အခန်း (၁၄၆)
Vol. 15 Ch. 146
အခန်း (၁၄၆) "မင်းတို့တွေ ထပ်ပြီးတော့လား"
ကိုယ်တိုင် ဖန်တီးထားသော ဒသမအဆင့် ဆေးညွှန်းတစ်ခု။ ဤသည်မှာ ဆေးဖော်စပ်ခြင်းထက်ပင် ပို၍ တုန်လှုပ်ဖွယ် ကောင်းပေသည်။ လျှို့ဝှက်နယ်မြေအတွင်းရှိ အကြီးအကဲများအားလုံး မှင်တက်သွားသည်အထိပင်။ သူတို့အားလုံး၏ နှလုံးမှာ ထိန်းချုပ်၍မရအောင် မြန်ဆန်စွာ ခုန်ပေါက်နေခဲ့၏။
အကယ်၍ နင်းဖန်သာ ဤဆေးဖော်စပ်ခြင်းကို အောင်မြင်သွားခဲ့မည်ဆိုလျှင် သူတို့ဂိုဏ်း၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအခါ အမြဲတမ်း မာနကြီးတတ်သော ဆေးဂိုဏ်းမှ အကြီးအကဲများသည် ဒေါသထွက်လွန်း၍ နေရာမှာတင် ပေါက်ကွဲသွားနိုင်ပြီး နင်းဖန်ကိုသာ မနာလိုစွာ ငေးကြည့်နေရပေလိမ့်မည်။ ရှောင်ချာသည် ဤမြင်ကွင်းကို တွေးမိကာ ရယ်ချင်စိတ်ကိုပင် မထိန်းနိုင်အောင် ဖြစ်နေခဲ့သည်။
ယခင်က ရှောင်ချာ ကိုးဆင့်မြောက် ဆေးဖော်စပ်သူ ဖြစ်လာစဉ်က ဆေးဂိုဏ်းသည် သူ့ကို အထင်သေးကာ ဂုဏ်ပြုရန် တပည့်အနည်းငယ်ကိုသာ စေလွှတ်ခဲ့ဖူးသည်။ ထို့ပြင် နတ်ဘုရားအဆင့် ဆေးဆရာကို သူတို့ဂိုဏ်းမှသာ မွေးထုတ်နိုင်မည်ဟုလည်း ကြွားဝါခဲ့ကြသေးသည်။ သူတို့၏ အမူအရာများက ရှောင်ချာကို 'မင်းက ကိုးဆင့်မြောက် ဆေးဆရာ ဖြစ်နေရင်တောင် ငါတို့ဆေးဂိုဏ်းရှေ့မှာတော့ ဘာမှမဟုတ်ဘူး' ဟု ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ဆေးဂိုဏ်းသည် ဘာမှ တိုးတက်မလာခဲ့ဘဲ သူတို့၏ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှ နင်းဖန်ကသာ သမိုင်းတွင် ပြိုင်ဘက်ကင်းမည့် ဒသမအဆင့် ဆေးလုံးကို ဖော်စပ်နေပြီ ဖြစ်သည်။
နင်းဖန်သာ အောင်မြင်သွားပါက မာနထောင်လွှားနေသော ဆေးဂိုဏ်းသည် ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ အောက်သို့ အရှက်တကွဲ ရောက်ရှိသွားမည် ဖြစ်သောကြောင့် ရှောင်ချာတစ်ယောက် တိတ်တဆိတ် ဝမ်းသာကျေနပ်နေခဲ့သည်။
"နင်းဖန်... မင်း အောင်မြင်ရမယ်"
သူ တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူသည် လက်သီးများကို တိတ်တဆိတ်ဆုပ်ကာ မျှော်လင့်တကြီး ကြည့်နေခဲ့သည်။ အခြား အကြီးအကဲများသည်လည်း အလားတူပင်၊ ဆေးခန်းမအတွင်း၌ တက်ကြွနေကြ၏။
နင်းဖန်သည် စနစ်ကပေးသော ဆေးညွှန်းအတိုင်း ဆေးဖက်ဝင်ပစ္စည်း အားလုံးကို ဆေးမီးဖိုထဲသို့ အစီအစဉ်တကျ ထည့်လိုက်သည်။ ထိုပမာဏမှာ နှစ်ဆဖြစ်ပြီး မီးဖိုတစ်ခုတည်းတွင် ဒသမအဆင့် နတ်ဘုရားဆေးလုံး နှစ်လုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။
ဂိုဏ်းထဲတွင် အားကိုးစရာဆိုလို့ အူကြောင်ကြောင် ညီမလေး ကျန်းထန်သာ ကျန်တော့သဖြင့် အခွင့်အရေးရှိခိုက် သူမကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းပြင် သူ၏ ပါရမီကြောင့် ဆေးဖော်စပ်ရာတွင် မအောင်မြင်မည်ကို စိတ်မပူပေ။
စနစ်၏ဆေးညွှန်းမှာ ပြုပြင်မွမ်းမံထားခြင်းကြောင့် ဒသမအဆင့် ဆေးလုံးဖြစ်သော်လည်း လိုအပ်သောပစ္စည်းများမှာ ရှားပါးမနေဘဲ ဂိုဏ်းထဲ၌ အလုံအလောက် ရှိနေသည်။ ထို့ကြောင့် ကျန်းထန်မှာ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
ထို့နောက် နင်းဖန်သည် ဆေးမီးဖိုကို မီးစတင် မွှေးလိုက်ပြီး အံ့မခန်း ကျွမ်းကျင်မှုများဖြင့် ဆေးလုံးများကို စတင်ဖော်စပ်ရာ သန္ဓေသားလောင်း ဆေးလုံးနှစ်လုံး ပေါ်ပေါက်လာပြီး မီးတောက်အောက်တွင် ချောမွေ့စွာ လည်ပတ်နေခဲ့သည်။ ဤမြင်ကွင်းကို လျှို့ဝှက်နယ်မြေအတွင်းမှ ရှောင်ချာမှာ အသက်ပင် မရှူရဲဘဲ စောင့်ကြည့်နေခဲ့သည်။
"မီးဖို တစ်ခုတည်းမှာ ဆေးလုံးအများကြီး ဖော်စပ်တာလား."
သူသည် ဆေးမီးဖိုကို စူးစိုက်ကြည့်ရင်း ရင်တထိတ်ထိတ်ဖြင့် တံတွေးများ မျိုချနေမိသည်။ ယခင်က ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးကို ဖော်စပ်စဉ်က နင်းဖန်သည် ဤကဲ့သို့ ထူးခြားသော နည်းစနစ်ကို ပြသခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာမူ ဆေးလုံး အဆင့်ချင်း ကွာခြားလှသည်။
အဘယ်ကြောင့်ဆိုသော် ယခု သူဖော်စပ်နေသောအရာမှာ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်နိုင်ခြေ အလွန်များနေသောကြောင့် ဖြစ်သည်။ထိုမျှအဆင့်မြင့်သည့် ဆေးလုံးကို ဖော်စပ်ရသည်ဖြစ်ရာ ခက်ခဲမူနှုန်းမှာလည်း အလွန်မြင့်မားလှသည်။
အမှန်တကယ်တွင် ရှေးခေတ်မှ ယနေ့အထိ နှစ်ပေါင်းများစွာအတွင်း မီးဖိုတစ်ခုတည်း၌ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံးများကို တစ်ပြိုင်နက် ဖော်စပ်နိုင်သူဟူ၍ မကြားဖူးခဲ့ချေ။ ဤသည်မှာ အလွန် ယုံကြည်နိုင်စရာ မရှိလှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ရှောင်ချာသည် နင်းဖန်၏ နည်းစနစ်များထဲမှ အနည်းငယ်ကို သင်ယူရန် ကြိုးစားနေခဲ့သည်။
ဤသည်ကို မြင်သောအခါ လီချန်မင်က မမေးဘဲ မနေနိုင်ခဲ့ချေ။
"မင်းက နဝမအဆင့် ဆေးဖော်စပ်သူ တစ်ယောက် ဖြစ်နေပြီပဲ၊ ဒီလောက် လိုအပ်လို့လား..."
ဤသည်ကို ကြားသောအခါ ရှောင်ချာသည် မလှည့်ကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"မင်း နားမလည်ပါဘူး။ စစ်မှန်တဲ့ ဆရာကြီးတစ်ယောက်ဟာ အလုပ်သင်တစ်ယောက်ရဲ့ သင်ယူလိုစိတ်မျိုးကို အမြဲတမ်း မွေးမြူထားတတ်ရတယ်။"
"နင်းဖန်က ငါ့အတွက် သရုပ်ပြတာဟာ အခွင့်အရေး တစ်ခုပဲ။ ပြီးတော့ နတ်ဘုရားအဆင့် ဆေးဖော်စပ်သူအဖြစ် တက်လှမ်းဖို့ ငါရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်။"
လီချန်မင်မှာ ထိုစကားများကြောင့် တုန်လှုပ်သွားပြီး သူ ဆက်မပြောတော့ချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ထိုစဉ် ရုတ်တရက် ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ အဆုံးမရှိသော ဝိညာဉ်ချီလှိုင်းတံပိုးများသည် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်ပေါ်သို့ ပြင်းထန်စွာ လှိမ့်ဝင်လာသည်။ ကောင်းကင်ယံမှ ကျယ်ပြန့်သော တိမ်တိုက်ကြီးများသည်လည်း မမြင်ရသော စွမ်းအားတစ်ခုကြောင့် စုတ်ပြဲသွားပြီး ကောင်းကင်ပြင်ကြီး ဟက်တက်ကွဲသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။
တစ်ပြိုင်နက်တည်းမှာပင် ကျက်သရေရှိသောနတ်ဘုရားအလင်းတန်း များသည် တောင်တန်းများနှင့် မြစ်ချောင်းများကို လင်းခနဲ ဖြစ်သွားစေလျက် ဆင်းသက်လာကြသည်။ လောကကြီးတစ်ခုလုံး မြူခိုးများ ဖုံးလွှမ်းသွားပြီး မြေပြင်မှ ရွှေကြာပန်းများ ပွင့်အာလာကာ နက်နဲသော တာအိုအသံများသည်လည်း အဆက်မပြတ် ထွက်ပေါ်လာသည်။
နင်းဖန်၏ ဆေးလုံးဖော်စပ်မှု အပြီးသတ်တော့မည့် အချိန်သို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် ထိုက်ရီအကြွင်းအကျန်နယ်မြေအတွင်း၌ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားသွားတော့သည်။
"တကယ်ပဲ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံးပဲ။"
"နင်းဖန်က နတ်ဘုရားဆေးလုံးကို ထပ်ပြီး ဖော်စပ်နေတာ၊ ပြီးတော့ အဲဒါက ကိုယ်တိုင်ဖန်တီးထားတဲ့ ဆေးညွှန်းပဲ... သူက တကယ့် ပါရမီရှင်ပဲ။"
"ဘိုးဘေးတို့... ကျေးဇူးပြုပြီး ကြည့်ရှုတော်မူကြပါ။ ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်းက ရတနာတစ်ခုကို တကယ်ပဲ ရှာတွေ့ခဲ့ပါပြီ"
"ဟားဟားဟား... ဆေးဂိုဏ်း မာနကြီးချင် ကြီးပါစေ၊ အနာဂတ်မှာ သူတို့ကိုယ်သူတို့ နံပါတ်တစ် ဆေးဖော်စပ်ခြင်း ဂိုဏ်းလို့ ခေါ်ရဲဦးမလား။ ငါတို့ရဲ့ ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်ကို အရင် ကျော်ဖြတ်နိုင်စေဦး”
"ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး နှစ်လုံးစလုံးက ငါတို့ ဂိုဏ်းကနေ ထွက်ပေါ်လာတာ... ဒီတစ်ကြိမ် ကမ္ဘာပေါ်က ဘယ်သူက သတိမထားမိဘဲ နေမှာလဲ။"
"ငါ သိချင်တာက နင်းဖန်ရဲ့ ဆေးလုံးက နတ်ဘုရားစိတ်အာရုံကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်မလဲ ဆိုတာပဲ..."
"အဋ္ဌမအဆင့် ကောင်းကင်ဘုံ ဆေးလုံးတစ်လုံးတောင် အနည်းငယ် တိုးစေတာ... ဒီ နတ်ဘုရား ဆေးလုံးက... အဆပေါင်းများစွာ တိုးစေမှာပဲ မဟုတ်ဘူးလား။"
လျှို့ဝှက်နယ်မြေအတွင်း ပိတ်မိနေသည့် ကာလပတ်လုံးတွင် ဂိုဏ်းသားများ မျက်မြင်တွေ့ခဲ့ရသည့် ထူးဆန်းသော ဖြစ်ရပ်များမှာ သူတို့တစ်သက်တာလုံး ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးထက်ပင် ပိုမိုများပြားလှသဖြင့် အကြီးအကဲများနှင့် တပည့်အားလုံးမှာ အလွန်အမင်း စိတ်လှုပ်ရှားကာ အံ့ဩမဆုံး ဖြစ်နေကြရသည်။
ဤအံ့မခန်းဖွယ်ရာ အားလုံးမှာ နင်းဖန်ကြောင့်သာ ဖြစ်ပေသည်။ သူသည် ဆေးဝါးဖော်စပ်ခြင်းဖြစ်စေ၊ မှော်လက်နက်များကို သွန်းလုပ်ခြင်းဖြစ်စေ အမြဲတမ်း အထွတ်အထိပ် အဆင့်တွင်သာ ရှိနေရုံသာမက ကောင်းကင်တာအို၏ ကောင်းချီးပေးမှုကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် တာအိုသံစဉ်များ လွှမ်းခြုံနေပြီး မိုင်ထောင်ချီအထိ မွှေးပျံ့လှသည့် ရနံ့များ ထွက်ပေါ်လာကာ အစွမ်းထက်လှသော နတ်ဘုရားဆေးလုံး နှစ်လုံးသည် ဆေးမီးဖိုထဲမှ အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုဆေးလုံးများကြောင့် ကောင်းကင်ယံကို ဖောက်ထွင်းသွားသည့် အဆုံးမရှိသောထည်ဝါသည့် ဖြစ်ရပ်ဆန်းကြီးများ ပေါ်ပေါက်လာခဲ့သည်။
ထိုအခါ လောကကြီး၏ အရပ်မျက်နှာ လေးခုလုံးရှိ အင်အားစု အသီးသီးတို့သည် ထိုဖြစ်ရပ်ဆန်းကြီးများဆီသို့ လှမ်း မျှော်ကြည့်ရှုခဲ့ကြသည်။ သို့သော် ထိုကောင်းကင်တုန်လှုပ်ဖွယ် ဖြစ်ရပ်ဆန်းများသည် အလယ်ပိုင်းပြည်နယ်ရှိ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အသေအချာ မြင်တွေ့လိုက်ရသောအခါ အားလုံးမှာ ခေတ္တမျှ မှင်တက်သွားကြရသည်။ ထို့နောက်တွင်တော့ မျိုးနွယ်စုအားလုံး၏ စိတ်ထဲမှ တူညီသော မေးခွန်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
“ ဘာလို့ မင်းတို့တွေချည်းပဲ ထပ်ဖြစ်နေရတာလဲ...”
---