← Chapters

သူတို့သားကို ရောင်းစားလိုက်တဲ့ မိဘတွေ

Vol. 32 Ch. 318

သူတို့သားကို ရောင်းစားလိုက်တဲ့ မိဘတွေ

Vol. 32 Ch. 318

သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် ၊ သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ အုတ်အုတ်ကျက်ကျက်တွေ ဖြစ်ကုန်ကြသည်။

ချန်ယွီ့ပြောသည့် စကားအတိုင်းဆိုလျှင် သူတို့သား လောင်းကစား သမား ဘဝရောက်သွားခဲ့တာက သူတို့စနက် မကင်းခဲ့ဟန်ပင်။

မဟုတ်မှလွဲရော သားဖြစ်သူကို လောင်းကစားလုပ်ဖို့ အားပေးခဲ့တာ သူတို့ကိုယ်တိုင်ပဲ ဖြစ်နေမလား …

လာနောက်မနေစမ်းနဲ့ ..

ဒါကြီးက အီစွပ်ပုံပြင်တွေထက်တောင် ပိုပြီး မယုံကြည်ချင်စရာ ကောင်းသေးတယ် …

လူအိုစုံတွဲ ပြောတာကျတော့ သူတို့သား လောင်းကစား စွဲသွားခဲ့တာက မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့်ဆိုပြီး ပြောသွားခဲ့တယ် …

သူ့ သူငယ်ချင်းတွေကြောင့် လမ်းမှားရောက်ပြီး လောင်းကစား စားပွဲဝိုင်းပေါ် ရောက်သွားခဲ့တာပဲ …

အဲ့တာက မိဘတွေ ဖြစ်တဲ့ သူတို့နဲ့ ဘာဆိုင်လို့လဲ….

စိတ်ထဲ၌ ထိုသို့ တွေးတောနေမိသည့်တိုင် မည်သည့် ကြည့်ရှုသူကမျှ ချန်ယွီ့ စကားကို မေးခွန်းထုတ်လာကြခြင်း မရှိပေ။

ကြည့်ရှုသူ အဟောင်းများကတော့ ချန်ယွီ့သည် စကားကို လှည့်ပတ် သွယ်ဝိုက်ပြီး ပြောဆိုရတာ နှစ်သက်ကြောင်း နားလည်ကြ၏။

အကယ်၍ ယခုအချိန်တွင် ကွန်းမန့်တစ်ခုခု ပေးပို့လိုက်မည်ဆိုပါက မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည်မျိုး ဖြစ်သွားနိုင်သည်။

ကြည့်ရှုသူများက ကြည့်ပဲကြည့်နေကြပြီး စကားမပြောဝံ့ကြချေ။

“ ဒေါက်တာချန် … မင်း ဘယ်လိုတောင် ပြောရက်နိုင်ရတာ …” အမယ်အိုကြီးက မပျော်မရွှင် ဖြစ်စွာ ပြောလိုက်ပြီး “ သူ့အဖေနဲ့ငါက သူလမ်းမှားရောက်အောင် ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး ….”

“ ဒါတွေ အကုန်လုံးက ငါတို့ကြောင့်ဆိုတာ မင်း ဘာစကားပြောတာ ….”

“ မင်းရဲ့ စကားလုံးတွေက သိပ်ကို တရားလွန်လွန်းတယ်နော်….”

“ ဟားဟား ….” ချန်ယွီ့ ခပ်ရေးရေး ပြုံးလိုက်ပြီး “ ခင်များက ကျုပ်ထက် အသက်ကြီးနေတာကြောင့်ပဲ သွယ်ဝိုက်ပြီးသတိပေးရင်းနဲ့ ခင်များတို့ရဲ့ မျက်နှာတွေကို အနည်းနဲ့အများ ဆည်ပေးနေတာ …”

“ ခင်များတို့ ဘာလုပ်ခဲ့လို့လဲ ဟုတ်လား … ကျုပ်ကို အမှန်အတိုင်း ပြောစေချင်နေတာလား ….”

“ တကယ်လို့ ကျုပ် ပြောလိုက်ရင် ခင်များတို့တွေ မျက်နှာဆည်နိုင်မှာ မဟုတ်တော့ဘူးနော်….”

ဤစကားကြားတော့ လူအိုစုံတွဲ နှစ်ဦးလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။

သူတို့တွေ အပြစ်ရှိသလို ခံစားသွားခဲ့ကြရပြီး ရှော့ခ်ရသွားကြတော့သည်။

“ ခင်များတို့က စမတ်ဖုန်း ၊ ဒါမှမဟုတ် လိုက်စထွင်း တစ်ခုတောင် မကြည့်ဖူးဘူးလို့ ပြောတယ်နော်…. “ ချန်ယွီ့ စကားဆက်လိုက်ပြီး “ အခု ကျုပ်ဆီရောက်လာခဲ့တာကလည်း ဆွေမျိုးတစ်ယောက်ယောက်က ညွှန်းလိုက်လို့ ….”

“ ကျုပ်က အရာအားလုံးကို သိနေမှန်း သိမှတော့ ဘာလို့ ကျုပ်ရှေ့မှာ သရုပ်လာဆောင်ပြနေရတာ …”

“ ကျုပ်ဘက်က အကုန်လုံးကို ဖော်ထုတ်လိုက်မှပဲ စိတ်ကျေနပ်နိုင်မှာလား ဟုတ်လား …..”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က စခရင်တစ်ဖက်ခြမ်းရှိ အဘိုးကြီးကို ခပ်ရေးရေးပြုံးပြီး ကြည့်လိုက်သည်။

“ ခင်များရဲ့ အရင် အလုပ်အကိုင်က ဘာသာစကား သင်ပေးတဲ့ ကျောင်းဆရာ ….”

“ ခင်များတို့ရဲ့သား ထိပ်တန်း တက္ကသိုလ်တစ်ခုထဲ ဝင်ရောက်နိုင်ခဲ့တာက ခင်များတို့ လင်မယားနှစ်ယောက်နဲ့လည်း ဆိုင်တယ် …”

“ ဘာသာစကား သင်ပေးတဲ့ဆရာ ဖြစ်ပြီးတော့မှပဲ ကျုပ် ဘာပြောပြချင်နေလဲဆိုတာကို ခင်များက ဘာလို့ နားမလည်နိုင်ရတာ ….”

“ ဒါတွေ အကုန်လုံးက ခင်များတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေပဲ မဟုတ်ဘူးလား …..”

ချန်ယွီ့ မာန်ပါပါနှင့် စကားတစ်ခွန်းပြောလိုက်တိုင်း လူအိုစုံတွဲနှစ်ဦး၏ မျက်နှာအမူအရာများမှာ ပိုပိုပြီး အကျည်းတန်လာလေသည်။

ကြည့်ရှုသူများကတော့ သူတို့၏ စခရင်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။

သူတို့၏ အလိုလိုသိစိတ်က ပျားရည်လိုချိုမြိန်မည့် အတင်းအဖျင်း အကြီးစားကြီး တစ်ခု ရှိနေသည်ဟူ၍ပင်။

မွှေးပျံ့သည့် လက်ဖက်ရည်နှံ့တို့ကလည်း မိုင်ထောင်ချီပတ်လည် သင်းပျံ့လို့နေသည်။

ချန်ယွီ့သည် ဒါဇင်ချီသည့် လူနာများနှင့် တိုင်ပင်ဆွေးနွေးလာခဲ့ပြီးသော်လည်းပဲ ယခုလို ထေ့ငေါ့လှောင်ပြောင်သည့် လေသံမျိုးဖြင့် စကားပြောသည်ကတော့ အင်မတန်ရှားသည်။

သို့သော် ယခုအချိန်တွင်တော့ သူက လူအိုစုံတွဲကို ထူးဆန်းပြီး ထေ့ငေါ့သည့် လေသံမျိုးဖြင့် မေးခွန်းထုတ်နေလေသည်။

ဘယ်လိုပဲ ကြည့်ကြည့် ၊ လူအိုစုံတွဲ နှစ်ယောက်က သူတို့သားထက်ကို ပြဿနာတွေ များနေပုံရသည်။

ကာနီဗယ်လက်ဆောင် ဆယ်ခုက လိုက်စထွင်းထဲ ထွက်ပေါ်လာသည်။

ပေးပို့လာခဲ့သူကတော့ ကြည့်ရှုသူများအား ဥပဒေရေးရာနှင့် ကူညီပေးနေသည့် ရှေ့နေလော့ကလွဲ၍ အခြားသူ မဟုတ်ပေ။

“ ကာနီဗယ် လက်ဆောင် ဆယ်ခုအတွက် ကျေးဇူးတင်ပါတယ် ရှေ့နေလော့….” ချန်ယွီ့ ပြုံးလျက် ကျေးဇူးတင်လိုက်သည်။

ရှေ့နေလော့က အရင်ဦးဆုံး အပြုံးမျက်နှာနှင့် အီမိုဂျီ ပို့လိုက်ပြီး ထို့နောက် အထူးကွန်းမန့်တစ်ခု ရေးလာခဲ့၏။

“ ဒေါက်တာချန် … သူတို့သား ဘာကြောင့် ထွက်သွားခဲ့ရလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါ ….”

“ သူ အိမ်က ထွက်သွားခဲ့တာ တကယ်ပဲ လောင်းကစားကြောင့်လား … ဒါမှမဟုတ် တစ်ခြား တစ်ခုခုကြောင့်လား …”

“ တစ်ခြားတစ်ခုခုကြောင့် ….” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ အကြောင်းအရင်းကတော့ …. သူ့မိဘတွေရဲ့ အကျင့်စရိုက် လက္ခဏာနဲ့ အများကြီး ပတ်သက်နေတယ် …”

“ ဒီအဘိုးကြီးက ဘာသာစကား သင်ပေးတဲ့ ဆရာ ဖြစ်ခဲ့ဖူးပြီး သူ့မိန်းမကတော့ ပြည်နယ်ပိုင် ကုမ္ပဏီတစ်ခုရဲ့ အရောင်းသမ ဖြစ်ခဲ့ဖူးတယ် …”

“ သူတို့ ခေတ်မှာတုန်းက သူတို့နေတဲ့ နေရာတွေမှာ အတော်လေး ဩဇာညောင်းတဲ့လူတွေလို့ ပြောလို့ရတယ် ….”

“အတိတ်တစ်ချိန်တုန်းက ငွေရှိရုံ တစ်ခုတည်းသပ်သပ်နှင့် ကိုယ်လိုချင်တာ မှန်သမျှ ဝယ်မရဘူးဆိုတာကို ကြည့်ရှုသူ တော်တော်များများလည်း သိကြမှာပါ …”

“ တစ်ချို့ ထုတ်ကုန်တွေက လွယ်လွယ်နဲ့ ပြတ်လပ်တတ်တယ် … အဲ့တော့ ငါတို့ကလည်း အဆက်အသွယ်တွေ ၊ နောက်တံခါးတွေကို မှီခိုကြရတယ် …”

“ ဒီ ဆရာက သူ့အလုပ်သဘောကို အခွင့်ကောင်းယူပြီး ကျောင်းသားမိဘတွေဆီကနေ တံစိုးလက်ဆောင်တွေ အများကြီး လက်ခံခဲ့တယ် ….”

“ နောက်ပိုင်း … လူ့အဖွဲ့အစည်းက ပိုပိုပြီး စည်းကမ်းကြပ်ကြပ်မတ်မတ် ရှိလာခဲ့တော့ သူတို့ အဲ့လိုလုပ်လို့ကတော့ အတိုင်ခံရပြီး ထောင်ကျသွားလိမ့်မယ် …”

“ အဲ့နောက်ပိုင်းမှာ လင်မယားနှစ်ယောက်ကလည်း တစ်ယောက်ပြီး တစ်ယောက် အနားယူလိုက်ကြပြီး အရင်က စုဆောင်းထားခဲ့တဲ့ ပိုက်ဆံတွေနဲ့ ထိုင်စားတယ် …”

“ နေ့တိုင်းနေ့ ကာရာအိုကေ သွားဆိုရင်ဆို ၊ မဆိုဘူးဆို ကတ်ကစားတယ် …”

“ နှစ်ယောက်လုံးက ကိုယ်ပိုင် ချစ်သူတွေ ကိုယ်စီနဲ့ … ၊ ပြီးတော့ သူတို့နေထိုင်တဲ့ လူမှုဘဝပုံစံတွေက အတော်လေး ရှုပ်ထွေးတယ်လို့ ဆိုရမယ် ….”

“ သူတို့အိမ်က ဟိုတယ်ဖြစ်လာတယ် … ဒီနေ့ ပြန်လာရင် ပြန်လာမယ် … ဒါပေမယ့် မနက်ဖြန်ကျရင်တော့ ပြန်လာချင်မှ ပြန်လာတော့မှာ ….”

“ ခဏလောက် အိပ်ပြီးတာနဲ့ အပြင်ကို ပြန်ထွက်ကြတယ် …”

ကြည့်ရှုသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်ပါပဲ …

ကြင်နာတတ်တဲ့ ပုံစံပေါက်တဲ့ လူအိုကြီး လင်မယားက တကယ်တမ်းကျတော့ အဲ့လိုမျိုး ကိုယ်ကျင့်သိက္ခာမဲ့တဲ့ လူစားမျိုးတွေ ဖြစ်နေကြတယ် …

ပြီးတော့ … သူတို့သရုပ်ဆောင်တာကလည်း သောက်ရမ်း တော်လွန်းတယ် ….

“ ဒေါက်တာချန် … ငါ စကားကို ဖြတ်ပြီး ပြောမိတာ စိတ်မရှိပါနဲ့ ….”

ရှေ့နေ့လော့က ကွန်းမန့်ရေးလာခဲ့သည်။

ချန်ယွီ့ ပြောသည့် စကားကို သူ အနည်းငယ် နားရှုပ်နေမိ၏။

လူအိုကြီးရဲ့သား တက္ကသိုလ် တက်နိုင်ခဲ့တာက ဆရာဖြစ်ခဲ့ဖူးတဲ့ သူ့အဖေရဲ့ နက်ရှိုင်းတဲ့ အဆက်အသွယ်တွေကြောင့်။ သူ့မိဘတွေ အနားယူသွားတော့ သူတို့တွေကလည်း ပျင်းရိပြီး ဘာအလုပ်မှလည်း မလုပ်ကြဘူး။

ဒါဆိုရင် သူတို့ရဲ့သားကို သွန်သင်ဆုံးမဖို့ ဘယ်နားက အချိန်ရှိမှာ ….

“ သူတို့သား တက္ကသိုလ်ကောင်းကောင်း တက်နိုင်ခဲ့တယ်လို့ ပြောတုန်းက …. သူ့အဖေက သားလုပ်သူကို သူ့ခွန်အားရှိသမျှ ကြိုးစားပြီး ပညာသင်ပေးခဲ့တာကြောင့်လို့ ကျုပ် မပြောခဲ့ဘူး … ကျုပ်ဆိုလိုချင်တဲ့သဘောက သူတို့တွေက သားလုပ်သူရဲ့ မကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေ အဖြစ် ဆက်ဆံခံခဲ့ရတာကို ပြောချင်တာ ….”

ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်ပြီး “ သားဖြစ်သူက သူ အမှတ်ကောင်းကောင်းရအောင် ကြိုးစားပြီး သူတို့အိမ်ကနေ တစ်သက်လုံး ထွက်သွားမယ်လို့ ကျိန်ခဲ့တယ် ….”

“ မိဘတွေဆိုတာ သူတို့သားသမီးတွေရဲ့ လက်ဦးဆရာတွေ …. သူတို့ကလေး ငယ်တုန်းကတည်းက အများဆုံး မြင်တွေ့ခဲ့ရတာတွေက သူတို့ရဲ့ အရှက်ကင်းမဲံပြီး အကျည်းတန်တဲ့ အပြုအမူတွေကိုပဲ….”

“ သူ့အဖေက ကျောင်းဆရာ … ဒါပေမယ့် သားလုပ်သူကိုတော့ ကောင်းတဲ့အရာ ဘာတစ်ခုမှ မသင်ပေးဘူး …”

“ သူအများဆုံး မြင်ခဲ့ရတာက သူ့အဖေရဲ့ ကျောင်းသားမိဘတွေ မျက်နှာလို မျက်နှာရနဲ့ ပြုံးပြီး စီးကရက်တွေ ၊ အရက်တွေ လက်ဆောင်ပေးလာတာကိုပဲ …”

“ သူ့အမေရဲ့ လုပ်ရပ်တွေဆိုလည်း ပိုတောင်ဆိုးသေးတယ် …”

“ ပြည်နယ်ပိုင် ကုမ္ပဏီရဲ့ လျှပ်စစ်ပစ္စည်း အရောင်းကောင်တာမှာ နေရတဲ့ အရောင်းသမဆိုတော့ TV နဲ့ ရေဒီယိုတွေက သူ့ကြီးပွားရေး လမ်းကြောင်း ဖြစ်လာတယ် …”

နှစ်ဦးလုံးက သူတို့လက်ထဲရှိ အာဏာများကို အသုံးချပြီး အခြားသူများကို အခက်တွေ့အောင် ပြုလုပ်၍ ငွေရှာခဲ့ကြသည်။

တစ်ခုပြီး တစ်ခု … သူတို့သားက အကုန်မြင်တွေ့ခဲ့ပြီး ထိုအရာများအားလုံးကို သူ့ရင်ထဲ မှတ်သားထားခဲ့သည်။

မိဘများက သူတို့ပိုက်ဆံများကို အပျော်အပါးကြူးချင်းနှင့် ဇိမ်ခံပစ္စည်းမျိုးစုံ ဝယ်ယူသည့်နေရာမှာပဲ အသုံးပြုခဲ့သည်။

ထိုသို့သော မိသားစုမျိုးတွင် မွေးဖွားလာသည့် သူ၏ ကိုယ်ကျင့်တရားက ပုံမှန်မဟုတ်လောက်အောင်ကို ဖြောင့်မတ်နေခဲ့သည်။ အဆုံးတွင် သူ့ကိုယ်ပိုင် ကြိုးပမ်းမှုအပေါ် မှီခို၍ နာမည်ကြီး တက္ကသိုလ်တစ်ခုသို့ ဝင်ရောက်နိုင်ခဲ့ပြီး အခြားမြို့တစ်မြို့တွင် အလုပ်သွားလုပ်ခဲ့၏။

“ ခင်များတို့နှစ်ယောက်က အတော်လေး စီးပွားရေး သမား စိတ်ဓာတ် ရှိတယ်လို့ ပြောရမယ် … ခင်များတို့ လက်ထဲ ကျန်တဲ့ ပိုက်ဆံလေးတွေ ကုန်တော့မှာကို မြင်တော့ စီးပွားရေး အသေးစားလေး တစ်ခုလုပ်ဖို့ စဉ်းစားလာတယ် ….”

“ အဲ့တုန်းက နိုင်ငံထဲမှာ အင်တာနက်တွေ စပြီး ခေတ်စားလာနေပြီ … ခင်များတို့နှစ်ယောက်က အခွင့်အရေးကို အသုံးချပြီး လက်ထဲကျန်တဲ့ ပိုက်ဆံတွေနဲ့ အင်တာနက် ကဖေးတစ်ခု ဖွင့်လိုက်တယ် ….”

“ စီးပွားရေးက ပေါက်ကွဲလုမတတ်ကို ကောင်းတယ် … ဒါပေမယ့် မကြာလိုက်ပါဘူး …”

“ အရင် ဆယ်နှစ်တုန်းက အင်တာနက် ကဖေးဆိုင်တွေကို အသက်မပြည့်သေးတဲ့ ကလေးတွေ ဂိမ်းစွဲလန်းတာ ၊ မီးဘေးလုံခြုံရေးနဲ့ တစ်ခြား အကြောင်းပြချက်တွေကြောင့် အထက်က ပိတ်ချဖို့ အမိန့်ပေးခဲ့တယ် ….”

“ ငွေတွေ အားလုံး ဆုံးပြီးသွားတော့မှ ခင်များတို့မှာ သားတစ်ယောက် ရှိသေးမှန်း သတိရကြတော့တယ် …”

“ ခင်များတို့ချင်း မဆက်သွယ်ဖြစ်တာ ဆယ်နှစ်ကျော်ကြာပြီ … သူ့ဖုန်းနံပါတ်နဲ့ လိပ်စာလည်း မရှိဘူး …”

“ သူ့ အရင် အတန်းဖော်ဟောင်းတွေကနေတစ်ဆင့် စုံစမ်းပြီး သူ နေတဲ့ မြို့ကို သိတော့ ချက်ချင်းပဲ သူ့ဆီ သွားရှာခဲ့တယ် …”

“ အဲ့ဒီအချိန်မှာ ခင်များတို့သားက သူ့ကုမ္ပဏီရဲ့ အလယ်တန်း မန်နေဂျာရာထူး ရနေပြီး တစ်လကို အနည်းဆုံး ယွမ်သောင်းနဲ့ချီပြီ ဝင်နေပြီ ….”

“ သားဖြစ်သူက ခင်များတို့ကို မတွေ့ချင်တော့ ခင်များတို့က ကုမ္ပဏီမှာ ဆူဆူညံညံတွေ လုပ်ပြတယ် ….”

“ ခင်များတို့က သားလုပ်သူကို ထွက်လာခဲ့ပြီး သူတို့ကို တစ်လ အသုံးစရိတ် ယွမ်တစ်သောင်း ပေးဖို့ အတင်းအကြပ် ခိုင်းစေခဲ့ကြတယ် …”

“ တကယ်လို့ အဲ့လောက်ပဲ ဆိုရင်တော့ … ခင်များတို့ မိသားစုက အပေါ်ယံလောက်သင့်မြတ်တဲ့ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်ဦးမှာပဲ ….”

“ ဒါပေမယ့် သူ ပြန်ရောက်လာပြီး မကြာခင်မှာပဲ ခင်များတို့က ခင်များတို့သားရဲ့ အနာဂတ်ကို ဖျက်စီးခဲ့ကြတယ် …”

အကယ်၍ သူ့မျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိဘူးဆိုပါက ချန်ယွီ့ လုံးဝကို ယုံကြည်နိုင်မှာ မဟုတ်ချေ။

လောကကြီးထဲ ဤမျှ ထူးဆန်းလှသည့် မိဘများ ရှိနေကြသည်လော။

မိဘများအတွက် သားလုပ်သူကို သူတို့အပေါ် ပြန်ကြည့်ပေးဖို့ တောင်းဆိုသည်က ဖြစ်သင့်သည့် ဘဘာဝပဲ ဖြစ်၏။

သို့သော် သူတို့လုပ်ခဲ့သည်က သူတို့သားကို ပြန်ကြည့်ပေးဖို့ တောင်းဆိုရုံမျှ မဟုတ်ဘဲ ၊ သေးငယ်သည့် အကျိုးအမြတ်လေးအတွက် သူတို့သားကို ရောင်းစားခဲ့ကြပြီး … သားဖြစ်သူ၏ အနာဂတ်နှင့် ခံစားချက်များကို ထည့်မစဉ်းစားပေးခဲ့ကြချေ။

All Chapters