လောကကြီးထဲ ဆိုးတဲ့မိဘဆိုတာ မရှိဘူး
Vol. 32 Ch. 319
“ ဒါ ဘယ်လို မိဘတွေလဲအဲ့တာ … ငါ့ အသိအမြင်တွေတော့ ကွဲကြေကုန်ပါပြီ ….”
“ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်မှန်နေတာပဲ ….”
“ သူတို့ ပုံစံ ကြည့်ရတာ ကြင်နာတတ်တဲ့ပုံ ပေါ်တယ် … ဒါပေမယ့် သူတို့ လုပ်တဲ့ လုပ်ရပ်တွေက မစင်ထက်တောင် ရွံဖို့ကောင်းသေးတယ် ….”
“ ဒါ မင်းတို့ပြောတဲ့ ကလေးကို ကြီးပြင်းလာအောင် ပျိုးထောင်ပေးခဲ့တယ်ဆိုတာလား …..”
“ ငါ့အခက်အခဲဆုံး အချိန်တွေတုန်းကဆိုလည်း ငါ့ကို အများဆုံး ထိခိုက်နာကျင်စေခဲ့တာ ငါချစ်ရတဲ့လူတွေပဲ …”
“ ငါကိုယ်တိုင် ကြုံဖူးခဲ့ပြီး စိတ်ဓာတ်တွေ ကျဖူးခဲ့တယ် … အခုတော့ ငါ့ဘာငါပဲ တစ်ယောက်တည်း နေတော့တယ် ….”
“ မင်းရဲ့ စိတ်ဖိစီးမှုတွေက မင်းမိဘကြောင့် ဖြစ်လာတယ်ဆိုရင် သူတို့က မင်းကို ဘယ်လိုလုပ်ပြီး နားလည်ပေးနိုင်မှာ ….”
လူအိုစုံတွဲ၏ ငယ်ရွယ်စဉ်အခါက ပြုလုပ်ခဲ့သည့် ကြီးမြတ်လှသော အောင်မြင်မှုများအကြောင်း ချန်ယွီ့ ပြောတာကို နားထောင်ပြီးသည့်နောက် ၊ ကြည့်ရှုသူများ၏ လောကကြီးအပေါ် ရှုမြင်ပုံများလည်း ကပြောင်းကပြန်တွေ ဖြစ်ကုန်ကြသည်။
လူအိုကြီးစုံတွဲက ကြင်နာတတ်ပုံပေါ်သည်။ သို့သော် တစ်ယောက်ထက်ကိုပိုပြီး ကျန်တစ်ယောက်က ဆိုးယုတ်ကောက်ကျစ်နေကြ၏။
ထို့အပြင် မွေးထားသည့် သူတို့သားကိုလည်း ဘယ်တုန်းကမျှ ဂရုမစိုက်ခဲ့ဘဲ သူတို့အိမ်ကိုလည်း ဟိုတယ်အဖြစ်သာ သဘောထားခဲ့သည်။
သူတို့၏ သားကို လျစ်လျူရှုထားပြီး ကိုယ်စီ ပျော်ရွှင်သည့် ဘဝတွင် ဆယ်နှစ်ကျော် နေထိုင်လာခဲ့ကြ၏။ အပြင်လူများသာ သူတို့ လုပ်နေကြသည့် လုပ်ရပ်များကို ကြားသိသွားခဲ့လျှင် ကျိန်းသေပေါက် နောက်တွန့်သွားနိုင်သည်။
“ ဒေါက်တာချန် … သူတို့သားရဲ့ အနာဂတ်ကို ပျက်စီးအောင် ဘာတွေ လုပ်ခဲ့ကြတာလဲတဲ့ ….”
များပြားလှသည့် ကြည့်ရှုသူများက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလာခဲ့ကြသည်။
လူအိုစုံတွဲမှာ ငယ်စဉ်တုန်းကလည်း လေးစားဖို့မကောင်းသလို သားဖြစ်သူကိုလည်း ဂရုမစိုက်ခဲ့ကြပေ။ သူတို့ အသက်ကြီးလာပြီး ပိုက်ဆံ မရှိတော့သည့် အချိန်ကျတော့မှ သူတို့တွင် မွေးထားသည့် သားတစ်ယောက် ရှိနေသေးတာကို အမှတ်ရကြလေသည်။
ပထမဦးစွာ သူတို့သား၏ ကုမ္ပဏီသို့သွားပြီး ဆူဆူညံညံပြုလုပ်၍ လူအများ လှောင်ရယ်စရာ ဖြစ်အောင် ပြုလုပ်ကြသည်။ နောက်ဆုံးတွင် သူတို့၏ ကတ်များကို စားပွဲပေါ် ချပြလာကြပြီး ပိုက်ဆံတောင်းကြ၏။
သူတို့၏ နည်းဗျူဟာနှင့် စပ်လျဉ်း၍ကတော့ ကြည့်ရှုသူများမှာ ‘666’ ဟုသာ ကွန်းမန့်ရေးနိုင်ကြတော့သည်။
“ ဘယ်လိုပဲ ပြောပြော သူတို့က သူ့ရဲ့ မွေးရင်းမိဘတွေပဲလေ …” ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ သူတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် သူဆိုတာလည်း မွေးလာခဲ့မှာမှ မဟုတ်တာ …. အဲ့တာကြောင့်လည်း သူတို့သားက ထောက်ပံ့ပေးတဲ့အနေနဲ့ ယွမ်တစ်သောင်းကို သူ့လစာထဲက ထုတ်လိုက်တယ် …”
“ ပထမ သုံးလေးလမှာတော့ သူတို့သုံးယောက်လုံးက အေးအေးချမ်းချမ်းပဲ နေကြတယ် …”
“ တဖြည်းဖြည်းနဲ့ စုံတွဲရဲ့ ငွေကို ရေလိုသုံးတတ်တဲ့ အကျင့်ဟောင်းက ရောဂါပြန်ထလာတယ် …”
“ တစ်လ ယွမ်တစ်သောင်းက သူတို့အတွက် မလောက်ငှတော့ဘူး ….”
ကြည့်ရှုသူများ၏ အမြင်များမှာ တစ်ဖန်ကွဲကြေသွားပြီး တက်နင်းခံလိုက်ကြရသည်။
တစ်လကို ယွမ်တစ်သောင်းက သုံးမလောက်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …
လိုက်စထွင်း ကြည့်နေသူများထဲတွင် တစ်လကို ယွမ်သုံးလေးထောင်ပဲ ဝင်သူများ ရှိသည်။ သို့တိုင် သူတို့မှာ အနည်းငယ်ကိုပင် စုဆောင်းနိုင်ကြလေသည်။
“ မင်းတို့က အထင်မှားနေကြတာပဲ …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ အသက်ကြီးလာတာနဲ့ အသုံးအဖြုန်းနည်းလာတာ မဟုတ်ဘူး …”
“ အသုံးအဖြုန်းကြီးတယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး …”
ချန်ယွီ့ ဆက်ပြောလိုက်၏။
သူတို့၏ အင်တာနက် ကဖေးဆိုင်က ပိတ်ချခံလိုက်ရပြီးနောက်မှာပဲ စုံတွဲ၏ အသုံးအဖြုန်းက လုံးဝ မလျော့ကျသွားသည်ကိုမြင်တော့ အိမ်နီးချင်းများ၏ စပ်စုလိုစိတ်ကို ဆွဲဆောင်သွားခဲ့သည်။
မေးကြည့်လိုက်တော့ နှစ်ယောက်က နှစ်ပေါင်းများစွာ အဆက်အဆံ မလုပ်ခဲ့သည့် သားဖြစ်သူနှင့် အဆက်အသွယ် ပြန်ရနေကြောင်းကို သိရှိလိုက်ရလေသည်။
နောက်ပြီး သူတို့သားက ယခုဆို နည်းပညာ ကုမ္ပဏီတစ်ခု၏ မန်နေဂျာတစ်ဦးပင် ဖြစ်လို့နေသည်။
သူက သုတေသနနှင့် ဖွံ့ဖြိုးမှုအပိုင်းကို တာဝန်ယူထားသူ ဖြစ်သည်။
ပြောသူက ချဲ့ကားပြီးပြောဆိုနေသော်လည်း နားထောင်သည်ကတော့ အတည်မှတ်ပြီး နားထောင်ကြ၏။
တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် ဒေသခံ နည်းပညာ ကုမ္ပဏီတစ်ခုကလည်း သုတေသန ခေါင်းဆောင်တစ်ဦးကို အရေးတကြီး လိုအပ်နေသည်။
အနည်းငယ် စုံစမ်းပြီးနောက် ကုမ္ပဏီ၏ စီအီးအိုက သူတို့သား၏ မေဂျာနှင့် တာဝန်ယူလုပ်ကိုင်နေသည့် အရာများက သူတို့ ကုမ္ပဏီ စီးပွားရေး လုပ်ငန်းနှင့် အမှန်တကယ် အပ်ဆက်ကိုက်ညီနေကြောင်း ယုံကြည်သွားခဲ့သည်။
ကုမ္ပဏီ၏ စီအီးအိုက ကိုယ်တိုင်ကိုယ်ကျ ရောက်လာ၍ သားဖြစ်သူကို ဇာတိသို့ ပြန်ခေါ်၍ သူတို့ကုမ္ပဏီတွင် အလုပ်လုပ်ပေးဖို့ ဆွေးနွေးဖိတ်ခေါ်သည်။ တစ်လကိုလည်း ယွမ်သုံးသောင်းအထိ ပေးမည်။
ထိုစကား ပြောဆိုပြီးနောက် ချန်ယွီ့သည် စခရင် တစ်ဖက်ခြမ်းရှိ စုံတွဲကို အေးစက်စွာ ကြည့်ရှုလိုက်၏။
ချန်ယွီ့က သူတို့ စိုးရိမ်နေသည့် အရာများကို ဖော်ထုတ်လိုက်ပြီးနောက် လူအိုစုံတွဲ၏ အမူအရာများမှာ အကျည်းတန်ရုပ်ဆိုးသွားခဲ့ကြသည်။
“ နောက်ဖြစ်တာတဲ့အရာက လူတိုင်းကို အံ့ဩသွားစေမှာ ကျိန်းသေတယ် …”
“ နည်းပညာ ကုမ္ပဏီရဲ့ စီးအီးအိုက မိဘတွေ သားလုပ်သူကို ကုမ္ပဏီမှာ အလုပ်လာလုပ်ဖို့ ဖျောင်းဖြပေးနိုင်ဖို့ရာ မျှော်လင့်ခဲ့တယ် …”
“ စီအီးအိုက သူတို့သားကို အဲ့လောက် တန်ဖိုးထားနေတော့ စုံတွဲက မယုံနိုင်စရာကောင်းတဲ့ အစီအစဉ်တစ်ခုကို ကြံစည်လိုက်ကြတယ် …”
“ သူတို့က သားဖြစ်သူကို ခေါ်ပေးဖို့ ကတိပေးမယ် … ဒါပေမယ့် စီအီးအိုက သူတို့နှစ်ယောက်ကို အကျိုးအမြတ် ယွမ် နှစ်သန်းပေးရမယ် …”
“ အဲ့ဒီ ယွမ်နှစ်သန်းရဖို့အတွက် သူတို့က သားဖြစ်သူကို လုံးဝ ရောင်းစားပစ်လိုက်ပြီး ကုမ္ပဏီနဲ့ ဆယ်နှစ်တာ ရေရှည်စာချုပ်ကိုလည်း ချုပ်ဆိုခိုင်းခဲ့တယ် …”
“ ပြီးတော့ စီအီးအိုက သူတို့သားလုပ်သူကို ဘယ်လောက်မှလည်း ပေးဖို့ မလိုဘူး ….”
ယခုအချိန်ကျတော့မှပဲ ကြည့်ရှုသူများသည် ချန်ယွီ့က အဘယ်ကြောင့် သူတို့တွေ သားဖြစ်သူကို ရောင်းစားလိုက်သည်ဟု ပြောဆိုခဲ့လဲဆိုတာကို နားလည်သွားခဲ့ကြတော့သည်။
ယွမ် နှစ်သန်းရရှိဖို့ရာအတွက် လင်မယားနှစ်ယောက်လုံးသည် မျက်ရည်အတုတွေ ကျပြ၊ သားအမိ သံယောဇဉ်ကတ်တွေ ထုတ်သုံးပြ၊ အတုအယောင် သတ်သေတာတွေ လုပ်ပြကြသည်။
စစချင်းတော့ သူတို့က ဖျားနာချင်ယောင်ဆောင်၍ သားဖြစ်သူကို ပြန်လာပြီး သူတို့ကို ပြုစုပေးဖို့ လှည့်စားခဲ့၏။
အလျှော့ပေးဖို့ရာလည်း ခြိမ်းခြောက်ခဲ့ကြသည်။
“ သူတို့နှစ်ယောက်က အဆိပ်ပြင်းတဲ့ မြွေတွေလိုပဲ သားလုပ်သူရဲ့ ပျော့ညံ့တဲ့နေရာကိုမှ အမြဲတမ်း သွားသွားကိုက်တယ် ….”
“ သူတို့ရဲ့ ဖျောင်းဖြမှုအောက်မှာ သားလုပ်သူက မြို့ကြီးပြကြီးက သူ့အလုပ်အကိုင်ကို လက်လျှော့ပြီး မွေးရပ်မြေကို ပြန်လာရင်း ကုမ္ပဏီနဲ့ ဆယ်နှစ်စာချုပ် ချုပ်ဆိုခဲ့တယ် ….”
“ သူတို့နှစ်ယောက်ပြောတဲ့ ချစ်သူကောင်မလေး ကိစ္စကတော့ … တကယ်လည်း အဲ့လို ကိစ္စမျိုး ရှိခဲ့ဖူးတယ် …”
“ ဒါပေမယ့် အခြေအနေက သူတို့ပြောတာနဲ့ လုံးဝ ဆန့်ကျင်ဘက် …”
ချန်ယွီ့ အေးစက်စွာ ပြုံးပြီး စုံတွဲ၏ ပေါက်ကရများကို မညှာတမ်း ဖော်ထုတ်ပေးလိုက်သည်။
သူ့ကောင်မလေးထံက ငွေချေးခဲ့တာက သူတို့သား မဟုတ်ပေ။ သူတို့နှစ်ယောက်ပဲ ဖြစ်၏။
“ ကိုယ် မသေသေးသရွေ့ နေ့တိုင်းနေ့ ထူးဆန်းတာတွေနဲ့ ကြုံရနိုင်တယ်လို့ လူတွေပြောကြတာ တကယ့်ကို မှန်နေပါလား ….”
“ သူတို့က တကယ်ရော မိဘအရင်းတွေ ဟုတ်လို့လား … ငါတော့ ဗန်ပိုင်းယားတွေလို့ ထင်တာပဲ …”
“ တကယ်လို့ ငါလည်း အဲ့လောက် အတိုင်းအတာအထိ တွန်းအားပေးခံရလို့ကတော့ အတူတူပဲ လုပ်မိမှာပဲ …”
“ ဟင်း … ဒီလောက် အရည်အချင်းရှိတဲ့ လူတစ်ယောက်ကိုကွာ … ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက မိဘတွေ မကောင်းတာပဲ …. လောင်းကစား မပြောနဲ့ … သူ့ကိုယ်သူ ဖျက်စီးတာတွေ လုပ်ရင်တောင်မှ မထူးဆန်းတော့ဘူး …”
“ မင်းတို့ ကိုယ့်သားကို မိသားစုဝင်တစ်ယောက်လို့တောင် ဆက်ဆံကြလို့လား …”
“ ဘရို .. မင်းအဲ့လောက် တုံးတဲ့ စကားတွေ မပြောပါနဲ့လား … သူတို့သားကို မိသားစုလို့ သတ်မှတ်ရင် ယွမ်နှစ်သန်းနဲ့ ရောင်းစားလိုက်ပါ့မလား ….”
“ မြို့သေးသေးလေးက နည်းပညာ ကုမ္ပဏီက မြို့ကြီးက ကုမ္ပဏီတွေလိုမျိုး တူညီတဲ့ အနာဂတ်တွေ ရှိနေတယ်လို့ ထင်နေလား မသိပါဘူး ….”
ကြည့်ရှုသူများမှာ သူတို့ အဆုတ်တွေ ပေါက်ကွဲထွက်လုမတတ် ဒေါသထွက်နေမိကြသည်။
ဤလင်မယားနှစ်ယောက်က စနှိုးဝှိုက်၏ မိထွေးထက်ပင် ပိုကြောက်ဖို့ကောင်းနေသည်။
“ တော်လောက်ပြီ …”
“ ငါတို့ မိသားစု ကိစ္စကို မင်းတို့ အပြင်လူတွေ ဝင်ပြောစရာ အကြောင်းမရှိဘူး …”
အဘိုးကြီးက ဒေါသထွက်လွန်း၍ စားပွဲကို ဆက်တိုက် ထုနှက်နေသည်။
“ ငါတို့ သူ့ကို မွေးပေးခဲ့တယ် … ငါတို့သူ့ကို အရာအားလုံး ပေးခဲ့တယ် … သူ့ဆီကနေ ငွေလေးနည်းနည်းတောင်းတာ ဘာမှားလို့လဲ …” အဘွားကြီးက သူမ၏ အက်ကွဲကြမ်းရှသည့် အသံဖြင့် မေးခွန်းထုတ်လိုက်၏။
“ သားလုပ်သူက ကိုယ့်မိဘကိုယ် ပြန်ရှာကျွေးသင့်တာ ဖြစ်သင့်တဲ့ သဘာဝပဲ မဟုတ်လား ….”
“ သားလုပ်သူက နေ့တိုင်းနေ့ သုံးမကုန်တဲ့ ငွေတွေနဲ့ အကောင်းစားတွေ စားနေတဲ့အချိန် မိဘဖြစ်တဲ့ ငါတို့က ဆင်းဆင်းရဲရဲနဲ့ နေနေရတယ်ဆိုတာ ဖြစ်သင့်လား ….”
ဤစကားကြားတော့ ကြည့်ရှုသူများမှာ စခရင်ကို ရိုက်ခွဲပစ်ချင်မိသွားခဲ့ကြသည်။
သူတို့ ဘာလို့ အဲ့လောက်တောင် အရှက်မဲ့နိုင်ကြရတာလဲ …
သူတို့ ပြောတဲ့အတိုင်းဆိုရင် မိဘတွေ အနေနဲ့ သူတို့သားကို ဂုပ်သွေးစုပ်တာက ဖြစ်သင့်တဲ့ သဘာဝပေါ့ ဟုတ်လား …
သူတို့သားကို ရောင်းစားလိုက်တာက ဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုလို့ စဉ်းစားနေပုံ ထောက်လျှင် ဤနှစ်ယောက်၏ ကိုယ်ကျင့်တရားက တကယ့်ကို …..
မဟုတ်သေးဘူး … သူတို့မှာ ကိုယ်ကျင့်တရားဆိုတာ ရှိမှမရှိဘဲ ….
အခြေခံအကျဆုံး ဖြစ်တဲ့ လူသားဆန်စိတ်လေးတောင် သူတို့မှာ မရှိကြဘူး …
“ ချန်ယွီ့ … မင်း ဒီလာပြီး လူကောင်းယောင်ဆောင်နေတာတွေ တော်လိုက်တော့ … ငါတို့ အဲ့လိုတွေ လုပ်ခဲ့တယ်ဆိုပေမယ့် သူလည်း လောင်းကစား လုပ်ခဲ့တာပဲ ….”
အဘိုးကြီးက ယဉ်ကျေးသည့် မျက်နှာဖုံးကို ချွတ်လိုက်ပြီး ချန်ယွီ့ကို နာမည်တပ်ပြီး ခေါ်လာသည်။
“ လောကကြီးထဲ ဆိုးသွမ်းတဲ့ မိဘဆိုတာ မရှိဘူး … မသိတတ်တဲ့ သားသမီးတွေပဲ ရှိတယ် …”
“ ငါတို့က ဘယ်နှနှစ်ပဲ နေနိုင်တော့မှာမို့လို့ … ငါတို့ ဘယ်နှနှစ်ပဲ ပိုက်ဆံသုံးနိုင်တော့မှာမို့လို့ …”
“ ငါတို့ သေသွားခဲ့ရင် သူ မိဘတွေအပေါ် သိတတ်ချင်ရင်တောင် သိတတ်လို့ ရမှာ မဟုတ်တော့ဘူး ….”
“ တောက် … အဲ့မျိုးမစစ်လေးကလည်း သူ ဘယ်နားကနေ လောင်းကစားလုပ်တတ်လာမှန်းကို မသိတာ … ငါတို့ကိုတောင် မသနားဘူး ….”
လင်မယားနှစ်ယောက်လုံးက အတောမသတ်နိုင်အောင် ညည်းညူနေခဲ့ကြသည်။
သူတို့က ချန်ယွီ့နှင့် ကြည့်ရှုသူများကို တစ်ပါးသူ၏ မိသားစု အရေးထဲ ဝင်စွက်ဖက်သည့် အတွက် လက်ညှိုးထိုး ကြိမ်းမောင်းနေကြပြီး သူတို့သားကိုလည်း မလိမ္မာသည့် သားမိုက်ဟု အော်ဟစ်နေခဲ့ကြသည်။
နှစ်ယောက်က ဤနှစ်ဆိုလျှင် အသက် ခုနစ်ဆယ် ရှိနေလေပြီ။ သူတို့ ပိုက်ဆံ တစ်ချို့ သုံးလျှင်ပင် ဘယ်နှနှစ်များ ဆက်သုံးနိုင်မည်နည်း။
သူတို့သားက အိမ်ပြန်လာပြီး မကြာခင်မှာပဲ လောင်းကစားလုပ်သည့် အကျင့်ဆိုးကို စွဲကပ်လာခဲ့သည်။ သူ လောင်းကစားလုပ်လေလေ၊ လောင်းကစားလုပ်ချင်စိတ်ကလည်း ပို၍ ကြီးထွားလာလေလေပင်။
နောက်ဆုံးတွင် အကြွေးအများအပြားတင်ပြီး ခြေရာလက်ရာ မမြင်ရဘဲ ပျောက်ကွယ်သွားခဲ့၏။
လောင်းကစားကြွေးများနှင့် မိဘများကို ထားရစ်ခဲ့ခြင်း။
သူ့လို သားမျိုးကို လူတစ်ယောက်ဟုပင် ခေါ်နိုင်ပါမည်လော။
“ ဟားဟားဟား ….”
ဤစကားကြားတော့ ချန်ယွီ့က အတော်လေး စိတ်ဝင်စားဖို့ကောင်းသည့် ကိစ္စရပ်ကို ကြားလိုက်ရသည့်နှယ် အားပါးတရ ရယ်မောမိသွားခဲ့သည်။
“ မင်းက ဘာရယ်တာတုန်း …” အဘိုးကြီးက ဒေါသတကြီး မေးလိုက်ပြီး “ ငါ ပြောတာ မှားနေလို့လား ….”
“ အဲ့ ငွေချေးတဲ့ လူမိုက်တွေက နှစ်ရက်သုံးရက် ကြာတိုင်း ငါ့အိမ်လာလာပြီး ပြဿနာ ရှာနေတာကွ …. ငါ့အိမ်ကို မီးရှို့ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ် … တစ်ခါကဆို ဓားတောင် ယူလာသေးတယ် …”
“ ငါ့မှာ ကြောက်လွန်းလို့ ဆေးရုံရောက်လုမတတ်ပဲ ….”
“ ဒီ မြင်ကွင်းက အတော်လေး ရင်းနှီးနေတယ်လို့ ခင်များ မထင်ဘူးလား ….” ချန်ယွီ့ မေးလိုက်ပြီး “ လွန်ခဲ့တဲ့ ၂၁ နှစ် နွေရာသီတုန်းက ခင်များလည်း ဒီလိုမျိုး တစ်ထေရာတည်းတူတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တယ်မဟုတ်ဘူးလား …”