အခန်း (၄၅)
Vol. 5 Ch. 45
အခန်း (၄၅) နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်း၊ သွေးသတ်ဖြတ်ရေးမျှော်စင် နောက်ကွယ်မှ ကြိုးကိုင်သူ
"ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင်စဉ်... ဝါးမြိုလိုက်စမ်း..."
သူတော်စင် မူလအဆီအနှစ်၊ အစွမ်းထက်သော လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူများ၏ မူလအဆီအနှစ်များ၊ ဝိညာဉ်များနှင့် ယခင်က အပြည့်အဝ မသန့်စင်ရသေးသော လင်းရွှမ်၏ မူလအဆီအနှစ်များ... အားလုံးသော မူလအဆီအနှစ်စွမ်းအင်များသည် ချင်လော့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပေ၏။
ရှီးဟွမ်က ချင်လော့အား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ချင်လော့သည် ရူးသွပ်နေကြောင်း သူမ ဝန်ခံရပေမည်။
ဤသို့သော ရူးသွပ်သူသည် မရူးသွပ်သွားလျှင် သေချာပေါက် အဆုံးထိ အသက်ရှင်ကျန်ရစ်လိမ့်မည် ဖြစ်ပေ၏။
"သူက သူ့ကိုယ်သူ အရမ်း ရက်စက်လွန်းတယ်... တကယ်လို့ သူသာ ဒီလောကရဲ့ ထိပ်တန်းကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ရင် သေချာပေါက် ရက်စက်ပြီး အကောက်ကြံတဲ့သူ တစ်ယောက် ဖြစ်လာလိမ့်မယ်..."
"ပိုပြီး စွမ်းအားကြီးလာဖို့အတွက် သူက ဒီလောကရဲ့ မူလအဆီအနှစ်ကိုတောင် ဝါးမြိုဖို့ ဝံ့ရဲလောက်တယ်..."
ဤမူလအဆီအနှစ်များကို ဝါးမြိုခြင်းဖြင့် ချင်လော့သည် သူ၏ ကျင့်ကြံမှုကို နတ်စွမ်းအင်အဆင့်၏ အမြင့်ဆုံး ကန့်သတ်ချက်အထိ အကြိမ်ကြိမ် တွန်းပို့ခဲ့ပြီး နောက်ထပ် တိုးတက်ရန် လမ်းစမရှိတော့သည်အထိ ကန့်သတ်ချက်ကို ထပ်ခါတလဲလဲ တွန်းတင်ခဲ့ပေ၏။ ထို့နောက် သူတို့၏ ဝိညာဉ် မူလအဆီအနှစ်များကို ဝါးမြိုလိုက်လေသည်။
ဝါးမြိုလိုက်စမ်း…
ဝုန်း…
နားကွဲမတတ် အသံကျယ်ကြီးတစ်ခု ချင်လော့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ မည်မျှပင် သန့်ရှင်းနေပါစေ ဤ ဝိညာဉ်များသည် အခြားသူများ၏ အရာဖြစ်နေဆဲဖြစ်ရာ ထိုဝိညာဉ်များ၏ ကြွင်းကျန်ရစ်သော အရာများကြောင့် သူ ထိခိုက်ခံရသည်မှာ ရှောင်လွှဲ၍မရနိုင်ချေ။
ချင်လော့က ရေရွတ်လိုက်၏။
"ကျွတ်... ငါ ဇာတ်ကားတွေ အများကြီး ကြည့်ဖူးပါတယ်... ဒါကို ရုပ်ရှင်ကြည့်နေသလို သဘောထားလိုက်ရုံပေါ့..."
ရိုးရိုးသားသား ပြောရလျှင် လူအများစုသည် ချင်လော့လောက် ဘဝအတွေ့အကြုံ များများစားစား ရှိမည်မဟုတ်ချေ။
သူတို့က သူတော်စင်တစ်ပါးဖြစ်နေလျှင်ပင် ဘာဖြစ်သနည်း။ သူတို့တွင် ကိုယ်ပိုင် အတွေ့အကြုံများသာ ရှိပေသည်။
ချင်လော့သည် သတင်းအချက်အလက်များ ပေါက်ကွဲထွက်ပေါ်နေသော ခေတ်မှ လာသူဖြစ်ရာ သူသည် ရုပ်ရှင်ပေါင်း မြောက်မြားစွာကို ကြည့်ရှုခဲ့ပြီး ဝတ္ထုပေါင်း မြောက်မြားစွာကို ဖတ်ရှုခဲ့ဖူးသည်။
ကြွင်းကျန်ရစ်သော ဝိညာဉ်၏ မှတ်ဉာဏ်က သက်ရောက်မှု ရှိသလား။ ရှိသော်လည်း သည်းခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေး၏။
'ဝိညာဉ်သန့်စင်မီးဖိုမဟာကျင့်စဉ်... စတင်ကျင့်ကြံစမ်း…’
ထိုဝိညာဉ် မူလအဆီအနှစ်များကို လောင်စာအဖြစ် အသုံးပြုကာ မိမိကိုယ်ပိုင် ဝိညာဉ်ကို ပုံသွင်းဖန်တီးလိုက်လေသည်။
လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူ အနည်းငယ်၏ ဝိညာဉ် မူလအဆီအနှစ်များသည် လောင်ကျွမ်းသွားပြီးနောက် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ပြီးပြည့်စုံစွာ ရောက်ရှိသွားခဲ့ပေ၏။
ထို့နောက်တွင် သူတော်စင်အဆင့် ကျင့်ကြံသူ၏ ဝိညာဉ် မူလအဆီအနှစ်... လောင်ကျွမ်းစမ်း...
ဝိညာဉ်မီးတောက်သည် ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ၁ အထွတ်အထိပ်... နတ်ဘုရားအသွင်ပြောင်းအဆင့် ၂ အထွတ်အထိပ်... နတ်ဘုရားအသွင်ပြောင်းအဆင့် ၂ ...
အဆင့်တက်လှမ်းခြင်း... နတ်ဘုရားအသွင်ပြောင်းအဆင့် ၄…
"တိုးတက်မှုက အရမ်း မြန်လွန်းနေတယ်... ပြဿနာတွေ ဖြစ်လာလိမ့်မယ်..."
ရှီးဟွမ်က ချင်လော့အား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေခဲ့၏။
နောက်ဆုံးတွင် သူမက သက်ပြင်းချလိုက်ပြီး ပြောဆိုလိုက်သည်။
"မင်းကို တင်နေတဲ့ အကြွေးလို့ပဲ သဘောထားလိုက်ပါတော့... ပြန်ဆပ်ဖို့အတွက် မင်း ကောင်းကောင်း စဉ်းစားထားတာ ပိုကောင်းမယ်..."
စကားပြောပြီးနောက် ရှီးဟွမ်သည် ချင်လော့၏ ဘေးသို့ လျှောက်သွားကာ ကျင့်စဉ်တစ်ခုကို သုံး၍ ထိုဝိညာဉ် မူလအဆီအနှစ်များ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော အပျက်သဘောဆောင်သည့် ခံစားချက်များကို ချင်လော့အား အတင်းအကျပ် ဖယ်ရှားပေးလိုက်သည်။
ရှီးဟွမ်၏ အကူအညီဖြင့် ချင်လော့၏ ဝိညာဉ်စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့၏။
နတ်ဘုရားအသွင်ပြောင်းအဆင့်သည် အဓိကအားဖြင့် ဝိညာဉ်ကို မြှင့်တင်ပေးခြင်းဖြစ်ပြီး တည်ငြိမ်သော ဝိညာဉ်တစ်ခုရှိမှသာ မိမိ၏ ကျင့်ကြံမှုသည် တည်ငြိမ်နိုင်ပေမည်။
ချင်လော့၏ ဝိညာဉ်သည် များစွာ ပိုမိုခိုင်မာလာခဲ့ပြီး ရှီးဟွမ်၏ ခန္ဓာကိုယ်မှာမူ ပိုမို ဝေဝါးလာခဲ့သည်။
"တစ်ယောက် အကျိုးရှိလျှင် အားလုံး အကျိုးရှိမည်၊ တစ်ယောက် ဒုက္ခရောက်လျှင် အားလုံး ဒုက္ခရောက်မည်" ဟူသော စကားမှာ ကြားရသလောက် မရိုးရှင်းလှချေ။
အကယ်၍ ချင်လော့သာ မတော်တဆမှု တစ်ခုခုနှင့် ကြုံတွေ့ရပါက ရှီးဟွမ်သည် သေချာပေါက် သေဆုံးရမည် ဖြစ်ပေ၏။ဧကရီတစ်ပါးအနေဖြင့် သူမသည် သဘာဝကျကျ မည်သည့်အချိန်တွင် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိသော ဉာဏ်ကောင်းသူ တစ်ဦး ဖြစ်ပေသည်။
သူမ၏ အမြင်တွင် ချင်လော့သည် အတင်းအကျပ် ခိုင်းစေခြင်းထက် ညင်သာစွာ ဖျောင်းဖျခြင်းကို ပို၍ လိုက်လျောတတ်သူ ဖြစ်၏။
သူတော်စင်အဆင့် မူလအဆီအနှစ် ၊ လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူ အနည်းငယ်နှင့် လင်းရွှမ်၏ ဒြပ်ငါးပါးဝိညာဉ်ခန္ဓာ မူလအဆီအနှစ်များ ပေါင်းစပ်မှုနှင့်အတူ ချင်လော့၏ ကျင့်ကြံမှုသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ၅ တွင် တည်ငြိမ်သွားခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် အရင်းအမြစ်များစွာလည်း အလဟဿ ဖြစ်သွားခဲ့ပေ၏။
တစ်ဖက်တွင် ဝိညာဉ်စွမ်းအား မလုံလောက်ခြင်းကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ အချိန်ယူမှု အလွန်နည်းပါးလွန်းခြင်းကြောင့် ဖြစ်သည်။
အကယ်၍ စိတ်ရှည်ရှည်ဖြင့် စုပ်ယူပြီး တည်ငြိမ်အောင် ထားရှိပါက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနိုင်ကောင်း ရောက်ရှိနိုင်ပေသည်။
သို့သော် အချိန်အကြာကြီး ယူရပေလိမ့်မည်။ ချင်လော့က ထိုမျှလောက်ကြာအောင် မစောင့်ဆိုင်းနိုင်သကဲ့သို့ စောင့်လည်း မစောင့်ဆိုင်းချင်ခဲ့ချေ။
သူ့အတွက် အချိန်သည် အရင်းအမြစ်များထက် များစွာ ပို၍ တန်ဖိုးရှိလှပေသည်။
အရင်းအမြစ်များသည် ပေါများလှ၏။ ကံကြမ္မာသားတော် အနည်းငယ်ကို ထပ်သတ်ရုံဖြင့် မလုံလောက်လျှင် သူတော်စင် အနည်းငယ်ကို ထပ်သတ်လိုက်ရုံပဲ မဟုတ်ပါလော။
မျက်လုံးများကို ဖွင့်လိုက်ပြီး ချင်လော့သည် အလွန်ဝေဝါးနေသော ရှီးဟွမ်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ကာ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
ဝုန်း…
ကြွေပုလင်းထဲမှ သန့်စင်သော စွမ်းအင်တစ်ဟုန် ကောင်းကင်ယံသို့ ပန်းထွက်သွားပြီး ရှီးဟွမ်ကို ချက်ချင်း အံ့အားသင့်သွားစေခဲ့၏။
အပြင်ဘက်တွင် ချင်လော့အား စောင့်ကြပ်ပေးနေသော ချန်ကျန့်ရှန်းသည်လည်း ရုတ်တရက် နိုးကြားလာပြီး စွမ်းအင်၏ အရင်းအမြစ်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
"အရှင်မင်းသားက ဒီလို ရတနာမျိုးကို တကယ် ပိုင်ဆိုင်ထားတာလား..."
တွန့်ဆုတ်မနေဘဲ အခြားသူများ ချောင်းမြောင်းကြည့်ရှုခြင်းကို ကာကွယ်ရန် တားမြစ်အစီအရင် အလွှာများကို သူ ချက်ချင်း ချမှတ်လိုက်ပေ၏။
"အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်... ငါ့အတွက် သန့်စင်ပေးစမ်း..."
ချင်လော့က ရေရွတ်လိုက်သည်။
ထို နတ်နဂါးအဆီအနှစ်သွေး တစ်စက်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်သွားပြီး သူ၏ အငွေ့အသက်များကို တရိပ်ရိပ် မြင့်တက်လာစေခဲ့၏။
ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အဆက်မပြတ် သန့်စင်မှုကို စတင် ခံယူလေသည်။
"နောက်ထပ် ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုပဲ..."
ရှီးဟွမ်၏ အမူအရာသည် အတော်လေး စိတ်ဝင်စားဖွယ် ကောင်းနေပေ၏။ ယခင်က သွေးရေကန်ထဲတွင် ရှိနေစဉ် မဟာချင်အင်ပါယာ၏ တားမြစ်အစီအရင်များ ရှိနေခြင်းကြောင့် ရှီးဟွမ်သည် ချင်လော့၏ အပြင်ဘက်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ချေ။
ယခုမူ ချင်လော့၏ ကျင့်စဉ်သည် အလွန် မြင့်မားသော အဆင့်တွင် ရှိနေကြောင်း သူမ ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်သည်။
"ဒါက လူတိုင်း အထင်သေးကြတဲ့ မွေးရာပါသေမျိုးခန္ဓာ၊ သွေးမျိုးဆက်မူလအသွင်ပြန်ရောက်ခြင်းလား... ဟမ်..."
ရှီးဟွမ်က လှောင်ပြောင်လိုက်၏။
"ဒါပေမဲ့ သူတို့ တစ်ခု မေ့သွားကြတယ်... ဒီသွေးမျိုးဆက်ခန္ဓာက လူသားမျိုးနွယ်အားလုံးအတွက် တစ်ခုတည်းသော သွေးမျိုးဆက်မူလအစပဲဆိုတာ..."
"နောက်ပြီး သူက မိစ္ဆာဆန်တဲ့ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ကို ပိုင်ဆိုင်ထားသေးတယ်..."
ခေါင်းကို ခါယမ်းလိုက်ပြီး ရှီးဟွမ်သည်လည်း ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူမ၏ ဝိညာဉ်သည် အလွန်မင်း ကုန်ခမ်းနေပြီဖြစ်ပြီး လူသားဧကရာဇ်အလံသာ မရှိခဲ့လျှင် သူမ ယခုလောက်ဆို သေဆုံးနေလောက်ပြီ ဖြစ်ပေ၏။
ချင်လော့သည် ဤတစ်ကြိမ်တွင် အလွန် ရှည်လျားသော သန့်စင်ခြင်း လုပ်ငန်းစဉ်တစ်ခုကို ဖြတ်သန်းခဲ့ရပြီး သူ၏ ခန္ဓာကိုယ်သည် အခြေခံအားဖြင့် အသွင်ပြောင်းသွားခဲ့သည်။
နတ်နဂါးအဆီအနှစ်သွေး တစ်စက်တည်းက ချင်လော့၏ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်အား ဒုတိယအကြိမ်မြောက် အဆင့်သို့ ရောက်ရှိသွားစေရန် လုံလောက်ရုံသာ ရှိပေသည်။
" ဒုတိယအကြိမ်မြောက် အသွင်ပြောင်းမှုမှာ ဘယ်လောက်တောင် စွမ်းအားကြီးလာမလဲ မသိဘူး..."
ချင်လော့က သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ မည်သူကမျှ သူ့ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း ကြိုတင်ခံစားမှုတစ်ခု သူ့ထံတွင် ရှိနေခဲ့သည်။
အစွမ်းထက်သော လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူပင်လျှင် အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကို အားကိုးကာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်ပြီး သူ့ကိုပင် သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်ပေမည်။
လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာငယ်တစ်ခုကို ဖန်တီးကြပြီး သူတို့ကိုယ်တိုင်အတွက် ပိုမို အစွမ်းထက်ကာ ပေါများလှသော စွမ်းအင်များကို ထောက်ပံ့ပေးကြသည်။ ချင်လော့၏ တန်ထျန်းနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအား ပေါင်းစပ်မှုက သူသည် လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူထက် မည်သည့်နေရာတွင်မှ မနိမ့်ကျကြောင်း ခံစားရစေ၏။
"ကောင်းပြီ... အခု တောင်တန်းတစ်သောင်းနယ်မြေဆီကို သွားဖို့ အချိန်တန်ပြီ... အစစ်အမှန်တဲ့ ပြဇာတ်က စတင်တော့မယ်..."
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မြို့တော်၌ ကြီးမားသော လူထုလှုပ်ရှားမှု ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
"ဘာတွေ ဖြစ်နေလဲ မင်း သိလား... ကုမိသားစုက နဝမမင်းသားကို ကြားဖြတ်သတ်ဖြတ်ဖို့ တကယ်ကြီး အပြင်ထွက်ခဲ့ကြတယ်တဲ့... ကုမိသားစုက တကယ်ကို လွန်လွန်းတယ်..."
"လက်စားချေတာက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပဲလေ... အဲ့ဒါကို ဘယ်လိုလုပ် မာနကြီးတယ်လို့ ခေါ်လို့ရမှာလဲ... ပြီးတော့ ဒုတိယကျောင်းအုပ်ကြီး ကုက ကုချင်းဖုန်းဟာ နဝမမင်းသားကို ချုံခိုတိုက်ခိုက်ဖို့ ဘယ်တော့မှ ဝံ့ရဲမှာမဟုတ်ဘူးလို့ မပြောခဲ့ဘူးလား... ကုချင်းဖုန်းကို သတ်ဖို့ လူလွှတ်ခဲ့တာက နဝမမင်းသားလေ... မင်းက အပြစ်ရှာချင်တယ်ဆိုရင်တော့ အကြောင်းပြချက်ကို အမြဲတမ်း ရှာတွေ့နိုင်မှာပါပဲ..."
"နတ်ဆိုးနှိမ်နင်းရေးဌာနက တပ်မှူးလုက ဒီကိစ္စအတွက် သက်သေအထောက်အထား မရှိဘူးလို့ ပြောပြီး နဝမမင်းသားဆီက သက်သေအထောက်အထားတွေ ပို့ပေးဖို့ မျှော်လင့်တယ်လို့ ပြောတယ်... မဟုတ်ရင် အပြစ်ပေးဖို့ နည်းလမ်းမရှိဘူးတဲ့..."
ချင်လော့က လုချန်အား ဖြေရှင်းရခက်သော ပြဿနာတစ်ခု ပေးခဲ့သော်လည်း နောက်ဆုံးတွင် သူသည် မျက်နှာမလိုက်ဘဲ မျှမျှတတ ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပေ၏။
ကုချင်းဖုန်း၏ ခေါင်းတစ်ခုတည်းရှိရုံဖြင့် မလုံလောက်ချေ။ ကုချင်းဖုန်းအား အပြစ်ပေးရန် အခြား သက်သေအထောက်အထားများ လိုအပ်ပေသည်။
ချင်ဖုန်းနှင့် ချင်ကျင်းတို့မှာမူ သူတို့၏ လက်အောက်ငယ်သားများ၏ ခေါင်းများကို မြင်တွေ့ရချိန်၌ သူတို့၏ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သတင်းများလည်း ထွက်ပေါ်လာခဲ့ပြီး ချင်ဖုန်းနှင့် ချင်ကျင်းတို့က ချင်လော့အား ကြားဖြတ်သတ်ဖြတ်ရန် လူများစေလွှတ်ခဲ့ကြောင်း လူတိုင်း သိရှိသွားကြ၏။
ချင်ဖုန်းသည် ထိုခေါင်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားမှုကို ခံစားလိုက်ရပေသည်။ ထို ခေါင်းနှင့်အတူ ချင်လော့ထံမှ စာတစ်စောင်လည်း ပါဝင်လာခဲ့သည်။
"ငါ့ရဲ့ ချစ်လှစွာသော အစ်ကိုတော်... မင်းက ငါ့ကို သတ်ချင်ရုံတင်မကဘဲ ပထမမင်းသားရဲ့ အမျိုးသမီးကိုပါ သတ်ဖို့ လူလွှတ်ခဲ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... ကျွတ် ကျွတ်... ငါတို့ရဲ့ အစ်ကိုတော်သာ သိသွားရင် မင်းကို အလွတ်ပေးမယ်လို့ မင်း ထင်နေလား..."
"ဒါနဲ့... မင်းဆီမှာ ကောင်းတဲ့အရာတွေ အတော်များများ ရှိတယ်လို့ ကြားတယ်... ဥပမာ.."
"ဗောဓိသီး တစ်လုံးပေါ့..."
"အဲ့ဒါကို ငါ့ကို ပေးလိုက်... နှုတ်ပိတ်ခအဖြစ် သဘောထားလိုက်ပေါ့... ဘယ်လိုလဲ..."
"အား... အား... အား..."
ချင်ဖုန်းသည် သူ၏လက်ထဲရှိ စာကို မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲလိုက်ပြီး သေတ္တာထဲရှိ မန်စန်းတောက်၏ ခေါင်းကို လက်ဝါးတစ်ချက်တည်းဖြင့် ကြေမွသွားအောင် ရိုက်ခွဲပစ်လိုက်၏။
"ချင်လော့... ချင်လော့... မင်းကို မသတ်ရရင် လူအဖြစ် မနေတော့ဘူးလို့ ငါ ကျိန်ဆိုတယ်..."
ဤကိစ္စကို ပထမမင်းသားအား သူ လုံးဝ အသိပေး၍ မဖြစ်ချေ။
သို့မဟုတ်ပါက သူ အသက်ရှင်လျက် လွတ်မြောက်နိုင်လျှင်ပင် ကံကောင်းလှပြီ ဖြစ်ပေလိမ့်မည်။
ပထမမင်းသားသည် သူတော်စင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အကယ်၍ သူသာ ချင်ဖုန်းအား တိုက်ခိုက်ခဲ့ပါက ချင်ဖုန်းမှာ သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။
"ချင်လော့ သေရမယ်..."
ချင်ဖုန်းက အံကြိတ်ကာ ပြောဆိုလိုက်သည်။
ပဉ္စမမင်းသား၏ စံအိမ်တွင် ကျင့်ကြံခြင်း ပြီးဆုံးခါစဖြစ်သော ချင်ဖန်သည် မြို့တော်မှ စိတ်ဝင်စားဖွယ် သတင်းအချို့ကို ကြားသိလိုက်ရပေ၏။
"ကျွတ် ကျွတ်... ငါ့ညီမေတာ်နဲ့ အဋ္ဌမညီတော်က သူတို့ခြေထောက် သူတို့ ပြန်ပစ်နေကြတာပဲ..."
"ဒါပေမဲ့ သူတို့အကုန်လုံးက အသုံးမကျတဲ့ အမှိုက်တွေချည်းပါပဲ... သူတို့အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြတာက တကယ်ကို ငြီးငွေ့စရာကောင်းတယ်..."
ချင်ကျင်း၏ ပါရမီနှင့် နောက်ခံက အနည်းငယ် လက်ခံနိုင်ဖွယ်ရှိသော်လည်း ချင်ဖုန်း၏ မိခင်ဘက်မှ အမျိုးဆွေမျိုးများကမှု အားနည်းပြီး သူ၏ ပါရမီကလည်း ချို့တဲ့နေသဖြင့် သူတို့သည် လုံလောက်မှု မရှိချေ။
ချင်လော့၏ အနောက်တွင် မဟာသူတော်စင် တစ်ပါးသာ ရှိပြီး ယခုအခါ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ၁၀ သည် သူ့ထံ ပူးပေါင်းသွားပြီဖြစ်ရာ သူ့အတွက် ကိုယ်ပိုင် အင်အားစုတစ်ရပ် တည်ဆောက်ရန် ခက်ခဲသွားပေလိမ့်မည်။
သူတို့အားလုံးကို ချင်ဖန်က အလေးအနက် မထားခဲ့ချေ။
"အရှင်မင်းသား... ကျွန်တော်တို့ရဲ့ သွေးသတ်ဖြတ်ရေးမျှော်စင်ကနေတဆင့် နဝမမင်းသားကို သတ်ခိုင်းချင်တဲ့သူ ရှိတယ်... ဒီတာဝန်ကို ကျွန်တော်တို့ လက်ခံသင့်လား…”သူ၏ လက်အောက်ငယ်သားက မေးမြန်းလိုက်၏။
"အိုး... တကယ်လား... ကမ်းလှမ်းချက်က ဘာလဲ..."
ချင်ဖန်က မေးမြန်းလိုက်သည်။
"တန်ဖိုးက အကြမ်းဖျင်းအားဖြင့် အနိမ့်ဆုံးအဆင့် သူတော်စင်ရတနာ တစ်ခုလောက်နဲ့ ညီမျှပါတယ်..."
"အရမ်း နည်းလွန်းတယ်..."
ချင်ဖန်က ခေါင်းယမ်းလိုက်၏။
"အနည်းဆုံး သူတော်စင်ရတနာ နှစ်ခု... တကယ်လို့ သူတို့က တတ်နိုင်တယ်ဆိုရင် သွေးသတ်ဖြတ်ရေးမျှော်စင်က ဒီတာဝန်ကို ယူလိမ့်မယ်... မတတ်နိုင်ဘူးဆိုရင်တော့ ငါတို့ကို လာမနှောင့်ယှက်နဲ့လို့ပြောလိုက်..."
"ဒါပေမဲ့ သူက နဝမမင်းသားလေ..."
သူ၏ လက်အောက်ငယ်သားက သတိပေးလိုက်သည်။
"နဝမမင်းသားဖြစ်တော့ရော ဘာဖြစ်လဲ... ဈေးနှုန်း မှန်ကန်နေသရွေ့ သွေးသတ်ဖြတ်ရေးမျှော်စင်က အဲ့ဒီလူကို သွားပြီး သတ်ပေးနိုင်တယ်..."
ချင်ဖန်၏ အကြည့်က နန်းတော်ရှိရာဘက်သို့ ကျရောက်သွားပြီး သူက အေးစက်စွာ ပြောဆိုလိုက်၏။
"သူ့ကို သတ်နိုင်မသတ်နိုင်ဆိုတာကတော့ နောက်ထပ် ကိစ္စတစ်ခုပေါ့…”