အခန်း (၁၄၁)
Vol. 15 Ch. 141
အခန်း (၁၄၁) ဘယ်ဘက်လက်တွင် နတ်ဘုရားမိုးကြိုးနှင့် ညာဘက်လက်တွင် ဝိညာဉ်အလံ၊ ကျင့်စဉ်နှစ်ခု ကျင့်ကြံခြင်း အစစ်အမှန်
"ပြိုင်ဘက်ကင်းလမ်းစဉ်လား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် အားလုံး မှင်တက်သွားကြကုန်၏။ ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်ကိုယ်တိုင် ချီးမွမ်းရလောက်သည်အထိ ထို တာအိုဥပဒေသသည် မည်မျှ နက်နဲဆန်းကြယ်နေသနည်း ။
နည်းစနစ်များ သင်ကြားပြသပေးသည့် တာဝန်ခံ ရွှီယိုဝေသည် ကျင့်ကြံခြင်းနည်းစနစ်များနှင့် ဆန်းကြယ်သော ပညာရပ်များကို အမြဲတမ်း စိတ်ဝင်စားသူ ဖြစ်သည်။ ယခုအခါတွင် သူသည် အသိပညာအသစ်များကို အလွန်သိရှိလိုသဖြင့် စိတ်မထိန်းနိုင်တော့ဘဲ ဦးစွာ မေးမြန်းလိုက်လေသည်။
"မဟာ ကောင်းကင်အရှင်သခင်... ကျေးဇူးပြုပြီး အချိန်မဆွဲပါနဲ့တော့... 'မူလအစချီ အသွင်ပြောင်းခြင်း၊ ရှင်းလင်းမှုနှစ်ခုနှင့် အရိပ်ထင်ဟပ်ခြင်း ပညာရပ်' က ဘယ်လို စွမ်းအားမျိုး ပိုင်ဆိုင်ထားတာလဲဆိုတာ မြန်မြန် ပြောပြပေးပါဦး"
ပတ်ဝန်းကျင်ရှိ အခြားအကြီးအကဲများနှင့် အစစ်အမှန်တပည့်များသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် နားစွင့်နေကြသည်။ မဟာအကြီးအကဲတစ်ဦးက တာအိုတရား လျှို့ဝှက်ချက်များ ရှင်းပြသည်ကို နားထောင်ရခြင်းမှာ အလွန်ကြုံခဲသော အခွင့်အရေး ဖြစ်သည်။
ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်သည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်လေသည်။
"သမိုင်းတစ်လျှောက်မှာ ဒီလို 'တာအိုဥပဒေသ' ကို သင်ယူခွင့်ရတဲ့သူဆိုတာ တကယ်ကို ရှားပါးလွန်းပါတယ်။ ငါက ရှေးဟောင်းစာအုပ်တွေထဲမှာ ဖတ်ဖူးပြီး အနည်းငယ် နားလည်ထားလို့သာ ကံကောင်းသွားတာပါ။ ဆိုရိုးစကားတစ်ခု ရှိတယ်... 'ကမ္ဘာဦးအစ ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ မူလအစချီ က ပထမဆုံး စတင်ထွက် ပေါ်လာတယ်' တဲ့။"
"ဒီတာအိုပညာရပ်က ကျင့်ကြံသူရဲ့ ဝိညာဉ်ကို နှစ်ပိုင်းကွဲသွားစေပေမဲ့ အားနည်းသွားတာမျိုး မဟုတ်ပါဘူး။ တကယ်တော့ သူတို့က 'မဟာတာအို' ရဲ့ စွမ်းအားတွေကနေ သဘာဝအတိုင်း အဆင့်မြင့်ဆုံး ပြောင်းလဲလာတဲ့ ပုံစံနှစ်မျိုး ဖြစ်သွားတာပါ။ အဲဒါတွေ ကတော့ အလွန်စင်ကြယ်တဲ့ 'ရေခဲဝိညာဉ်' နဲ့ အလွန်နွေးထွေးတဲ့ 'ကျောက်စိမ်းဓာတ်' တို့ပဲ ဖြစ်တယ်။"
" ဝိညာဉ်ဟာ ရေခဲလို ကြည်လင်နေပြီး၊ လူသားနှလုံးသားဟာ ကျောက်စိမ်းလို နွေးထွေးနေတယ်။ မှန်ထဲမှာမြင်ရတဲ့ ပန်းနဲ့ ရေထဲမှာထင်နေတဲ့ လဟာ ကိုယ်တိုင်ပဲ ဖြစ်နေရင်... ဘယ်ဟာက အတု၊ ဘယ်ဟာက အစစ်ဆိုပြီး ခွဲခြားနေဖို့ မလိုတော့ပါဘူး။ ဒီပုံစံနှစ်ခုဟာ သီးခြားစီလို့ ထင်ရပေမဲ့ တကယ်တော့ အရင်းအမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာပဲ”
ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်သည် စကားကို ခေတ္တရပ်နားလိုက်သည်။ မဟာတာအို၏ နက်နဲသော အသံများကို နားထောင်နေရသကဲ့သို့ လူအုပ်ကြီးမှာ မှင်တက်နေကြ၏။ ဤနက်နဲသောအနုပညာသည် မဟာတာအို၏ မူလအစချီမှ ဆင့်ကဲပြောင်းလဲလာပြီး ထိုမျှ လျှို့ဝှက်ဆန်းကြယ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
လူအုပ်ကြီး အတွေးထဲ နစ်မြောနေစဉ်မှာပင် ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်က ထပ်မံ ပြောကြားလိုက်သည်။
"ဒီပညာရပ်ရဲ့ အထူးခြားဆုံးအပိုင်းက ဘာလဲဆိုတော့ လူတစ်ယောက်ထဲမှာ စရိုက်နှစ်မျိုး ကွဲသွားရုံတင် မကဘူး...... အဲ့ဒီစရိုက်တွေနဲ့အတူ ခန္ဓာကိုယ်နဲ့ ကျင့်ကြံတဲ့ ပညာရပ်တွေပါ အလိုလို နှစ်မျိုးကွဲသွားတာ”
“ဆိုလိုတာက... လူက တစ်ယောက်တည်းပဲ၊ ဒါပေမဲ့ စိတ်နေစိတ်ထား ပြောင်းလိုက်တာနဲ့ သူသုံးနိုင်တဲ့ စွမ်းအားတွေ၊ တိုက်ကွက်တွေနဲ့ ကျင့်စဉ်တွေပါ ပြောင်း သွားတာမျိုးပေါ့။ တကယ်တော့ လူတစ်ကိုယ်တည်းမှာ မတူညီတဲ့ ပညာရှင်နှစ်ယောက် ပုန်းနေသလိုမျိုး အလှည့်ကျ ပြောင်းလဲပြီး သုံးလို့ရနေတာပဲ”
ဤစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ အလွန်တုန်လှုပ်သွားကြသည်။ ရွှီယိုဝေက မယုံကြည်စွာဖြင့် ရေရွတ်လိုက်သည်။
" ဒီကမ္ဘာမှာ ခုလို ယုတ္တိမရှိတဲ့ ကျင့်ကြံခြင်းနည်းလမ်းမျိုး တကယ်ပဲ ရှိနိုင်တာလား..."
ကိုယ်ပွား နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်း မရှိဘဲ သီးခြားစီ ကျင့်ကြံနေကြခြင်း ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်တည်းကပင် လုံးဝမတူညီသော ကျင့်ကြံခြင်းလမ်းကြောင်း နှစ်ခုကို တစ်ပြိုင်တည်း လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ်ရလေသည်။
ထိုစဉ်မှာပင် ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်က ဆက်ပြောလေသည်။
"လွန်ခဲ့တဲ့ ရှေးဟောင်းခေတ်ရဲ့အဆုံးမှာ ဖြောင့်မတ်တဲ့ခန္ဓာကိုယ်နဲ့ မကောင်းဆိုးဝါးခန္ဓာကိုယ် နှစ်ခုစလုံးကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက် အလယ်ပိုင်းလွင်ပြင်မှာ ပေါ်လာခဲ့ဖူးတယ်... အဲဒီအကြောင်း သိကြလား"
ဤမေးခွန်းကြောင့် တပည့်များမှာ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း အကြီးအကဲများမှာမူ အတွေးနက်နေကြသည်။ ဖေ့ချင်းယွီ၏ မျက်လုံးများသာ လင်းလက်သွားပြီး ပြန်ဖြေလိုက်၏။
" ဂိုဏ်းရဲ့ ရှေးဟောင်းစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ 'နတ်ဘုရား-နတ်ဆိုး ကောင်းကင်အရှင်သခင်' အကြောင်းကို ပြောနေတာလား"
"မှန်တယ်၊ သူပဲ"
ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်က ခေါင်းညိတ်ကာ ဆက်လက်ရှင်းပြသည်။
"အပေါ်ယံမှာတော့ သူက ဖြောင့်မတ်တဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ သူတော်စင်ပေါ့။ ကောင်းကင်အဆင့် မိုးကြိုးနည်းစနစ်တွေကို သုံးပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းတဲ့ နတ်ဘုရားဓားကို ကိုင်ဆောင်ထားတယ်။ နတ်ဘုရားမိုးကြိုး စွမ်းအားကြောင့် မကောင်းဆိုးဝါးတွေက သူ့ကို မြင်တာနဲ့တင် လန့်ပြေးနေကြရတာ....”
“ဒါပေမဲ့ တကယ့်လျှို့ဝှက်ချက်ကတော့ သူဟာ ကမ္ဘာ့နံပါတ်တစ် နတ်ဆိုးဂိုဏ်းရဲ့ တိုက်ရိုက်ဆက်ခံသူ ဖြစ်နေတာပဲ၊ ယင်ဝိညာဉ် နတ်ဆိုးပညာရပ်တွေကို ကျင့်ကြံပြီး ဝိညာဉ်တစ်သောင်းအလံကို လက်နက်အဖြစ် သုံးခဲ့တယ် သူသတ်ခဲ့တဲ့ လူတွေဆိုတာလည်း ရေတွက်လို့တောင် မရနိုင်သလို အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်ခဲ့တာကြောင့် ဖြောင့်မတ်တဲ့ ပါရမီရှင်တွေဆိုတာ သူ့နာမည်ကြားတာနဲ့တင် တုန်လှုပ်နေကြရတာ”
“သူက အလင်းနဲ့ အမှောင်၊ ဆန့်ကျင်ဘက် လမ်းကြောင်းနှစ်ခုလုံးရဲ့ အမြင့်ဆုံး နတ်ဘုရားနည်းစနစ်တွေကို တစ်ပြိုင်တည်း ကျင့်ကြံနိုင်ရုံတင်မကဘဲ ခန္ဓာကိုယ်တစ်ခုတည်းမှာ ပြီးပြည့်စုံအောင် ပေါင်းစပ်ထားနိုင်တယ် ဘာကြောင့်လဲဆိုတော့ သူက 'မူလအစချီ အသွင်ပြောင်းခြင်း ရှင်းလင်းမှုနှစ်ခုနှင့် အရိပ်ထင်ဟပ်ခြင်း နက်နဲသော အနုပညာ' ကို နားလည်သွားခဲ့လို့ပဲ "
ဤလျှို့ဝှက်ချက်ကို ကြားလိုက်ရချိန်တွင် လူတိုင်း မှင်တက်အံ့သြသွားခဲ့ကြသည်။ အထူးသဖြင့် ရွှီယိုဝေမှာ ပါးစပ်အဟောင်းသားဖြင့်ပင် အံ့အားသင့်နေခဲ့သည်။ သူသည် ကျင့်စဉ်နှစ်ခုကို တစ်ပြိုင်နက်တည်း တွဲကျင့်ခြင်း၏ အကြမ်းဖျင်းသဘောတရားကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နိုင်ခဲ့သော်လည်း၊ သမိုင်းတွင် ၎င်းကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ခဲ့သူ ရှိသည်ကို ကြားလိုက်ရသောအခါ ပို၍ပင် တုန်လှုပ်သွားခဲ့ရသည်။
နည်းစနစ်များကို သင်ကြားပြသပေးနေသော အကြီးအကဲတစ်ယောက်အနေဖြင့် ရွှီယိုဝေသည် မတူညီသော ကျင့်စဉ်များကို တပြိုင်တည်းကျင့်ကြံခြင်း၏ အန္တရာယ်ကို ကောင်းစွာ သိထားသူဖြစ်သည်။ ကျင့်ကြံသူများသည် မိမိတို့ရောက်ရှိနေသော အဆင့်အပေါ်မူတည်၍ မတူညီသော နည်းစနစ်များကို ပြောင်းလဲရွေးချယ်နိုင်သော်လည်း၊ ထိုနည်းစနစ်များ၏ အခြေခံသဘောသဘာဝများမှာ များစွာ ကွဲလွဲနေ၍ မရပေ။
အကယ်၍သာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော ကျင့်စဉ်နှစ်ခုကို အတင်းအကျပ် တပြိုင်တည်းကျင့်ကြံလိုက်မည်ဆိုပါက အကောင်းဆုံးအခြေအနေတွင် သွေးကြောများပိတ်ဆို့ကာ ရူးသွပ်သွားနိုင်သကဲ့သို့၊ အဆိုးဆုံးအခြေအနေတွင် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ အချင်းချင်းတိုက်ခိုက်ပြီး ပေါက်ကွဲသေဆုံးသွားနိုင်ပေသည်။
ဥပမာအားဖြင့် အလွန်ပြင်းထန်သော မိုးကြိုးကျင့်စဉ်နှင့် အမှောင်ယင်ဓာတ်လွှမ်းမိုးသော မကောင်းဆိုးဝါးကျင့်စဉ် နှစ်ခုကို တွဲကျင့်မည်ဆိုပါစို့။ ထိုအခါ ကျင့်စဉ်ကို အသုံးပြုလိုက်သည်နှင့် ဝိညာဉ် စွမ်းအင်များသည် ထိန်းချုပ်၍မရဘဲ ရှုပ်ထွေးသွားမည်ဖြစ်သည်။ မိုးကြိုးကိုပစ်လွှတ်ရန် ကြိုးစားသောအခါ တစ္ဆေမြူခိုးများ ထွက်ပေါ်လာခြင်းမျိုး၊ သို့မဟုတ် တစ္ဆေအလံကို သုံးရန်ကြိုးစားသောအခါ မိုးကြိုးများ ပေါက်ကွဲထွက်လာခြင်းမျိုးများ ဖြစ်ပေါ်လာနိုင်ပေသည်။
အလွယ်ပြောရလျှင် ဘယ်ဘက်ဦးနှောက်နှင့် ညာဘက်ဦးနှောက် အချင်းချင်း ရန်ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။ ကျင့်စဉ်နှစ်ခုစလုံး အောင်မြင်လာသောအခါတွင် ခန္ဓာကိုယ်ထဲရှိ စွမ်းအားနှစ်ခုသည် တစ်ခုကိုတစ်ခု ဖယ်ရှားပစ်ရန် ကြိုးစားကြပြီး နောက်ဆုံးတွင် သွေးနှင့်ချီ ပြောင်းပြန်စီးဆင်းကာ သေဆုံးသည့်အတိုင်အောင် ဖြစ်သွားနိုင်ပေသည်။
ဤသို့ ပြင်းထန်သော အန္တရာယ်များ ရှိနေသော်လည်း "နတ်ဘုရား-နတ်ဆိုး ကောင်းကင်အရှင်သခင်" သည် ထိုဆန့်ကျင်ဘက် လမ်းကြောင်းနှစ်ခုလုံးကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်ခဲ့ပေသည်။ သူ အောင်မြင်ခဲ့ခြင်း၏ လျှို့ဝှက်ချက်မှာ "မူလအစချီ အသွင်ပြောင်းခြင်း ရှင်းလင်းမှုနှစ်ခုနှင့် အရိပ်ထင်ဟပ်ခြင်း အနုပညာ" ဟုခေါ်သော အဆင့်မြင့် တာအိုဥပဒေသကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရွှီယိုဝေတစ်ယောက် အလွန်အမင်း အံ့အားသင့်သွားခဲ့ရခြင်းပင် ဖြစ်သည်။
ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်က သက်ပြင်းချရင်း ဆက်လက်ပြောကြားသည်။
"ဒီ တာအိုဥပဒေသရဲ့ အားအကောင်းဆုံးအပိုင်းက ကျင့်ကြံခြင်းနယ်ပယ် မြင့်မားလာတဲ့အခါ ကိုယ်ပွားနှစ်ခုဟာ တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစပ်သွားနိုင်ပြီး ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စွမ်းအားတွေကိုလည်း အတင်းအကျပ် ပေါင်းစပ်ပေးနိုင်တာပဲ... အဲဒီအချိန်မှာ တိုက်ခိုက်ရေးစွမ်းအားက သုံးဆကနေ ငါးဆအထိ ခုန်တက်သွားနိုင်တယ်..."
"လွန်ခဲ့တဲ့နှစ်တွေတုန်းက နတ်ဘုရား-နတ်ဆိုး ကောင်းကင်အရှင်သခင်ရဲ့ လျှို့ဝှက်ချက် ပေါ်သွားတော့ လမ်းစဥ်နှစ်ခုစလုံးက သူ့ကို ဝိုင်းတိုက်ခဲ့ကြတယ်... အဲဒီအချိန်မှာ သူက 'သူတော်စင်ဘုရင်နယ်ပယ်' ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီး 'နတ်ဘုရားဖြတ်သန်းခြင်းနယ်ပယ်' ကို ချိုးဖျက်ဖို့ ကြိုးစားနေတာ... သူက တာအိုဥပဒေသကို အသုံးပြုပြီး ရှင်းလင်းမှုနှစ်ခုကို မူလအစချီအဖြစ် ပြန်လည်ပေါင်းစပ်လိုက်တဲ့အခါ တိုက်ခိုက်ရေးစွမ်းအားက မယုံနိုင်လောက်အောင် မြင့်တက်လာခဲ့တယ်..."
"ဘယ်ဘက်လက်မှာ နတ်ဘုရားမိုးကြိုး၊ ညာဘက်လက်မှာ ဝိညာဉ်အလံနဲ့ သူက အဓိကအင်အားစုအားလုံးကို စိတ်ပျက်သွားတဲ့အထိ ရိုက်နှက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့အားလုံး လက်နက်ချခဲ့ရတယ်... အဲဒီနောက်မှာတော့ သူဟာ လမ်းကြောင်းနှစ်ခုလုံးကို ပေါင်းစည်းနိုင်ခဲ့ပြီး မူလအစသို့ ပြန်လည်ရောက်ရှိခြင်းရဲ့ အချုပ်အနှောင်ကို ချိုးဖျက်ကာ ကောင်းကင်ဘုံတက်လှမ်းခြင်းကို အောင်မြင်သွားခဲ့တယ်"
ဤစကားများအဆုံးတွင် အားလုံး၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏ သူတော်စင်မိန်းမပျိုသည် ကြောက်မက်ဖွယ်ကောင်းသော တာအိုဥပဒေသကို နားလည်ခဲ့သည်ကို နောက်ဆုံး၌ သူတို့ သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။ အခြားသူများ ကျင့်ကြံခြင်းစနစ်တစ်ခုသာကျင့်နိုင်ချိန်တွင် သူမ၌ နှစ်ခုကျင့်ကြံခြင်းက ပိုမိုအားသာစေမည် ဖြစ်သည်။
“ဒီတာအိုကျင့်စဉ်ရဲ့ သဘောတရားအရ... ကိုယ်ပွားတွေကို ခွဲထုတ်တဲ့အခါ ခန္ဓာကိုယ်ကျင့်ကြံမှု အဆင့်အမြင့်ဆုံးကိုပဲ ကိုယ်ပွားအစစ် အဖြစ် သတ်မှတ်လေ့ရှိကြတာ။ ဒါကြောင့်မို့လို့ မင်းတို့အားလုံး အမြင်မှားနေကြတာပေါ့"
"ဒီမိန်းကလေး 'ချင်းဟန်' ကမှ တကယ့်ကိုယ်ပွားအစစ်ပဲ။ ငါသာ မမှားဘူးဆိုရင် သူမဟာ အဲဒီအတားအဆီးကိုတောင် ကျော်ဖြတ်ပြီး 'ခရမ်းရောင်စံအိမ်နယ်ပယ်' ရဲ့ အလယ်အလတ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ။"
ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်သည် လက်ဖက်ရည်သောက်နေသော လူနှစ်ယောက်ကို ကြည့်ကာ အခြေအနေအားလုံးကို ရိပ်မိနေခဲ့သည်။ သူ၏ စကားကြောင့် လူတိုင်း အလွန်အံ့အားသင့်သွားကြသည်။ အကြောင်းမှာ သူတော်စင်မိန်းမပျိုသည် ခန္ဓာအစစ်ကို အမှောင်ထဲတွင် ပိတ်လှောင်ထားရန် ဆန္ဒအလျောက် ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။
သူမသည် အဘယ်ကြောင့် ဤမျှ နာကျင်စရာကောင်းသော လမ်းကို ရွေးချယ်ခဲ့သနည်းဟု လူတိုင်း ဇဝေဇဝါ ဖြစ်နေကြသည်။ ထိုစဉ် ဂိုဏ်းချုပ်နှင့် စီနီယာအစ်မကြီးတို့သည် ဝမ်းနည်းပူဆွေးသော အမူအရာများဖြင့် မျက်လုံးများကို မှိတ်ထားကြသည်။ ၎င်းကို မြင်လိုက်ရသောအခါ ရွှီယိုဝေသည် မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာအစ်ကို ၊စီနီယာအစ်မတော်ယွီ ၊ ဒီလိုအချိန်မျိုးမှာ ပြောလို့မရတာ ဘာတွေ ရှိသေးလို့လဲ... ချင်းဟန်ရဲ့ နောက်ခံကို ကျွန်တော်တို့ကို ပြောပြတော့"
လီချန်မင်ကလည်း ဝင်ရောက်ပြောဆိုသည်။
"မှန်တယ် ငါတို့ လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေတာပဲ၊ သတင်းတွေက အပြင်ကို ထွက်လို့မှ မရတာ... ငါတို့ သိသွားရင်လည်း ဘာကိစ္စရှိလို့လဲ"
"ဒါကတော့..."
ဖေ့ချင်းယွီသည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်ထံသို့ ကြည့် လိုက်သည်။ မဟာအကြီးအကဲက ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ဖေ့ချင်းယွီသည် လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ငါ မင်းတို့ကို ပြောပြမယ်"
---