အခန်း (၄၉)
Vol. 5 Ch. 49
အခန်း (၄၉) လိုဏ်ဂူကောင်းကင်အဆင့်ကို ဖိနှိပ်ခြင်း၊ မင်းတို့ကို ထွက်သွားခွင့်ပြုတယ်လို့ ငါ ပြောခဲ့လို့လား
ချင်လော့နှင့် စားပွဲတစ်လုံးတည်း အတူထိုင်ကာ အချိုပွဲများကို ခိုးစားနေခဲ့ကြသော ကလေးများအပါအဝင် လူတိုင်းသည် မှင်တက်သွားကြပေ၏။
ချင်လော့နှင့် လီယီတို့ အပြင်သို့ ထွက်လာခဲ့ကြပြီး ချင်လော့၏ လက်ထဲတွင် အချိုပွဲတစ်ခုကို ကိုင်ထားဆဲဖြစ်ကာ သူ၏ ပါးစပ်ထဲသို့ ထည့်ရန်လည်း မေ့လျော့မနေခဲ့ချေ။
သူက ပြုံးကာ မိုယဲ့ဟန်ကို ကြည့်ရင်း ပြောဆိုလိုက်သည်။
"မိုယဲ့ဟန်... မင်း ဥပဒေကို ချိုးဖောက်ခဲ့တယ်... မင်းကို ဖမ်းဆီးရမယ်..."
အခြားသူများအားလုံး၏ အကြည့်များက ရှောင်ထန်အပေါ်သို့ ရောက်ရှိနေချိန်၌ ဤမြင်ကွင်းမှာ အနည်းငယ် အဓိပ္ပာယ်မဲ့နေပုံရပေသည်။
မိုယဲ့ဟန်သည် လောလောဆယ်တွင် ရှောင်ထန်၏ ဓားစာခံ ဖြစ်နေသော်လည်း သူက မည်သို့လုပ်၍ နတ်ဆိုးနှိမ်နင်းရေးဌာနမှ ဖမ်းဆီးလိုသူ တစ်ဦး ရုတ်တရက် ဖြစ်လာရသနည်း။
ရှောင်ထန်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"နတ်ဆိုးနှိမ်နင်းရေးဌာနက လူကြီးမင်းတို့... ကျွန်တော် မိုယဲ့ဟန်နဲ့ ရှင်းစရာရှိတာ ရှင်းပြီးမှ ခင်ဗျားတို့ရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရင်ရော ဘယ်လိုလဲ..."
ချင်လော့က ခေါင်းယမ်းလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်သည်။
"စောစောက ငါပြောတာကို မင်း မကြားလိုက်ဘူးလား..."
"နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားဆီးနှောင့်ယှက်ဖို့ ရဲတင်းတဲ့ ဘယ်သူမဆို ကြံရာပါအဖြစ် အပြစ်ပေးခံရမယ်..."
"မင်းက ငါတို့ရဲ့ မဟာချင်အင်ပါယာက ဝူယွမ်စစ်သူကြီးစံအိမ် မျိုးတုံးသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတာများလား..."
ချင်လော့က အော်ဟစ်လိုက်ရာ ရှောင်ထန်မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
သူက စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ‘’ခင်ဗျား မမြင်ဘူးလား... ကျွန်တော့်မှာ မိုယဲ့ဟန်နဲ့ ရန်ငြိုးရှိတယ်လေ... ကျွန်တော်က ဘယ်လိုလုပ် မိုယဲ့ဟန်နဲ့ ပူးပေါင်းပြီး လူသတ်နိုင်မှာလဲ…’
"မိုယဲ့ဟန်ကို ငါ့ဆီ ချက်ချင်း လွှဲပေးစမ်း... မဟုတ်ရင်..."
ချင်လော့ စကားမဆုံးမီမှာပင် သွေးလမင်းမြင့်မြတ်နယ်မြေမှ အဘိုးအိုက ကြားဖြတ်ပြောဆိုလိုက်၏။
"မဟုတ်ရင် ဘာဖြစ်မလဲ... နတ်ဆိုးနှိမ်နင်းရေးဌာနက လူတွေဖြစ်တဲ့ မင်းတို့က သွေးလမင်းမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ကို စိတ်ကြိုက် ဖမ်းဆီးလို့ ရတယ်လို့ ထင်နေတာလား..."
"ဒီနေရာက တောင်တန်းတစ်သောင်းနယ်မြေပဲ... မင်းတို့ရဲ့ မဟာချင်အင်ပါယာ မဟုတ်ဘူး..."
ရှောင်ထန်၏ တားဆီးမှုကြောင့် သူ အလွန် ဒေါသထွက်နေခဲ့ပြီးဖြစ်ရာ ယခုအခါ ချင်လော့ ထွက်ပေါ်လာချိန်၌ သူ ပို၍ပင် ဒေါသထွက်သွားခဲ့လေသည်။
သူသည် အစွမ်းထက်သော လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူ သွေးလမင်းမြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ သူ၏ ဂုဏ်သိက္ခာကို သူ ဂရုမစိုက်ဘဲ နေမည်လား။
လီယီက အဘိုးအိုအား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ ဓားရှည်ကို ဆွဲထုတ်ရန် ပြင်လိုက်၏။
ချင်လော့က သူ့ကို တားဆီးလိုက်ပြီးနောက် သူ၏ အကြည့်များက အဘိုးအိုအပေါ်သို့ ကျရောက်သွားကာ မေးမြန်းလိုက်သည်။
"မင်းက ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ အမှုတွဲကိုင်တွယ်မှုကို တားဆီးနှောင့်ယှက်မလို့လား..."
"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ..."
အဘိုးအိုက ခေါင်းမာစွာဖြင့် ပြန်လည်ချေပလိုက်၏။
မဟာချင်အင်ပါယာနှင့် ရင်ဆိုင်ရချိန်တွင် သွေးလမင်းမြင့်မြတ်နယ်မြေမှ လူများသည် အမြဲတမ်း ခက်ထန်မာကျောလေ့ရှိပြီး မဟာချင်အင်ပါယာနှင့် သူတို့ကြားရှိ ပွတ်တိုက်မှုများနှင့် အမုန်းတရားများကြောင့် ဖြစ်ပေသည်။
သူတို့ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ချိန်၌ သူတို့ထဲမှ အများအပြားသည် မဟာချင်အင်ပါယာမှ လူများ၏ ဥပဒေနှင့်အညီ ဆုံးမပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။
သူတို့သည် သွေးလမင်းမြင့်မြတ်နယ်မြေမှ လူများအပေါ် လုံးဝ လေးစားမှု မပြခဲ့ကြချေ။
ပြီးခဲ့သည့်နှစ်က ဝူယွမ်စစ်သူကြီးစံအိမ်မှ လူများနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် သူတို့ထဲမှ သွေးလမင်းမြင့်မြတ်နယ်မြေမှ တပည့်တစ်ဦးမှာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရ၏။
"တကယ်လို့ ဥပဒေစိုးမိုးရေးကို ဆန့်ကျင်မယ်ဆိုရင် သွားရမယ့် လမ်းကတစ်ခုတည်းပဲ ရှိတယ်..."
ချင်လော့သည် သူ၏ လက်ရှိ စွမ်းအားကို စမ်းသပ်ချင်နေခဲ့ပေသည်။
လိုဏ်ဂူကောင်းကင်အဆင့် အစောပိုင်းအဆင့်မှ အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးသည် သူ၏ စွမ်းရည်များကို သွေးရန်အတွက် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ပေ၏။
သူသည် သူ၏ ချင်းဖုန်းဓားကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်လူအား ချိန်ရွယ်ကာ အေးစက်စွာ ကြေညာလိုက်သည်။
"နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို တားဆီးနှောင့်ယှက်တဲ့သူ သေရမယ်..."
ရွှီး...
သူသည် အဘိုးအိုဆီသို့ ပြေးဝင်သွားခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နောက်ထပ်တစ်ဦးပင်။ သူ၏ အာဏာကို စိန်ခေါ်ရန် ဝံ့ရဲသော နောက်ထပ် နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ဦး ထပ်မံပေါ်လာပြန်သဖြင့် အဘိုးအို၏ မျက်နှာသည် ပြာနှမ်းသွားခဲ့၏။
"နတ်ဘုရားအသွင်ပြောင်းအဆင့်လေးနဲ့ ငါ့ကို လက်ပါဖို့ ဝံ့ရဲတယ်ပေါ့... ဒီနေ့ မင်းကို မဟာချင်အင်ပါယာ ကိုယ်စား သင်ခန်းစာပေးပြီး စစ်မှန်တဲ့ စွမ်းအားနဲ့ မာနဆိုတာ ဘာလဲဆိုတာကို ငါ ပြသပေးမယ်..."
"သွေးလမင်းလက်ဝါး..."
"သွေးလမင်းကောင်းကင်ဖိနှိပ်ခြင်း..."
လခြမ်းပုံသဏ္ဌာန် သွေးလမင်း၏ အလင်းဟပ်မှုအောက်တွင် အေးစက်ပြီး မိစ္ဆာဆန်သော ဧရာမ လက်ဝါးရာပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ ချင်လော့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပေ၏။
လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ချင်လော့အား နေရာမှာတင် ခြေမွပစ်ပြီး မည်သူ့ကို စော်ကား၍ရကာ မည်သူ့ကို မစော်ကားသင့်ဘူးဆိုသည်ကို သင်ခန်းစာပေးရန် သူ ရည်ရွယ်ထားခဲ့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်က လိုဏ်ဂူကောင်းကင်အဆင့်ကို စိန်ခေါ်ခြင်း၊ ကောင်းကင်ကို အာခံသော တိုက်ခိုက်မှုမျိုးသည် သေချာပေါက် သတ်ဖြတ်ခံရရန် ထိုက်တန်ပေ၏။
"ရွှေရောင်အဆုံးအစွန်းတောင်ဖြိုခွင်းခြင်း..." ချင်လော့၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ လင်းရွှမ်၏ ဒြပ်ငါးပါးဝိညာဉ်ခန္ဓာကို ဝါးမြိုထားသဖြင့် သူသည် သတ္တုဒြပ်စင်၏ ထက်မြက်မှုကိုလည်း ဖော်ထုတ်နိုင်စွမ်း ရှိပေသည်။
ရဲ့ချန်၏ မွေးရာပါဓားအရိုး ပေါင်းထည့်မှုနှင့်အတူ ဤဓားသိုင်း၏ စွမ်းအားသည် အလွန်အမင်း တိုးတက်လာခဲ့၏။
သူတော်စင်အဆင့် ပြီးပြည့်စုံသော ဓားသိုင်း…
"ပျက်စီးစမ်း..." ချင်လော့က ဟိန်းဟောက်လိုက်ရာ ချင်းဖုန်းဓားသည် ဧရာမ လက်ဝါးရာကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှသော ဓားစွမ်းအင်သည် ဧရာမ လက်ဝါးရာကြီးကို ချက်ချင်း ဆွဲဖြဲပစ်လိုက်ပေ၏။
"သေစမ်း..." ဓား၏ အရှိန်အဟုန်သည် လျော့ကျသွားခြင်းမရှိဘဲ အဘိုးအိုဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." အဘိုးအိုသည် ထိတ်လန့်သွားခဲ့၏။ သူ၏ လှုပ်ရှားမှုသည် အင်အားအပြည့်နီးပါး တိုက်ခိုက်မှုတစ်ခု ဖြစ်သော်လည်း ချင်လော့၏ လက်ထဲတွင် အသက်တစ်ခါရှူချိန်မျှပင် ခံနိုင်ရည်မရှိခဲ့ချေ။
ဤသည်က သူ၏ရှေ့မှ ချင်လော့သည် သူနှင့် အလားတူ တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားကြောင်း သက်သေပြရန် လုံလောက်နေပေသည်။
"သွေးလမင်းတံဆိပ်... ထွက်လာခဲ့စမ်း..." အဘိုးအိုက ဟိန်းဟောက်လိုက်ရာ ကြီးမားလှသော တံဆိပ်တုံးကြီးတစ်ခု ချင်လော့ဆီသို့ ပြင်းထန်စွာ ဝင်ဆောင့်သွားခဲ့သည်။
ဤသည်မှာ အဘိုးအို၏ ကိုယ်ပိုင်အသက်သွေးလက်နက်ဖြစ်သော ဧရာမ တံဆိပ်တုံးကြီးပင် ဖြစ်၏။
"ကောင်းကင်အဆင့်လေးကများ... အမှိုက်ပဲ..." ချင်လော့သည် သွေးလမင်းတံဆိပ်တုံးကို သူ၏ ဓားဖြင့် ထိုးဖောက်လိုက်သည်။
သွေးလမင်းတံဆိပ်တုံးမှ ကြီးမားလှသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချင်လော့ကို မြေပြင်ပေါ်သို့ ရိုက်ချရန် ကြိုးစားလာသော်လည်း၊ ချင်လော့သည် သူ၏ ကိုယ်ပိုင် ကြီးမားသော စွမ်းအားဖြင့် ၎င်းကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပေ၏။
ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားပင်…
စူးရှသော အသံတစ်သံ က ထွက်ပေါ်လာပြီး အဘိုးအို၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ သူ၏ သွေးလမင်းတံဆိပ်တုံးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်ကို သူ အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။
အက်ကွဲကြောင်းတစ်ခုပင်။
"သွေးလမင်းလျှို့ဝှက်ပညာ၊ သွေးပူဇော်ခြင်း..." အဘိုးအိုက ဟိန်းဟောက်လိုက်ရာ ဧရာမ သွေးလမင်းကြီးတစ်ခု သူ၏ အနောက်တွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများ စတင်လောင်ကျွမ်းလာပြီး တောက်ပသော အနီရောင်အလင်းတန်းတစ်ခုက သွေးလမင်းဆီမှ သူ့အပေါ်သို့ ကျရောက်လာခဲ့ပေ၏။
သူ၏ ခန္ဓာကိုယ်သည် သိသာထင်ရှားစွာ ပိုမို ကြီးမားလာပြီး သူ၏ အငွေ့အသက်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
"ကောင်လေး... မင်းက ငါ့ကို ဒီအခြေအနေအထိ တွန်းပို့လိုက်တာပဲ... ဒီနေ့ မင်းကို နေရာမှာတင် ငါ သေချာပေါက် ခြေမွပစ်မယ်..."
နတ်ဘုရားအသွင်ပြောင်းအဆင့်လေး ၂ ယောက်က သူ့ကို အလုပ်ရှုပ်စေခဲ့သည်မှာမယုံနိုင်စရာပင်။ နောက်တစ်ဦးက သူ့အား လျှို့ဝှက်ပညာကို အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခဲ့သဖြင့် သူ့ကို အလွန် အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။ အကျိုးဆက်များက သေချာပေါက် ပြင်းထန်ရပေမည်။
ဝုန်း...
ဧရာမ လက်ဝါးရာကြီးတစ်ခု ချင်လော့ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဤတိုက်ခိုက်မှုသည် ယခင်ရိုက်ချက်များထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေပေ၏။
"မူလအဆီအနှစ်ကို လောင်ကျွမ်းစေတာလား... ကျွတ် ကျွတ်..." ချင်လော့က ပြုံး၍ ခေါင်းယမ်းလိုက်၏။
"တကယ့်ကို အမှိုက်ပဲ..."
"ငါ မင်းနဲ့ ဆက်မကစားတော့ဘူး..."
လိုဏ်ဂူကောင်းကင်အဆင့်ကို ဆန့်ကျင်တိုက်ခိုက်ရာ၌ သူ၏ ကိုယ်ပိုင် စွမ်းအားကို သူ အကဲဖြတ်ပြီးခဲ့ပြီ ဖြစ်သည်။ အစောပိုင်းအဆင့်မှ အစွမ်းထက်သော ပြိုင်ဘက်တစ်ဦးနှင့်ဆိုလျှင် လုံလောက်ပြီ ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်းပင် အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်သည် ကောင်းကင်ကို အာခံနိုင်စွမ်း ရှိပေသည်။ ဒုတိယအကြိမ်မြောက် အသွင်ပြောင်းခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားသည် လိုဏ်ဂူကောင်းကင်အဆင့် ကျင့်ကြံသူ၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ၏ လက်ထဲတွင် ထိုက်ရွှီခေါင်းလောင်း ထွက်ပေါ်လာပြီး သူက ရိုက်ခတ်လိုက်သည်။
ဒေါင်…
ဤအသံသည် အဘိုးအို၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ ဝိညာဉ်ကို လှုပ်ခတ်သွားစေခဲ့၏။
ချင်လော့သည် ပြိုင်ဘက်၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ သူ့ကို သတ်ဖြတ်လိုက်ပေမည်။
သူ၏ ချင်းဖုန်းဓားကို တစ်ချက် လွှဲယမ်းလိုက်သည်နှင့် အဘိုးအို၏ လက်မောင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်လေသည်။
"အား..."
အဘိုးအိုသည် တွေဝေမှုမှ ရုန်းထွက်လာချိန်၌ နာကျင်စွာ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသော်လည်း နောက်တစ်စက္ကန့်တွင် ထိုက်ရွှီခေါင်းလောင်းက သူ့ဆီသို့ တည့်တည့် ဝင်ဆောင့်သွားခဲ့၏။
"မဝုတ်ဘူး..."
သူ့ခေါင်းပေါ်သို့ ပိုပို၍ နီးကပ်လာသော ထိုက်ရွှီခေါင်းလောင်းကို ကြည့်ရင်း သူက ဟိန်းဟောက်လိုက်သည်။
ဘန်း...
ထိုက်ရွှီခေါင်းလောင်းက ရိုက်ချလိုက်ပြီးနောက် လူသားဧကရာဇ်အလံတကို ထုတ်လွှတ်လိုက်ပေ၏။
"အဘိုးကြီး... မင်းက အရမ်း အားနည်းလွန်းတယ်..." ချင်လော့၏ အရှက်ခွဲသော အသံသည် အဘိုးအို ကြားလိုက်ရသည့် နောက်ဆုံးအသံပင် ဖြစ်ပေသည်။
လူတစ်ယောက် သေဆုံးသွားချိန်၌ သူတို့၏ ဝိညာဉ်သည် လူသားဧကရာဇ်အလံထဲသို့ သိမ်းဆည်းခံလိုက်ရ၏။
ဘန်း…
မြေပြင်ပေါ်သို့ ထိုက်ရွှီခေါင်းလောင်း ကျဆင်းသွားသော အသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။
ချင်လော့အား နောက်တစ်ကြိမ် ကြည့်ရှုလိုက်ကြသော သူတို့၏ မျက်လုံးများရှိ အကြည့်များမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။
ချင်လော့အပေါ် ထားရှိသော ရှောင်ထန်၏ အကြည့်တွင် လေးနက်မှုနှင့် နိုးကြားမှုများ ပြည့်နှက်နေခဲ့သည်။
ချင်လော့က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒါက ငါတို့ မဟာချင်အင်ပါယာကို တားဆီးနှောင့်ယှက်တဲ့ ရလဒ်ပဲ... မင်းတို့ထဲက တစ်ယောက်ယောက် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကို တားဆီးနှောင့်ယှက်တဲ့ အကျိုးဆက်တွေကို ထပ်ပြီး ခံစားချင်သေးလား..."
ပတ်ဝန်းကျင်တသ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူကမျှ စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။
ချင်လော့သည် ရှောင်ထန်ဆီသို့ လျှောက်သွားကာ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနက ဖမ်းဆီးချင်တဲ့ လူကို လွှဲပေးစမ်း..."
ရှောင်ထန်က ချင်လော့အား အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီး ခေတ္တမျှ တွန့်ဆုတ်သွားကာ မိုယဲ့ဟန်ကို တွန်းထုတ်ပေးလိုက်၏။
လီယီက လျှောက်သွားပြီး မိုယဲ့ဟန်ကို ဖမ်းဆွဲလိုက်ကာ ရာဇဝတ်ကောင်အား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားခဲ့သည်။
လူကို လွှဲပြောင်းပေးပြီးနောက် ရှောင်ထန်က စုန့်ကျင်းယွီဆီသို့ လက်ကမ်းပေးလိုက်၏။
"ကျင်းယွီ... သွားကြရအောင်..."
စုန့်ကျင်းယွီက အနည်းငယ် မျက်နှာနီမြန်းသွားပြီး ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။
"ကောင်းပြီ..."
သူတို့ နှစ်လှမ်းမျှသာ လျှောက်ရသေးချိန်၌ သူတို့၏ အနောက်မှ ချင်လော့၏ အသံကို ကြားလိုက်ရပေ၏။
"မင်းတို့ကို ထွက်သွားခွင့်ပြုတယ်လို့ ငါ ပြောခဲ့လို့လား..."
ရှောင်ထန်က ချင်လော့ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော် လူကို လွှဲပေးပြီးပြီလေ... ခင်ဗျား ဘာလိုချင်သေးလို့လဲ..."
"ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို တားဆီးနှောင့်ယှက်ပြီးတာတောင် ဒီလောက် လွယ်လွယ်ကူကူ ထွက်သွားလို့ရမယ် ထင်နေတာလား..."
"မင်း ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ ထွက်သွားလို့ ရမှာလဲ... ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဂုဏ်သိက္ခာကရော ဘယ်လိုလုပ်မလဲ..."
"နောက်ပြီး... မင်းက ဝူယွမ်စစ်သူကြီးစံအိမ် မျိုးတုံးသတ်ဖြတ်ခံရမှုမှာ ကြံရာပါလို့ သူ ပြောခဲ့တယ်..."
ချင်လော့က မိုယဲ့ဟန်ကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
မိုယဲ့ဟန်က "ငါ အဲ့ဒီလို ပြောခဲ့လို့လား" ဟု ဆိုလိုသည့်အလား မျက်တောင်တဖျပ်ဖျပ် ခတ်သွားခဲ့ပေသည်။