← Chapters

ဒီရဲ့လူနာ … ငါမင်းကို ကောင်လေးရှာပေးဖို့ လိုသေးလား

Vol. 32 Ch. 316

ဒီရဲ့လူနာ … ငါမင်းကို ကောင်လေးရှာပေးဖို့ လိုသေးလား

Vol. 32 Ch. 316

“ ခင်များရဲ့ မိသားစုနဲ့ ဆွေမျိုးမိတ်ဆွေတွေ မိတ်ဆက်ပေးကြတဲ့ အမျိုးသားတွေမှာ အတ္တကြီးတဲ့ ပြဿနာမျိုး မရှိဘူး … အကုန်လုံးက လူကောင်းတွေချည်းပဲ …”

“ ဒါပေမယ့် ခင်များရဲ့ လိုအပ်တဲ့ တောင်းဆိုချက်တွေက အရမ်းနိမ့်နေတော့ သူတို့တွေ စိုးရိမ်မိကြတယ် …”

“ ခင်များမှာ ရောဂါတစ်ခုခု ရှိနေတာ … ဒါမှမဟုတ် ကလေး မမွေးပေးနိုင်တာမျိုးပေါ့ ….”

“ အဲ့တာကြောင့်လည်း သူတို့တွေ ခင်များကို ထပ်ပြီး မဆက်သွယ်လာကြတော့တာပဲ ….”

“ ခင်များနဲ့ ဘလိုင်းဒိတ်မှာ တွေ့ခဲ့တဲ့ အမျိုးသားတွေအကုန် ပျောက်ကွယ်သွားကြတာကို မြင်တော့ ခင်များ အကြောင်းအရင်းကို စတင်ရှာဖွေပြီး ကိုယ့်ကိုယ်ကို သုံးသပ်မှုတွေ လုပ်တယ် ….”

“ ခင်များရဲ့ တောင်းဆိုချက်တွေက မြင့်မားလွန်းနေတယ်လို့ ယူဆလိုက်တယ် … ဒါကြောင့်မို့လည်း ခင်များရဲ့ လိုအပ်တဲ့ တောင်းဆိုမှုတွေကို နိမ့်ပြီးရင်း နိမ့်နေခဲ့တာပဲ ….”

“ ခင်များရဲ့ တောင်းဆိုချက်တွေ နိမ့်လေလေ ၊ ခင်များက ပိုပြီး မသင်္ကာဖို့ ကောင်းလာလေလေပဲ …”

“ ဘာဖြစ်လာလဲဆိုရင် … ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တစ်ချို့ ရှိတဲ့လူတွေတောင် ခင်များဆီ မချဉ်းကပ်ရဲကြတော့ဘူး ….”

“ သူတို့နဲ့ နယ်ပယ်တူချင်းကလူတွေ ဖြစ်နေမှာကို စိုးရိမ်နေကြတာ ….”

ဤစကားကြားပြီးနောက် အန်းလန်မှာ အော်ငိုချင်စိတ် ပေါက်သွားခဲ့သည်။

ဒါက ဘာကြီးတုန်း ….

သူမရဲ့ တောင်းဆိုချက်တွေက သာမန်ဆန်လွန်းလို့ တစ်ခြားလူတွေအပေါ် သူမက မရိုးသားဘူးဆိုပြီး ခံစားရစေတယ်ပေါ့လေ …

ဧကန္တ သူမလည်း တစ်ခြား မိန်းမလှလေးတွေလိုမျိုး သူမရဲ့ တောင်းဆိုချက်တွေကို လူတွေ ကြောက်ရွံ့ပြီး နောက်ဆုတ်သွားစေလောက်မယ့် အနေအထားအထိ မြင့်ထားသင့်တာလား …

အန်းလန်သည် ချမ်းသာကြွယ်ဝသည့် မိသားစုထဲ လက်ထပ်ဝင်ရောက်ဖို့ စိတ်ကူးမရှိပေ။

သူမ၏ အလှကို အသုံးချ၍ ယောက်ျားသားများအပေါ် ပလေးခြင်းကိုလည်း စက်ဆုပ်မုန်းတီးသည်။

သူမ လိုချင်မိသည်က သာမန် ချစ်သူစုံတွဲ ဆက်ဆံရေးလေး တစ်ခုတည်းပင်။

သူမက မေတ္တာရှိပြီး သူမအပေါ် မေတ္တာပြန်ရှိမည့် အမျိုးသားတစ်ဦး၊ သူမနှင့်အတူ တစ်ဘဝလုံး အတူလက်တွဲသွားနိုင်မည့် အမျိုးကောင်းသား တစ်ဦးကို ရှာဖွေလိုရုံမျှပင်။

ထိုမျှ ရိုးရှင်းသည့် တောင်းဆိုချက်လေးတစ်ခုက ယနေ့ခေတ်ကြီးတွင် ဖြည့်ဆည်းပေးနိုင်ဖို့ ဤမျှ ခက်ခဲနေပြီတဲ့လား။

“ ခင်များရဲ့ လက်ရှိ အနေအထားနဲ့ဆိုရင် … အိမ်ထောင်ကျဖို့က နောက် နှစ်အနည်းငယ်လောက် ထပ်စောင့်ရမှာကို ကျုပ် စိုးရိမ်မိတယ် …” ချန်ယွီ့ ပြောလိုက်သည်။

“ ဒါဆို … ကျွန်မရဲ့ လက်ရှိ ပုံစံက နောက်သုံးလေးနှစ်လောက်အထိကို ဆက်ဖြစ်နေဦးမယ်ပေါ့ ဟုတ်လား ….” အန်းလန်က ဝမ်းနည်းနေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

“ ကျုပ်က စိတ်ကျန်းမာရေးဆရာဝန်ပါ … ဗေဒင်ဆရာ မဟုတ်ဘူးလေ …” ချန်ယွီ့က သာမန်လျှံကာ လေသံဖြင့် “ ခင်များရဲ့ အိမ်ထောင်ရေးအခြေအနေကို ကျုပ် မျက်စိနဲ့ မြင်ရသလောက်ပဲ သုံးသပ်ပေးနိုင်တယ် …”

“ နှစ်အနည်းငယ် ကြာပြီးမှပဲ ဖြစ်ရင်ဖြစ်မယ် ၊ မဟုတ်လည်း မနက်ဖြန် ဖြစ်ရင်ဖြစ်သွားနိုင်တယ် … ပြောရရင် အချိန်မရွေး ဖြစ်သွားနိုင်တယ် ….”

ဤနေရာသို့ ရောက်ရှိလာသူ ကိုးဆယ်ရာခိုင်နှုန်းလောက်က ချန်ယွီ့လိုက်စထွင်းများ၏ ကြည့်ရှုသူ ပရိသတ်အဟောင်းများ ဖြစ်ကြပြီး အန်းလန်သည်လည်း သူမက ချန်ယွီ့၏ ပရိသတ် မဟုတ်လျှင်ပင် အနည်းဆုံးတော့ ချန်ယွီ့ လိုက်စထွင်းတစ်ချို့ကို ကြည့်ခဲ့ဖူးသည်။

ချန်ယွီ့ ပြောသည့် စကားလုံးများကို သူမ ၁၀၀ ရာခိုင်နှုန်းအပြည့် ယုံကြည်ပါသည်ဟု မပြောဝံ့သော်ငြားလည်း သူ့စကားကို မေးခွန်းပြန်ထုတ်ဖို့က လွယ်ကူမနေပေ။

သူမ အိမ်ထောင်ပြုဖို့ အချိန် မည်မျှ ကြာဦးမည်ကို တွေးတောမိတော့ အန်းလန်မှာ ငိုချင်စိတ်ပေါက်သွားခဲ့သည်။

သူမက အသက်ကြီးရင့်လာခြင်း ၊ သို့မဟုတ် လေးဆယ်နားနီးမှ ကိုယ်ဝန်ဆောင်ရခြင်းကို စိုးရွံ့နေသောကြောင့် မဟုတ်ဘဲ မိဘများ နားပူနားဆာ လုပ်သည်ကို ဘယ်လိုမှ သည်းမခံနိုင်တော့သောကြောင့်ပင်။

“ ဒီ အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း မရှိဘူးလား ….”

အန်းလန်က စကားအစ်ကြည့်လိုက်၏။

“ အမေတို့ကလည်း ကျွန်မကို နေ့တိုင်းနေ့ လက်ထပ်ဖို့ကိစ္စပဲ ပြောနေကြတာ …. သူတို့ ပူညံပူညံလုပ်လွန်းလို့လည်း ကျွန်မ စိတ်လောပြီး အခုလိုတွေ ဖြစ်လာရတာပဲ ….”

“ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် မလုပ်ဖို့တော့ အကြံပေးချင်တယ် ….”

“ ဘာလို့ ….” အန်းလန် သိချင်သွားခဲ့၏။

“ ဘာလို့ဆိုတော့ ခင်များ ရှာဖွေနေတဲ့ တစ်ယောက်သောသူက ခင်များနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့လူ … soulmate လိုမျိုးပေါ့ ….” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ကျုပ် ခင်များကို ကောင်လေး တစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ရင် ခင်များ အခုချိန်မှာ နှစ်သက်ရင် နှစ်သက်လိမ့်မယ် … ဒါပေမယ့် နောင်ကျရင်တော့ ခင်များ ကျိန်းသေပေါက် နောင်တရလိမ့်မယ် …”

“ ခင်များ အသက် ၃၀ မတိုင်ခင်အထိ လက်မထပ်နိုင်သေးတာက ဘာလို့ဆိုတော့ ခင်များက လွတ်လပ်ပြီး အပူပင်မဲ့တယ် … အိမ်ထောင်ရေးဆိုတာ ကံကြမ္မာနဲ့ဆိုင်တဲ့အရာဆိုပြီး ယုံကြည်ထားတယ် …” ချန်ယွီ့က သူ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲပြီး စကားဆက်ပြောသည်။

“ ခင်များက စိတ်တူကိုယ်တူ ဖြစ်မယ့် soulmate ကို ရှာနေတာ … roommate ကို မဟုတ်ဘူး …”

“ ခင်များ အသက် သုံးဆယ်လည်းကျော်တော့ ပြင်ပလောကရဲ့ ဖိအားက ခင်များရဲ့ လှပတဲ့ စိတ်ကူးယဉ်ဆန်မှုလေးတွေကို တစ်စစီ ကွဲကြေသွားခဲ့စေတယ် ….”

“ ခင်များ ရင်ဘက်ထဲက စစ်မှန်တဲ့ ခံစားချက်အတွေးတွေကို ဖိနှိပ်ထားပြီး တစ်ခြားအမျိုးသားတွေနဲ့ပဲ ဘလိုင်းဒိတ်တွေ ဆက်တိုက် လုပ်နေခဲ့တယ် ….”

“ ဒါပေမယ့် အဲ့ဟာက ခင်များလိုချင်တဲ့အရာမဟုတ်ဘူး ….”

အန်းလန်၏ အမူအရာမှာ လွန်ဆွဲနေမိ၏။

ချန်ယွီ့က သူမကို ကောင်လေး တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးနိုင်မည်ကို ယုံကြည်ပြီး ထိုသို့ဆိုပါက သူမ၏ မိဘများသည်လည်း စိတ်ကျေနပ်သွားကြလိမ့်မည်။

သို့သော် အဆိုပါ စိတ်ကျေနပ်မှုက မည်မျှ ကြာရှည်ခံလိမ့်မည်နည်း။

တစ်နေ့ကျရင် သူမ နောင်တရမှာပဲမလား ….

“ တစ်ခြားလူတွေ ရှာဖွေပေးတာနဲ့ ကိုယ့်ဘာကိုယ် ရှာဖွေတာက လုံးဝ မတူညီဘူး ….” ချန်ယွီ့ ဖြည့်စွက်ပြောလိုက်သည်။ “ ကျုပ် ပြောတာကို ခင်များ နားလည်တယ်မလား ….”

“ အင်း….”

အန်းလန် သက်ပြင်းချလိုက်၏။

“ soulmate တွေကို ဘာကြောင့် soulmate တွေလို့ ခေါ်လဲဆိုတော့ သူတို့တွေက သတ်သတ်မှတ်မှတ် ဖြစ်တဲ့ ပါတနာတစ်ယောက်ကို ရည်ညွှန်းချင်တာ မဟုတ်ဘဲ ဆက်ဆံရေးတစ်ခုကို ရည်ညွှန်းတာကြောင့်ပဲ …”

“ သူက ခင်များနဲ့ တစ်ဘဝလုံး လက်တွဲသွားနိုင်မှာ မဟုတ်ပေမယ့် ခင်များရဲ့ စိတ်ဝိဉာဏ်ကိုတော့ ယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို ခံစားရစေနိုင်တယ် ….”

“ စိတ်ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ရင် ခင်များ လိုချင်တဲ့ အချစ်က spiritual love ပဲ …”

“ ခင်များ လိုက်နေတဲ့ အရာက အိမ်ထောင်ရေး မဟုတ်ဘူး ၊ ကလေးယူဖို့ မဟုတ်ဘူး … စိတ်ဝိဉာဏ်ချင်း ကူးလူးဆက်သွယ်မှုပဲ ….”

ချန်ယွီ့ သူမကို နှစ်သိမ့်ပေးလိုက်သည်။

“ အမျိုးသား အများစုက ခင်များရဲ့ ရှေ့မှောက်မှာ ကိုယ့်ကိုယ်ကို သိမ်ငယ်တဲ့ ခံစားချက်မျိုး ဝင်မိကြတယ် …. တစ်ချို့ အမျိုးသားတွေကျပြန်တော့လည်း ခင်များရဲ့ တောင်းဆိုချက်တွေက နိမ့်ပါးလွန်းတော့ မရိုးသားဘူးလို့ ထင်ကြတယ် ….”

“ ဒီအရာတွေက ခင်များရဲ့ အချစ်ရေးလမ်းကြောင်းကို ကြမ်းတမ်းနေစေတဲ့ အကြောင်းအရင်းပဲ ….”

“ အခုလောလောဆယ်မှာ ခင်များရဲ့ စိတ်ခံစားချက်တွေက ရှုပ်ထွေးနေလောက်တယ် … အချိန်တိုအတွင်းတော့ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်နိုင်သေးဦးမှာ မဟုတ်ဘူး …”

“ ခင်များ ဆုံးဖြတ်ပြီးသွားတဲ့အခါကျရင် ကျုပ်ဆီကို နောက်တစ်ခေါက် ပြန်လာခဲ့လို့ရတယ် ….”

“ အဲ့ဒီအခါကျရင် ခင်များ ကိုယ့်ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဆန္ဒနောက်ကိုပဲ လိုက်မလား …၊ ဒါမှမဟုတ် ကျုပ်ကပဲ ခင်များရဲ့ ဘဝလက်တွဲဖော်ကို ကိုယ်စား ရွေးချယ်ပေးရမလား … ဆုံးဖြတ်ပါ ….”

အန်းလန်သည် တံခါးပေါက်အပြင်ဘက်ရှိ လမ်းမထက်သို့ ငေးမောရင်း အချိန်အတော်ကြာသည်ထိတိုင် နှုတ်ဆိတ်နေမိသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အန်းလန်က ရှုပ်ထွေးနေသည့် လေသံဖြင့် “ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျွန်မ ပြန်ပြီး သေချာစဉ်းစားကြည့်လိုက်ပါ့မယ် ….”

ထိုသို့ပြောပြီးနောက် အန်းလန်က မတ်တပ်ထရပ်လိုက်ပြီး အတွေးပေါင်းများစွာနှင့်အတူ စိတ်ကျန်းမာရေးဆေးခန်းထဲက ထွက်ခွာသွားခဲ့သည်။

(စကားချပ် - soulmate ဆိုတာက စိတ်တူကိုယ်တူဖြစ်တဲ့ လူတစ်ယောက်ကို ဆိုလိုတာပါ။ စိတ်ချင်းဆက်နေတဲ့လူပေါ့။ soulmate က လိင်နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ ပြီးတော့ လက်တွဲဖော်မှ မဟုတ်ဘူး၊ သူငယ်ချင်းလည်း ဖြစ်နေနိုင်တယ်။

Twin flame - ဒါကတော့ ကိုယ့်ရဲ့ ဆန့်ကျင်ဘက်လိင် တစ်မျိုးတည်းပဲ ဖြစ်နိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် ကိုယ့်ရဲ့ ကိုယ်ပွားလေးပေါ့။ spiritual မှာ ကိုယ်ရဲ့ ဝိဉာဏ်အလင်းတန်းက ကမ္ဘာမြေပေါ် ရောက်လာပြီး လူ၀င်စားချိန်မှာ ဝိဉာဏ်က နှစ်ပိုင်းကွဲသွားတယ်။ တစ်ပိုင်းက ယောက်ျားလေးဖြစ်ပြီး ကျန်တစ်ပိုင်းက မိန်းက‌လေး။ Twin flame ကို ဘယ်လိုသိနိုင်မလဲဆိုရင် အဲ့သူကို မြင်လိုက်တာနဲ့ လုံး၀ ရင်းနှီးကျွမ်း၀င်နေသလို ခံစားရလိမ့်မယ်တဲ့။ သူက ကိုယ်ဖြစ်နေသလိုမျိုးပေါ့။ ဆန်းတော့ဆန်းသားဗျ။ စိတ်၀င်စားဖို့ကောင်းတဲ့အချက်က ကိုယ့်ရဲ့ အဲ့ဒီ ကိုယ်ပွားကလည်း ကိုယ်နဲ့ ဆင်တူတဲ့ ဘ၀အခြေအနေမျိုးကို တစ်ထေရာတည်း ကြုံတွေ့ရတယ်ဆိုပဲ။ စာဖတ်သူတို့ရော soulmate တွေ ၊ Twin flame တွေနဲ့ ဆုံဖူးကြပြီလား။ )

“ ဒေါက်တာချန် … ကျွန်မတော့ အဲ့မိန်းကလေးက တော်တော်လေး စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ထင်တယ် ….” ကျိုးခဲ့ရှင်းက ထွက်ခွာသွားသည့် အန်းလန်၏ နောက်ကျောပုံရိပ်ကို ကြည့်ရင်း ပြောလိုက်သည်။

ချန်ယွီ့ ခေါင်းခါယမ်းလိုက်၏။ “ လူတွေက ဆန်စားတာချင်း တူပေမယ့် အကျင့်စရိုက်တွေကတော့ ကွဲပြားကြတယ် …. သူတို့ မြင်တဲ့ အမြင်က သူတို့လိုချင်တဲ့ ရလဒ်ကို ဖြစ်ပေါ်စေပြီး မတူညီတဲ့ ရလဒ်တွေကို ဖြစ်လာစေတာပဲ …”

“ ဟင်း …”

“ တကယ်လို့ ကျွန်မသာဆိုလို့ကတော့ သူ့လောက် စိတ်လွန်ဆွဲနေမိမှာ မဟုတ်ဘူး ….” ကျိုးခဲ့ရှင်း သက်ပြင်းချလိုက်သည်။

“ ဟားဟား ….”

ချန်ယွီ့ မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ မင်းမှာ ကောင်လေးတောင် မရှိသေးဘဲနဲ့ မင်းရဲ့ အနာဂတ် အချစ်ရေးကလည်း မိန်းကလေးအန်းလိုမျိုး မရှုပ်ထွေးနေပါဘူးလို့ ဘယ်လိုတောင် အာမခံရဲနေတာလဲ …”

ကျိုးခဲ့ရှင်း၏ ခန္ဓာကိုယ်လေးမှာ တောင့်တင်းသွားခဲ့ရသည်။

စင်ဂယ်ဖြစ်နေတာ သူမ အမှားမဟုတ်ဘူးလေ။

ကံကြမ္မာကိုက ရောက်မှ မလာသေးတာ ….

ဟင် နေစမ်းပါဦး ….

ကျိုးခဲ့ရှင်းမှာ ဖော်မပြနိုင်သည့် ခံစားချက်မျိုး ခံစားလိုက်ရ၏။

သူမရဲ့ အတွေးတွေကလည်း အန်းလန်နဲ့ နည်းနည်းလေး ဆင်တူနေတာပဲ မဟုတ်လား …

ညဘက် ဆေးခန်းပိတ်ပြီးနောက် ချန်ယွီ့သည် ပြည့်အင့်နေသည့် သူ့ဗိုက်ကို ပွတ်သပ်လိုက်ပြီး ဟူယွီ ပလတ်ဖောင်းထဲသို့ ဝင်ရောက်လိုက်သည်။

ကြည့်ရှုသူများနှင့် သာမန်လျှံကာ စကားတစ်ချို့ ပြောဆိုပြီးနောက် မောက်စ်ကို ရွေ့လျား၍ ယွမ်တစ်ရာတန် ဟုန်ပေါင်းများ လွှတ်ပေးလိုက်လေသည်။

ယခင်အတိုင်းပဲ နှစ်မိနစ်လောက်ကြာတော့ ဟုန်ပေါင်းများ အားလုံး ကုန်သွားခဲ့သည်။

ပထမဦးစွာ ကံကောင်းသွားသည့် ကြည့်ရှုသူ၏ အွန်လိုင်းနာမည်က အတော်လေး ထူးဆန်းနေသည်။

သာမန် အသုံးပြုသူ နာမည်မဟုတ်ပါဘဲ ဤ ကြည့်ရှုသူ၏ နာမည်ကတော့ ဂဏန်းအတွဲလိုက်ဖြစ်၏။

ဟူယွီတွင် လိုက်စထွင်းများ မကြာခဏ ကြည့်လေ့ရှိသည့် အင်တာနက်သုံးစွဲသူများကတော့ ဤသည်က ၎င်းတို့၏ အသုံးပြုသူ အမည် မဟုတ်ကြောင်းကို သိနေကြသည်။

ယင်းက မှတ်ပုံတင်စဉ်တွင် ပလတ်ဖောင်းက ကျပန်းသတ်မှတ်ပေးသည့် ကုတ်တစ်ခု ဖြစ်၏။

မှတ်ပုံတင်ပြီးနောက်တွင် လူတိုင်းက စက်တင်ထဲသို့ ဝင်၍ မိမိတို့၏ နာမည်များကို ပြန်ချိန်းကြ၏။ ဟူယွီကလည်း တစ်ကြိမ် အခမဲ့ နာမည်ပြောင်းလဲခွင့်ကို သဘာဝအတိုင်းပဲ ပေးထားသည်။

စခရင်ထက်တွင် လူနှစ်ဦး ထွက်ပေါ်လာတာကို မြင်တော့ ကြည့်ရှုသူများက နားလည်သဘောပေါက်သွားခဲ့ကြ၏။

သူတို့တွေ အွန်လိုင်းနာမည် မပြောင်းကြတာ မဆန်းတော့ဘူး … ဘာလို့ဆို ဘယ်လိုပြောင်းရမလဲမှ မသိကြဘဲကိုး …

ခေါ်ဆိုလာသူများက ဆံနွယ်ဖြူဖွေးနေသည့် လူအိုစုံတွဲ ဖြစ်၏။

နှစ်ယောက်လုံးက မငယ်ရွယ်ကြတော့ပေ။ ဖြူဖွေးသည့် ဆံပင်များနှင့် မျက်နှာထက်တွင်လည်း အရေးအကြောင်းတို့ ပြည့်နှက်နေသည်။

အသက် ခုနစ်ဆယ်ကျော် မဟုတ်လျှင်တောင် ရှစ်ဆယ်ဝန်းကျင်တော့ ရှိကြလောက်ပြီ။

လူအိုကြီးက စကားစပြောလာခဲ့ပြီး “ လူငယ်လေး … မင်းက အတော်လေး အစွမ်းအစ ရှိပြီး အရာရာတိုင်းကို တွက်ချက်နိုင်တယ်ဆိုပြီး ကြားမိတယ် …”

“ ငါတို့သားလေး အသက်ရှင်နေတုန်းပဲလားဆိုတာကို ပြောပြပေးပါကွာ ….”

“ ခင်များတို့သားက အသက်ရှင်နေတုန်းပဲ ….” ချန်ယွီ့ ဖြေပေးလိုက်သည်။

“ အဲ့လိုဆို ကောင်းတယ် …”

အဘိုးက စိတ်သက်သာရသွားခဲ့၏။

“ လူလေး … ကျေးဇူးတင်ပါတယ်ကွယ် … သူ အသက်ရှင်နေမှန်း သိလိုက်ရတော့ ငါတို့ စိတ်သက်သာရသွားပါပြီ … မင်း လုပ်စရာရှိတာ ဆက်လုပ်ပါ … ငါတို့ မင်းကို မနှောင့်ယှက်တော့ပါဘူး ….”

“ ခင်များသား အခု ဘယ်မှာ ရှိနေလဲရော မသိချင်ဘူးလား …” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး မေးလိုက်သည်။

“ မသိတာပဲ ကောင်းတယ် ….”

“ ဒင်း ဘယ်မှာ ရှိနေလဲသိနေရင် ငါတို့ တစ်မိသားစုလုံး တစ်ရက်လေးမှ ငြိမ်းချမ်းနိုင်မှာ မဟုတ်တော့ဘူး …” အမယ်အိုကြီးက သူမ၏ အက်ကွဲကြမ်းတမ်းနေသည့် အသံဖြင့် ဆိုလိုက်၏။

All Chapters