အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
🌻 Chapter 117
ကမ်းချန်ချန်က လျှာထုတ်ပြောင်လိုက်ပြီးနောက် တစ်ခဏကြာသော် ထပ်ပြောပြန်သည်။
"စတုတ္ထမင်းသား... ကျွန်မရဲ့ သိုင်းပညာလေ့ကျင့်ရေးနဲ့ ပတ်သက်ပြီးတော့လေ..."
ယင်ကျန်းက စဉ်းစားဟန်ပြုပြီး "ခရီးကနေ ကိုယ် ပြန်လာတဲ့အခါ မင်းကို ကိုယ်တိုင် သင်ပေးမယ်"
ကမ်းချန်ချန်က အံ့အားသင့်စွာဖြင့် "အရှင်က သင်ပေးမယ် ဟုတ်လား"
ယင်ကျန်းက "ဘာဖြစ်လို့လဲ"
ကမ်းချန်ချန်က သဘာဝကျကျ ပြုံးနိုင်ရန် ကြိုးစားလိုက်ပြီး အားတင်းဖြေသည်။
"ဘာမှမဖြစ်ပါဘူး၊ ဒါက တကယ်ကို ကျွန်မရဲ့ ကံကောင်းမှုပါပဲ၊ ဒါပေမဲ့ အရှင်မင်းသားက နိုင်ငံ့ရေးရာတွေနဲ့ အရမ်း အလုပ်များနေတာဆိုတော့ ဒါက အရမ်း အနှောင့်အယှက် ဖြစ်မသွားဘူးလားဟင်"
[စကားပုံထဲမှာ ရှိသလိုပဲ၊ တော်တဲ့ စစ်သူကြီးမှာ ညံ့တဲ့ စစ်သား မရှိဘူးတဲ့၊ အရှင်သာ ကျွန်မကို သင်ပေးရင် ကျွန်မရဲ့ သိုင်းပညာက ဘယ်လောက်အထိများ မြင့်မားလာမှာလဲ၊ အရှင့်ကိုအကြံပေးချင်တာက ကိုယ့်ကိုယ်ကိုယ် သိစိတ်လေးထားပြီး ကျွန်မအတွက် ပရော်ဖက်ရှင်နယ် သိုင်းဆရာတစ်ယောက်ကို မြန်မြန် စီစဉ်ပေးလိုက်ပါလို့]
ယင်ကျန်း မျက်နှာထား မည်းမှောင်သွားပြီး သြရှရှအသံဖြင့်
"ဒါဆိုလည်း မသင်နဲ့"
ကမ်းချန်ချန် : "..."
နောက်တနေ့ သူမ နိုးလာသောအခါ ယင်ကျန်း ထွက်သွားနှင့်ပြီဖြစ်သည်။ ကမ်းချန်ချန် အကြောဆန့်လိုက်ပြီး နံနက်စာကို ပျော်ရွှင်စွာ စားသောက်နေချိန် ဟွာယွီက ကပျာကယာ ပြေးလာပြီးပြောသည်။
"စဲဖူ... ပြဿနာကြီးတစ်ခု ဖြစ်နေပြီ"
ကမ်းချန်ချန်က မျက်နှာထား မပြောင်းလဲဘဲ ဆက်စားနေ လျက်
"နင်က သတင်းထောက်လည်း မဟုတ်ဘဲနဲ့ အစေခံ ဖြစ်နေတာ နင့်အရည်အချင်းတွေ နှမြောစရာပဲ"
ဟွာယွီက အနည်းငယ် စိတ်ဆိုးဟန်ဖြင့် "စဲဖူ... ကျွန်မကို ဘာလို့ ဆူနေရတာလဲ"
ကမ်းချန်ချန်က မေးသည်။
"ဘာဖြစ်လို့လဲ၊ ပိုက်ဆံ ပျောက်သွားလို့လား"
"မဟုတ်ဘူး"
ဟွာယွီက ခေါင်းခါကာ ခါးသီးစွာ ပြုံးလျက် ပြန်ဖြေသည်။
"အဲဒီလိုသာဆိုရင် ဒါက ကျွန်မ ကိစ္စလေ၊ စဲဖူနဲ့ ဘာဆိုင်လို့လဲ"
ယွင်ကျွမ်းက ပန်းထိုးခြင်းကို ရပ်လိုက်ပြီး "ဒါဆိုလည်း မြန်မြန် ပြောပြလေ၊ နင်က စဲဖူကို အကြောင်းမရှိဘဲ စိတ်ပူအောင် လုပ်နေတာပဲ"
ဟွာယွီက "စံအိမ်ကို နောက်ထပ် ကိုယ်လုပ်တော်တစ်ယောက် ရောက်လာတော့မှာမို့လို့ပါ၊ သူက ဒသမမင်းသားရဲ့ ညီမဝမ်းကွဲဖြစ်ပြီး နွီဟူလုမျိုးနွယ်စုကလို့ ကြားတယ်"
ယွင်ရှုလည်း အနားရောက်လာပြီး ပြောသည်။
"ဒါက နာမည်ကြီးတဲ့ မျိုးရိုးပဲ၊ သူက ပေါင်းသင်းရလွယ်တဲ့သူများ ဖြစ်မလား မသိဘူး"
ကမ်းချန်ချန်က ဖက်ထုပ်ဟင်းရည် တစ်ငုံကို စုပ်သောက်လိုက်ပြီးနောက် ပုလဲအသားလုံး တစ်လုံးကို ကောက်ယူကာ ဖြည်းညင်းစွာ စားသည်။
သူမစိတ်ထဲ ဝမ်းနည်းမှု တစ်ချက်ဖြတ်ပြေးသွားရသည်။ ဒဏ္ဍာရီလာ ရှီးကွေ့ဖေးရောက်လာတော့မှာပဲ၊ သူမက ဟုန်လီရဲ့အမည်ခံ မိခင်ပင်။
သမိုင်းဘီး၀ိုင်းမှာ ဆက်လက် လည်ပတ်နေပုံရသည်။ နွီဟူလုမျိုးနွယ်မှ လူသည် တိတ်ဆိတ်စွာပင် ရောက်လာခဲ့သည်။ ထိုအချိန်တွင် ယင်ကျန်းက ကန်ရှီးနှင့်အတူ ကျန်းစုနှင့် ကျဲ့ကျန်းရှိ ရေလမ်းကြောင်းများ စစ်ဆေးရာတွင် လိုက်ပါသွားနှင့်ပြီ ဖြစ်သည်။
မနက်ခင်း တွေ့ဆုံပွဲတွင် ဖူကျင်းက ယဉ်ကျေးသိမ်မွေ့စွာ ပြုံးလျက်ပင် "ညီမတော်တို့... နောက်ထပ် ညီမတော်တစ်ယောက် ရောက်လာတယ်၊ သူက နွီဟူလုကပဲ"
"နောက်ကို ညီမလေးတို့ သူမကို သေချာ စောင့်ရှောက်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ စုယန်က တစ်ခုခု အမှားလုပ်မိရင်လည်း ညီမလေးတို့က သည်းခံပြီးလမ်းညွှန်ပေးကြပါ"
စုယန် ဟုတ်လား၊ သိပ်လှတဲ့ နာမည်လေးပဲ...
ကမ်းချန်ချန်က သတိကြီးစွာထားနေသော်လည်း မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်လေး ရှိနေသော ဤအမျိုးသမီးကို ကြည့်လိုက်ပြီး မပျော်ရွှင်နိုင်တော့ချေ။
အဘယ်ကြောင့်ဆို ဤကိစ္စက သူမကို ပျော်ရွှင်စေမည့်ကိစ္စမျိုး မဟုတ်သောကြောင့်ပင်။ အဆောင်တော်တွင်းသို့ စတင်ရောက်ရှိလာသော အမျိုးသမီးတိုင်းသည် သိုင်းလောကထဲသို့ ဓားတစ်ချောင်းဖြင့် စွန့်စားဝင်ရောက်လာသော လူငယ်တစ်ဦးနှင့် တူသည်။ တစ်ခုခုဆိုလျှင် သူမကိုယ်တိုင် သွေးထွက်ရနိုင်သလို သူမ လက်များက သွေးစွန်းရမည်သာ ဖြစ်သည်။
ခြားနားချက်မှာ နောက်လူတွင်နေမည် သို့မဟုတ် ထွက်သွားမည်ဟု ရွေးချယ်ခွင့် ရှိနိုင်သော်လည်း ရှေ့လူများတွင်မူ သူတို့ ရောက်လာချိန်တွင် ရွေးချယ်စရာမရှိသလို ထွက်သွားရန် လမ်းလည်း မရှိချေ။
တစ်လင်တစ်မယားစနစ်နှင့် ကိုယ်လုပ်တော် မရှိခြင်းဆိုသည်မှာ ခေတ်သစ်မှာသာရှိသော ကြီးကျယ်ခမ်းနားလှသည့် ဥပဒေပြဋ္ဌာန်းချက်ပင်။
စုန့်ကော်ကော် ပြုံးကာ "ဒီညီမလေးက တော်တော်လေး သဘောကောင်းပြီး ယဉ်ကျေးမယ့်ပုံပဲ၊ နောက်ကျရင် ရင်ဖွင့်တိုင်ပင်စရာ လူတစ်ယောက် ရှိလာတာ အရမ်းကောင်းတာပေါ့"
လီစဲဖူက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။
"ဒီလောက် အသေးအဖွဲ ကိစ္စလေးအတွက်နဲ့ ငါတို့အားလုံးကို ခေါ်လိုက်တာလား"
ဖူကျင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဒါက အသေး အဖွဲ ကိစ္စ မဟုတ်ဘူး၊ စုယန်ကို စတုတ္ထမင်းသားရဲ့ တောင်းဆိုမှုအရ ဒသမမင်းသားကိုယ်တိုင် ရွေးချယ်ပေးခဲ့တာ၊ သူမရဲ့ ရုပ်ရည်က ပျမ်းမျှထက် နည်းနည်းပဲသာပေမယ့် သူမက စာရိတ္တကောင်းမွန်ပြီး သတိရှိတယ်၊ အကြောင်းမရှိဘဲ ပြဿနာရှာမယ့် ပုံစံမျိုး သေချာပေါက် မဟုတ်ဘူး"
ဝူကော်ကော်က ပြုံးကာ "စုယန်ရဲ့အမူအကျင့်က စံအိမ်ကို စရောက်တုန်းက ကျွန်မတို့ရဲ့ အစေခံတစ်ယောက်နဲ့ တော်တော်လေး တူတယ်လို့ ထင်တယ်၊ တချို့လူတွေ သူ့ကို မကြိုက်တာ အံ့သြစရာတော့ မဟုတ်ပါဘူး"
လီစဲဖူ "ဘယ်သူက သူ့ကို မကြိုက်တာလဲ"
ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ဝူကော်ကော်က ထပ်ပြောသည်။
"ဒီတစ်ခါ ရှင့်အကြောင်း ကျွန်မ ဘာမှ မပြောပါဘူး၊ ပြောလည်း မပြောရဲပါဘူး"
ဖူကျင်းက ကမ်းချန်ချန်ကို ကြည့်ကာ ပြုံးလျက် "ကမ်းကော်ကော်က စရောက်တုန်းက တော်တော်လေး ပိန်ပိန်သေးသေးလေးပဲ၊ ဒါပေမဲ့ တစ်နှစ်ကျော်လေးအတွင်းမှာကို ဒီလောက် အရပ်ရှည်လာပြီး ပြည့်ဖြိုးလာတာပဲ"
[ငါလေး ဘယ်လောက်တောင် အရပ်ရှည်နေလို့လဲ၊ ၁.၆ မီတာ ကျော်ရုံလေးပဲ ရှိတာကို၊ ဟွာစန်းရဲ့ ၁.၇၅ မီတာ အရပ်ကိုမှ အရပ်ရှည်တယ်လို့ ခေါ်ရမှာနော်]
ကမ်းချန်ချန် ပြုံးကာ "ကျွန်မတို့ မင်းသားစံအိမ်ရဲ့ ကောင်း မွန်တဲ့ ဖုန်းရွှေတွေကြောင့် ကျွန်မ ပိုပြည့်ဖြိုးလာရုံတင်မကဘူး၊ အသားအရေကလည်း အများကြီးပိုပြီးနူးညံ့ဖြူစင်လာတာပါရှင်"
ဝူကော်ကော်က သူမ မေးစေ့ပေါ်ရှိ ဝက်ခြံကို ထိလိုက်ပြီး "တကယ်ကြီးလား"
စုယန်က သူမအနားသို့ လျှောက်သွားကာ သေချာစွာအကဲ ခတ်လိုက်ပြီးမေးသည်။
"ဝူကော်ကော်... မကြာသေးခင်က မျက်လုံးနီတာ၊ ဗိုက်ကယ်တာနဲ့ စိတ်တိုလွယ်တာတွေများ ဖြစ်နေလားဟင်"
ဝူကော်ကော်မှာ အေးခဲသွားတော့သည်။ ကမ်းချန်ချန်က လှောင်ပြုံးပြုံးကာ ၀င်ပြောသည်။
"သူ ဒီလိုဖြစ်နေတာ ကြာလှပြီ"
လီစဲဖူက သူမကိုယ် သူမ ယပ်တောင်ဝိုင်းလေးဖြင့် ယပ်ခတ်ရင်း "ဟုတ်တယ်၊ သူ ပါးစပ်ဟလိုက်တာနဲ့ အဲဒီ ပုပ်သိုးသိုး အနံ့ကြီးက ထွက်လာတာပဲ၊ ခုနကတောင် တိတ်တိတ်လေး လေလည်လိုက်သေးတယ်၊ အရမ်းဆိုးတာပဲ၊ သူ့ဘေးမှာ ထိုင်တဲ့သူကတော့ ကံဆိုးတာ"
ဝူကော်ကော်မှာ သူမ အပြောခံရသည့်အတွက် ရှက်ရွံ့သွားပြီး နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့ထားမိသည်။
စုယန်က ပြုံးကာ "အစ်မတော်... စိတ်မပူပါနဲ့၊ သောက်ပြီးတာနဲ့ လန်းဆန်းသွားစေမယ့် ဆေးညွှန်းတစ်ခု ကျွန်မဆီမှာ ရှိပါတယ်"
ဝူကော်ကော်က စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
"ဘာဆေးညွှန်းလဲဟင်"
စုယန်က "နေ့တိုင်း လိမ္မော်ခွံခြောက် နှစ်အောင်စကို လက်ဖက်ရည်လုပ်သောက်ပါ၊ ငါး၊ အသား၊ ဆီများတာနဲ့ အစပ်တွေကို ရှောင်ပါ၊ ထမင်းစားတိုင်းမှာ ခါးတဲ့ ဗာဒံစေ့ နှစ်စေ့၊ ရှန်းကျာမုန့် သုံးခုနဲ့ မုန်လာဥဖြူ ငါးပြားကို စားပေးပါ၊ ညဘက်မှာ စံပယ်ပန်း ရေချိုးတာကို တစ်နာရီလောက် လုပ်ပါ၊ ခုနစ်ရက်ကြာရင် ရလဒ်ကို မြင်ရပါလိမ့်မယ်"
ဝူကော်ကော်က ခက်ခဲစွာဖြင့် သက်ပြင်းချသည်။
"အသား တစ်ကြိမ်လောက် မစားရရင်တောင် သေနိုင်တာကို၊ အခုက ခုနစ်ရက်ကြီးတောင်လား၊ ပြီးခဲ့တဲ့တစ်ခေါက်က သမားတော်ကျန်းက ကျွန်မကို သုံးရက် အစာရှောင်ခိုင်းတယ်၊ ဆိုလိုတာက ဘာအစားအစာမှ စားလို့မရဘူးပေါ့၊ အဲဒါက ကျွန်မကို သတ်နေတာနဲ့ မတူဘူးလား၊ သူ လျှောက်ပြောနေတယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ"
စုယန်က ပြောသည်။
"ဒါတင်မကသေးဘူး၊ ခုနစ်ရက်ပြည့်သွားရင်တောင် တစ်နေ့ကို ငါးနဲ့ အသား တစ်ကြိမ်ပဲ အများဆုံး စားလို့ရမယ်၊ အစ်မတော်ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီမို့လို့ မြန်မြန် ကုသဖို့ လိုတယ်"
စုန့်ကော်ကော်က "ကုသမှုက တကယ် ထိရောက်လောက်တယ်၊ ဒီရှန်းကျာမုန့်က ချဉ်ပေါ့ပေါ့လေး၊ ခါးတဲ့ ဗာဒံစေ့က သဘာဝအတိုင်း ခါးတယ်၊ မုန်လာဥဖြူရဲ့ လေသက်စေတဲ့ အာနိသင်ကိုတော့ ပြောစရာတောင် မလိုဘူးပေါ့၊ ညီမလေး တကယ်ကို စေတနာထားပေးတာပဲ၊ ဒါ ချက်ချင်း ထိရောက်မှာ သေချာတယ်"
ဖူကျင်းက နောက်ပြောင်လျက် ပြောလာသည်။
"ငါတို့စံအိမ်ကို အမျိုးသမီး သမားတော်တစ်ယောက် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
စုယန်က ပြုံးကာ "ကျွန်မ မဝံ့ရဲပါဘူး၊ အစားအသောက်နဲ့ ကုသတဲ့နည်းကို နည်းနည်းပါးပါး နားလည်ရုံပါ၊ ပြီးတော့ အရသာရှိတဲ့ အစားအစာတွေကို အလွန်အကျွံ မစားသင့်ဘူးဆိုတာကို သိထားရုံလေးပါ"
စုန့်ကော်ကော်က "တကယ်ကို ဟုတ်နေတာ၊ ဆေးညွှန်းထဲမှာ သာမန် အစားအစာတွေပဲ၊ ဆေးဘက်ဝင်တဲ့ လိမ္မော်ခွံခြောက်ကလွဲရင် ကျန်တာတွေက အခြေခံအကျဆုံး အရာတွေပေမဲ့ သူမက အစားအစာကို ဆေးဖြစ်အောင် ပြောင်းလဲပေးနိုင်တာပဲ"
ဝူကော်ကော်က ရိုးသားစွာဖြင့်ပင် လှောင်ရိပ်သန်းနေသော လေသံဖြင့် "အခုတော့ နင့်ကို တော်တော်လေး ယဉ်ကျေးပျူငှာတယ်လို့ ထင်မိတယ်၊ တခြားတစ်ယောက်ထက်စာရင် အများကြီး သာတယ်"
ဝူကော်ကော်က သူမကို ရွဲ့နေမှန်း ကမ်းချန်ချန် နားလည်သော်လည်း ဂရုမစိုက်ချင်ပေ။
ဝူကော်ကော်က ကလေးဆန်ပြီး စိတ်တိုလွယ်ကာ ရိုက်လို့လည်းမရ၊ ဖယ်ရှားပစ်လို့လည်း မရသည့် ကလေးဆိုးတစ်ယောက်လို သူမ တွေးမိသည်။ ဤအခြေအနေတွင် သူမက ဝူကော်ကော်ကို ရှောင်ရှားရုံသာ တက်နိုင်သည်။
ရက်အနည်းငယ် ကြာပြီးနောက် နန်းတွင်းရေးရာဌာနမှ တရားဝင် ဝတ်စုံတစ်စုံ ပို့ဆောင်လာသည်။ ကမ်းချန်ချန်က စိတ်လှုပ်ရှားစွာဖြင့် ဝတ်ကြည့်လိုက်ရာ သူမနှင့် တော်တော်လေး အံကိုက်ဖြစ်နေသည်။
သူမက မျက်စိတစ်ချက်ပင့်ပြရာ ဟွာယွီက ငွေပြည့်နေသော အိတ်တစ်လုံးကို ထိုလူအား ချက်ချင်း ကမ်းပေးသည်။ နန်းတွင်းရေးရာဌာနမှ မိန်းမစိုးက အကျင့်ပါစွာ တပါတည်းယူလေပြီး အသံစူးစူးဖြင့်ပြောလာလေသည်။
🌻 Chapter 118
"ကော်ကော်... မကြာခင် အရှင်မင်းကြီး ပြန်ရောက်လာရင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပလို့ရပါပြီ၊ ဒီတစ်ခါ ကော်ကော်နဲ့အတူ အဋ္ဌမမင်းသား၊ နဝမမင်းသားနဲ့ ဒသမမင်းသားတို့ရဲ့ ကိုယ်လုပ်တော်တွေလည်း ဘွဲ့နှင်းခံရမှာပါ၊ ကော်ကော်ရဲ့ နန်းတွင်းကျင့်ဝတ်တွေကို သေချာ လေ့ကျင့်ထားရပါမယ်"
ကမ်းချန်ချန် "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းမစိုးကြီး"
ဧကရာဇ်ကန်ရှီးမြို့တော်တွင် မရှိသဖြင့် ဘွဲ့နှင်းသဘင် နှောင့်နှေးခဲ့ရသော်လည်း ကမ်းချန်ချန်ကမူ ပျော်ရွှင်နေဆဲဖြစ်သည်။ အတိုးကြီးစား ငွေချေးသည့် ပြဿနာကြောင့် သူမ စဲ့ဖူဖြစ်လာရန် အခွင့်အရေး နည်းပါးသွားပြီဟု ထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင် သူမအပေါ် သက်ရောက်မှု မရှိခဲ့ပေ။
ထို့ပြင် ဧကရာဇ်ကန်ရှီးတွင် သားတော် မည်မျှများကြောင်းကို သူမ မအံ့ဩမိပဲ မနေနိုင်ချေ။ ကိုယ်လုပ်တော် ဘွဲ့နှင်း သဘင်မှာပင် အပြိုင်အဆိုင် အများကြီးရှိနေသေးသည်။
ထိုသို့ တိုးတက်မှုနှင့်အတူ သူမ စိတ်သက်သာဖြစ်လာမိ သည်။ သူမ သမိုင်းကို အမှန်ပင် အနည်းငယ် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မည်။
စုယန်သည် ထူးကဲသော စွမ်းရည်များရှိသည့် ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝူကော်ကော် ဒေါသကို ငြိမ်သက်သွားစေကာ သူမအပေါ် အမြဲတစေ မျက်နှာချိုသွေးနေတက်သည်။
သူမ ကုထုံးက အမှနမပဲ အလုပ်ဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝူကော်ကော် အကျယ်ချုပ်မှ လွတ်လာပြီးကတည်းက ဝူကော်ကော်ကိုယ်တိုင် မသိနိုင်သော ထူးဆန်းသည့် အနံ့တစ်ခုပါလာခဲ့ပြီး သူမနှင့် ရင်းနှီးသောကိုယ်လုပ် တော်များကပင် ပြောပြနိုင်ခြင်း မရှိခဲ့ပေ။
မနက်ခင်း တွေ့ဆုံပွဲတွင် လီစဲဖူက လှောင်ပြောင်ပြောဆိုသောအခါ ဝူကော်ကော်က သူမ စကားများကို လျစ်လျူရှုခဲ့သော်လည်း တစ်နေ့က ဥယျာဉ်ထဲ၌ ယင်ကျန်းကို အမိဖမ်းဖို့ကြံရာ ယင်ကျန်းစကားများက အမှန်ပင် အဆိပ်ပြင်းလွန်းခဲ့သည်။
ဝူကော်ကော်က ဘေးအိမ်ရှိ အဋ္ဌမမင်းသား အိမ်တော်မှ ကြွက်များပင် ကြားနိုင်လောက်အောင် ကျယ်လောင်စွာ ငိုကြွေးခဲ့သည်ဟု ပြောကြသည်။ သူမ ကျန်းမာရေး တိုးတက်လာသည်နှင့်အမျှ စိတ်အခြေအနေသည်လည်း တိုးတက်လာခဲ့သည်။
ဝူကော်ကော်မှာ ယခုအခါ စုယန်နှင့်အတူ မီးဖိုချောင်တွင် အလုပ်လုပ်နေပြီး မုန့်များနှင့် ဟင်းလျာများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။
စုယန် ဖန်တီးမှုများက မယုံနိုင်လောက်အောင် အရသာရှိပြီး ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးရှိသည်ဟု ဆိုကြသော်လည်း ဝူကော်ကော် လုပ်သည်များတော့ စကားဖြင့် ဖော်ပြမရစွာ ဆိုးရွားလှသည်။
သို့သော် ထိုအရာကို နားလည်ပေးလို့ရသည်။ မည်သို့ပင်ဖြစ်စေ သူမက သိုင်းပညာ လေ့ကျင့်ပြီး ကြီးပြင်းလာရကာ ဖခင်နှင့်ဦးလေးများ အလိုလိုက်မှုကို ခံခဲ့ရပြီး သူ့မိသားစုက လုံခြုံရေး အစောင့်အရှောက် အေဂျင်စီတစ်ခု ဖွင့်ထားသဖြင့် သူမ ထိုသို့အရာများအတွက် ပါရမီကို ဘယ်ကရနိုင်မည်နည်း။
ဝူကော်ကော်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီး ပုံပန်းသဏ္ဍာန် ထူးဆန်းကာ စားချင့်စဖွယ် မရှိသော မုန့်များကို လူတိုင်း မြည်းစမ်းကြည့်ရန် မနက်ခင်း တွေ့ဆုံပွဲသို့ ယူလာတတ်ခြင်းသည်တော့ မုန်းစရာကောင်းလှသည်။
ဤမနက်သည်တော့ ပိုတောင်ဆိုးသေးသည်။ သူမက ဆီများရွှဲပြီး မည်းတူးနေသော ကြက်သားဟင်းရည် တစ်အိုးကို ယူလာခဲ့သည်။
"ကမ်းစဲဖူ... ဘာလို့ မစားတာလဲ၊ ကျွန်မက အဆိပ်ခတ်ထားမှာ ကြောက်လို့လား"
ကမ်းချန်ချန်မှာ အတွေးထဲ နစ်မျောနေဆဲ ရုတ်တရက် သတိပြန်ဝင်လာပြီး ဝူကော်ကော်က ကြက်သားဟင်းရည် ပန်းကန်ကို ကိုင်ကာ သူမကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
[ငါ သူမကို ဘယ်လောက်တောင် မကြိုက်ဘူးဆိုတာ သူ မသိဘူးလား]
ကမ်းချန်ချန်က ကူကယ်ရာမဲ့စွာဖြင့် ပါးစပ်ဟလိုက်ပြီး
"ကျွန်မ မနက်စာ စားပြီးပြီ၊ နည်းနည်း ဗိုက်ဝနေလို့ပါ"
ဝူကော်ကော် မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီတောကြက်ဟင်းရည်က ကျွန်မ ချက်ဖို့ နှစ်နာရီတောင် အချိန်ယူခဲ့ရတာ၊ နည်းနည်းလေး မြည်းကြည့်ရုံပဲဆိုရင်တောင် အနည်းဆုံးတော့ ကျွန်မကို ဘာလေးညာလေး အကြံပေးနိုင်တာပေါ့"
[ဒါပေမဲ့ ခုနက အဲဒီပေါ်မှာ ကြက်မွေးတွေ ပေါလောပေါ်နေတာကို ရှင် လက်သည်းနဲ့ ဖယ်ထုတ်ပစ်ခဲ့တာလေ၊ ငါ မမြင်လိုက်ဘူးလို့ မဟန်ဆောင်စမ်းပါနဲ့၊ အနံ့ကလည်း မကောင်းဘူး၊ ဘေးအိမ်က အဋ္ဌမမင်းသား အိမ်တော်ထဲက ကြွက်တွေတောင် ဒီကြက်သားဟင်းရည်ကို စားချင်မှာ မဟုတ်ဘူး]
ကမ်းချန်ချန်က ပါးနပ်စွာဖြင့် "စုန့်ကော်ကော်က နေမကောင်းလို့ ဒီနေ့ ခွင့်ယူထားတယ်၊ ကျွန်မ သူ့အခြေအနေကို စိတ်ပူနေလို့ တကယ် စားလို့မဝင်ဘူး"
[ငါသာ နင့်ဟင်းရည်ကို သောက်လိုက်ရင် စုန့်ကော်ကော်လို ဖြစ်သွားမှာ ကြောက်တယ်]
ဝူကော်ကော်က ပိုမကျေမနပ်ဖြစ်သွားပြီး "စုန့်ကော်ကော် နေမကောင်းတာက နင်နဲ့ ဘာဆိုင်လို့လဲ၊ နင် ငါ့ကို မုန်းနေတုန်းပဲလား၊ ကြောင်နဲ့ ကြက်တူရွေး ကိစ္စက အိမ်မွေးတိရစ္ဆာန် နှစ်ကောင် ရန်ဖြစ်ကြရုံသက်သက်ပဲလေ၊ အဲဒါလေးကို ဒီလောက် အကြာကြီး အငြိုးထားနေဖို့ တန်လို့လား"
ကမ်းချန်ချန် မျက်မှောင်ကြုတ်သွားသည်။
"နင် တော်တော် ခေါင်းမာတာပဲ၊ စုန့်ကော်ကော် နေမကောင်းဖြစ်တာက မနေ့မနက်က နင့် မုန့်တစ်ချပ်ကိုစားမိလို့ တစ်နေ ကုန် ဝမ်းလျှောပြီး ဒီနေ့အထိ အိပ်ရာထဲက မထနိုင်သေးလို့ပဲ၊ ငါက အသက်ကို အရမ်းတန်ဖိုးထားတယ်၊ နင့်အစားအစာကို စားပြီး နေမကောင်းဖြစ်သွားရင် တာဝန်ယူနိုင်လို့လား"
သူမက လီစဲဖူ နေရာဆီသို့ လှည့်ကြည့်သည်။ လီစဲဖူက ကိုယ်ဝန်ရှိနေသည်ဟု အကြောင်းပြကာ ခွင့်ယူထားသဖြင့် ဝူကော်ကော် အနှောင့်အယှက်ပေးမှုမှ ရှောင်လွှဲနိုင်ခဲ့သည်။ ချန်ကော်ကော်မှာ အကျယ်ချုပ် ကျခံနေရသဖြင့် ဝူကော်ကော်က သူမကို သွားရောက် အနှောင့်အယှက် မပေးနိုင်ပေ။
ဖူကျင်းမှာလည်း ဂုဏ်သိက္ခာ ကြီးမားသူဖြစ်ရာ ဝူကော်ကော်က သူမကို မတိုက်တွန်းရဲချေ။
စုယန်ကတော့ သူမက တော်တော်လေးပါးနပ်သူတစ်ယောက် ဖြစ်ပြီး ဝူကော်ကော်ကို အဆုံးမရှိ ချီးမွမ်းကာ ဝူကော်ကော်က တီထွင်ဖန်တီးဉာဏ်ရှိပြီး လမ်းကြောင်းသစ် ရှာဖွေတတ်တယ်ဟု ဆိုခဲ့သည်။
သို့သော် သူမက လုံးဝ မြည်းစမ်းမည်မဟုတ်ဘဲ ဝူကော်ကော်က လူဆယ်ယောက်ဆီမှ ချီးမွမ်းခံရပြီးမှသာ သူမ မြည်းစမ်းမည်ဟု ပြောထားခဲ့သည်။
ကမ်းချန်ချန်၏ရန်လိုသော သဘောထားကို မြင်သောအခါ ဝူကော်ကော် မျက်လုံးများထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ သူမ လက်များ တုန်ယင်နေပြီး ဒေါသကို အတင်းမျိုသိပ်ကာ
"အမှန်ကို ပြောနေတာပေါ့လေ ဟုတ်လား၊ နင်က သဘော ထား သေးသိမ်လွန်းတယ်၊ စုန့်ကော်ကော် ကျန်းမာရေး အားနည်းတာက ကျွန်မ မုန့်တွေနဲ့ ဘာဆိုင်လို့လဲ၊ နင်က ကျွန်မနဲ့ စုန့်ကော်ကော်ကြားမှာ သွေးခွဲချင်နေတာပဲ၊ တကယ့်ကို အဆိပ်ပြင်းတဲ့ မိန်းမ"
ဟွာယွီက ဝူကော်ကော် လက်ထဲမှ ကြက်သားဟင်းရည်များ ကမ်းချန်ချန် မျက်နှာပေါ်သို့ မတော်တဆ ဖိတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ဟွာစန်းကို အမြန်တွတ်လိုက်သည်။ သူတို့နှစ်ယောက်က ရှေ့သို့ တက်လာပြီး ကမ်းချန်ချန်နှင့် ဝူကော်ကော်ကြားတွင် အနည်းငယ် ကာဆီးကာ ဝင်ရပ်ကြသည်။
ဝူကော်ကော်က ခြိမ်းခြောက်နိုင်သော သူတို့ အရှိန်အဝါကြောင့် ခြေနှစ်လှမ်း နောက်ဆုတ်သွားရသည်။
ကမ်းချန်ချန် ကျောထောက်နောက်ခံ ရှိသွားသဖြင့် ခါးကို ပိုမတ်လိုက်ပြီး "ဒါဆို ရှင် ဘာလို့ မသောက်တာလဲ"
ဝူကော်ကော်က "ဒီလောက်ပဲ ရှိတာကို၊ ငါသာ သောက်လိုက်ရင် နင် မြည်းကြည့်ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
ကမ်းချန်ချန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး
"ကောင်းပြီ... အဓိကကိစ္စကိုပဲ ပြောကြတာပေါ့၊ နင် ဟင်းချက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ"
ဝူကော်ကော်က သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ဆွဲဆောင်မှုရှိစွာ ပြုံးကာ "သေချာပေါက် စတုတ္ထမင်းသားအတွက်ပေါ့"
ကမ်းချန်ချန် တုန်တက်သွားပြီး ကြက်သီးများပင် ထသွားသည်။
"စတုတ္ထမင်းသားအတွက်ဆိုရင်လည်း သူ့ကိုပဲ မြည်းကြည့်ခိုင်းပြီး ကောင်းမကောင်း ဆုံးဖြတ်ခိုင်းသင့်တာပေါ့၊ ငါ့အကြိုက်က စတုတ္ထမင်းသားနဲ့ ဘယ်တုန်းကမှ မတူခဲ့ဘူးလေ၊ သူက အပေါ့အငန် အနေတော် ကြိုက်တယ်၊ ကျွန်မက အကြော်တွေ၊ အစပ်တွေ ကြိုက်တယ်၊ သူက ခေါက်ဆွဲ ကြိုက်တယ်၊ ကျွန်မက ထမင်း ကြိုက်တယ်၊ သူက စွန်ပလွံသီးမုန့် မစားဘူး၊ ကျွန်မက အရမ်းကြိုက်တယ်၊ ကျွန်မတို့ အကြိုက်တွေက အဲဒီလောက်တောင် ကွာခြားနေတာကို အခု ရှင်က ကျွန်မကို မြည်းကြည့်ခိုင်းနေတယ် ဟုတ်လား၊ အဲဒါက ဆန့်ကျင်ဘက် လမ်းကြောင်းကို သွားနေတာ မဟုတ်ဘူးလား"
ဝူကော်ကော်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး
"ဆန့်ကျင်ဘက် လမ်းကြောင်းကို သွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"
ကမ်းချန်ချန်က "ဆိုလိုတာက တစ်ယောက်ယောက်က... တောင်ဘက်ကို သွားချင်တာ၊ ဒါပေမဲ့ မြင်းလှည်းကို မြောက်ဘက်ဆီ မောင်းနေသလိုပဲ၊ အဲဒါက အချိန်ကုန်၊ လူပန်းဖြစ်ပြီး လိုချင်တဲ့ ရလဒ်လည်း ရနိုင်မှာ မဟုတ်ဘူးလေ"
ဝူကော်ကော် ခေါင်းညိတ်လိုက်ပြီး "နင်ပြောတာ မှန်တယ်၊ ဒီကြက်ပြုတ်ဟင်းရည်ကို နင့်ကို တိုက်တာ အလကားပဲ"
သူတို့ နှစ်ယောက်ကြားတွင် အသားဖြူဖြူ ကလေးမျက်နှာလေး ရုတ်တရက် ပေါ်လာသည်။ အကြီးဆုံးမင်းသား ဟုန်ဟွေ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာမေးသည်။
"ကျွန်တော် မြည်းကြည့်လို့ ရမလားဟင်"
ကမ်းချန်ချန်က ဖူကျင်းကို စိုးရိမ်တကြီး လှမ်းကြည့်သော်လည်း ဝူကော်ကော်က ပြုံးကာ
"စတုတ္ထမင်းသားရဲ့ သားတော်ဆိုတော့ သဘာဝကျကျပဲ စတုတ္ထမင်းသားနဲ့ အကြိုက်တူမှာပေါ့၊ ဟွေ့ကော... အများကြီး သောက်နော်"
ထို့နောက် သူမက ကြက်သားဟင်းရည် တစ်ဇွန်းခပ်ကာ ဟုန်ဟွေ့ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။ ဖူကျင်းမှာ လန့်သွားသဖြင့် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး ချွေ့မားမားကလည်း အနားရောက်လာကာ အမြန်ပြောလိုက်ရသည်။
"အကြီးဆုံးမင်းသား... ဒါကို စားလို့မရဘူးလေ၊ မင်းသားက မကြာသေးခင်ကမှ နည်းနည်း ပြန်ကောင်းလာတာဆိုတော့ ဖြစ်ကတတ်ဆန်းတွေ စားလို့ မဖြစ်ဘူး၊ ဒါက ဆီအရမ်းများတယ်"
"အိုး... ဟုတ်"
ဟုန်ဟွေ့က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြောသည်။ ကမ်းချန်ချန်က ဟုန်ဟွေ့ကို ကြည့်ရင်း ဤကလေးလေးမှာ သနားစရာကောင်းသည်ဟု တွေးမိသည်။
သူမွေးပြီး သိပ်မကြာခင်မှာပင် ဖျားနာခဲ့ပြီး ငယ်ငယ်က တည်းက အားနည်းကာ လမ်းလျှောက်နေသော ဆေးအိုးလေးသဖွယ် ဖြစ်နေသည်။
ယင်ကျန်းက စည်းကမ်းကြီးသဖြင့် ဟုန်ဟွေ့မှာ အပြင်ထွက် ဆော့ကစားရန်ပင် အချိန်ခဲယဉ်းလှသည်။