← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇) ဆေးဂိုဏ်းက တကယ်ကို အလုပ်များနေတယ်... အဘိုးကြီးတွေက နတ်ဘုရားမကို လူစွမ်းကောင်းလေး ဘယ်လိုဖမ်းရမလဲဆိုတာ သင်ပေးနေတယ်

နောက်ထပ် နတ်ဘုရား ဆေးလုံးတစ်လုံး မွေးဖွားလာပြီး ကမ္ဘာကြီး၏ လေနှင့်တိမ်များကို လှုပ်ခတ်သွားစေခဲ့၏။

အလယ်ပိုင်းပြည်နယ်၏ ဂိုဏ်းကြီးများနှင့် နယ်စပ်လေးခုတစ်လျှောက်ရှိ ရေတွက်မရနိုင်သော အင်အားစုများအားလုံးသည် ထိုက်ရီအစစ်အမှန်ဂိုဏ်းဆီသို့ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် တုန်လှုပ်မှုနှင့် မနာလိုခြင်းများ ရှိနေခဲ့၏။

အခုဆို နှစ်လုံး ရှိသွားပြီ။

ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး နှစ်လုံးတိတိ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

ဤသည်မှာ တကယ်ကို ရူးသွပ်စရာပင်၊ နတ်ဘုရားအဆင့် ဆေးဖော်စပ်သူများ မရှိသော ကြောင့် မည်သည့် အင်အားစုကမျှ ထိုကဲ့သို့သော ရတနာများကို မပိုင်ဆိုင်နိုင်ခဲ့ဖူးချေ။ သို့သော် ယခုအခါ ထိုက်ရီဂိုဏ်းသည် လောကတွင် တစ်ဦးတည်းသော နတ်ဘုရားအဆင့် ဆေးဖော်စပ်သူကို ပိုင်ဆိုင်ထားသဖြင့် ထိုဆေးလုံးများကို အကန့်အသတ်မရှိ ဆက်တိုက် ဖော်စပ်နိုင်တော့မည် ဖြစ်သည်။

ဤသို့ဖြင့် ထိုက်ရီဂိုဏ်းသည် အရှိန်အဟုန်ဖြင့် အဆမတန် ကြီးထွားလာချိန်တွင် အခြားအင်အားစုများမှာမူ မပြောင်းလဲဘဲ ရပ်တန့်နေသဖြင့် ထိုက်ရီဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အားလုံးထက် များစွာ သာလွန်သွားတော့မည် ဖြစ်သည်။ ထိုအချက်ကြောင့်ပင် လောကရှိ အဓိက အင်အားစုကြီးများကြားတွင် ကြီးမားသော စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့တော့သည်။

အရှေ့မြောက်ပိုင်း အစွန်အဖျားတွင်။

အဆုံးမရှိသော ရေခဲမြစ်များ၏ အနက်ရှိုင်းဆုံးနေရာတွင် အအေးဓာတ်က အရိုးကွဲမတတ် ဖြစ်နေ၏။

ဝမ်မျိုးနွယ်စု၏ ချီလင်သားတော် ဝမ်ချုံသည် အဝတ်အစား တစ်ထပ်တည်းသာ ဝတ်ဆင်ထားပြီး လေနှင့်နှင်းများကို ဆန့်ကျင်ကာ သူ၏ လက်သီးချက်များကို လေ့ကျင့်နေခဲ့သည်။

ထို ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီး ကောင်းကင်ကို ဖောက်ထွင်းပြီး ထွက်ပေါ်လာသောအခါ သူသည် ခဏတာမျှ တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။

"အဲဒါက နတ်ဘုရားအရိုးနဲ့ နတ်ဘုရား ကိုယ်တွင်းအင်္ဂါ‌ တွေကို ဖန်တီးခဲ့တဲ့သူရဲ့ ဂိုဏ်းလား... နောက်ထပ် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး ထပ်ရတာဆိုတော့ သူတို့ ကံကောင်းတာပဲ။"

"ဒါပေမယ့် သူတို့ရဲ့ အရင်းအမြစ်တွေက ပေါများနေတော့ရော ဘာဖြစ်လဲ... နောက်ဆုံးမှာ သိုင်းပညာ လမ်းကြောင်းက ကိုယ့်ရဲ့ စိတ်နေသဘောထား အပေါ်မှာပဲ မူတည်တယ်။"

"ငါ့မှာ ကောင်းကင်ဘုံတက်လှမ်းခြင်း အလားအလာနဲ့ ပြိုင်ဘက်ကင်း ယုံကြည်ချက် ရှိတယ်။ ဒီကမ္ဘာပေါ်က ရန်သူအားလုံးကို ငါ သေချာပေါက် နှိမ်နှင်းနိုင်မှာပဲ။"

ဝမ်ချုံ လက်သီးများကို ဆုပ်လိုက်၏။ လေနှင့် နှင်းများက သူ၏ သန္နိဋ္ဌာန်ကို မပြောင်းလဲနိုင်သလို ထိုဖြစ်ရပ်ကြီးကလည်း သူ၏ နှလုံးသားကို မလှုပ်ခတ်နိုင်ချေ။ တောက်ပသော မျက်လုံးများဖြင့် သူသည် 'လူငယ်တွေရဲ့ စိတ်ဓာတ်' ဆိုသည့် စကားစုကို ပြီးပြည့်စုံစွာ ပုံဖော်ထားခဲ့သည်။

တောင်ပိုင်းအထွတ်အထိပ် အသင်္ချေနယ်မြေများတွင်။

မရေမတွက်နိုင်သော တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် အရပ်ရှည်သော ဆင်ဘီလူး နတ်ဆိုးသားရဲ တစ်ကောင် မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။ အဘိုးအို တစ်ဦးနှင့် လူငယ် တစ်ဦးသည် သားရဲအသားကို ကင်ရန် အလောင်းဘေးတွင် မီးဖိုနေကြသည်။

ထိုဖြစ်ရပ်ကြီး ကောင်းကင်သို့ ထွက်ပေါ်လာသောအခါ တာအိုအဘိုးအို၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ၏ လက်ထဲရှိ အသားကင်မှာ မြေကြီးပေါ်သို့ ကျသွားခဲ့၏။ သို့သော် သူ၏ အမူအရာမှာ အလွန် စိတ်လှုပ်ရှားနေပြီး သူ့ဘေးရှိ ကလေးငယ်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။

“အာမန်လေး... ကြည့်စမ်း၊ အဲဒါ မင်းရဲ့ အစ်ကိုကြီးရဲ့ အခွင့်အရေးပဲ"

ထိုကလေးတွင် အထက်သို့ ထောင်နေသော ကျစ်ဆံမြီး နှစ်ဖက်ရှိပြီး ဆင်သားကို ဝါးစားနေကာ သူ၏ ပါးစပ်မှ အဆီများ ကျဆင်းနေခဲ့၏။ တာအို အဘိုးအို၏ စကားကို ကြားသောအခါ သူက ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။

"အဘိုး မဟာနတ်ဆရာ... အဘိုးက ဘယ်လိုလုပ် သိတာလဲ"

"ဟီးဟီး... ထိုက်ရီအစစ်အမှန်ဂိုဏ်းက နတ်ဘုရားအရိုးနဲ့ နတ်ဘုရား ကိုယ်တွင်းအင်္ဂါ ပါတဲ့ ပါရမီရှင် တစ်ယောက် မွေးထုတ်ပေးနိုင်ဖို့က မလွယ်ဘူးလေ။ ဒီ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံးကို သူ့ကို မပေးရင် တခြား ဘယ်သူ့ကို ပေးမှာလဲ "

တာအို အဘိုးအို၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေပြီး သူက ချော့မော့ပြောဆိုလိုက်သည်။

"သူက ကောင်းကင်နဲ့မြေကြီးက မျက်နှာသာပေးတဲ့ ဇာတ်လိုက်ပဲ... တာလော့ သားကောင်ရှာဖွေပွဲ စတာနဲ့ မင်း သူ့ကို ရှာပြီး ဆက်ဆံရေး တစ်ခု တည်ဆောက်ရမယ်"

"အဘိုး မဟာနတ်ဆရာ... ကျွန်တော် တာဝန်ယူလိုက်ပြီမို့ အဘိုး စိတ်ချလက်ချ နေလို့ရပါတယ်။"

ဤသည်ကို ကြားသောအခါ ကလေးငယ်က သူ၏ ရင်ဘတ်ကို ချက်ချင်း ထုလိုက်သည်။

အနောက်ပိုင်း အစွန်အဖျားတွင်လည်း။

ခမ်းနားကြီးကျယ်သော လူသားမျိုးနွယ် မြို့ကြီးတစ်မြို့ ရှိပြီး တောင်တန်းများကြားတွင် ဧရာမ သားရဲကြီး တစ်ကောင်ကဲ့သို့ ဝပ်တွားနေ၏။ ဤကမ္ဘာရှိ ထိပ်တန်းအဆင့် အင်အားစု တစ်ခုဖြစ်သော ရှေးဟောင်း ကျန်းမိသားစု၏ အခြေစိုက်စခန်း ဖြစ်သည်။

မြို့အတွင်းရှိ အမြင့်ဆုံး အဆောက်အအုံဖြစ်သော 'ကောင်းကင်ကို ဖောက်ထွင်းနိုင်တဲ့ မျှော်စင်' ပေါ်တွင်။ လက်ရှိ ကျန်းမိသားစု ခေါင်းဆောင် သူတော်စင်ဘုရင်သည် အဝေးမှ ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့၏။

"ဘာလဲ၊ မင်း ကြောက်နေတာလား"

ထိုအခိုက်အတန့်တွင် သူ၏ အနောက်မှ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူတော်စင်ဘုရင် လှည့်ကြည့်လိုက်ရာ ဧရာမ အရိပ်ကြီး တစ်ခုသည် အမှောင်ထဲမှ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။

ဤသည်မှာ လုံးဝ အနက်ရောင်ဖြစ်ပြီး ရက်စက်သော မျက်လုံးများနှင့် ၎င်း၏ အတောင်ပံများပေါ်တွင် နက်ပြာရောင် မီးတောက်များ လောင်ကျွမ်းနေသော ငှက်ဘီလူးကြီး တစ်ကောင် ဖြစ်သည်။ ၎င်းမှာ အဋ္ဌမအဆင့် နတ်ဆိုးသားရဲ၊ ယင်ဖီးနစ် ပင် ဖြစ်သည်။ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းကို မော့ထားပြီး သူတော်စင်ဘုရင်နှင့်အတူ ပြတင်းပေါက်ဘေးတွင် ရပ်နေခဲ့၏။

၎င်းက ပြောလိုက်သည်။

"ငါတို့ နှစ်ယောက် ပူးပေါင်းပြီး အဲဒီ ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်ကို ထောင်ချောက်ဆင်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တယ်လေ... ကိစ္စပြီးသွားပြီဆိုတော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး... အခုမှ နောင်တရရင် အများကြီး နောက်ကျသွားပြီ။"

ထိုစကားများကို ကြားသောအခါ သူတော်စင်ဘုရင်သည် အေးစက်စွာ ပြောလိုက်သည်။

" ထိုက်ရီအစစ်အမှန်ဂိုဏ်း ပါဝင်ပတ်သက်မှုက မတော်တဆ ဖြစ်ပေမယ့် ငါ က ငါလုပ်ခဲ့တဲ့အရာအတွက် ဘယ်တော့မှ နောင်တမရဘူး”

"သူတို့ဆီမှာ နတ်ဘုရားအဆင့် ဆေးဖော်စပ်သူ ရှိတော့ရော ဘာဖြစ်လဲ... ငါ့အစ်ကိုကြီးရဲ့ တိုက်ပွဲကိုးကြိမ် နက်နဲနှလုံးသားကို ငါ သန့်စင်ပြီးတာနဲ့ ဒီဘဝမှာ ကျန်းမိသားစုကို အထွတ်အထိပ်ရောက်အောင် သေချာပေါက် ဦးဆောင်ပြီး ပုန်းကွယ်နေသော ရှေးဟောင်းခေတ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူပေးမယ်"

သူ စကားပြောနေစဉ် ပြင်းထန်သော ရည်မှန်းချက် အရိပ်အယောင်တစ်ခု မျက်နှာပေါ်တွင် ပေါ်လာခဲ့၏။

ဤသည်ကို မြင်သောအခါ သူ့ဘေးရှိ ငှက်ဘီလူးကြီးသည် ခေါင်းညိတ်လိုက်သည်။ သူက တစ်ခုခု ထပ်ပြောမည်ပြုစဉ် ရုတ်တရက် ထူးဆန်းသော အော်သံတစ်ခု ထုတ်လိုက်ပြီး ၎င်း၏ ငှက်မျက်နှာပေါ်တွင် နာကျင်သော အမူအရာ ပေါ်လာခဲ့၏။

သူက မုန်းတီးစွာ ပြောလိုက်သည်။

"ဒါပေမယ့် ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ အဲဒီ အထွတ်အထိပ် သူတော်စင် ဘိုးဘေးက တကယ်ကို ကြောက်စရာကောင်းတာပဲ... သူက လွန်ခဲ့တဲ့ နှစ်တစ်သန်းက နာမည်ကြီးခဲ့တဲ့ ဖရိုဖရဲ ခန္ဓာကိုယ် ဖြစ်တာ သေချာတယ်။

‘ရွှမ်ထျန်း တာအိုကပ်ဘေး' ကနေ လေဟာနယ် နဲ့ အဆုံးမရှိတဲ့ အတားအဆီးတွေကို ဖြတ်ပြီး ငါ့ကို တိုက်ခိုက်ခဲ့တုန်းက ငါ့ရဲ့ နတ်ဘုရား ဝိညာဉ်ကို လုံးဝ ငြိမ်းသတ်လုနီးပါး ဖြစ်သွားခဲ့တယ်"

"အခု နှစ်လေးဆယ် ကြာသွားပြီတာတောင် ငါ့ဒဏ်ရာတွေက တဆစ်ဆစ် နာကျင်နေတုန်းပဲ"

ယင်ဖီးနစ်၏ ခန္ဓာကိုယ်ပေါ်ရှိ နက်ပြာရောင် မီးတောက်များသည် ကုသနေသကဲ့သို့ အဆက်မပြတ် တောက်ပနေခဲ့၏။ သူသည် အထက်ကောင်းကင်ရှိ အနက်ရှိုင်းဆုံး အပိုင်းသို့ သတိထားစွာ ကြည့်နေခဲ့သည်။

သူ့ဘေးရှိ သူတော်စင်ဘုရင်က ပြောလိုက်သည်။

"မဟာခေတ်သစ်က နီးကပ်လာပြီ၊ ကောင်းကင်ဘုံတက်လှမ်းခြင်းနဲ့ တာအိုကို ရရှိဖို့ အခွင့်အရေး ရှိနိုင်တယ်။ 'ရွှမ်ထျန်း တာအိုကပ်ဘေး' က ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြလိမ့်မယ်။ ဒီ မဟာခေတ်သစ်မှာ အခွင့်အရေးတွေကို ငါတို့ ရယူဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး"

"ထိုက်ရီအစစ်အမှန်ဂိုဏ်းက နတ်ဘုရားအရိုးနဲ့ နတ်ဘုရား ကိုယ်တွင်းအင်္ဂါ ပါတဲ့ ပါရမီရှင် နောက်တစ်ယောက် မွေးထုတ်ပေးနိုင်တာကို ပြောနေစရာတောင် မလိုဘူး... ငါ့ရဲ့ အဲဒီ တူမလေးကလည်း နာမည်ပြောင်းပြီး အဲဒီ ဂိုဏ်းကို ဝင်သွားပုံရတယ်။ ဘယ်သူသိမလဲ၊ တစ်နေ့နေ့ကျရင် ငါ့ကို လက်စားချေဖို့ သူမ ထွက်လာနိုင်တယ်၊ ဟားဟား..."

သူတော်စင်ဘုရင် စကားပြောနေစဉ် အထင်အမြင်သေးသော အေးစက်သည့် အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။ သူ မသတ်ပစ်နိုင်ခဲ့သော တူမလေးကို ဂရုမစိုက်ပုံ ရ၏။

ယင်ဖီးနစ်က ပြောလိုက်သည်။

"အဲဒီ နတ်ဘုရားအရိုးနဲ့ နတ်ဘုရား ကိုယ်တွင်းအင်္ဂါ ပါတဲ့ ပါရမီရှင် အကြောင်း မင်း စိတ်ပူစရာ မလိုပါဘူး... တာလော့ သားကောင်ရှာဖွေပွဲ စတာနဲ့ ငါ့ မျိုးနွယ်စုက လူငယ်တွေကို သူ့ကို သွားရှာပြီး သတ်ခိုင်းလိုက်မယ်... သူ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။"

"ကောင်းပြီ"

သူတော်စင်ဘုရင် ခေါင်းညိတ်လိုက်သည်။

"ငါ့ ကျန်းမိသားစု ဝင်တွေလည်း မင်းကို ကူညီလိမ့်မယ်... ဒီတစ်ကြိမ်တော့ ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ ခြိမ်းခြောက်မှုကို ငါတို့ အမြစ်ပြတ် ခြေမှုန်းရမယ်။"

လူနှင့် သားရဲသည် မျှော်စင်မြင့်ထက်တွင် လျှို့ဝှက်စွာ ကြံစည်ကြတော့သည်။ ၎င်းတို့၏ အစီအစဉ်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

အကြောင်းမှာ ယင်ဖီးနစ်က ဒြပ်စင်ငါးပါး ကောင်းကင်အရှင်သခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့စဉ်ကတည်းက ကျန်းမိသားစု နှင့် ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် ဖြေရှင်း၍မရနိုင်သော ရန်ငြိုးကြီး စတင်ခဲ့ပြီး ဖြစ်သည်။

အလယ်ပိုင်းပြည်နယ်၊ မြင့်မြတ်နယ်မြေ။

ဆေးဂိုဏ်း။

ကမ္ဘာကြီးကို လွှမ်းခြုံထားသော ဖြစ်ရပ်ကြီးကို ကြည့်ရင်း ဆေးဂိုဏ်း၏ မဟာအကြီးအကဲသည် အော်ပြောလိုက်သည်။

"ယွင်နီ... မင်းရဲ့ လင်တော်မောင်က နောက်ထပ် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို ဖော်စပ်လိုက်ပြန်ပြီ... ဒီလို ဖြစ်ရပ်ကြောင့် ကမ္ဘာပေါ်က မရေမတွက်နိုင်တဲ့ အလှတရားတွေက သူ့ကို မျက်စိကျနေကြပြီ... မင်းသာ မမြန်ဘူးဆိုရင် ဟင်းရည် တစ်ငုံတောင် သောက်ရမှာ မဟုတ်ဘူး"

ဤအသံသည် ဆေးဂိုဏ်း၏ ပင်မခန်းမ တစ်လျှောက် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော ဆေးဂိုဏ်း တပည့်များကို မှင်တက်သွားစေခဲ့၏။

ဆေးဂိုဏ်း၏ နတ်ဘုရားမသည် မျက်နှာ နီရဲသွားပြီး ခြေဆောင့်ကာ ပြောလိုက်သည်။

"မဟာအကြီးအကဲ... ဘာမှ သေချာသေးတာ မဟုတ်ဘူးလေ... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။"

"ငါ ဘာ အဓိပ္ပာယ်မရှိတာ ပြောလို့လဲ... မင်းကိုယ်တိုင်လည်း သူ့ကို သဘောကျနေတာ မဟုတ်ဘူးလား။"

ဆေးဂိုဏ်း၏ မဟာအကြီးအကဲသည် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။ ဤသည်က ရင်သားကြီးသော မိန်းကလေးကို ပို၍ပင် ရှက်ရွံ့သွားစေခဲ့သော်လည်း မငြင်းဆိုဘဲ သူမ၏ အင်္ကျီလက်များကိုသာ ကစားနေခဲ့သည်။

ဤသည်ကို မြင်သောအခါ မဟာအကြီးအကဲသည် မိန်းကလေး၏ အတွေးများကို မည်သို့ မခန့်မှန်းဘဲ နေမည်နည်း။ သူက ချက်ချင်း ဝမ်းသာအားရ ပြောလိုက်သည်။

"လာ၊ လာ၊ လာ... အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်ဆွဲကြစို့... တာလော့ သားကောင်ရှာဖွေပွဲ အတွင်း အဲဒီကလေး နင်းဖန်ကို ငါတို့ လုံးဝ ဆွဲဆောင်ပြီး ယွင်နီကို သဘောကျသွားအောင် လုပ်ရမယ်"

ထိုသို့ပြောပြီး သူသည် အကြီးအကဲတစ်စုကို ခေါ်ဆောင်ကာ အစည်းအဝေးတစ်ခု စတင် ပြုလုပ်တော့၏။ အဘိုးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ဆွေးနွေးကြပြီး ကောက်ကျစ်သည့် အကြံဉာဏ်များ ထွက်ပေါ်လာခဲ့သည်။

သို့သော် တကယ်တမ်းတွင် သူတို့သည် သူတို့၏ နတ်ဘုရားမကို ပါရမီရှင် တစ်ဦးအား မည်သို့ ဖမ်းယူရမည်ကို သင်ကြားပေးနေခြင်းသာ ဖြစ်သည်။

---

All Chapters