေး... ကျွန်တော် မျက်စိကန်းပြီး ကိုယ်လုပ်တော်ကို စော်ကားမိသွားပါတယ်၊ ကျွန်တော် သေသင့်ပါတယ်"

"ကျွန်တော် အမှန်အတိုင်း ဝန်ခံပါ့မယ်၊ တကယ်တော့ အဲဒါက နဝမသခင်ကြီးရဲ့ လူလို့ သူ့ကိုယ်သူပြောတဲ့ မျက်နှာဖုံးစွပ်နဲ့ လူတစ်ယောက်ပါ၊ သခင်မလေးက နဝမသခင်ကြီးကို စော်ကားမိလို့ သခင်မလေးကို သင်ခန်းစာပေးချင်တယ်လို့ ပြောပါတယ်"

ကမ်းချန်ချန် နှလုံးသားလေး ရုတ်တရက် ခုန်သွားရသည်။

"ဘယ်က နဝမသခင်လဲ"

အစ်ကိုလျူ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး "ဒါက... ကျွန်တော် မမေးရဲဘူး၊ သူ့ရဲ့ သိုင်းပညာက အရမ်းကို ထူးချွန်တယ်ဆိုတာပဲ ကျွန်တော် သိတယ်၊ သူက လှုပ်ရှားမှု အနည်းငယ်နဲ့တင် ကျွန်တော်တို့ အားလုံးကို အနိုင်ယူသွားပြီး ငွေစတစ်ထောင် ပစ်ပေးခဲ့တယ်၊ ဒီကိစ္စ ပြီးသွားရင် နောက်ထပ် ငွေစတစ်ထောင် ထပ်ရမယ်လို့ ပြောသွားပါတယ်"

[ဒီနဝမသခင်ဆိုတာ နဝမမင်းသားများ ဖြစ်နိုင်မလား၊ ငါက နဝမမင်းသားကို ဘယ်တုန်းက စော်ကားမိလို့လဲ၊ နဝမမင်းသားကို စော်ကားခဲ့တာ စတုတ္ထမင်းသားပဲဖြစ်သင့်တာ မဟုတ်ဘူးလား]

ကမ်းချန်ချန် မျက်လုံးများက စူးရှစွာ တောက်ပသွားပြီး မေးသည်။

"ရှင် အမှန်အတိုင်း ပြောနေတာလား"

အစ်ကိုလျူက လက်လေးချောင်း ထောင်ပြကာ ပြောသည်။

"ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ၊ ကျွန်တော် လိမ်ပြောမိရင် ပြည်တွေဖုံးပြီး သေပါစေလို့ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်"

ကမ်းချန်ချန်က မေးသည်။

"ငွေချေးစာချုပ်ကကော"

အစ်ကိုလျူက ပြောသည်။

"နဝမသခင်က အဲဒါကို ယူသွားပါတယ်၊ ပြီးတော့ အဲဒီ နတ်သမားတော်လို့ ခေါ်တဲ့သူကလည်း နဝမသခင်လူတွေထဲက တစ်ယောက်ပဲ၊ သူက နတ်သမားတော် လုံးဝ မဟုတ်ဘူး၊ သူက သခင်မလေးရဲ့အမေကို အရင် အဆိပ်ခတ်ပြီး ဆေးကုသပေးတဲ့ အကြောင်းပြချက်နဲ့ ဖြေဆေးကို ပေးတာ"

ကမ်းချန်ချန် ဒေါသထောင်းခနဲထွက်သွားသည်။

"တကယ်ကို ယုတ်မာပြီး အကြံပက်စက်တဲ့ လူပဲ"

အစ်ကိုလျူက "ဒါက ကျွန်တော့် အကြံမဟုတ်ပါဘူး၊ ကျွန်တော်က ငွေတိုးချေးတဲ့သူ သက်သက်ပါ၊ ကျွန်တော်က ဒီလို လှည့်ကွက်တွေကို ဘယ်လိုလုပ် သိမှာလဲ"

ထို့နောက် ကမ်းချန်ချန်က တစ်ယောက်ယောက်ကို စက္ကူနှင့် စုတ်တံ ယူလာခိုင်းပြီး ပြောသည်။

"အနက်ရောင် ဝတ်ထားတဲ့ လူရဲ့ ပုံပန်းသဏ္ဌာန်ကို ပြောပြစမ်း၊ မျက်နှာဖုံးက မျက်နှာတစ်ဝက်ကိုပဲ ဖုံးထားတာဆိုတော့ ကျန်တဲ့ တစ်ဝက်ကို ဆွဲလို့ရတယ်"

အစ်ကိုလျူ ပို၍ပင် ထိတ်လန့်သွားပုံရသော်လည်း အချိန်အနည်းငယ်ကြာပြီးနောက် ပြန်တည်ငြိမ်သွားသည်။

"ကောင်းပါပြီ"

"သူ့အသားအရေက ကျွန်တော့်ထက် နည်းနည်း ပိုဖြူတယ်၊ ပြီးတော့ သူက... အင်း... လင်းယုန်မျက်လုံးတွေနဲ့ မျက်ခုံးမွေး ထူထူတွေ ရှိတယ်"

"သူ့ မျက်ဝန်းအရောင်က ဘာအရောင်လဲ"

"မျက်ဝန်း ဟုတ်လား"

"ဒီနေရာလေ၊ မျက်လုံးထဲက အရောင်ကို ပြောတာ"

"ဪ... အမည်းရောင်၊ မဟုတ်ဘူး... နည်းနည်း မီးခိုးရောင် သန်းတယ်"

ကမ်းချန်ချန် လှောင်ပြောင်လာသည်။

"ရှင် လိမ်နေတယ်၊ ရှင် သူ့ကို ကြောက်ပြီး သူ့အချက်အလက်တွေကို မဖော်ပြရဲဘူးဆိုတော့ ရှင်က ကျွန်မကို မကြောက်ဘူးဆိုတဲ့ သဘောလား"

ထို့နောက် သူမက ကျင်းရှို့ကို ပြောလိုက်သည်။

"နင် သူ့ကို သတ်လိုက်ရင် နင့်ကို သွားခွင့်ပြုမယ်"

ကျင်းရှို့ မျက်လုံးများ ပြူးကျယ်သွားပြီး တုန်ရီလျက် ခေါင်းခါကာ ပြောသည်

"ကျွန်မ... ကျွန်မ မလုပ်ရဲပါဘူး"

ကမ်းချန်ချန်က နောက်ထပ် အမှုန့်ထုပ် တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ခြိမ်းခြောက်သည့်အသံဖြင့် ပြောသည်။

"နင် မလုပ်ရဲရင်တောင် ငါ နင့်ကို မသတ်ပါဘူး၊ ဒါပေမဲ့ ဒီကာမဆွဆေးကို နင်တို့ နှစ်ယောက်လုံးရဲ့ ဗိုက်ထဲရောက်အောင် ကျွေးပြီး အခန်းတစ်ခန်းထဲမှာ အတူတူ သော့ခတ်လှောင်ထားလိုက်ရင် နင့်ရဲ့ သူဌေးကျန်းက နင့်ကို လိုချင်ပါဦးမလား"

ကမ်းချန်ချန်က ဤကဲ့သို့ လုပ်ရပ်မျိုးကို သေချာပေါက် လုပ်မည်မဟုတ်သော်လည်း ကျင်းရှို့က သူမအပေါ် အကြံအစည် ပြုလုပ်ရဲခဲ့သည့်အတွက် ကျင်းရှို့ အကြောက်ဆုံးအရာမှာ သူမ အမှန်ပင်လုပ်လာမည်ကိုပင်။

ဤအရာက ကျင်းရှို့ကို ကြောက်လန့်သွားစေခဲ့သည်။ သူမ လှည့်ကာ အစ်ကိုလျူထံ အကြိမ်ကြိမ် ခေါင်းဝပ်ချပြီး "ကျေးဇူးပြုပြီး အစ်ကိုလျူ၊ မြန်မြန်ပြောပြလိုက်ပါတော့၊ ကျွန်... ကျွန်မ လူသတ်သမား မဖြစ်ချင်ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ အပျိုစင်ဘဝကိုလည်း အဆုံးရှုံးမခံနိုင်ဘူး"

အစ်ကိုလျူက အံ့ကြိတ်ထားဆဲဖြစ်သည်။ သူနှင့် ကျင်းရှို့ကို အခန်းတစ်ခန်းထဲ အတူတူ သော့ခတ်ထားမည်ဟုပြောသည်ကို ကြားသောအခါ သူ နှုတ်ခမ်းများပေါ်တွင် ရွံရှာဖွယ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကမ်းချန်ချန်က လှောင်ပြုံးပြုံးကာ "သူက တော်တော်လေး သဘောကျနေပုံပဲ"

ကျင်းရှို့က အသက်ပြင်းပြင်းရှူကာ မတ်တပ်ရပ်လိုက်ပြီး အစ်ကိုလျူကို အားကုန် နှစ်ချက်ခန့် ကန်လိုက်ကာ ဒေါသတကြီး ဆဲဆိုတော့သည်။

"ရှင် မပြောဘဲ နေနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့၊ ရှင် မပြောဘဲ နေနိုင်မလားလို့"

ဟွာယွီက သူမကို သစ်သားတုတ်တစ်ချောင်း ကမ်းပေးရင်း‌ "ဒါကိုသုံး"

ကျင်းရှို့က တုံ့ဆိုင်းစွာဖြင့် ယူလိုက်ပြီး သစ်သားတုတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အစ်ကိုလျူ တင်ပါးပေါ်သို့ အသံမထွက်ဘဲ တုန်ယင်စွာ ရိုက်ချသည်။

"နင် သူ့အပေါ်က ဖုန်တွေကို ခါပေးနေတာလား"

ကမ်းချန်ချန်က နေမင်းကို တစ်ချက်ကြည့်လိုက်ပြီး "ငါ အလျင်လိုနေတယ်၊ ဒါက နင့်မှာရှိတဲ့ စစ်ဆေးမေးမြန်းတဲ့ နည်းလမ်းတွေ အကုန်ပဲလား"

လီဝမ်က သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ကာ "စဲဖူ... ကျွန်တော်ပဲ လုပ်လိုက်ရမလား၊ စဲဖူက သနားကြင်နာတတ်တဲ့သူဆိုတော့ သူ့ကို အခွင့်အရေးပေးခဲ့ပြီးပြီလေ၊ အဲဒါကို သူက တန်ဖိုးမထားဘဲ အသုံးမကျဖြစ်နေတာက သူ့အပြစ်ပဲ"

"တောင်းပန်ပါတယ် အစ်ကိုလျူ"

လီဝမ် စကားများကြောင့် ကျင်းရှို့ ဒေါသထွက်သွားသည်။ သူမ၏ နောက်ထပ်ရိုက်ချက်က အစ်ကိုလျူ ဝမ်းဗိုက်အောက်ပိုင်းဆီသို့ တိုက်ရိုက် ကျရောက်သွားပြီး အသံကျယ်ကြီးပင် ထွက်ပေါ်လာသည်။

အစ်ကိုလျူက ဝမ်းဗိုက်အောက်ပိုင်းကို ဖက်ထားရင်း ဆဲဆိုတော့သည်။

"ကျစ်၊ မင်း တကယ် လုပ်တာပဲ"

ကျင်းရှို့ တုန်ယင်စွာဖြင့် ပြန်ပြောသည်။

"အစ်ကိုလျူ... ရှင် မပြောရင် ကျွန်မ ဆက်ရိုက်မှာနော်"

အစ်ကိုလျူက လည်ပင်းကို မတ်ထားပြီး ခြိမ်းခြောက်လေသည်။

"မင်း ရဲရင် ရိုက်ကြည့်လေ"

"အား"

အစ်ကိုလျူ ဝမ်းဗိုက်အောက်ပိုင်းကို ဆုပ်ကိုင်လျက် ခါးပင်ကိုင်းသွားပြီး မျက်နှာမှာ ပြာနှမ်းသွားရသည်။

"မင်းလို ကောင်မစုတ်လေးကများ... မှတ်ထားလိုက"

ကျင်းရှို့မှာ တောင်းတင်းနေပြီး စိုးရိမ်နေမိကာ နဖူးမှ ချွေးအေးများပင် ကျဆင်းနေပြီဖြစ်သည်။

"အဲဒါဆိုလည်း ပြောပြလိုက်လေ၊ ရှင် ပြောပြလိုက်ရင် ကျွန်မတို့အားလုံး အဆင်ပြေသွားမှာပဲ မဟုတ်ဘူးလား၊ သခင်မလေးကမ်းက လူဆိုးမဟုတ်ပါဘူး၊ သူ ကျွန်မတို့ကို လွှတ်ပေးမယ်လို့ ကျွန်မ ယုံကြည်တယ်"

ကမ်းချန်ချန်က ခေါင်းစောင်းကြည့်ပြီး "နင်တို့ရဲ့ ရည်ရွယ် ချက်က ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ပဲ၊ အဲဒါက ငါ့ရဲ့ အနာဂတ်နဲ့ ငါ့ကို လိုက်ပါစောင့်ရှောက်ပေးတဲ့ အထိန်းတော်တွေ၊ အစောင့်တွေရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်တယ်၊ အမှန်ဆို ငါ နင်တို့ကို သနားညှာတာနေစရာ မလိုဘူး၊ ဒါပေမဲ့ နင်တို့ အကြံအစည် မအောင်မြင်ခဲ့ဘူးဆိုတော့ ဒီနေ့ကိစ္စတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ပြောပြရင် ငါ ထပ်ပြီး အရေးမယူတော့ဘူး၊ တကယ်လို့ နင်တို့က ငါ့ကို လှည့်စားဖို့ ကြိုးစားမယ်ဆိုရင်တော့ ငါ့နောက်ကွယ်က ကျောထောက် နောက်ခံက ဘယ်သူလဲဆိုတာ နင်တို့ သိပါတယ်"

အစ်ကိုလျူ မြေပြင်ပေါ်တွင် ဝပ်စင်းကာ "သခင်မကြီး... ကျွန်တော် တကယ် မပြောရဲပါဘူး၊ ဘာလို့လဲဆိုတော့ သတင်း နည်းနည်းလေး ပေါက်ကြားသွားရင်တောင် သူ လာပြီး ကျွန်တော်တို့ကို သတ်ပစ်မယ်လို့ ပြောထားလို့ပါ"

ကမ်းချန်ချန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အထိန်း တော်များနှင့် အစောင့်များက ပါးနပ်စွာ ထွက်သွားကြသဖြင့် ကမ်းချန်ချန်၊ ဟွာယွီနှင့် လီဝမ်တို့သာ ကျန်ရစ်ခဲ့သည်။

ကမ်းချန်ချန်က "ပြောလေ၊ ငါတို့အားလုံးက တစ်ဘက်တည်းတွေပဲ"

အစ်ကိုလျူ တံတွေးကို ခက်ခဲစွာ မျိုချပြီး "သူက ဘယ်သူဘယ်ဝါဖြစ်ကြောင်း လုံးဝ မပြောပြပါဘူး၊ ဒါပေမဲ့ သူက နဝမမင်းသားရဲ့ လူလို့တော့ ပြောတယ်၊ ကျွန်တော် တကယ် လိမ်မပြောပါဘူး။

သူက မျက်လုံးကျဉ်းကျဉ်း၊ အသားဖြူဖြူနဲ့ ပညာတတ်တစ်ယောက်လို ပုံစံရှိတယ်၊ ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာက အရမ်းမြင့်တယ်၊ သူက အသံကို တမင်နှိမ့်ထားပေမယ့် သူ့အသံက ကျယ်လောင်ပြီး ရှင်းရှင်းလင်းလင်း ကြားနိုင်တယ်"

မျက်လုံးကျဉ်းကျဉ်းနဲ့ အသားဖြူဖြူ၊ စာပေရော သိုင်းပညာပါ ကျွမ်းကျင်တဲ့သူ ဟုတ်လား...

အဘယ်ကြောင့်မှန်းမသိ ကမ်းချန်ချန် စိတ်ထဲတွင် နျန်ကုန်းယောင်းမျက်နှာက ရုတ်တရက် ပေါ်လာခဲ့သည်။ သူမက အနက်ရောင် မျက်နှာဖုံးတပ်ထားသော နျန်ကုန်းယောင်းပုံကို ချက်ချင်းဆွဲလိုက်ပြီးမေးသည်။

"ကြည့်ကြည့်စမ်းပါဦး..."

အစ်ကိုလျူ ပုံကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ပြင်းထန်စွာ တုန်ရီသွားသည်။

"သူပဲ၊ သခင်မလေး သူ့ကို သိနေပုံပဲ၊ ကျွန်တော်တို့က ဒီကိစ္စမှာ ပါဝင်ပတ်သက်မိတာ တကယ်ကို ကံဆိုးတာပဲ"

ကမ်းချန်ချန်က သူမငွေအိတ်ထဲမှ ဆေးလုံးနှစ်လုံးကို ထုတ်ယူကာ လီဝမ်ကို သူတို့အား တိုက်ခိုင်းလိုက်ပြီး "အစ်ကိုလျူ... ဒီနေ့ ကျင်းရှို့ ရှင့်ကို ရိုက်တာ ရှင် နောက်ကျ လက်စားမချေဘူး မဟုတ်လား"

🌻 Chapter 116

အစ်ကိုလျူမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းကို အမြန်ခါယမ်းကာ ပြန်ဖြေသည်။

"ကျွန်တော် မဝံ့ရဲပါဘူး"

"ဒါဆိုလည်း ကောင်းတာပဲ၊ ရှင် သူ့ကို လက်စားချေရင် ကျွန်မကလည်း ရှင့်ကို လက်စားချေဖို့ လူလွှတ်ရမှာမို့လို့"

ကမ်းချန်ချန်က ပြုံးလျက် ပြောသည်။

"ကျင်းရှို့... ဒီလိုကိစ္စမျိုး ဖြစ်ပြီးသွားရင် နင် ဒီမှာ ဆက်မနေသင့်တော့ဘူး၊ ပထမအချက်က ဟိုလျှို့ဝှက်ဆန်းကြယ်တဲ့သူက နင့်ကို လက်စားချေမှာ စိုးရိမ်ရတယ်၊ ဒုတိယအချက်က နောက်တစ်ခါ ငါ ပြန်လာတဲ့အခါ နင့်ကို မြင်ရရင် ငါလည်း စိတ်အခြေအနေ မကောင်းဖြစ်လိမ့်မယ်"

ကျင်းရှို့က သတိထားစွာ ပြန်ဖြေသည်။

"ကျွန်မ နားလည်ပါပြီ၊ မနက်ဖြန်ပဲ ပြောင်းသွားပါ့မယ်"

ကမ်းချန်ချန်က ခေါင်းညိတ်လိုက်ပြီး "ဒါက သေစေလောက်တဲ့ အဆိပ်မျိုး မဟုတ်ပါဘူး၊ နင်တို့ ငါ့ကို လိမ်မပြောဘူးဆိုတာကို အတည်ပြုပြီးတာနဲ့ ဖြေဆေးပေးဖို့ လူလွှတ်လိုက်မယ်၊ တကယ်လို့ ငါ့ကို လိမ်ပြောထားတယ်ဆိုတာ သိရရင်တော့ ဖြေဆေးဆိုတာ ရှိမှာမဟုတ်ဘူး၊ သုံးလပြည့်လို့ အဆိပ်ပျံ့လာတဲ့အခါ နင်တို့ တစ်ကိုယ်လုံးကို အင်းဆက်ကောင် ထောင်ပေါင်းများစွာ ကိုက်ဖြတ်နေသလိုမျိုး ခံစားရပြီး သေချင်စိတ်တောင် ပေါက်လာလိမ့်မယ်"

ထို့နောက် သူမ ကိုယ်ပိုင် ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ အထဲတွင် ကမ်းချန်အန်း ပြန်ရောက်နေပြီဖြစ်ကာ ဇာတ်ကြောင်းစုံကို နားလည်သွားပြီးနောက် သူက ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲဖြစ်ကာ ရေရွတ်မိသည်။

"အမေရာ... ဘယ်လိုလုပ် ဒီလောက်တောင် တုံးအရတာလဲ"

သခင်မကြီးကမ်းက နှုတ်ခမ်းစူကာ "ကျင်းရှို့က လိမ်မာမယ့်ပုံလေးမို့လို့လေ၊ သူ လူဆိုးမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ၊ ကောင်းပြီ... ငါ သူနဲ့ ဆက်ပြီး မပတ်သက်တော့ပါဘူး"

ကမ်းချန်အန်းက စားပွဲကို လက်ချောင်းဖြင့် ခေါက်ရင်း "အဲဒီ ငွေလက်ကောက်ကို လက်ခံလိုက်တာလည်း အမေ့အမှားပဲလ၊! ကျွန်တော် အမေ့ကို ရွှေလက်ကောက် ဝယ်ပေးထားတာ မဟုတ်ဘူးလား"

သခင်မကြီးကမ်းက "အဲဒါကို ငါ ဘယ်လိုလုပ် ဝတ်ရက်မှာလဲ၊ ငါ့ မြေးအကြီးဆုံးလေး မင်္ဂလာဆောင်အတွက် သိမ်းထားပေးမလို့ တွေးထားတာ"

ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားပြီး ပြောသည်။

"ရွှေလက်ကောက်ကို ဘယ်တုန်းက ဝယ်လိုက်တာလဲ"

ကမ်းသခင်မကြီးက ချက်ချင်းပင် အပြစ်ရှိသလိုမျိုး ပြန်ဖြေသည်

"အင်း... ခုလေးတင် ဝယ်လိုက်တာပါ"

အကယ်၍ ရွှေလက်ကောက် ရှိနေရင် ဆေးဖိုးအတွက် အဲဒါကို အရင်ရောင်းလိုက်လို့ မရဘူးလား၊ ဘာလို့ အတိုး ငွေ ၂၀ ကို ချေးရတာလဲ...

ကမ်းချန်ချန်မှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး ထိုသားအမိနှင့် မည်သို့ပြောဆိုရမည်ကို မသိတော့ပေ။ အချိန်နှောင်းနေပြီဖြစ်သည်ကို မြင်သောအခါ သူမက မတ်တပ်ရပ်လိုက်ပြီး ပြောသည်။

"ငါတို့ ပြန်ကြစို့"

မြင်းလှည်းပေါ်တွင် ဟွာယွီက တုံ့ဆိုင်းစွာဖြင့် မေးသည်။

"စဲဖူ... တကယ်လို့များလေ ကျင်းရှို့သာ ဝင်မပါခဲ့ဘူးဆိုရင် စဲဖူက တကယ်ပဲ..."

ကမ်းချန်ချန်က "ဘယ်ဟုတ်ပါ့မလဲ၊ ငါ သူ့ကို ခြောက်လှန့်ရုံသက်သက်ပါ၊ အဲဒါက ဥပဒေနဲ့လည်း မညီဘူး၊ ငါ့လိပ်ပြာလည်း မလုံဘူးလေ၊ အဲဒီလို ငါ ဘယ်လိုလုပ်လုပ်ရက်ပါ့မလဲ"

သူတို့ မင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ မှောင်နေပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့မထွက်ခွာမီ တစ်ခုခု စားထားခဲ့ကြသည်။

ထို့နောက် ရက်အတော်ကြာသည်အထိ ယင်ကျန်း ရောက်မလာခဲ့ပေ။ ကမ်းချန်ချန်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍များ နျန်ကုန်းယောင် သူမကို အန္တရာယ် ပြုချင်လာလျှင် မည်သို့လုပ်ရမည်နည်း။

အဓိကအချက်မှာ နျန်ကုန်းယောင်သည် ယင်ကျန်း ညာ လက်ရုံး ဖြစ်လာမည့် အလားအလာရှိသော စစ်သူကြီးနျန် ဖြစ်နေခြင်းပင်။ သူမကိုယ်တိုင်က စစ်ရေးဗျူဟာကိုလည်း နားမလည်သလို စစ်မြေပြင် တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း မသိချေ။ သူမမှာ နျန်ကုန်းယောင်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။

နိုင်ငံရေးနယ်ပယ်မှာ ဖြတ်သန်းရမယ့်သူတွေက ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိကြတယ်၊ ပြီးတော့ ဒီတစ်ခေါက် အိမ်ပြန်တုန်းက သူမ ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ကိစ္စရှိသေးတယ်၊ အဲဒါကို လျှို့ဝှက်ထားချင်တယ်လို့ သူမ ပြောခဲ့ပေမယ့် သူတို့အားလုံးက ယင်ကျန်းရဲ့ လူတွေပဲလေ၊ ယင်ကျန်းသာ မေးရင် သူတို့ သေချာပေါက် အမှန်အတိုင်း ပြောပြရမှာပဲ...

အဲဒီအခါကျရင် ယင်ကျန်း ငါ့ကို ဘယ်လိုများ ထင်သွားမလဲ...

ငါ စာကြည့်ဆောင်ကိုများ သွားသင့်လား၊ အင်း... ထားလိုက်တော့၊ အဲဒါက လွယ်လွယ်မသွားသင့်တဲ့ နေရာပဲ၊ ငါ မသွားရဲဘူး...

သူမ တွေးနေစဉ် ကုတင်ဘေးဘက်မှာ လေးလံစွာ နိမ့်ဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ဂုဏ်သိက္ခာကြီးမားသော စတုတ္ထမင်းသားက ညဘက်ကြီး လာလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

ကမ်းချန်ချန်က သူ့ကို စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး "အရှင် ရောက်လာပြီလား"

ယင်ကျန်းက သူ့ဝတ်ရုံကြယ်သီးများကို ဖြုတ်ရန် ငုံ့နေစဉ် လည်ပင်းကို ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် ခေါင်းကို မြန်မြန်မော့လိုက်ပြီး ခက်ခက်ခဲခဲဖြင့်ပြောသည်။

"လွှတ်စမ်း"

"ဟုတ်"

[သူ့လည်ပင်းမှာ ဘာတွေရှိနေလို့လဲ၊ ကြည့်ရတာ သက်တောင့်သက်သာ မရှိပုံပဲ]

ကမ်းချန်ချန်က သူမလက်များကို ခဏကြာမှ ဖယ်ပြီး လျှာထုတ်ကာ ကုတင်ပေါ်မှဆင်း၍ သူ့ကို အဝတ်အစား ချွတ်ရန် စတင် ကူညီပေးသည်။ ထိုအခွင့်အရေးကို ယူကာ သူမက ခိုးကြည့်လိုက်ချိန် သူမ ပေးထားခဲ့သော အနက်ရောင် ကျောက်လည်ဆွဲဖြစ်နေကြောင်း သိလိုက်ရသဖြင့် ဝမ်းသာပီတိဖြစ်မှုကို မထိန်းနိုင်တော့ပေ။

ယင်ကျန်းက လုံးဝန်းပြီး ပွယောင်းယောင်း ဖြစ်နေသော သူမ ခေါင်းလေးကို ငုံ့ကြည့်ကာ မေးသည်။

"ဒီရက်ပိုင်း ငါ ဘာလို့ မလာခဲ့တာလဲ မင်း သိလား"

ကမ်းချန်ချန်က ပြုံးကာ "အရှင်က မင်းသားဆိုတော့ လုပ်စရာတွေ အများကြီး ရှိနေမှာပေါ့"

ယင်ကျန်းက လှောင်ပြုံးပြုံးလျက် "ဟုတ်တယ်၊ မင်းရဲ့ ပြဿနာတွေကို ရှင်းပေးဖို့ အလုပ်များနေခဲ့တာလေ"

ကမ်းချန်ချန်မှာ သူမ လုပ်လက်စကို ရပ်လိုက်ပြီး ရင်တဒိတ်ဒိတ် ခုန်လာကာ မေးသည်။

"ဘာ... ဘာပြဿနာလဲဟင်"

[သူက အတိုးကြီးစား ငွေချေးတဲ့ ကိစ္စကို ပြောနေတာများလား]

ယင်ကျန်းက သူ့အိတ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။ မီးရောင်အောက်တွင် ကမ်းချန်ချန် ကြည့်လိုက်ရာ ကမ်းချန်အန်းနာမည်နှင့် လက်ဗွေ ပါရှိသော ငွေချေးစာချုပ် အစစ်ဖြစ်နေကြောင်း သိလိုက်ရသည်။

သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြုံးကာ "ဒါက ဘယ်လိုလုပ် အရှင့်လက်ထဲ ရောက်နေရတာလဲ"

ယင်ကျန်းက "ငါ့ဆီမှာ ဘာလို့မရောက်ပဲနေမှာလဲ၊ ငါတို့ကို ဆန့်ကျင်ဖို့ အသုံးချစရာ အချက်အနေနဲ့ သိမ်းထားခိုင်းမလို့လား"

ကမ်းချန်ချန်က ထိုငွေချေးစာချုပ်ကို မီးရှို့လိုက်ပြီး "အရမ်းကြီး အဆိုးမမြင်ပါနဲ့၊ ဒါ ကျွန်မ အပြစ်မှ မဟုတ်တာ"

ထို့နောက် သူမက မီးခွက်ကို သူ့မျက်နှာနားသို့ ကပ်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

"အရှင့် မျက်နှာမှာ ပွန်းပဲ့ရာတွေ ရှိနေသလိုပဲ၊ စတုတ္ထမင်းသားကိုများ ဘယ်သူက ဒီလောက်တောင် ရိုက်ရဲရတာလဲ"

[သူ အမှားတစ်ခုခုလုပ်မိလို့ ကန်ရှီးဧကရာဇ်နဲ့ အိမ်ရှေ့စံတို့ရဲ့ ရိုက်နှက်တာကိုများ ခံလိုက်ရတာလား]

ယင်ကျန်း မျက်နှာထား မည်းမှောင်သွားပြီး သူမ မေးစေ့ကို ဆွဲမော့ကာ "ဒီအကြောင်းကို ကိုယ့်ကို ဘာလို့ မပြောပြခဲ့တာလဲ၊ မင်း ကိုယ့်ကို မယုံကြည်ဘူးလား"

"ဘယ်ဟုတ်ပါ့မလဲ"

ကမ်းချန်ချန်က အနေရခက်စွာ ရယ်မောလိုက်ပြီး လှည့်ကာပြောသည်။

"အရှင် အရမ်းအလုပ်များနေလို့ပါ၊ တောင်းပန်ပါတယ်"

သူမ အမြန်ပင် သူဒေါသမပေါက်ကွဲခင် ကုတင်ပေါ်သို့ လှိမ့်သွားလိုက်သည်။

ယင်ကျန်း လေသံမှာ လှောင်ပြောင်လိုသော အသံပေါက်နေသည်။

"ဒါဆို မင်းဘာသာမင်း ဖြေရှင်းချင်တာပေါ့၊ မင်း လုပ်ရော လုပ်နိုင်လို့လား"

[အဲဒီ လေသံက တကယ့်ကို ရိုင်းစိုင်းလွန်းတာပံ]

ကမ်းချန်ချန်မှာ သူ့စကားများကြောင့် နေရခက်သွားသဖြင့် သူမ ပါးစပ်ကိုသာ ပိတ်ထားလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျက် သူ့ကို ကျောခိုင်းထားလေသည်။

[ဒီလူ ဆေးများ သုံးထားတာလား၊ ဒါမှမဟုတ် သွေးဆုံးခံနီးနေတာလား၊ တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိုက်တာ]

ယင်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကုတင် အခြားတစ်ဖက်တွင် ဝင်လှဲလာသည်။

ကမ်းချန်ချန်မှာ ပိုဒေါသထွက်လာပြီး ထပ်မံလှည့်ကာ သူ့ကျောကို လက်ဖြင့်ထိုးလိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် ပြောသည်။

"ကျွန်မဘက် လှည့်..."

ယင်ကျန်းက စကားတစ်ခွန်းမှ မဆိုဘဲ လှည့်လာခဲ့သည်။

ကမ်းချန်ချန်က "ခုနက အရှင် ပြောခဲ့တဲ့ စကားက တကယ်ကို နားထောင်လို့ မကောင်းဘူး၊ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာသင့်တယ်လေ၊ ကျွန်မမှာ အဲဒီလောက် အရည်အချင်း မရှိပါဘူး ပြီးတော့ ကျွန်မ လုပ်နိုင်တာကလည်း ဒီလောက်ပဲ ရှိတာကို၊ အရှင်က ကျွန်မကို ဘယ်လိုများ အဲဒီလိုပြောထွက်ရတာလဲ"

ယင်ကျန်းက သဘောတူခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိဘဲ သူမကို တိတ်ဆိတ်စွာသာ ကြည့်နေသည်။ ကမ်းချန်ချန်က အနေရခက်စွာဖြင့် သူမ နှာခေါင်းကို ပွတ်ပြီး ထပ်မေးသည်။

"အရှင့် အဆင့်အတန်းက အရမ်းမြင့်မြတ်တာဆိုတော့ သေချာပေါက် ပြောချင်တာ ပြောလို့ရတာပေါ့လေ၊ ဒါပေမဲ့ ငွေချေးစာချုပ် ပြန်ရအောင် ကူညီပေးခဲ့တဲ့အတွက်တော့ ကျေးဇူးတင်ချင်သေးတယ်၊ ဒါနဲ့ အဲဒါကို ဘယ်လို ပြန်ရလာတာလဲ"

ယင်ကျန်းက "ငွေချေးစာချုပ်က နဝမမင်းသားဆီမှာ ရှိနေတာနဲ့ ငါ လုယူလာခဲ့တာ"

[ဘာ၊ တကယ်ပဲ နဝမမင်းသား ဟုတ်နေတာလား၊ ဒါဆို နျန်ကုန်းယောင်ကို အမိန့်ပေးခဲ့တာက သူပေါ့၊ ဪ ဟုတ်သားပဲ၊ နျန်ကုန်းယောင်က သူ့ဆွေမျိုးလေ၊ ဒါဆို နျန်ကုန်းယောင်က အခု နဝမမင်းသားဘက်ကို ပါသွားပြီပေါ့]

ကမ်းချန်ချန်က "လုယူလာတယ် ဟုတ်လား၊ အဲဒီလောက်တောင် ရိုးရှင်းလို့လား၊ သူက ဒီစာချုပ်ကို အသုံးချပြီး အရှင့်ကို သူ့အတွက် အလုပ်တွေလုပ်ပေးဖို့ မခြိမ်းခြောက်ဘူးလား"

ယင်ကျန်း "ဒါလေးက ကိုယ့်ကို မခြိမ်းခြောက်နိုင်ပါဘူး"

[ကိုယ့်ကို မခြိမ်းခြောက်နိုင်ပါဘူးတဲ့လား~]

ကမ်းချန်ချန် မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး "အရှင့် မျက်နှာက ဒဏ်ရာတွေ... ဖြစ်နိုင်တာက..."

[အရှင်က နဝမမင်းသားကိုတောင် မနိုင်ဘူးလားဟ]

သူက အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်ကာ

"ပါးစပ်ပိတ်ပြီး အိပ်တော့"

All Chapters