အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
🌻 Chapter 119
[တစ်ခါက ရုန်ကျဲ စာသင်ပြီးတာနဲ့ အတူတူ ဆော့ဖို့ သူ စောင့်နေတုန်း ကလေးသုံးယောက် စာကြည့်ဆောင်ငယ်ထဲက ထွက်လာတာနဲ့ တစ်ပြိုင်နက် ဟွေ့ကောကို ယင်ကျန်း အမိန့်နဲ့ မိန်းမစိုးတစ်ယောက်က ပင်မစာကြည့်ဆောင်ဆီ ခေါ်သွားခဲ့တာကို မှတ်မိသေးတယ်]
စတုတ္ထမင်းသား အိမ်ပြန်ရောက်နေပြီး ကလေးများ၏ တိုးတက်မှု အခြေအနေကို မေးမြန်းချင်သည်ဟု မိန်းမစိုးက ပြောခဲ့သည်။
[ဟူး... ယင်ကျန်းက ကျားတစ်ယောက်လို မိဘပဲ၊ သူ့ကိုယ် တိုင်လည်း ကျားတွေလက်ထဲ ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့ကလေးတွေကိုလည်း အဲဒီလိုပဲ ဆက်ဆံတာပေါ့]
[တကယ်လို့များ ငါတို့ ရှေ့လျှောက် ကလေးရလာခဲ့ရင် သူ့ကို လုံးဝ ထိန်းချုပ်ခွင့် ပေးလို့မဖြစ်ဘူး၊ မဟုတ်ရင် ကလေးတွေရဲ့ ကလေးဘဝ ပျော်ရွှင်မှုတွေ အကုန် ဆုံးရှုံးသွားလိမ့်မယ်]
ယင်ကျန်း ခရီးထွက်သွားချိန်မှသာ ဖူကျင်းက ဟွေ့ကောကို မနက်ပိုင်း အိပ်ရာထ အနည်းငယ် နောက်ကျခွင့်အပြင် တစ်နေ့ကို တစ်နာရီ ပိုကစားခွင့်ပေးသည်ဟု ကြားရသည်။
[ကြည့်ရတာ အခု ဟွေ့ကောက နွေရာသီ ကျောင်းပိတ်ရက် ရနေသလိုပါပဲလား]
ဖူကျင်းက ဟွေ့ကောခေါင်းကို ပွတ်သပ်ရင်း ပြုံးကာပြော သည်။
"မနက်ဖြန် အားလုံး လာစရာမလိုတော့ဘူး၊ နင်တို့ နှစ်ယောက်တည်းဆိုတော့ လာရတာလည်း ပျော်စရာမကောင်းပါဘူး"
"ဟုတ်ကဲ့"
ကမ်းချန်ချန်က ဝူကော်ကော်ကို တစ်ချက်ကြည့်ကာ စိတ်သက်သာရာ ရသွားသည်။
ကောင်းကင်ပြာမှာ ကြည်လက်နေပြီး လေပြေလေညင်းလေး တိုက်ခတ်နေသည်။ ဥယျာဉ်ထဲရှိ ကျောက်စရစ်လမ်းလေးပေါ် လမ်းလျှောက်နေစဉ် ကမ်းချန်ချန်က ရုန်ကျဲကို ထပ်တွေ့လိုက်ရသည်။
ဤကလေးမလေးတွင် တက်ကြွရွှင်လန်းသော စရိုက်ရှိသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူမ ကူညီပေးခဲ့သဖြင့် လီစဲဖူက ရုန်ကျဲ လက်ဝါးကို ဆယ်ချက်ရိုက်ခဲ့သော်လည်း ကလေးမလေးကတော့ မမူပေ။ သူမကို ပြန်တွေ့တဲ့အခါမှာလည်း ပြုံးရွှင်နေဆဲပင်။
ရုန်ကျဲက ရယ်မောကာ "ဒီနေ့ ရာသီဥတုက အရမ်းကောင်းတာပဲ၊ နေ့လယ်ကျရင် အတူတူ စွန်လွှတ်ကြမလားဟင်၊ မကြာသေးခင်ကမှ အသံထွက်တဲ့ ပျံလွှားစွန်အသစ်လေး တစ်ခု ရထားတယ်၊ လွှတ်လိုက်ရင် အရမ်းလှတာ"
ကမ်းချန်ချန်က ခေါင်းခါကာ "ဟင့်အင်း၊ ဒီနေ့ နေ့လယ် ပန်းချီဆွဲဖို့ စီစဉ်ထားနယ်၊ အဲဒီအချိန်က စိတ်ကူးဉာဏ်ကွန့်မြူးတဲ့ အချိန်လေ"
ရုန်ကျဲက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် "ဒါဆိုလည်း ပန်းချီပဲဆွဲပါ၊ စဲဖူ ပန်းချီဆွဲတတ်သွားရင် သမီးအတွက် နှင်းလုံးလေးပုံစံ စွန်တစ်ခု လုပ်ပေးနော်"
ကမ်းချန်ချန် ရယ်မောလိုက်ပြီး သူမ လေသံကို အတုခိုးကာ
"ကောင်းပါပြီရှင်၊ ပန်းချီဆွဲတတ်သွားရင် သမီးလွှတ်ဖို့ အဲဒီပေါ်မှာ နှင်းလုံးလေး ပုံဆွဲပေးမယ်၊ ဒါပေမဲ့ နှင်းလုံးလေးက အရမ်းလေးတော့ ပျံနိုင်ပါ့မလား မသိဘူး"
ရုန်ကျဲက ခေါင်းလေးစောင်းကာ ရယ်မောရင်း "လေရှိနေသရွေ့ ပျံနိုင်မှာပါပဲ၊ စဲဖူပဲ အဲဒီလို ပြောခဲ့တာ မဟုတ်ဘူးလား၊ ဒါမှမဟုတ် စဲဖူက ပုံဆွဲလိုက်တဲ့ ကြောင်ကို အစစ်ဖြစ်သွားအောင် လုပ်ပေးနိုင်တဲ့ မှော်စုတ်တံ ပိုင်ရှင်များလား"
ကမ်းချန်ချန်က ပခုံးတွန့်ပြကာ "ပြောရခက်တယ်လေ၊ ငါက နတ်သမီးလေးကိုး"
သူတို့နှစ်ယောက် မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ အပြန်အလှန် ပြုံးလိုက်ကြသည်။
နေ့လယ်ခင်း တစ်ရေးအိပ်ရာမှ နိုးလာပြီးနောက် သူမ အကြောဆန့်လိုက်ပြီး စုတ်တံကို ယူကာ ဆေးတို့သည်။ သို့သော် နှင်းလုံးလေးပုံကို ဆွဲမည့်အစား မှတ်ဉာဏ်ထဲမှ ယင်ကျန်းပုံကြမ်းကို ဆွဲနေခဲ့သည်။
[ယင်ကျန်း ပြန်လာတဲ့အခါ ဒီလက်ဆောင်ကို ပေးလိုက်ရင် သူ သဘောကျသွားမှာပဲ၊ သူ သဘောကျသွားရင် ငါ့အတွက် သိုင်းဆရာ တစ်ယောက်တောင် ပေးကောင်း ပေးလာနိုင်တယ်]
[ငါ့ရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်က အဲဒီလောက်ထိ မရောက်သေးပေမယ့် ငါ့ရဲ့ ကြိုးစားအားထုတ်မှုကတော့ ချီးကျူးစရာပဲ၊ ပြီးတော့ ပုံထဲက လူရဲ့ အသက်ဝင်မှုကလည်း တော်တော်လေး ကောင်းတယ်]
[သူ့မျက်နှာကိုတော့ ဆွဲပြီးသွားပြီ၊ ဒါပေမဲ့ အဝတ်အစားက သူ ပုံမှန်ဝတ်နေကျ ရှည်လျားတဲ့ ဝတ်ရုံတွေနဲ့ အင်္ကျီတိုတွေ မဟုတ်ဘဲ ခေတ်သစ် တီရှပ်တွေ ဖြစ်နေတယ်]
[တချို့အချိန်တွေဆို ခေတ်သစ်မှာ ယင်ကျန်းနဲ့ တူတဲ့လူများ ရှိနေမလားလို့ ငါ တွေးမိတယ်၊ ရှိရင်ရော ဘာဖြစ်မှာလဲ၊ မရှိရင်ရော ဘာဖြစ်မှာလဲ၊ ငါမှ ပြန်သွားလို့ မရတော့တာ]
သူမက စက္ကူကို အလုံးလေးဖြစ်အောင် လုံးခြေပြီး အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်။ သို့သော် ထိုစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ သူမက ခြံဝင်းထဲသို့ အမြန်ပြေးထွက်သွားပြီး မေးသည်။
"ဘာတွေ ဖြစ်နေတာလဲ"
[ယင်ကျန်း ပြန်ရောက်လာတာများလား၊ ဒါမှမဟုတ် မီးများ လောင်နေတာလား]
ဟွာယွီက ဘာဖြစ်နေသလဲဆိုတာကို ကြည့်ရန် ပြေးထွက်သွားပြီးနောက် မျက်ရည်များ ဝဲလျက် အမြန်ပြန်ရောက်လာကာ ပြောသည်။
"အကြီးဆုံးမင်းသား သစ်ပင်ပေါ်က ပြုတ်ကျသွားလို့တဲ့"
"ဘာ"
ကမ်းချန်ချန် ရင်တဒိတ်ဒိတ် ဖြစ်သွားကာ အံ့သြသွားသည်။
"ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ သူ့ဘေးမှာ အစေခံတွေ အများကြီး ဝိုင်းရံနေတာ မဟုတ်ဘူးလား"
ဟွာယွီက ရှင်းပြလေသည်။
"ဒီနေ့ နေ့လယ်က ရုန်ကျဲ စွန်လွှတ်နေတုန်း ဝူကော်ကော်ရဲ့ ကြက်တူရွေးက လှောင်ချိုင့်ထဲကနေ ရုတ်တရက် ထွက်ပျံလာပြီး စွန်ကြိုးကို ဝင်တိုက်မိတော့ စွန်က မိုးမခပင် ကိုင်းပေါ်မှာ ငြိသွားတယ်၊ ရုန်ကျဲက အဲဒီစွန်လေးကို အရမ်း သဘောကျတာဆိုတော့ အသည်းအသန် ငိုနေတာပေါ့၊ အကြီးဆုံးမင်းသားက အနားမှာ ရှိနေတော့ သူ့အတွက် သစ်ပင်ပေါ် တက်ယူပေးဖို့ လုပ်ရင်း ခြေချော်ကျသွားတာတဲ့..."
[ဒါက တမင်တကာ လုပ်ကြံတာ မဟုတ်ဘဲ မတော်တဆမှုတစ်ခုနဲ့တူတယ်]
[ယင်ကျန်းရဲ့ ကလေးတွေထဲမှာ ချင်းမင်းဆက်ရဲ့ ဧရာမပုဂ္ဂိုလ်ကြီးဖြစ်တဲ့ အကြီးဆုံးမင်းသားဆိုတာ တကယ်ပဲ အသက်ရှင်ကျန်ရစ်တဲ့ တတိယမင်းသားဖြစ်ပုံရတယ်၊ ဒါဆို သူ့အရင် မင်းသားနှစ်ပါးကတော့ သေချာပေါက်...]
ကမ်းချန်ချန်က သူမစကတ်ကိုမကာ ပြေးသွားခဲ့သည်။ သူမ ရောက်သွားချိန်တွင် အခြားခြံဝင်းများမှ လူအားလုံးနီးပါး ရောက်ရှိနေကြပြီး ဖူကျင်း အခန်းအပြင်ဘက်ဆောင်ခန်းထဲတွင် စိုးရိမ်ပူပန်ကာ အတွေးများစွာဖြင့် ထိုင်နေကြသည်။
"အားလုံး သမီး အပြစ်တွေပါ၊ ဟွေ့ကောကို နာကျင်အောင် လုပ်ခဲ့တာ သမီးပါပဲ၊ နောက်ဆို ဘယ်တော့မှ စွန်မလွှတ်တော့ပါဘူး"
ရုန်ကျဲက လီစဲဖူရင်ခွင်ထဲတွင် ငိုကြွေးနေပြီး သူမ တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်လုံးနှင့် နှာခေါင်းများပင် နီရဲနေသည်။
အတွင်းခန်းဆီသို့ စိုးရိမ်တကြီး ကြည့်နေသော လီစဲဖူက လက်သည်းတု မတပ်ထားသော လက်ချောင်းဖြင့် ရုန်ကျဲ၏ နဖူးကို ခပ်နာနာလေး ထိုးလိုက်ပြီးပြောသည်။
"အခုမှ ငိုနေတော့ ဘာထူးတော့မှာလဲ၊ မိန်းကလေးဆိုတာ အိမ်မှာနေပြီး ပန်းထိုးရမယ်၊ စာရေးလေ့ကျင့်ရမယ်၊ ပြီးတော့ အမျိုးသမီး ကျင့်ဝတ်စည်းကမ်းတွေကိုပဲ အချိန်ပေး ဖတ်ရမယ်လို့ မား အစကတည်းက ပြောထားတယ်လေ၊ နင်က တောသူမလေးလိုမျိုး စွန်ပဲ အတင်းလွှတ်ချင်နေတာ၊ အခု ကြည့်စမ်း ဘာဖြစ်သွားပြီလဲ"
ကမ်းချန်ချန်က စိုးရိမ်ပူပန်စွာ ထိုင်နေရင်း လီစဲဖူ သရော်စကားများကို မသိသည်တော့ မဟုတ်သော်လည်း သူမ ရင်ထဲတွင် ဗြောင်းဆန်နေသည်။
ဟွေ့ကော မည်သည့် အခြေအနေရှိနေလဲဆိုတာ သူမမသိသလို ရုန်ကျဲလည်း စိတ်ဒဏ်ရာ ရသွားနိုင်သည်။
[ဒီက သစ်ပင်တွေက အရမ်း မြင့်လွန်းပြီး အကိုင်းအခက်တွေလည်း အရမ်းများတယ်၊ ဒါတွေကို အစောကြီးကတည်းက ခုတ်ပစ်ခဲ့သင့်တာ၊ စွန်သွားယူဖို့ သစ်ပင်တက်ကျွမ်းကျင်တဲ့ အစောင့်တစ်ယောက်ကိုသာ ရှာခိုင်းလိုက်ရင် သိပ်ကောင်းမှာပဲ]
သို့သော် တကယ်လို့ဆိုသည်မှာ မရှိချေ။ အရာအားလုံးက ဖြစ်ပျက်သွားခဲ့သည်။ အိမ်ထဲမှ ဖူကျင်းစိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာသည်။
"သမားတော်ကျန်း မရောက်သေးဘူးလား"
"နန်းတွင်းဆေးရုံက သမားတော်တွေကိုရော ခေါ်ပြီးပြီလား"
"ဟွေ့အာ... သတိမမေ့နဲ့ဦး၊ နောက်နည်းနည်းလေးပဲ တောင့်ခံထားပေးပါ၊ ဟုတ်တယ်လေ... နောက်ရက်အနည်းငယ်ဆို သားအဖေ ပြန်ရောက်လာတော့မှာ၊ သူက သားရွတ်ပြမယ့် ကွန်ဖြူးရှပ် ကျင့်ဝတ်ကျမ်းတွေကို နားထောင်ချင်နေသေးတာလေ"
အက်ကွဲကာ၊ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော၊ အားနည်းသည့် ရှိုက်သံများနှင့် မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများ ပေါင်းစပ်မှုသည် နှလုံးသားကို ဆုတ်ဖြဲမတတ် နာကျင်စေသော တေးသွားတစ်ခုအလား ထင်ရသည်။
ချွေ့မားမားက သူမဘေးတွင် ဒူးထောက်ကာ ကိုယ့်ကိုယ်ကို ပါးရိုက်နေမိသည်။
"သခင်မကြီး... အရမ်း ဝမ်းနည်းမနေပါနဲ့၊ အားလုံး ကျွန်မ အပြစ်တွေပါ"
သူမက ဖူကျင်း၏ အထိန်းတော်ကြီး ဖြစ်ပြီး ယနေ့နေ့လယ်က အကြီးဆုံးမင်းသားကို စောင့်ရှောက်ရန် တာဝန်ရှိသူ ဖြစ်သောကြောင့် သူမတွင် ငြင်းမရသော တာဝန်ရှိနေသည်။
သို့သော် သူမ နေ့လယ်ပိုင်းတွင် ဝိုင်ခွက်အနည်းငယ် သောက်ကာ အိပ်မောကျသွားခဲ့ပြီး အကြီးဆုံးမင်းသားကို စောင့်ရှောက်ရန် အသုံးမကျသော အစေခံနှစ်ယောက်ကိုသာ ထားခဲ့မိသဖြင့် ဤသို့သော အဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရခြင်းပင်။
ဖူကျင်းက သွေးကြောများနီရဲနေသော မျက်လုံးများဖြင့် သူမ သားတော်ကိုသာ စိုက်ကြည့်နေပြီး မျက်တောင်တစ်ချက် မခတ်ရဲပေ။ တစ်ခဏလေး အကြည့်လွှဲလိုက်မိလျှင်တောင် သူမ ကလေးလေး အသက်မရှူတော့မည်ကို ကြောက်ရွံ့နေသည်။
ဟုန်ဟွေ့မှာ တစ်ကိုယ်လုံး စူးအောင့်ကာ ပူလောင်နေသည်ဟု ခံစားနေရပြီး အထူးသဖြင့် ခါးနှင့် ရင်ဘတ်ရှိ အရိုးများမှာ ဆုတ်ဖြဲခံရမတတ် နာကျင်နေသည်။ သူ့ခြေလက်များမှာ ထုံကျဉ်နေပြီး လှုပ်ရှား၍ မရတော့ပေ။
သူက ဖူကျင်းကို ကြည့်ကာ တစ်ခုခု ပြောချင်နေသကဲ့သို့ ဖြစ်နေသဖြင့် သူမက သူ့ပါးစပ်နားသို့ နားရွက်ကို ကပ်ပေးလိုက်သည်။
ဟုန်ဟွေ့က အားနည်းစွာဖြင့် ပြောသည်။
"ရုန်ကျဲကို... အပြစ်မတင်ပါနဲ့"
ထိုသို့ ပြောပြီးနောက် သူက ခွန်အားများ အားလုံး ကုန်ခမ်းသွားသည့်ပမာ ငြိမ်သက်သွားကာ အသက်ရှူ ရပ်တန့်သွားတော့သည်။
"ဟွေ့အာ"
ဖူကျင်းမှာ သတိလစ်မတတ် အော်ဟစ်ငိုကြွေးသွားပြီး ရုန်ကျဲမှာလည်း လီစဲဖူရင်ခွင်ထဲမှ ထွက်ကာ အတွင်းခန်းထဲသို့ ပြေးဝင်လာပြီး အော်ခေါ်လေသည်။
"ဟွေ့ကော"
"ဖယ်စမ်း"
ဖူကျင်းက ရုန်ကျဲကို ပါးနှစ်ချက်ရိုက်ပြီး မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
လီစဲဖူနှင့် ကမ်းချန်ချန်တို့လည်း အထဲသို့ အပြေးအလွှား ဝင်လာကြသည်။ ကမ်းချန်ချန်က လီစဲဖူထက် ပိုသွက်လက်စွာဖြင့် ရုန်ကျဲကို အရင်ဆုံး ထူပေးလိုက်ပြီး သူမ မျက်ရည်များကို ပဝါဖြင့် သုတ်ပေးသည်။
ဖူကျင်းက ရုန်ကျဲကို နာကြည်းစွာ စိုက်ကြည့်လိုက်ပြီးနောက် ကမ်းချန်ချန်နှင့် လီစဲဖူတို့ကိုပါ ကြည့်ကာ ပြောသည်။
"ဒါ အားလုံး နင်တို့အပြစ်တွေပဲ၊ ကမ်းချန်ချန်... နင်က နေ့လယ်တိုင်း ရုန်ကျဲနဲ့ အမြဲလာဆော့နေကျ မဟုတ်ဘူးလား၊ ဒီနေ့ ဘာလို့ မလာတာလဲ၊ ပြီးတော့ နင်... လီစဲဖူ၊ ငါ့ကလေးကို ဒီလိုဖြစ်အောင် ရုန်ကျဲကို နင်က အကြံအစည်တွေ ပေးပြီး မြှောက်ပင့်ပေးခဲ့တာ မဟုတ်လား"
ရုန်ကျဲက အထိတ်တလန့် ခေါင်းခါယမ်းကာ ငိုယိုပြောဆိုလေသည်။
"မဟုတ်ပါဘူး၊ သမီး... သမီး မသိပါဘူး"
🌻 Chapter 120
ကမ်းချန်ချန် ဟွေ့ကောကို ကြည့်ကာ မျက်ရည်များ စီးကျလာပြီး စကားပင် မဟနိုင်တော့ချေ။
သားကို ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းကြေကွဲနေသော မိခင်တစ်ယောက်ရှေ့တွင် စကားလုံးအားလုံးမှာ အသက်မဲ့ကာ အားနည်းနေသကဲ့သို့ ဖြစ်နေသည်။
လီစဲဖူ "ရှင် ယုံတာဖြစ်ဖြစ် မယုံတာဖြစ်ဖြစ် ကျွန်မမှာ ဟွေ့ကောကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး၊ ကျွန်မမှာလည်း သားတစ်ယောက် ရှိတယ်ဆိုပေမယ့် ရှေးခေတ်ကတည်းက မိသားစုကြီးတစ်ခုဆိုတာ အတူတကွ ကြီးပွားတိုးတက်ပြီး ဂုဏ်ကျက်သရေကို မျှဝေခံစားကြရတာလေ၊ ဘာလို့များ ကျွန်မက ဒီလို ညစ်ပတ်တဲ့ အတွေးမျိုး တွေးရမှာလဲ"
ယင်းလော့က ဒူးထောက်ချကာ ဟွေ့ကောကို အကြိမ်ကြိမ် ဝပ်ချနေပြီး မျက်ရည်များကို သုတ်ရင်းပြောသည်။
"ဒါက မတော်တဆမှု သက်သက်ပါပဲ၊ ဘယ်သူကမှ ဒီလိုကိစ္စမျိုး ဖြစ်လာတာကို မလိုလားပါဘူး၊ အဲဒီကြက်တူရွေးကြောင့်သာ မဟုတ်ရင် ရုန်ကျဲရဲ့ စွန်က ဘယ်လိုလုပ် သစ်ပင်ပေါ်မှာ ငြိနိုင်မှာလဲ"
ဖူကျင်း မျက်လုံးများ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူမက အပြင်သို့ ထပ်မံပြေးထွက်သွားကာ ဝူကော်ကော် အင်္ကျီကော်လာကို ဆွဲကိုင်လျက် စစ်မေးလေသည်။
"နင့် ကြက်တူရွေးက ဘယ်လိုလုပ် လွတ်သွားတာလဲ"
ဝူကော်ကော်မှာ အလိုလို တုန်ယင်သွားပြီး အားတင်းဖြေသည်။
"ကျွန်မ... ကြက်သားဟင်းရည် တိုက်ဖို့ အပြင်ထုတ်လိုက်တာပါ၊ ဒါပေမဲ့ သူက ဟင်းရည်တွေကို မှောက်ချပြီး ပျံထွက်သွားတာ"
"ဒီမိန်းမယုတ်ကတော့"
ဖူကျင်းက ဝူကော်ကော်ကို ပါးရိုက်လိုက်ပြီး "အဲဒီတုန်းက စတုတ္ထမင်းသား စကားကို နားထောင်ခဲ့သင့်တာ၊ နင့်ကို နယ်က စံအိမ်ဆီ ပို့ပစ်မယ်"
ဝူကော်ကော် မြေပြင်ပေါ်သို့ ပုံကျသွားကာ ပြန်အော်ဟစ်သည်။
"ဒါဆိုလည်း ကျွန်မ ဒီကို လုံးဝ မလာခဲ့သင့်ဘူး၊ အဲဒီ ကြက် တူရွေးက... ချန်ကော်ကော် ကျွန်မကို ပေးထားတာ၊ သူ့ကို သွားရှာလိုက်ပါလား"
ဖူကျင်း မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်သွားပြီး
"အစောင့်တွေ... သူ့ကို ဆွဲထုတ်သွားကြ၊ အကြီးဆုံးမင်းသားရှေ့မှာ နောင်တရအောင် သုံးရက်တိတိ ဒူးထောက်ခိုင်းထားစမ်း"
စုန့်ကော်ကော်မှာ နေမကောင်းဖြစ်နေသည့်တိုင် ထိုနေရာတွင် ထိုင်လျက် ဖူကျင်းကို ကြည့်ကာ သက်ပြင်းချမိလေသည်။
မိုင်တစ်ထောင် အကွာတွင်တော့ ယင်ကျန်းက ဆန်အိတ်တစ်အိတ်ကို ထမ်းကာ ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ သူ့နောက်တွင် အသက်ငါးဆယ်အရွယ် အဘိုးအိုတစ်ဦး ရှိနေသော်လည်း ထိုလူကြီးမှာ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာပြီး အမြန်အမီလိုက်လာခဲ့သည်။
အဘိုးအိုက "သခင်လေး... ရှေ့မှာ မိုးမခပင် တစ်ပင်ရှိတယ်၊ အဲဒီမှာ နားရအောင်"
ယင်ကျန်း ခေါင်းညိတ်လိုက်သည်။ မဆုံးတွင် ဆန်အိတ်များကို ချပြီးနောက် ယင်ကျန်းက ပခုံးများတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူက ပခုံးကို ပွတ်သပ်ရင်း ပြုံးကာပြောသည်။
"ရိတ်သိမ်းချိန်မှာ ဒီအိတ်တွေကို ထမ်းရတာက အချိန်လည်းကုန်၊ လူလည်း ပန်းတယ်၊ ဘာလို့ မြင်းလှည်း တစ်စီးလောက် မငှားတာလဲ"
အဘိုးအိုက ရေဘူးတစ်ဘူး ထုတ်ယူကာ ရေနှစ်ပန်းကန် ငဲ့ပြီး ယင်ကျန်းကို တစ်ပန်းကန် ကမ်းပေးကာ သူကိုယ်တိုင် တစ်ပန်းကန် သောက်လိုက်ပြီး ရယ်မောလျက် ပြောသည်။
"လယ်နည်းနည်းလေးပဲ ရှိတာကို ဘာလို့ လှည်းလိုမှာလဲ၊ ကျွန်တော်တို့က လယ်အလုပ်နဲ့ ယဉ်ပါးနေပါပြီ၊ အိတ်ထမ်းရတာက ဘာမှ မဖြစ်ပါဘူး၊ သခင်လေးကြည့်ရတာ ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာမှန်း သိသာပါတယ်၊ ဒီလောက်ပင်ပန်းခံနေစရာ မလိုပါဘူး၊ သခင်လေး ဒီမှာပဲ စောင့်နေပါ၊ ကျွန်တော် ဒီအိတ်ကို အိမ်အရင်ပြန်ပို့ပြီး သခင်လေးအိတ်ကို ပြန်လာထမ်းပါ့မယ်"
မိနစ်အနည်းငယ်ကြာ နားပြီးနောက် ယင်ကျန်း လန်းဆန်းသွားပြီး ပြုံးမိသည်။
"ဒီလိုတော့ မကောင်းပါဘူး၊ နေ့လယ်စာ စားရဖို့အတွက် ခင်ဗျားကို အလုပ်ကူလုပ်ပေးမယ်လို့ ပြောထားတာဆိုတော့ ကတိတည်ရမှာပေါ့၊ ကျွန်တော့်လို သန်မာတဲ့ ယောက်ျားတစ်ယောက်က ခင်ဗျားထက် ညံ့မယ်လို့ မယုံကြည်ဘူး"
အဘိုးအိုက ရယ်မောကာ "သခင်လေး ပြောတာ မှန်ပါတယ်"
ယင်ကျန်းက ကောင်းကင်မှ တောက်ပသော နေမင်းကို ကြည့်ကာ မေးသည်။
"အဘိုး... ဒီနှစ် မိုးလေဝသက ကောင်းပြီး နေရောင်ခြည်လည်း လုံလောက်တော့ ကောက်နှံတွေလည်း အောင်တယ်နော်၊ ဒီရိတ်သိမ်းတာ တစ်ခုတည်းနဲ့တင် တစ်နှစ်စာစားဖို့ လုံလောက်ပြီ မဟုတ်လား"
အဘိုးအိုက ရယ်မောကာ "မလုံလောက်ပါဘူးဗျာ၊ ကျွန်တော်တို့ရဲ့ မြေ ဆယ်မူးကနေ ဒီတစ်ကြိမ် ကောက်နှံ ၂၅ ရှီပဲရတာ၊ တကယ်လို့ နှစ်ဝက်လောက်မှာ ကောင်းကင်ဘုံက မျက်နှာ သာပေးရင် နောက်ထပ် ရှီ ၂၀ကျော်လောက် ထပ်ရိတ်နိုင်သေးတယ်၊ မြေငှားခ ပေးပြီးသွားရင်တောင် အများဆုံး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက လုံလောက်ရုံပဲရှိတာ၊ မိသားစုမှာ လူငါးယောက်ရှိတော့ တစ်နှစ်ကို ကောက်နှံ ၃၀ရှီကျော် လိုတယ်လေ၊ အဲဒါကြောင့် ကျွန်တော့် မိန်းမနဲ့ သမီးအငယ်ဆုံးက အထည်ယက်ပြီး ကောက်နှံနဲ့ လဲလှယ်ရောင်းချတာ၊ ငါးဖမ်းတာ၊ တောဟင်းသီးဟင်းရွက်တွေ တူးတာတွေနဲ့ ဝမ်းရေးကို ဖြေရှင်းနေရတာပါ၊ အဲဒီလိုနဲ့ပဲ တစ်နှစ်ကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်ခဲ့တာပါ၊ ဟူး... ကလေးသုံးယောက်စလုံးလည်း ကြီးပြင်းလာပြီဆိုတော့ သားအကြီးဆုံးနဲ့ ဒုတိယသား မင်္ဂလာဆောင်ဖို့အတွက်လည်း ပြင်ဆင်ရဦးမယ်လေ..."
ယင်ကျန်းက "၅၀ ရာခိုင်နှုန်းလား"
မြင်းစီးလာသော လူတစ်ယောက်က ယင်ကျန်းရှေ့သို့ အမြန်ရောက်လာပြီး လျှို့ဝှက်စာတစ်စောင်ကို ကမ်းပေးလာသည်။ ယင်ကျန်း ဖောက်ဖတ်လိုက်ရာ မျက်နှာတစ်ခုလုံးချက်ချင်း မည်းမှောင်သွားပြီး အမိန့်ပေးသည်။
"သွားမယ်"
သူ ပြန်ရောက်လာသောအခါ ဟုန်ဟွေ့ကို သင်္ဂြိုဟ်ရန်ပြင် ဆင်နေကြပြီ ဖြစ်သည်။ ကိုယ်ဝန်ကြောင့် နေမကောင်းဖြစ်ကာ ခွင့်ယူထားသော လီစဲဖူမှလွဲ၍ မင်းသားစံအိမ်မှ အခြားလူအားလုံး နာရေးခန်းမတွင် စုဝေးနေကြသည်။
ကမ္ပည်းပြားများပေါ်တွင် 'ချင်းမင်းဆက်၏ အင်ပါယာအမိန့်တော်အရ တိုလော့ပေလဲ့ ဘွဲ့ချီးမြှင့်ခြင်းခံရသော မင်းသားစံအိမ်၏အကြီးဆုံးမင်းသား ဟုန်ဟွေ့ ဝိညာဉ်ကမ္ပည်းပြား' ဟု ရေးသားထားသည်။ ယင်ကျန်း ကမ္ပည်းပြားများနှင့် ခေါင်းတလားကို စိုက်ကြည့်နေပြီး သူ့ မျက်လုံးများမှာ အသက်မဲ့နေသည်။
ဖူကျင်း ရှေ့သို့တက်လာပြီး ပြောသည်။
"အရှင်မင်းသား... ကျေးဇူးပြုပြီး ဝမ်းနည်းခြင်းအထိမ်း အမှတ် ဝတ်စုံကို အရင်လဲလိုက်ပါဦး"
ဖူကျင်း ထပ်ပြောမှသာ ယင်ကျန်း တုံ့ပြန်လာပြီး လှည့်ကာ အတွင်းဆောင်ခန်းဆီသို့ လျှောက်သွားခဲ့သည်။
ယင်ကျန်းက ဝတ်စုံလဲပြီးနောက် ပြန်ထွက်လာသည်။ ဘုန်းတော်ကြီး တစ်စုက ညာဘက်မှ ဝင်လာပြီး နာရေးခန်းမရှိ သေဆုံးသူအတွက် သုတ္တန်များ ရွတ်ဖတ်ပူဇော်ကြသည်။ ရုတ်တရက် ဘုန်းကြီးတစ်ပါးက ယင်ကျန်းကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးများက တောက်ပနေသည်။
ဘုန်းကြီးများကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသော ကမ်းချန်ချန်မှာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် လန့်သွားသည်။
[ဘုရားရေ၊ ဒါ ပိုင်လျန်ဂိုဏ်းက ညီအစ်ကို သုံးယောက်ထဲက တတိယမြောက်လူ မဟုတ်ဘူးလား၊ သူ ဒီမှာ ဘာလုပ်နေတာလဲ၊ ပြီးတော့ ဘုန်းကြီးအဖြစ်တောင် ရုပ်ဖျက်ထားသေးတယ်]
ယင်ကျန်း မျက်လုံးများ လှုပ်ခတ်သွားသည်။ သူက စုဖေးရှန်ကို ပေါ့ပေါ့ပါးပါး ခေါ်လိုက်ပြီး ညွှန်ကြားချက်အချို့ပေး လိုက်သည်။
စုဖေးရှန် ထွက်သွားသည်ကို မြင်သောအခါ ဟွမ်ရီကျူးက တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူ့အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ချောင်းကို ချက်ချင်း ဆွဲထုတ်ကာ ယင်ကျန်းထံသို့ ခုန်အုပ်လိုက်သည်။
[သတိထား]
လူတိုင်း မှင်သက်သွားကြသည်။
မထင်မှတ်စွာ ယင်ကျန်းက ကြိုတင်ပြင်ဆင်ထားပြီး ဘေးသို့ ရှောင်လိုက်ကာ ဟွမ်ရီကျူး ရင်ဘတ်ကို ကန်ချသည်။
ဟွမ်ရီကျူးက လေထဲတွင် ကျွမ်းထိုးသွားပြီး ထပ်မံ ရှေ့သို့ ပြေးဝင်လာကာ ယင်ကျန်းနှင့် သိုင်းတိုက်ပွဲ စတင်တော့ သည်။
[ဪ... ယင်ကျန်းက တော်တော်လေး စွမ်းဆောင်နိုင်တာပဲ၊ အရမ်းမိုက်တယ်ကောင်းပြီ... သူ့ကို သိုင်းသင်ပေးဖို့ ပြောလို့ရပြီ]
"အစောင့်တွေ ဒီနေရာကို ဝိုင်းထားလိုက်ကြစမ်း"
အပြင်ဘက်ရှိ အစောင့်များက အမြန်ဝင်လာကြပြီး ယင်ကျန်းနှင့် မင်းသားစံအိမ်မှ မိသားစုဝင်များကို နောက်ကွယ်မှ ကာကွယ်ပေးကြသည်။ သူတို့က ဟွမ်ရီကျူးနှင့် တိုက်ခိုက်ကြပြီး သူ့လက်ကောက်ဝတ်မှ ဓားမြှောင်ကို ရိုက်ချလိုက်ကြသည်။
ဟွမ်ရီကျူးက သူ မယှဉ်နိုင်တော့ကြောင်း သိသွားသဖြင့် ကွက်လပ်တစ်ခု ဟန်ဆောင်ဖန်တီးကာ ထွက်ပြေးရန် ကြိုး စားသော်လည်း ဂိတ်တံခါးမှာ ပိတ်ဆို့ထားပြီးဖြစ်ရာ မင်းသားစံအိမ်ထဲတွင်သာ ပုန်းအောင်းရန် ဖိအားပေးခံလိုက်ရသည်။
"ဘာ၊ လုပ်ကြံသူက အထဲမှာ ပျောက်သွားတယ် ဟုတ်လား၊ အခန်းတိုင်းကို ရှာကြစမ်း"
ညနေပိုင်းအထိ လုပ်ကြံသူ အရိပ်အယောင်မျှ မတွေ့ရတော့ပေ။ သူ ထွက်ပြေးလွတ်မြောက်သွားပြီများလား...
ဘုန်းကြီးများကို တစ်ပါးချင်းစီ ထွက်ခွာခွင့် ပြုလိုက်ပြီး စံအိမ်ရှိ လူအားလုံးလည်း အနားယူရန် သူတို့ အခန်းများဆီသို့ အသီးသီး ပြန်သွားကြသည်။
ချန်ကော်ကော်က အိပ်ရာဝင်ရန် အဝတ်အစားလဲဖို့ အဝတ်ဘီရိုကို ဖွင့်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူမ လည်ပင်းကို ဆွဲကိုင်လာသည်။
အမှန်တွင် သူမ အဝတ်ဘီရိုထဲတွင် ပန်းထိုးထားသော အမွှေးအိတ်များနှင့် အခြားပစ္စည်းများကို ထည့်ထားလေ့ရှိသည့် လျှို့ဝှက်အကန့်တစ်ခု ရှိနေပြီး ထိုအရာများအားလုံး မီးရှို့ခံထားရသဖြင့် အလွတ်ဖြစ်နေသည်။ ဟွမ်ရီကျူးက အစောင့်များ ရှာဖွေမှုမှ လွတ်မြောက်ရန် ထိုအကန့်ထဲသို့ အဆင်ပြေပြေ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ချန်ကော်ကော် မျက်နှာ နီရဲသွားပြီး ခက်ခဲစွာဖြင့် "ကျွန်မ... အသက်ကို ချမ်းသာပေးပါ"
ဟွမ်ရီကျူး "ကမ်းကော်ကော်ရဲ့ ခြံဝင်းက ဘယ်မှာလဲ ပြောပြ၊ ပြောရင် မင်းအသက်ကို ချမ်းသာပေးမယ်"
ချန်ကော်ကော်က မဆိုင်းမတွပင် သူမ နောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်ရာ ဟွမ်ရီကျူးက သူမ ဇက်ပိုးကို ဖောင်းခနဲ ရိုက်ချပစ်သည်။
သတိလစ်သွားသော ချန်ကော်ကော်ကို လျှို့ဝှက်အကန့်ထဲတွင် ပုန်းဝှက်ထားပြီးနောက် သူက ကမ်းချန်ချန် ခြံဝင်းဆီသို့ ခုန်လွှားသွားခဲ့သည်။
ကမ်းချန်ချန်မှာ လုပ်ကြံသူက လုပ်ကြံမှု မအောင်မြင်သဖြင့် သူမဆီသို့ ရောက်လာမည်ကို အလွန်စိုးရိမ်နေခဲ့ရာ ပြန်ရောက်ရောက်ချင်း အစေခံများကို ချက်ချင်း မေးမိသည်။
"လုပ်ကြံတဲ့သူကို တွေ့လိုက်သေးလား"
အစေခံများအားလုံး ခေါင်းခါပြသည်ကို မြင်သောအခါ သူမက စိတ်မချသေးဘဲ လူအားလုံးကို ဦးဆောင်ကာ ခြံဝင်းထဲတွင် ထပ်မံရှာဖွေပြီးမှသာ အဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ သူမက လီဝမ်ကို တံခါးသော့ခတ်ထားရန်နှင့် မည်သူ့ကိုမျှ အထဲဝင်ခွင့်မပြုရန် မှာကြားလိုက်သည်။