← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁) သွေးစွန်းသော စုံစမ်းစစ်ဆေးမှု၊ ငါက ဆန္ဒမရှိဘူးလို့ မင်း ဘယ်လို သိတာလဲ

တပ်မှူးသုံးဦးသည် ဤမြင်ကွင်းကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြပြီး သူတို့၏ စိတ်နှလုံးများ ပြင်းထန်စွာ ခုန်ပေါက်နေပေ၏။

မင်းသားတစ်ပါးသည် သူတို့၏ တပ်ဖွဲ့ ၁၀ ထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းက မင်းသား၏ အနာဂတ် ပျက်သုဉ်းသွားပြီဖြစ်ကြောင်း သူတို့အား ရှင်းလင်းစွာ သိမြင်စေခဲ့သည်။

သို့သော် လုံးလုံးလျားလျား အံ့အားသင့်စရာကောင်းလှစွာဖြင့် တစ်ဖက်လူသည် မယုံနိုင်လောက်အောင်ပင် ပြတ်သားမာထန်နေပေ၏။

"တပ်မှူးလီ... စိတ်လိုက်မာပါ မလုပ်ပါနဲ့... စိတ်လိုက်မာပါ မလုပ်ပါနဲ့..."

"ဒါက အရှင်မင်းသားပါ..."

တပ်မှူးတစ်ဦးက အလျင်အမြန် သတိပေးလိုက်သည်။

လီယီသည် နောက်ဆုံး၌ မြေပြင်ပေါ်သို့ ခက်ခဲစွာ ဒူးထောက်ချလိုက်၏။

"ဒီငယ်သား လီယီက ဒုတပ်မှူးချုပ်ကို ဂါရဝပြုပါတယ်..."

တခြားတပ်မှူးသည်လည်း ချွင်းချက်မရှိပေ။

သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ပြောဆိုလိုက်သည်။

"ဒုတပ်မှူးချုပ်ကို ဂါရဝပြုပါတယ်..."

"လီယီ နေခဲ့... ကျန်တဲ့သူတွေက လောလောဆယ် ပြန်သွားလို့ရပြီ..."

ချင်လော့က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။

အခြားသူများသည် တွန့်ဆုတ်မနေဘဲ ချက်ချင်း နောက်ဆုတ်သွားကြရာ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လီယီသာ ကျန်ရစ်ခဲ့သည်။

ချင်လော့သည် လီယီကို ငုံ့ကြည့်လိုက်သော်လည်း ဘာမှမပြောဆိုသဖြင့် လီယီက မတ်တတ်မထရဲချေ။

လူတိုင်းတွင် အားနည်းချက် တစ်ခုစီရှိကြပြီး လီယီသည်လည်း ချွင်းချက်မဟုတ်ပေ။

သူ၏ ညီမလေးသည် သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှု ဖြစ်၏။ အကယ်၍ ထိုသို့သာမဟုတ်လျှင် သူသည် မဟာချင်အင်ပါယာ၏ နတ်ဆိုးနှိမ်နင်းရေးဌာနတွင် ခိုလှုံခဲ့မည် မဟုတ်ချေ။

နတ်ဆိုးနှိမ်နင်းရေးဌာနကသာ သူ၏ မိသားစုကို ကာကွယ်ပေးနိုင်ပေသည်။

သူသည် မဟာချင်အင်ပါယာအတွက် အမှုထမ်းပြီး သူ၏ မိသားစုကို ကာကွယ်ပေးသော နတ်ဆိုးနှိမ်နင်းရေးဌာနအတွက် တာဝန်များကို ထမ်းဆောင်လေ၏။

ခဏအကြာချိန်တွင် ချင်လော့က နောက်ဆုံး၌ စကားပြောလာခဲ့သည်။

"ကံကြမ္မာဓားကိုးလက်ဂိုဏ်းက ဂိုဏ်းချုပ်ရဲ့ သားက မင်းရဲ့ မိန်းမကို စော်ကားခဲ့လို့ မင်းက သူ့သား တစ်ယောက်တည်းကိုပဲ သတ်ခဲ့တာလား..."

ဤကိစ္စကို ပြောဆိုလာချိန်တွင် လီယီ၏ စိတ်ထဲ၌ နာကြည်းမှုများ ခံစားလိုက်ရသည်။

"ဟုတ်ပါတယ်... ကျွန်တော် အဲ့ဒီကောင်ကိုပဲ သတ်ခဲ့တာပါ..."

"အသုံးမကျတဲ့ အမှိုက်..."

ချင်လော့က လှောင်ပြောင်လိုက်၏။

"မင်းရဲ့ မိန်းမက တခြားသူရဲ့ စော်ကားမှုကို ခံခဲ့ရတာ... မင်းက အဲ့ဒီလူတစ်ယောက်တည်းကိုပဲ သတ်ရမှာမဟုတ်ဘဲ သူ့မိသားစု တစ်ခုလုံးကို သတ်ပစ်ရမှာပေါ့... ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ..."

လီယီသည် ဤသည်ကို သေချာပေါက် ဝန်ခံချင်နေခဲ့သည်။

ယခု ထိုသို့ ပြောဆိုခံရချိန်တွင် သူသည် အမှန်တကယ်ပင် အသုံးမကျသူ တစ်ဦးဖြစ်ကြောင်း ခံစားလိုက်ရ၏။

"ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ဘူး..."

သူ၏ ကျင့်ကြံမှုအဆင့်သည် ပြင်းထန်သော အားနည်းချက်တစ်ခု ဖြစ်ပေသည်။

ကံကြမ္မာဓားကိုးလက်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်အဆင့်သို့ ခြေတစ်လှမ်းရန်သာလိုသော လိုဏ်ဂူကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

လီယီ၏ ကျင့်ကြံမှုအဆင့်သည် လိုဏ်ဂူကောင်းကင်အဆင့်၏ အဆင့် ၃ သို့သာ ရောက်ရှိနေသေး၏။

"ငါ့ လက်အောက်ငယ်သား ဖြစ်လာလိုက်... အနာဂတ်မှာ ဘာမဆို ဖြစ်နိုင်တယ်..."

"မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်..."

ချင်လော့၏ စကားများက လီယီအား ဆွံ့အသွားစေခဲ့သည်။

ချင်လော့၏ လက်အောက်ငယ်သား ဖြစ်ရမည်တဲ့လား။

ဤသို့ လက်အောက်ခံခြင်းသည် ချင်လော့ကဲ့သို့ နယ်နှင်ဒဏ်ခံရခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

"ဘာလဲ... မင်း ငါ့ကို မယုံဘူးလား..."

"ငါ့ရဲ့ အနောက်မှာ မဟာသူတော်စင် တစ်ပါး ရှိနေတယ်ဆိုတာ မင်း သိလား... ကံကြမ္မာဓားကိုးလက်ဂိုဏ်းကို ဖျက်ဆီးဖို့ဆိုတာ သူ့အတွက် စကားတစ်ခွန်းလောက်ပဲ လွယ်ကူလိမ့်မယ်..."

ယင်းစကားများကြောင့် လီယီသည် ဆွဲဆောင်ခံလိုက်ရ၏။

သူ၏ ရင်ထဲရှိ ဤဆူးငြောင့်ခလုတ်ကြောင့် သူ၏ ကျင့်ကြံမှုသည် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ပြီး တိုးတက်မှု လုံးလုံးလျားလျား မရှိသလောက်ပင် ဖြစ်ခဲ့သည်။

ယခုအခါ လက်စားချေရန် အခွင့်အရေး ရရှိလာချိန်တွင် သူ သေချာပေါက် လိုချင်မိပေသည်။

"ဒုတပ်မှူးချုပ်... ဒီကိစ္စကို စဉ်းစားဖို့ အချိန်လေး ပေးလို့ရမလား..."

"ကောင်းပြီလေ... မင်းစဉ်းစားဖို့ အသက်သုံးခါရှူချိန် ရမယ်..."

ချင်လော့က အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဒါက မင်းအတွက် အခွင့်အရေး တစ်ခုပဲ... ငါ့အတွက်ကတော့ မင်းရဲ့ သေးနုပ်တဲ့ လိုဏ်ဂူကောင်းကင်အဆင့်ကို မလိုအပ်ဘူး..."

"မင်းမှာ အသက်တစ်ခါရှူချိန်ပဲ ကျန်တော့တယ်..."

"အဖြေပေးစမ်း..."

ချင်လော့၏ စကားများက လီယီအား ဆွံ့အသွားစေခဲ့သည်။ မည်သူက ဤသို့ တွေးတောမည်နည်း။ ဤသည်က အမှန်တကယ်ပင် လွန်ကဲလွန်းလှပေသည်။

‘ဘန်း’...

လီယီက ပြင်းထန်စွာ ခေါင်းငုံလိုက်သည်။

"ဒီငယ်သားက အရှင်မင်းသားကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်... အရှင်မင်းသားအနေနဲ့ ကံကြမ္မာဓားကိုးလက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သတ်ဖို့ ကူညီပေးဖို့ပဲ တောင်းဆိုချင်ပါတယ်..."

"မရဘူး..."

လီယီသည် မြင်းကောင်ရေ သန်းပေါင်းများစွာ သူ၏ စိတ်ထဲ၌ ပြေးလွှားနေသည်ဟု ခံစားလိုက်ရပြီး ချင်လော့၏ နောက်ထပ်စကားကို ကြားချိန်တွင် သူ ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားခဲ့၏။

"ကံကြမ္မာဓားကိုးလက်ဂိုဏ်းကို ဖျက်ဆီးပစ်ကြတာပေါ့..."

"ဒီလက်စားချေမှု သံသရာက ဘယ်တော့ အဆုံးသတ်မှာလဲ... အမြစ်ပြတ် ရှင်းလင်းလိုက်တာက ပိုကောင်းတယ်... ဒါမှ မင်းအတွက်ရော သူ့အတွက်ပါ ကောင်းလိမ့်မယ်..."

"မင်းက ငါ့ကို သစ္စာခံပြီဆိုမှတော့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တစ်ခု ချန်ထားဖို့ လိုအပ်တယ်..."

ချင်လော့သည် သစ္စာစောင့်သိမှုကို မည်သည့်အခါကမျှ မယုံကြည်ခဲ့ချေ။ သူ လိုအပ်သောအရာမှာ ထိန်းချုပ်မှုပင် ဖြစ်သည်။

အခြားသူများကို လွှမ်းမိုးရန်နှင့် သူတို့၏ လုံးလုံးလျားလျား သစ္စာစောင့်သိမှုကို ရယူရန် သူ့တွင် အချိန်မရှိချေ။ အခြားသူများက ထိုအကြောင်းကို အရင်ပြောဆိုတတ်ကြသော်လည်း သူကတော့ အရင်ဆုံး လက်တွေ့လုပ်ဆောင်ချင်လေ၏။

လီယီသည် ပြတ်သားသော သူတစ်ဦး ဖြစ်သည်။ ချင်လော့ထံ အညံ့ခပြီးဖြစ်သဖြင့် သူသည် အဆုံးအထိ သွားမည်ဖြစ်ပြီး ချင်လော့အား သေခြင်းရှင်ခြင်းတံဆိပ်တုံးကို ရိုက်နှိပ်ခွင့်ပြုမည် ဖြစ်၏။

သေခြင်းရှင်ခြင်းတံဆိပ်ကို ခံစားရပြီးနောက် ချင်လော့အပေါ် လီယီ၏ ကြောက်ရွံ့မှုက ပိုမို နက်ရှိုင်းလာခဲ့သည်။

‘ ဒီအရှင်မင်းသားက ငါ ကြားဖူးသလို တပ်ဖွဲ့ ၁၀ကို နယ်နှင်ဒဏ်ပေးခံရတဲ့သူ သက်သက်တော့ မဟုတ်လောက်ဘူး…’

"နောက်ထပ်... ငါတို့ရဲ့ တပ်ဖွဲ့ ၁၀ရဲ့ စည်းမျဉ်းတွေအကြောင်း သေချာ ပြောပြပါ.."

ချင်လော့က မေးမြန်းလိုက်သည်။

နတ်ဆိုးနှိမ်နင်းရေးဌာန၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူသည် နတ်ဆိုးနှိမ်နင်းရေးဌာန၏ စည်းမျဉ်းများကို လိုက်နာပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်မှာ သဘာဝပင် ဖြစ်၏။ သေချာပေါက် အကယ်၍ စည်းမျဉ်းများကို မလိုက်နာ ပါက စည်းမျဉ်းများကလည်း ကာကွယ်ပေးမည် မဟုတ်ချေ။

လီယီသည် သူသိသမျှ အရာအားလုံးကို ချင်လော့အား ပြောပြခဲ့ပြီး နောက်ဆုံး၌ သတိပေးလိုက်သည်။

"အရှင်မင်းသားက အခု ကျွန်တော်တို့ရဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဒုတပ်မှူးချုပ် ဖြစ်နေပြီဆိုမှတော့ တပ်ဖွဲ့ ၁၀ရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး တာဝန်တွေကို လက်ခံရပါမယ်..."

"ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ ၁၀က နတ်ဆိုးနှိမ်နင်းရေးဌာနမှာ မြို့တော်အတွင်း တာဝန်ထမ်းဆောင်စရာ မလိုတဲ့ တစ်ခုတည်းသော တပ်ဖွဲ့ပါ... ကျွန်တော်တို့ထဲက အများစုက တစ်ယောက်နဲ့တစ်ယောက်တောင် တွေ့ဖူးမှာ မဟုတ်ဘူး..."

"ဒီတစ်ကြိမ်တော့ ကျွန်တော် က တိုက်ဆိုင်လို့ ရှိနေခဲ့တာပါ..."

"ဒုတပ်မှူးချုပ် ပြီးမြောက်ဖို့ လိုအပ်တဲ့ တာဝန်တွေ အကုန်လုံး ငါ့ဆီ ယူလာခဲ့... ငါ ကြည့်လိုက်မယ်..."

မကြာမီ တာဝန်များအားလုံး ရောက်ရှိလာခဲ့ပြီး ချွင်းချက်မရှိ ဒုတပ်မှူးချုပ်အဆင့် တာဝန်များအားလုံးသည် သူတော်စင်အဆင့် လူများ သို့မဟုတ် အဖွဲ့အစည်းများနှင့် သက်ဆိုင်နေပေသည်။

ဥပမာအားဖြင့် အလိုရှိနေသော ရာဇဝတ်ကောင်များနှင့် အစွမ်းထက် သူတော်စင်အဆင့် ကျင့်ကြံသူများကို လိုက်လံဖမ်းဆီးခြင်း၊ မဟာချင်အင်ပါယာကို ပွင့်လင်းစွာ ဆန့်ကျင်နေသော မြင့်မြတ်နယ်မြေအဆင့် အဖွဲ့အစည်းများကို ရှင်းလင်းခြင်းတို့ ဖြစ်၏။

"ဒီတာဝန်ကို ယူလိုက်ကြတာပေါ့..."

တာဝန် - ဝူယွမ်စစ်သူကြီး မိသားစု မျိုးတုံးသတ်ဖြတ်ခံရမှု၏ နောက်ကွယ်မှ အမှန်တရားကို စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူအားလုံးကို ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း။

မိတ်ဆက် - ဝူယွမ်စစ်သူကြီးသည် မဟာချင်အင်ပါယာရှိ ဒုတိယတန်းစား စစ်သူကြီးတစ်ဦး ဖြစ်ပြီး သူ၏ ဘွဲ့ထူးကို မျိုးဆက်သုံးဆက်အထိ ဆက်ခံနိုင်ပေသည်။

ဝူယွမ်စစ်သူကြီး အေးချမ်းစွာ ကွယ်လွန်သွားသောနေ့တွင် သူ၏ မိသားစုတစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သူတစ်ဦး၏ ရုတ်တရက် မျိုးတုံးသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

သံသယရှိသူ - သွေးလမင်းမြင့်မြတ်နယ်မြေ။

"ကျွတ် ကျွတ်... ဒါပေမဲ့ ငါက ဒီလို တာဝန်မျိုးကို လုပ်ရတာ သဘောကျတယ်..."

"စုံစမ်းစစ်ဆေးမှုတွေ လုပ်တာက ငါ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား..."

သွေးလမင်းမြင့်မြတ်နယ်မြေသည် တောင်တန်းတစ်သောင်းနယ်မြေအတွင်းရှိ ဂိုဏ်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ထိုနယ်မြေ၏ စွမ်းအားသည် ထိုက်ရွှီမြင့်မြတ်နယ်မြေထက် အနည်းငယ် အားနည်းကောင်း အားနည်းနိုင်ပေ၏။ ခန္ဓာကိုယ်၏ ယခင်ပိုင်ရှင်သည် သွေးလမင်းမြင့်မြတ်နယ်မြေမှ လူများနှင့် ယခင်က ဆက်သွယ်မှု မရှိခဲ့ဖူးသကဲ့သို့ သူတို့အကြောင်းကိုလည်း များများစားစား မသိရှိခဲ့ချေ။

သူတို့ကို စုံစမ်းစစ်ဆေးခြင်းသည် သဘာဝကျကျ အလွန် အန္တရာယ်များလှသဖြင့် စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ပြီးမြောက်ရန် တပ်မှူးအဆင့် ပုဂ္ဂိုလ်တစ်ဦး လိုအပ်ပေသည်။ ချင်လော့သည် တပ်မှူးဘွဲ့ကို ရရှိထားသော်လည်း အခြားသူများကမူ သူ့တွင် ဦးဆောင်နိုင်စွမ်း မရှိဟု ယုံကြည်ထားကြသည်။

ချင်လော့က တာဝန်ကို လက်ခံလိုက်သည်ကို မြင်တွေ့ချိန်တွင် လီယီက ချက်ချင်း သတိပေးလိုက်သည်။

"အရှင်မင်းသား... သွေးလမင်းမြင့်မြတ်နယ်မြေက ရယ်စရာလုပ်လို့ရတဲ့ နေရာမဟုတ်ဘူး... သူတို့က ကျွန်တော်တို့ရဲ့ မဟာချင်အင်ပါယာကို မကြောက်ကြဘူး... တကယ်လို့ ကျွန်တော်တို့သာ သူတို့ကို အရမ်း ဖိအားပေးမိရင် သူတို့က တန်ပြန်တိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်လာနိုင်တယ်..."

သတင်းစကားကို ပွင့်ပွင့်လင်းလင်း မပြောဆိုခဲ့သော်လည်း ဤသို့ စွန့်စားရခြင်း၏ ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ သဘာဝကျကျ ချင်လော့၏ သေဆုံးခြင်းကိုသာ ဦးတည်သွားစေလိမ့်မည်။

"ရပါတယ်...ဒါက သေးငယ်တဲ့ သွေးလမင်းမြင့်မြတ်နယ်မြေလေး တစ်ခုပဲလေ..."

ချင်လော့၏ စကားများတွင် ယုံကြည်မှုများ ပြည့်နှက်နေပေသည်။

ချင်လော့က ထိုသို့ ပြောဆိုထားပြီးဖြစ်သဖြင့် လီယီသည် သူ့ကို မတားဆီးတော့ချေ။

"ပြင်ဆင်ထားလိုက်... နောက်သုံးရက်နေရင် မင်းက ငါနဲ့အတူ တောင်တန်းတစ်သောင်းနယ်မြေကို လိုက်လာခဲ့ရမယ်... ငါ့လူတွေ အကုန်လုံးကို ခေါ်လာခဲ့... ခေါ်လို့ရသလောက် အများဆုံး ခေါ်လာခဲ့..."

တပ်မှူးတစ်ဦးသည် တာဝန်တစ်ခုကို လက်ခံရရှိချိန်တွင် တာဝန်ကိုသူ၏ လက်အောက်ငယ်သား တစ်ဦးထံသို့ သဘာဝကျကျ လွှဲအပ်နိုင်ပေသည်။

"ဟုတ်ကဲ့ပါ အရှင်..."

"ဒါနဲ့... အဲ့ဒီ စစ်မာဟောက်ကို သွားရှာပြီး နတ်ဆိုးနှိမ်နင်းရေးဌာနကို လာပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးအောင် လုပ်ခိုင်းလိုက်... အခုကစပြီး သူက ငါ့ရဲ့ စစ်သားတွေထဲက တစ်ယောက် ဖြစ်သွားပြီ..."

စစ်မာဟောက်သည် ဤသတင်းကို လက်ခံရရှိချိန်တွင် သူသည် ဆွံ့အသွားခဲ့ပေ၏။

စိုးရိမ်ပူပန်နေသော အမူအရာဖြင့် သူသည် ချင်လော့ထံသို့ ချဉ်းကပ်လာပြီး ပြောဆိုလိုက်သည်။

"အရှင်မင်းသား... အရှင်မင်းသားက တပ်ဖွဲ့ ၁၀ကို ရောက်လာလိမ့်မယ်ဆိုတာ ကျွန်တော် တကယ် မသိခဲ့ပါဘူး... အရှင်မင်းသား... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."

ချင်လော့သည် သူ့အပေါ် ဒေါသထွက်နေလိမ့်မည်ဟု သူ ထင်မြင်ထားခဲ့ပြီး သူ့အား တပ်ဖွဲ့ ၁၀သို့ ဝင်ရောက်ခိုင်းခြင်းမှာ ချင်လော့၏ ပြစ်ဒဏ်ပေးမှုတစ်ခုဖြစ်မည်ဟု တွေးတောထားခဲ့သည်။

"ဟက်..."

ချင်လော့က လှောင်ပြောင်လိုက်၏။

"ဒီတပ်ဖွဲ့ ၁၀က ငါ လိုချင်တဲ့ နေရာမဟုတ်ဘူးလို့ မင်း ဘယ်လိုလုပ် သိတာလဲ..."

ဤနေရာရှိ တာဝန်များသည် ပြီးမြောက်ရန် ပိုမိုခက်ခဲပြီး အရင်းအမြစ်များ ပိုမိုရှားပါးသည်ဆိုသော အချက်မှလွဲ၍ ဤနေရာရှိ စည်းမျဉ်းများသည် အခြားသော တပ်ဖွဲ့ကိုးခုထက် များစွာ ပိုနည်းပါးပေသည်။

တပ်မှူးချုပ်ပင်လျှင် တာဝန်များဖြင့် အပြင်ရောက်နေသဖြင့် ချင်လော့သည် တပ်ဖွဲ့ ၁၀အတွင်း၌ အစွမ်းအထက်ဆုံး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

"ဒီမှာ စည်းမျဉ်းတွေ နည်းတာ ကောင်းတယ်... အခုကစပြီး ငါ ချင်လော့က စည်းမျဉ်းပဲ…”

All Chapters