← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇) မင်္ဂလာပွဲကို အတင်းအကျပ် ဖိအားပေးခဲ့သော ဗီလိန်၊ ဇာတ်လိုက် ပေါ်ထွက်လာခြင်း

လော့ဖုန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ချင်လော့သည် သူ ယခုလေးတင် ဝယ်လာခဲ့သော ပုံပြင်စာအုပ်ကို လှန်လှောဖတ်ရှုနေခဲ့ပေ၏။

"ကျွတ် ကျွတ်... မဆိုးဘူး... မဆိုးဘူး... ပြီးသွားတဲ့ ရလဒ်က တော်တော်လေး ကြည့်ကောင်းတာပဲ..."

စာဖတ်ပြီးနောက် ချင်လော့က လီယီကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဒီဝတ္ထုထဲက ဇာတ်လိုက် ယောက်ျားလေးက သတို့သမီးကို လုယူဖို့ ကြိုးစားလိမ့်မယ်လို့ မင်း ထင်လား..."

လီယီက ချင်လော့အား ထူးဆန်းသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဤကိစ္စတွင် ချင်လော့ ပါဝင်ပတ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သို့ရာတွင် ဤသည်မှာ ချင်လော့ လုပ်ဆောင်မည့် အရာမျိုးဖြစ်ကြောင်း သူ ခံစားမိသော်လည်း၊ လျိုရူယန်ဆိုသော ထိုအမျိုးသမီးကြောင့်တော့ မဖြစ်သင့်ဟု သူ ထင်မြင်ပေ၏။ မတန်ဟု သူ ခံစားရလေသည်။

သူသည် လူငယ်သဘာဝ စိတ်လိုက်မာပါ လုပ်တတ်သည့် အရွယ်ကို ကျော်လွန်လာခဲ့သည်မှာ ကြာပြီဖြစ်ရာ သူက အကျိုးသင့်အကြောင်းသင့် စဉ်းစားကာ ပြောဆိုလိုက်သည်။

"တကယ်လို့ ဒီအထဲက ကောင်လေးကသာ အသိဉာဏ်ရှိမယ်ဆိုရင် သူ သွားသင့်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ နတ်လက်နက်တောင်ကြားနဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက အရမ်း စွမ်းအားကြီးလွန်းတယ်လေ... ဒီအင်အားစုနှစ်ခုကို သူက ဘယ်လိုလုပ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာလဲ..."

"စိတ်လိုက်မာပါ မလုပ်ဘူးဆိုရင် လူငယ်ဘဝက အလဟဿ ဖြစ်မသွားဘူးလား..."

ချင်လော့က ပြန်လည်ချေပလိုက်၏။

"မင်း ငယ်ငယ်တုန်းကရော အချစ်အတွက်ဆိုရင် အရာအားလုံးကို စွန့်လွှတ်ဖို့၊ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ဖို့ ဆန္ဒမရှိခဲ့ဘူးလား..."

လီယီသည် အနည်းငယ် တွေဝေသွားခဲ့ပေသည်။ မှန်ပေ၏။ သူ ငယ်ရွယ်ချိန်တွင်လည်း သူ၏ ဇနီးသည်အတွက် အစွမ်းထက်သော အင်အားစုများကို ဆန့်ကျင်တိုက်ခိုက်ရန် ဝံ့ရဲခဲ့ဖူးလေသည်။

ထို့ကြောင့် သူနှင့် သူ၏ဇနီးတို့သည် အလွန် ချစ်ခင်ကြင်နာခဲ့ကြသည်။ နောက်ပိုင်းတွင် သူ၏ဇနီးသည် ထိုလူယုတ်မာ၏ စော်ကားခြင်းကို ခံခဲ့ရချိန်၌ သူသည် ဒေါသတကြီးဖြင့် ထိုလူယုတ်မာကို သတ်ဖြတ်ခဲ့ပေ၏။

တစ်ခါတစ်ရံတွင် လူတို့သည် အမြဲတမ်း အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်ကြချေ။

"လူငယ်တစ်ယောက်က အဲ့ဒီလို လုပ်ကောင်းလုပ်လိမ့်မယ်... ဒါပေမဲ့ သူ သေသွားနိုင်တယ်..."

လီယီက ပြောဆိုလိုက်သည်။

ချင်လော့က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

"မင်းက ဒီရဲ့ချန်ကို အထင်သေးလွန်းတယ်..."

ကံကြမ္မာသားတော်၏ စွမ်းအားကို သူတို့အားလုံး မသိရှိကြချေ။

ထိုခွေးကောင် လင်းရွှမ်သည် သူ၏ ဖုံးကွယ်ထားသော စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ရန် ပျက်ကွက်ခဲ့ရခြင်းမှာ မဟာချင်အင်ပါယာ၏ မြို့တော်အတွင်း၌ ရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့လျှင် လင်းရွှမ်သည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့မည် မဟုတ်ဟု ချင်လော့ ခံစားမိလေ၏။

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာလည်း ငါက သူ့ကို ချေမှုန်းနိုင်ဦးမှာပါပဲ... ဘာလို့လဲဆိုတော့ ရဲ့ချန်က အရင်တုန်းက ရဲ့ချန် မဟုတ်တော့လို့ပဲ..."

ယခင်က ချင်လော့သည် စနစ်၏ အကူအညီဖြင့်သာ ရဲ့ချန်ကို ဖိနှိပ်နိုင်ခဲ့ပြီး၊ သူ၏ ဓားအရိုးကို ဆွဲထုတ်ကာ သူ၏ ဆရာကို လုယူနိုင်ခဲ့ခြင်း ဖြစ်၏။

ယခုမူ…

တစ်ဖက်က အကျိုးအမြတ်ရရှိပြီး အခြားတစ်ဖက်က ဆုံးရှုံးသွားသည်နှင့်အမျှ ရဲ့ချန်၏ ဝှက်ဖဲချပ်သည် ချင်လော့အတွက် အသုံးဝင်သော အရာတစ်ခု ဖြစ်လာခဲ့ပေသည်။

"တခြားလူတွေရဲ့ သတို့သမီးလုယူမယ့် ကိစ္စကိုတော့ ငါ မသိဘူး... ဒါပေမဲ့ ဒီနေ့ သွေးလမင်းသူတော်စင်သားတော် ရဲ့ မယားငယ်ယူမယ့်ကိစ္စကိုတော့ ငါ တော်တော်လေး စိတ်ဝင်စားမိတယ်..."

လော့ဖုန်းမြို့တွင် မကြာသေးမီက ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပေသည်။

သွေးလမင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော် မိုယဲ့ဟန်သည် စုန့်မိသားစု၏ သမီးဖြစ်သူ စုန့်ကျင်းယွီကို မျက်စိကျသွားခဲ့ခြင်းပင်။

ယနေ့ လော့ဖုန်းမြို့သို့ လာရောက်၍ မယားငယ်အဖြစ် သိမ်းပိုက်မည်ဟု သူက ကြေညာထားခဲ့၏။

လော့ဖုန်းမြို့ရှိ လူများ၏ စကားပြောဆိုမှုများမှတစ်ဆင့် စုန့်ကျင်းယွီ၏ ကိစ္စရပ်များကို ချင်လော့ သိရှိသွားခဲ့ပေသည်။

သူမတွင် အလွန် ထူးချွန်ထက်မြက်သော ချစ်သူတစ်ယောက် ရှိပြီး လော့ဖုန်းမြို့ရှိ လူအများအပြားက သူ့ကို သိရှိကြပေသည်။ ထိုနှစ်ဦးသည် တစ်သက်လုံး အတူနေသွားရန် လျှို့ဝှက်စွာ ကတိကဝတ်ပြုထားခဲ့ကြပြီး ဖြစ်၏။

နှစ်ပေါင်းများစွာ သတင်းအစအန မကြားရသော်လည်း တစ်ဖက်လူ ရောက်လာနိုင်သေးသည်ဟု ချင်လော့က ခံစားနေရဆဲပင်။

"ငါတို့ ကြိုတင်ပြီး ဇာတ်တိုက်လေ့ကျင့်ကြည့်ရင်ရော..."

"ပြဇာတ်ကောင်းကောင်း တစ်ပုဒ်လောက် သွားကြည့်ကြတာပေါ့... တကယ်လို့ ပြဇာတ်ကောင်း မရှိဘူးဆိုရင်တော့ ငါကိုယ်တိုင် ဇာတ်လိုက် လုပ်ရမှာပေါ့..."

ချင်လော့က ပြုံးကာ ပြောဆိုလိုက်သည်။

သူ၏ ရည်မှန်းချက်မှာ ရှင်းလင်းလှပေသည်။ သွေးလမင်းမြင့်မြတ်နယ်မြေ၏ သူတော်စင် မိုယဲ့ဟန်ပင် ဖြစ်၏။သူ ဤနေရာသို့ လာရောက်ခြင်းမှာ လူဖမ်းရန် ဖြစ်သည်။

‘သက်သေအထောက်အထားများအတွက် ဆိုရင်တော့ တောင်းပန်ပါတယ် ငါတို့ မလိုအပ်ဘူး။’

ဤအချိန်တွင် စုန့်မိသားစုဝင် အများအပြား၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ရှိနေကြပေသည်။

"ဟူး... အစ်ကိုကြီး... ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး... ငါတို့က သွေးလမင်းမြင့်မြတ်နယ်မြေကို မယှဉ်နိုင်ဘူး... အထူးသဖြင့် ဒါက သူတော်စင်သားတော် ကိုယ်တိုင် ဖြစ်နေလို့ပါပဲ... သူက ငါတို့ရဲ့ ကျင်းယွီကို သဘောကျနေမှတော့ ဒါကို စုန့်မိသားစုအတွက် အခွင့်အရေးတစ်ခုလို့ပဲ သတ်မှတ်ရမှာပေါ့..."

ဤစကားကို ကြားချိန်၌ စုန့်ယွီရှန်းမှာ သီးပြီး သေမတတ် ဖြစ်သွားခဲ့ပေ၏။

စုန့်မိသားစုအတွက် "အခွင့်အရေး" ဆိုသည်က ဘာအဓိပ္ပာယ်နည်း။ သွေးလမင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော် သည် မယားငယ် အမြောက်အမြားကို ယူထားခဲ့ပြီး ဖြစ်သည်။ မယားငယ် ငါးဆယ့်ခြောက်ယောက်ပင် ရှိနေပြီဟု သူ ကြားသိထားခဲ့ရ၏။

အကယ်၍ ဇနီးအဖြစ်သာဆိုလျှင် သူက ဝန်လေးစွာဖြင့် လက်ခံလိုက်မည် ဖြစ်သော်လည်း၊ အချိန်မရွေး စွန့်ပစ်ခံရနိုင်သော မယားငယ်တစ်ဦးသာ ဖြစ်နေပေသည်။

"ဒါပေမဲ့ ငါတို့ရဲ့ ကျင်းယွီက ရုပ်ရည်ရော ပါရမီမှာပါ ထိပ်တန်းအဆင့် ရှိတာလေ... သူမက ဘယ်လိုလုပ် မိုယဲ့ဟန်ရဲ့ မယားငယ် ဖြစ်ရမှာလဲ..."

"အစ်ကိုကြီး... အစ်ကိုကြီးမှာ တခြား အကြံအစည်တွေ ရှိလို့လား... တကယ်လို့ ကျင်းယွီသာ သူ့ရဲ့ မယားငယ် မဖြစ်ဘူးဆိုရင် သွေးလမင်းသူတော်စင်ရဲ့ ရက်စက်တဲ့ သဘာဝအရဆို သူတို့က ငါတို့ စုန့်မိသားစုကို သုတ်သင်ရှင်းလင်းပစ်လိမ့်မယ်..."

ဤစကားကို ကြားချိန်၌ စုန့်ယွီရှန်းသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားခဲ့လေ၏။

"ဟူးးး.. တကယ့်ကို အဖြစ်ဆိုးပါပဲလား... အဖြစ်ဆိုးကြီးပါပဲလား..."

စုန့်မိသားစု၏ နောက်ဘက်ခြံဝင်းအတွင်း၌ စုန့်ကျင်းယွီသည် ကြေးမုံမှန်ထဲရှိ သူမကိုယ်သူမ ကြည့်နေခဲ့ရာ သူမ၏ မျက်လုံးများက အနည်းငယ် တွေဝေနေခဲ့ပေသည်။ သူမ၏ အနောက်တွင် ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားတစ်ဦး ပေါ်လာသည်ဟု သူမ မြင်ယောင်နေမိ၏။

"သုံးနှစ်တောင် ရှိသွားပြီ... သုံးနှစ်တောင် ရှိသွားပြီပဲ... ရှင့်ဆီက သတင်းအစအန မကြားရတာ သုံးနှစ်ရှိပြီ..."

"အခုတော့ ကျွန်မ မကြာခင် လက်ထပ်ရတော့မယ်... ပြီးတော့ ကျွန်မတို့တွေ ဒီတစ်သက်မှာ ဘယ်တော့မှ ပြန်ဆုံတွေ့နိုင်တော့မှာ မဟုတ်ဘူး..."

ညအချိန်သို့ ရောက်ရှိလာချိန်တွင် ချင်လော့သည် စုန့်မိသားစု၏ စားသောက်ပွဲအတွင်းသို့ အောင်မြင်စွာ ခိုးဝင်သွားနိုင်ခဲ့ပေသည်။

"အရှင်မင်းသား... သွေးလမင်းသူတော်စင်သားတော် မြို့ထဲကို ဝင်လာပြီ..."

လီယီက ချင်လော့အား တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"အလောတကြီး မလုပ်ပါနဲ့... အလောတကြီး မလုပ်ပါနဲ့... အရင်စားကြတာပေါ့... ငါတို့က လက်ဆောင်တောင် ပေးပြီးပြီပဲ..."

စုန့်မိသားစုသည် စုန့်ကျင်းယွီအား မိုယဲ့ဟန်၏ မယားငယ်အဖြစ် မဖြစ်စေချင်ခဲ့သော်လည်း၊ သူတို့သည် ဧည့်ခံပွဲအတွက် နှမြောတွန့်တိုနေခြင်း မရှိခဲ့ဘဲ လက်ဆောင်မြောက်မြားစွာကို လက်ခံရရှိခဲ့ကြပေ၏။

ဤကဲ့သို့သော မိသားစုမျိုးသည် လူများ၏ ကွယ်ရာတွင်သာ ညည်းညူတတ်ကြသည်။ သွေးလမင်းမြင့်မြတ်နယ်မြေကဲ့သို့ ဧရာမအင်အားစုကြီးကို သူတို့ မဆန့်ကျင်နိုင်သဖြင့် ယူဆောင်လာပေးသော အကျိုးကျေးဇူးများကိုသာ ခံစားရုံမှတစ်ပါး အခြားမရှိတော့ချေ။

ချင်လော့နှင့် လီယီတို့သည် ရိုးရှင်းသော လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့ပြီး ကလေးများ ထိုင်သည့် စားပွဲတွင် အောင်မြင်စွာ ဝင်ထိုင်နိုင်ခဲ့ကြသည်။

မိုယဲ့ဟန်သည် ရောက်ပင်မလာသေးသကဲ့သို့ စားသောက်ပွဲကလည်း စတင်ခြင်း မရှိသေးချေ။

ချင်လော့မှာ သည်းခံနိုင်စွမ်း ကုန်ဆုံးလာခဲ့ပေ၏။

နောက်ဆုံးတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"သွေးလမင်းမြင့်မြတ်နယ်မြေက... သူတော်စင်သားတော် ရောက်ရှိလာပါပြီ..."

ချင်လော့မှလွဲ၍ ကျန်လူတိုင်းက မတ်တတ်ထရပ်လိုက်ကြသည်။

ချင်လော့၏ အမြင်တွင် ယင်းက မာနထောင်လွှားနေသော အရူးတစ်ယောက် ဝင်ရောက်လာဟန်နှင့်တူညီနေ၏။

သူ၏ပတ်လည်တွင် အလှပိုင်ရှင်လေးဦး ဝန်းရံလျက်ရှိပြီး တစ်ဦးစီတိုင်းသည် အလွန် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်များကို ပိုင်ဆိုင်ထားကြသည်။

"မိုယဲ့ဟန်ရဲ့ အကြိုက်က တော်တော်လေး တသမတ်တည်း ရှိတာပဲ... စုန့်ကျင်းယွီကရော ဒီလိုပုံစံမျိုးပဲလား..."

တစ်ယောက် သို့မဟုတ် နှစ်ယောက် တူညီသော ပုံစံမျိုး ဖြစ်နေခြင်းကို တိုက်ဆိုင်မှုဟု သတ်မှတ်နိုင်သော်လည်း၊ လေးယောက်စလုံး တူညီသော ပုံစံမျိုး ဖြစ်နေခြင်းက မိုယဲ့ဟန်သည် စိတ်သဘောထား တစ်ခုတည်းရှိသူ ဖြစ်သည်ဟု ချင်လော့အား သံသယဖြစ်သွားစေခဲ့၏။

"ထိုင်ကြပါ... ထိုင်ကြပါ..."

မိုယဲ့ဟန်က အထဲသို့ဝင်လာစဉ် ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်သည်။

"ဒီနေ့ ငါ့ရဲ့ မယားငယ်ယူတဲ့ အခမ်းအနားကို တက်ရောက်လာသူတိုင်းက ရွှမ်ယွမ်ဆေးလုံး တစ်လုံးစီ ရရှိလိမ့်မယ်..."

ရွှမ်ယွမ်ဆေးလုံးဆိုသည်မှာ ချင်လော့အတွက် အမှိုက်မှတစ်ပါး အခြားမရှိခဲ့ချေ။သို့ရာတွင် ထိုနေရာ၌ ရှိနေသော အခြားသူများအတွက်မူ အတော်လေး တန်ဖိုးရှိလှပေသည်။

"အရှင်မင်းသား... ငါတို့ပေးလိုက်တဲ့ လက်ဆောင်နဲ့ ပြန်ရတာ တန်သွားပြီထင်တယ်..."

လီယီက ဘေးမှနေ၍ ပြောဆိုလိုက်၏။

"ဘယ်လောက်တောင် ရည်မှန်းချက် သေးသိမ်ရတာလဲ... ငါတို့တွေ စားသောက်ပွဲတောင် မစားရသေးဘူးလေ... မင်းက 'အရင်းကျေတယ်' ဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ သိရောသိရဲ့လား..."

စုန့်ကျင်းယွီကို မြင်တွေ့လိုက်ရချိန်၌ မိုယဲ့ဟန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပေသည်။ စုန့်ကျင်းယွီ၏ ခန္ဓာကိုယ်နှင့် မျက်နှာသည် သူ၏ မျက်လုံးထဲ၌ အဖိုးတန်ရတနာတစ်ခု ဖြစ်နေခဲ့၏။

မင်္ဂလာဝတ်စုံနှင့် စုန့်ကျင်းယွီသည် အထူးသဖြင့် ဆွဲဆောင်မှုရှိပြီး လှပလွန်းနေသဖြင့် မိုယဲ့ဟန်က ချက်ချင်းပင် ကတိတစ်ခု ပေးလိုက်သည်။

"ဒီနေ့ကစပြီး မင်း စုန့်ကျင်းယွီက ငါ့ရဲ့ ပထမ မယားငယ် ဖြစ်လာလိမ့်မယ်... အရင်တုန်းက ငါ့ရဲ့ မယားငယ်တွေ အကုန်လုံးက မင်းအောက်မှာပဲ ရှိရမယ်..."

စုန့်ကျင်းယွီသည် လုံးလုံးလျားလျား ဝမ်းသာနေသည့် အရိပ်အယောင် မပြခဲ့ချေ။ ပထမ မယားငယ် ဆိုသော်လည်း မယားငယ် တစ်ယောက် သက်သက်သာ ဖြစ်နေဆဲ မဟုတ်ပါလော။

ထို့ပြင် အဘိုးကြီးနှင့် တူသော မိုယဲ့ဟန်မှာ တကယ်ကို အရုပ်ဆိုးလွန်းလှပေသည်။

ထိုသို့သော အမျိုးသားတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရမည်ဆိုသော အတွေးက စုန့်ကျင်းယွီအား အော်ဂလီဆန်လာစေခဲ့၏။

"ဒီနေ့က မိုယဲ့ဟန်ရဲ့ မယားငယ်ယူတဲ့ အခမ်းအနားပါ... ကျေးဇူးပြုပြီး အစားအသောက်တွေကို ပျော်ပျော်ရွှင်ရွှင် သုံးဆောင်ကြပါ... ကျွန်တော် မင်းတို့နဲ့ အတူ ဆက်ပြီးမရှိပေးနိုင်တာကိုခွင့်လွတ်ပါ"

"ငါ့ရဲ့ မယားငယ်လေးနဲ့ အတူတူ အချိန်ဖြုန်းပြီး ကုတင်ပေါ်မှာ ငါ့ရဲ့ စွမ်းရည်တွေကို သွေးရဦးမယ်... ဟားဟားဟား..."

ရိုင်းစိုင်းပြီး ရွံရှာဖွယ်ကောင်းလှသဖြင့် စုန့်ကျင်းယွီအား ပို၍ပင် ရွံရှာသွားစေခဲ့သည်။

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်နေပြီး ဒေါသထွက်စရာကောင်းသော အသံတစ်သံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပေ၏။

"ဒီနေ့ ဒီမှာ ငါ ရှောင်ထန် ရှိနေသရွေ့ ဘယ်သူမှ ကျင်းယွီကို အတင်းအကျပ် လက်မထပ်စေရဘူး..."

ဘန်း... ဘန်း... ဘန်း…

အပြင်ဘက်ရှိ အစောင့်အချို့မှာ ကန်သွင်းခံလိုက်ရပြီးနောက် ဩဇာတိက္ကမကြီးမားသော အမျိုးသားတစ်ဦးသည် ခိုင်မာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

သူက စုန့်ကျင်းယွီအား ကြင်နာယုယစွာ ကြည့်ရှုကာ ပြောဆိုလိုက်၏။

"ကျင်းယွီ... ကိုယ် ဒီကို ရောက်လာပြီ..."

"မကြောက်ပါနဲ့... ဒီမှာ ကိုယ် ရှိတယ်…”

All Chapters