အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
Ch 105
( ရှေးဟောင်းကဝေဂိုဏ်းနဲ့ ထပ်မံပတ်သတ်ခြင်း)
လုယန်၏ စကားကိုနားထောင်ပြီးနောက် ရွှမ်မင်တစ်ယောက် တိတ်ဆိတ်ကာ သံသယများသွားတော့သည်။
ရှေးဟောင်းကဝေဂိုဏ်း၏ ၃၇၆ ယောက်မြောက် တပည့်တဲ့လား..
“ အဓိပ္ပါယ်မရှိတာ”
နောက်တစ်စက္ကန့်မှာ ရွှမ်မင် ဒေါသတကြီး အော်ဟစ်ပါတော့သည်။
“ ရှေးဟောင်းကဝေဂိုဏ်းက ဒဏ္ဍာရီလာ ဂိုဏ်းတစ်ခု မဟုတ်ဘူး.. ငါက မျိုးဆက်ခြောက်ဆက်မြောက် ဂိုဏ်းခေါင်းဆောင်ပဲ။ ဘယ်ကနေ မျိုးဆက် ၃၇၆ ဆက်မြောက် တပည့်က ထွက်လာမှာလဲ”
ရွှမ်မင်၏ မေးခွန်းကို လုယန် ကြောက်ရွံ့မသွားဘဲ ထိုအစား နီရဲနေသော မျက်လုံးနှစ်လုံးကနေ မျက်ရည် ဘူးသီးလုံးလောက်ကြီး ထွတ်ပြလိုက်သည်။
“ ဘိုးဘေးမသိပါဘူး။ အဲ့ဒီကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ကျွန်တော်တို့ကို လုံးဝ အလွတ်မပေးခဲ့ဘူး.. အကုန်လုံးကို လိုက်သတ်ခဲ့တယ်။ နောက်ဆုံး ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်တော့တာပါ”
ကျင့်ကြံရေးလောကတွင် အင်အားကြီးဂိုဏ်းတွေနှင့် အလေအလွင့် ကျင့်ကြံသူတွေ၏ အခြေအနေက အများကြီးကွဲပြားသည်။
အင်အားကြီးဂိုဏ်းတွေမှာ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတစ်ဦး အနည်းဆုံး ရှိတတ်သောကြောင့် သူတို့၏ အမွေအနှစ်က ခိုင်မြဲကာ မျိုးဆက်က တည်ငြိမ်သည်။ နှစ်ရာပေါင်းများစွာကြာမှ မျိုးဆက်တစ်ဆက် ပြောင်းလေ့ရှိသည်။
သို့ပေမဲ့ အလေအလွင့်ကျင့်ကြံသူတွေကတော့ မတူညီဘူး။
သူတို့တွေက လှည့်ပတ်သွားလာနေရသောကြောင့် အန္တရာယ်များသော အခြေအနေကို အမြဲလိုလို ကြုံတွေ့ရသည်။ ရန်သူအနည်းငယ်သာ ရှိလိုက်လို့ကတော့ မျိုးဆက်အပြောင်းအလဲလဲ ပိုများလာမည်ပင်။
ရွှမ်မင် အခြေအနေကို သဘောပေါက်လိုက်သည်။
ရှေးဟောင်းကဝေဂိုဏ်း၏ အပြင်မှာ ရှိနေပြီးသား ဂိုဏ်းခွဲ တစ်ချို့သာ တကယ်ပဲ ရှင်သန်နိုင်ခဲ့မည်ဆိုလျှင် သေချာပေါက် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ လိုက်နှောက်ယှက်ခြင်းကို ခံရမှာပဲ။ မျိုးဆက်တွေရာချီသွားတာ မဖြစ်နိုင်သော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
‘နေအုံး.. ဒါမဟုတ်သေးဘူး'
ရွှမ်မင်ထပ်မံပြီး သံသယများသွားသည်။ သူက ဂိုဏ်း၏နောက်ဆုံးဂိုဏ်းခေါင်းဆောင်ပဲ။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က ဂိုဏ်း၏ ဂိုဏ်းခွဲအကြောင်းကို မသိတာဖြစ်နိုင်ပါ့မလား။
ရွှမ်မင် ရုတ်တရက် ပြောလိုက်သည်။
“ မင်းက ဘယ်ဂိုဏ်းခွဲကလဲ”
တကယ်တော့ ရှေးဟောင်းကဝေဂိုဏ်းမှာ ဂိုဏ်းခွဲမရှိပါချေ။ ရွှမ်မင်က သေချာပေါက် လုယန်ကို မယုံကြည်လို့ စကားအစ်လိုက်တာ ဖြစ်၏။
သို့ပေမဲ့ လုယန်က ချက်ချင်း ဖြေလာသည်။
“ ဘိုးဘေးကို တင်ပြပါတယ်။ ဂိုဏ်းမှာ အဲ့လိုဂိုဏ်းခွဲတွေမရှိဘူး။ အဲ့ဒီတုန်းက ဘိုးဘေးကို ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ ရွှေအမြုတေကျင့်ကြံသူ တိုက်ခိုက်လိုက်လို့ ဘိုးဘေးရဲ့ အမြုတေတည်နေရာ ပျောက်ကွယ်သွားတဲ့အချိန်မှာပဲ အကြီးအကဲကြီးက အဖွဲ့တစ်ဖွဲ့ကို တိတ်တဆိတ် အပြင်ပို့ခဲ့တယ်။ အဲ့ဒီအဖွဲ့ရဲ့ ကံကြမ္မာကိုပါ ဖုံးကွယ်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ လွတ်မြောက်သွားခဲ့တာပါ”
လုယန်က ရှေးဟောင်းကဝေဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံခဲ့ဖူးသည်ပင်။
ထိုအချိန်က ရွှမ်မင် ချန်ပေးခဲ့သည့် မှတ်ဉာဏ်ထဲမှာ အရင်ဂိုဏ်းကို လွမ်းဆွတ်အောက်မေ့မှုတွေ အပြည့်ဖြစ်နေခဲ့သည်။ ထို့ကြောင့် လုယန်က ရှေးဟောင်းကဝေဂိုဏ်း၏ အဖြစ်အပျက်တိုင်းနီးနီးကို သိရှိခဲ့သည်။
ဥပမာ လုယန်ပြောလိုက်သော အကြီးအကဲကြီး..
ထိုသူက ရွှမ်မင်နှင့် အမြဲထိပ်တိုက်တွေ့နေသူ တစ်ဦးပဲ။ ထိုသူကရွှမ်မင်၏ မိတ်ဆွေလဲ ဖြစ်သလို ရန်သူလဲဖြစ်ကာ၊ ရွှမ်မင် ဆုံးဖြတ်သမျှ ကိစ္စတိုင်းကို ဆန့်ကျင်တတ်သည်။ အထူးသဖြင့် တစ္ဆေခန်းမ။
လုယန်က ထိုသူကို ခေါင်းဆောင်တင်ပေးလိုက်သည့်အတွက် ရွှမ်မင် ဘယ်လိုမေးခွန်းထုတ်ပါစေ၊ ဖြေရှင်းချက် ပေးလို့ရသွားသည်။
“ တကယ်ကိုသူပဲ”
လုယန်၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် ရွှမ်မင် အနည်းငယ်.မှင်သက်သွားခဲ့သည်။ မေ့ဖျောက်ထားသော မှတ်ဉာဏ်တွေက အသိစိတ်ကို တိုက်စားလိုက်လေရာ… ...အချိန်တစ်ချို့ကြာသည်အထိ သူ အတိတ်ကို လွမ်းဆွတ်သွားတော့သည်။
ရွှမ်မင် သတိပြန်ဝင်လာချိန်မှာ လေသံကလည်း သိသာစွာ ပျော့သွား၏။
“ ဒီတော့ ဒီလိုပေါ့လေ။ ငါအမြဲတမ်းထင်ခဲ့တာ အဲ့ဒီဘိုးတော်က ငါနဲ့ဂိုဏ်းခေါင်းဆောင် နေရာကို ယှဥ်ပြိုင်တဲ့အချိန်မှာ ငါ့ကိုရှုံးခဲ့တဲ့အတွက် အငြိုးထားတယ်ဆိုပြီး။ ဒါပေမဲ့ အဲ့ဒီလူက ငါ့ထက် အမြင်ပိုရှိခဲ့တာကိုတော့ ဝန်ခံရမယ်”
မဟုတ်ဘူး.. သူကဒါကိုလည်း ခင်ဗျားကို ဆန့်ကျင်ဖို့ လုပ်ခဲ့တာပဲ။
လုယန် စိတ်ထဲက ပြောနေပေမဲ့ အပြင်မှာတော့ စကားလမ်းကြောင်း ပြောင်းပစ်လိုက်သည်။
“ အချိန်မရှိတော့ပါဘူး။ ဘိုးဘေး ကျွန်တော့်ကို ခဏစောင့်ပါ။ ကျွန်တော်နည်းလမ်းရှာပြီး ဘိုးဘေးကို ကယ်ထုတ်ပါ့မယ်”
“ နေအုံးခဏ”
ရွှမ်မင်က အလျင်စလို လက်တစ်ဖက် ယမ်းပြသည်။
“ မင်းငါ့ကို စိတ်ပူဖို့မလိုဘူး။ ငါ့မှာအပြင်ထွက်နိုင်မဲ့ နည်းလမ်းရှိပြီးသား။ မင်းသာ အမြန်ထွက်သွားပြီး ငါနဲ့ထပ်မပတ်သတ်နဲ့တော့”
ရွှမ်မင်သည် လုယန်ကို ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်သွားသည်။
လုယန်၏ စစ်မှန်သော ပုံစံကြောင့် မဟုတ်ဘဲ လုယန်၏ကိုယ်ပေါ်က ရှေးဟောင်းကဝေဂိုဏ်း၏ အငွေ့အသက် တစ်ချို့ကြောင့်သာ ဖြစ်၏။
လုယန်သာ အတုဆိုလျှင် ဒါတွေဘာလို့ ပိုင်ဆိုင်ထားမည်လဲ။
ထို့ကြောင့် လုယန်၏ ရုတ်တရက် ရောက်ရှိလာမှုကို သူ သံသယ မဝင်တော့ဘဲ ရှေးဟောင်းကဝေဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။
“ ဂိုဏ်းရဲ့အမွေအနှစ်ကို လက်ဆင့်ကမ်းတာက တစ်ခြားဟာတွေထက် ပိုအရေးကြီးတယ်”
ထို့နောက် ရွှမ်မင်က အလောတကြီး ပြောလာပြန်သည်။
“ အဲ့ဒီရွှေအမြုတေဓားချီက ဒီမှာရှိနေသေးတယ်။ မြန်မြန်သွားတော့။ မင်းကိုသတိထားမိသွားလိမ့်မယ်”
“ ဘိုးဘေး အဲ့ဒါကို စိတ်မပူပါနဲ့”
လုယန် ခေါင်းယမ်းလိုက်ပြီး ခါးသက်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ တကယ်တော့ ကျွန်တော် ဘိုးဘေးကို မပြောရသေးတာ တစ်ခုရှိပါတယ်။ တပည့် ဘိုးဘေးကို စိတ်ပျက်စေမိပြီ”
“ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက ကျွန်တော်တို့ကို လိုက်သတ်ခဲ့တော့ ကျွန်တော်တစ်ယောက်ပဲ နောက်ဆုံး ကျန်ရစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ရှေးဟောင်းကဝေဂ်ိုဏ်းရဲ့ နာမည်ကို ကျွန်တော် မသုံးနိုင်တော့ပါဘူး။ ကျွန်တော် နောက်ဆုံး ရွေးချယ်စရာမရှိဘဲ ရှေးဦးသူတော်စင်ဂိုဏ်းထဲဝင်ပြီး အကာအကွယ် ယူခဲ့ရတယ်။ ဒီလိုမှပဲ ကျွန်တော့်ရဲ့ကျင့်ကြံမှုကို ဆက်အာရုံစိုက်နိုင်ခဲ့တာပါ”
လုယန် ခေါင်းငုံ့ချလိုက်သည်။
အမှားတစ်ခုခု လုပ်ခဲ့၍ အကြီးအကဲထံမှ အပြစ်တောင်းဆိုနေသည့်နှယ်၊ သူ့ပုံစံက ငြိုးငယ်နေ၏။
“အော်”
သို့ပေမဲ့ ရွှမ်မင်က အနည်းငယ်တောင် အံ့သြမသွားချေ။ သူ့ရင်ထဲက သံသယတစ်ချို့ ပြေပျောက်သွားပြီး လုယန်ကို သဘောပေါက်စွာ ကြည့်လိုက်သည်။
လုယန်၏ ကျင့်ကြံမှုက တော်တော်လေး မြင့်သည်။
လုယန်က အခြေခံတည်ထောင်ခြင်းကိုလဲ အဆင့်တက်လုနီးပါး ရှိသည်.. ထို့အပြင် တစ္ဆေခန်းမကိုလဲ ပြန်ဖွဲ့စည်းနိုင်စွမ်းရှိ၏။ ရွှမ်မင်အမြင်မှာ လုယန်က အလွန်သန်မာသည်လို့ ပြောလို့ရသည်။
အကယ်လို့ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ သတ်ဖြတ်မှုကြောင့် ထွက်ပြေးနေရလျှင် လုယန်က အခုလို သန်မာနိုင်မှာလား။
အခုမှပဲ ထိုကောင်လေးက ရှေးဦးသူတော်စင်ဂိုဏ်းထဲမှာ သရုပ်ဖျက်နေခဲ့မှန်း သဘောပေါက်လိုက်သည်။
“ ဒါလဲကောင်းပါတယ်” လုယန်၏ အပြစ်ရှိနေသော မျက်နှာကြောင့် ရွှမ်မင် အရင်ဆုံး နှစ်သိမ့်ပေးလိုက်သည်။
“ ဂိုဏ်းရဲ့အမွေအနှစ်ကို ကာကွယ်ဖို့ မဖြစ်မနေ လုပ်လိုက်ရတာပဲကို”
“ ပြီးတော့ ရှေးဦးသူတော်စင်ဂိုဏ်းကလဲ ဂရုစိုက်မှာတောင် မဟုတ်ဘူး”
“ မင်းလုပ်တာတော်တယ်။ ငါ့ရဲ့ရှေးဟောင်းကဝေဂိုဏ်းက နှစ်ပေါင်းထောင်ချီကြာတာတောင်မှ ရှင်သန်နေနိုင်ပြီး မင်းလိုတပည့်ကောင်း တစ်ယောက် ရထားမယ် မထင်ခဲ့မိဘူး”
ရွှမ်မင်က စာနာရိပ်သန်းနေသော မျက်လုံးများဖြင့် လုယန်ကို ကြည့်လိုက်သည်။
..ထိုကောင်လေးခက်ခဲခဲ့မှာပဲ..
ရွှမ်မင် သက်ပြင်းတစ်ချက်ချပြီး မနေနိုင်စွာ ပြောလိုက်၏။
“ မင်း ပင်ပန်းသွားပြီ”
“ ရှေးဟောင်းကဝေဂိုဏ်းအတွက်ပဲဗျာ ကျွန်တော် မပင်ပန်းပါဘူး”
လုယန် ခေါင်းယမ်းလိုက်ပြီး မျက်လုံးထောင့်က မျက်ရည်ကို တည်ငြိမ်စွာ သုတ်လိုက်သည်။
“ အမှန်အတိုင်းပြောရရင် ကျွန်တော်အခုရောက်လာတာက ဂိုဏ်းရဲ့အပျက်အဆီးတွေကို ရှာတွေ့လို့ တွေ့ငြားဆိုပြီးတော့ပဲ”
“ ကျွန်တော်အခု အဆင့်တက်နိုင်ဖို့ အချိန်အနည်းငယ်ပဲလိုတော့တယ်။ ကျွန်တော် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ ရှေးဟောင်းကဝေဂိုဏ်းရဲ့ တောင်တံခါးကို ပြန်ဖွင့်ဖို့ စီစဥ်ထားတယ်ဗျ။ ကျွန်တော် အဆင့်တက်နိုင်ဖို့ အရင်းအမြစ်တစ်ချို့ပဲ လိုနေတာပါ။ ဒါကြောင့် အရိုးတောင်မှာ အရင်အချိန်တုန်းက ချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ချို့များ ရလို့ရငြား လာရှာလိုက်တာ”
ပြောပြီးသည်နှင့် လုယန်က ရွှမ်မင်ကို အလွန်မျှော်လင့်စွာ ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ရွှမ်မင် အနည်းငယ် ရှက်သွားတော့၏။ သူ့အနေနှင့် တကယ်ကို အထောက်အပံ့တွေရှိရင် ပေးလိုက်ချင်ပါသည်။ သို့ပေမဲ့ နှစ်ထောင်ချီ လုံးလုံး ဤနေရာမှာပဲ ပိတ်မိနေခဲ့ရတာ၊ အထောက်အပံ့တွေ ရှိခဲ့လျှင်တောင်မှ သူ အကုန်သုံးပြီးသွားပြီ။
ဘယ်လိုလုပ် ကျန်တော့မှာလဲ။
ထိုမျက်နှာထားကိုမြင်တော့ လုယန်၏ မျက်လုံးတွေ အနည်းငယ် လှုပ်ရှားသွားသည်။ သူ့အတွေးတစ်ချက်နှင့် တစ္ဆေခန်းမ ထွက်ပေါ်လာကာ၊ အထဲကနေ စုနီ အပြင်ထွက်လာသည်။
စုနီနှင့် လုယန် အလွန်နားလည်စွာ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်…
“ သခင်၊ ကမ္ဘာ့စွမ်းအင်ကြော ရှိတယ်မလား”
“ ဘာ ကမ္ဘာ့စွမ်းအင်ကြောလဲ။ မင်းဘာတွေ ပြောနေတာလဲ”
လုယန် မျက်နှာကြီးမည်းမှောင်သွားကာ အော်ဟစ်လိုက်သည်။
“ မင်းဘယ်လိုလုပ် ဒီလိုဖြစ်နေရတာလဲ”
တစ်ဖက်က ရွှမ်မင်လဲ အခုမှ သဘောပေါက်သွားကာ
“ ဟုတ်သားပဲ၊ ကမ္ဘာ့စွမ်းအင်ကြော ရှိသေးတယ်”
“ ဘိုးဘေး မဖြစ်ပါဘူး” လုယန် လက်နှစ်ဖက်ကို အလျင်စလို ယမ်းပြလိုက်သည်။
“ ဘိုးဘေးက ဂိုဏ်းခေါင်းဆောင်ပဲ။ ဘိုးဘေးတစ်ယောက်ပဲ ကမ္ဘာ့စွမ်းအင်ကြောကို ထိန်းချုပ်ခွင့်ရှိတာပါ။ ကျွန်တော်က ဘယ်လိုလုပ် အတင့်ရဲပြီး…”
“ မဟုတ်ဘူး။ မင်းရဲ့အစောင့်အရှောက် နတ်ဘုရားမပြောတာ မှန်တယ်”
ရွှမ်မင်က ခေါင်းယမ်းရင်း ဆက်ပြော၏။
“ ငါက ဝိညာဥ်ဝင်ပူးတဲ့နည်းလမ်းနဲ့ ဒီအချိန်ထိ နေလာခဲ့ပေမဲ့ အခုငါ့ရဲ့ ငါးဘဝမြောက်ကို ရောက်နေပြီ။ ငါ့မှာအချိန်အများကြီး မကျန်တော့ဘူး။ ငါ့ရဲ့ဝိညာဥ်ကလည်း အများကြီးယိုယွင်းနေပြီ။ ဒီကမ္ဘာ့စွမ်းအင်ကြောက ငါ့အတွက် အသုံးမဝင်တော့ဘူး”
“ မင်းကိုပေးလိုက်ရင် ပိုကောင်းတဲ့ကိစ္စကြီးအတွက် အသုံးပြုနိုင်လိမ့်မယ်”
အသံဆုံးသည်နှင့် ရွှမ်မင်က လက်ဦးမှုယူပြီး စုနီနှင့် တစ္ဆေခန်းမကို ကမ္ဘာ့စွမ်းအင်ကြောအတွင်း ထည့်သွင်းပေးလိုက်တာကို လုယန် ခံစားမိလိုက်သည်။
..သူယုံသွားပြီ၊ သူငါ့ကိုတကယ်ကြီး ယုံသွားတာပဲ..
…..
Ch 106
( ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲ ဝင်ခြင်း)
လုယန်တစ်ယောက် ကမ္ဘာ့စွမ်းအင်ကြောကို လိမ်ယူပြီးသည့်တိုင်အောင် ရပ်တန့်ဖို့ စိတ်ကူးမရှိခဲ့ချေ။ ရွှမ်မင့်ဆီမှာ တစ္ဆေတပ်သားတွေ အများကြီးရှိသည်။ ထို့အတူ ချီဝိညာဥ်တစ်သောင်းစာလိပ်ကလည်း လုပ်သားတွေ လိုအပ်နေသည်ပင်။
“ ငါ့ရဲ့မန္တာန်စာရွက် စက်ရုံကိုပြန်တည်ထောင် လိုက်တော့ တစ်ချို့ဝိညာဥ်တွေ အင်အားကုန်ပြီး ပျောက်ကွယ်သွားတာ မနည်းဘူး။ နောက်တစ်သုတ်သွင်းဖို့ အချိန်ကောင်းပဲ”
စာလိပ်ဝိညာဥ်တွေကို အနားယူခွင့်ပေးရမည့်အစား မသေမချင်း ခိုင်းစာဖို့သာ လုယန် တွေးထားသည်။ သူတို့တွေ အစွမ်းကုန်လို့ ပျောက်ကွယ်ခါနီးပြီဆိုလျှင် အသစ်ဝင်လာမည့် စာလိပ်ဝိညာဥ်တွေကို ကျွေးလိုက်ပြီး အသစ်လေးတွေကို အားဖြည့်စေမည်။ ထိုအခါ မန္တာန်စာရွက် အထွက်နှုန်းလဲ ပိုအားကောင်းသွားမည်။
ထိုအချိန် အပြင်ဘက်မှာတော့ လုယန် ခန့်မှန်းထားသည့်အတိုင်း ဆက်လက်ဖြစ်ပွားခဲ့သည်။
ယန်ရှန်းက ကျောက်ရှဟယ်ကို ရွေးချယ်ခဲ့ပြီး.. နောက်ဆုံးမှာ တစ္ဆေလျှို့ဝှက်နယ်မြေ ထွက်ပေါ်လာရ၏။
ထို့နောက် ရွှေအမြုတေဓားချီကိုဖယ်လိုက်ပြီး ကောင်းကင်အလောင်းစွမ်းအင်ကြောကို ယန်ရှန်းက ယူခဲ့လိုက်သည်။
ဆုလာဘ်အနေနှင့် ယန်ရှန်းက အဆင့်တက်ခြင်းတံဆိပ်ပြားကို ကျောက်ရှဟယ်အား ချီးမြှင့်ပေးခဲ့သည်။ ကျောက်ရှဟယ်တစ်ယောက် အခုပဲ အဆင့်တက်တော့မည့်အတိုင်း မိုးမမြင် လေမမြင် ဖြစ်နေ၏။
လုယန် ကတော့ ဘာကိုမှ ဂရုမစိုက်ပေ။
ယန်ရှန်း ထွက်သွားသည်အထိ စောင့်နေပြီးမှ အပြင်ထွက်လာခဲ့ပြီး… အရိုးတောအနက်ပိုင်းထဲ ဝင်သွားလိုက်ကာ၊ တစ္ဆေခန်းမကို အသက်သွင်းလိုက်သည်။
.
အချိန်တစ်ချို့ကြာပြီးနောက် ပုံရိပ်တစ်ခု အပြင်ထွက်လာ၏။
“ ဘိုးဘေးကို နှုတ်ဆက်ပါတယ်”
လုယန် တစ္ဆေခန်းမဖြင့် ရွှမ်မင်ကို မပြတ်လေ့လာနေရင်း အပြင်ဘက်မှာတော့ အလွန်ရိုးကျိုးသော ပုံစံဖြင့် စိတ်လှုပ်ရှားစွာ အရိုအသေပေးလိုက်သည်။
“ ထပါ”.
ဝိညာဥ်ဝင်ပူးထားသည့် ရွှမ်မင်၏ပုံစံက နှုတ်ခမ်းရဲရဲ၊ သွားဖွေးဖွေးများဖြင့် ပိုပြီးနုပျိုနေသည်။ ပုံစံက တည်ငြိမ်ပေမဲ့ လေသံက ကလေးဆန်နေသည်။
.
ထိုသူက လုယန်ကိုတည်ငြိမ်စွာ ကြည့်နေရင်း အတွေးလွန်နေဟန်ရသည်။
အချိန်ခဏကြာပြီးနောက်မှာ ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး
“ မင်းရဲ့အစောင့်အရှောက် နတ်ဘုရားမကို ဆင့်ခေါ်လိုက်”
လုယန် အနည်းငယ်အံ့သြသွားပေမဲ့ ချက်ချင်းပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို အပြင်ထုတ်ကာ၊ စုနီကို ဆင့်ခေါ်လိုက်သည်။ တစ်ချိန်ထဲမှာ တိုက်ခိုက်နိုင်ဖို့ အသင့်ပြင်ထားလိုက်၏။
“ ဟမ်”
ရွှမ်မင်က လုယန်၏ ပြောင်းလဲနေသော အပြုအမူကို သတိမထားမိဘဲ ထိုအစား ချီဝိညာဥ်တစ်သောင်းစာလိပ်ကိုသာ အံ့သြတကြီး ကြည့်နေ၏။ အချိန်တစ်ချို့ကြာပြီးနောက် ထိုသူက မနေနိုင်စွာ ပြောလာသည်။
“ ဘယ်လိုတောင်ရှားပါးတဲ့ ရတနာလဲ.. ဒါက စိတ်ဝိညာဥ်ရတနာထက် အဆင့်ပိုမြင့်တယ်။ ပြီးတော့ ငါ့ရဲ့ရှေးဟောင်းကဝေဂိုဏ်းရဲ့ ပုံစံနဲ့ တော်တော် ကိုက်ညီတယ်။ ဒါကျားကိုအတောင်ပံ တပ်ပေးလိုက်တာပဲ”.
“ ဘိုးဘေး ချီးကျူးလွန်းနေပါပြီ။ ဒီပစ္စည်းကို ချီဝိညာဥ်တစ်သောင်းစာလိပ်လို့ ခေါ်ပါတယ်”
လုယန် အနည်းငယ်ပြုံးသွားကာ ဆက်ရှင်းပြလိုက်၏။
“ ကျွန်တော်ဒါကို မတော်တဆ ရှာတွေ့ခဲ့တာပါ။ ဒီပစ္စည်းကြောင့်ပဲ ဂိုဏ်းရဲ့အမွေအနှစ်ကို ကျွန်တော် ထိန်းသိမ်းနိုင်ခဲ့တာ”
ထိုစကားကို ရွှမ်မင်က ခေါင်းညိတ်လိုက်ပြီး
“ကောင်းတယ်၊ ငါအစက မင်း ဘယ်လိုမျိုး တစ္ဆေတပ်သားတွေကို ထိန်းချုပ်ခိုင်းရမလဲ တွေးနေခဲ့တာ။ အခုကြည့်ရတာ စိတ်ပူဖို့ မလိုတော့ဘူးပဲ”
ထို့နောက် ရွှမ်မင်က စုနီကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားကာ
“ မင်းရဲ့ အစောင့်အရှောက်နတ်ဘုရားမက ကောင်းကောင်းလေး သန့်စင်ခံထားရတော့ မှန်တယ်။ သူမမှာအရည်အချင်းရှိပေမဲ့ အများကြီးလုပ်နိုင်စွမ်းမရှိဘူး။ အရင်တုန်းက တစ္ဆေခန်းမကို ငါ့အတွက်ဖန်တီးခဲ့တာ။ ဒါပေမဲ့ မင်းက သူမကို ဗဟိုချက်နေရာမှာ ထားလိုက်တဲ့အတွက် မင်းအနေနဲ့ အခြေအနေတစ်ချို့ကို ပြုပြင်ဖို့ လိုလိမ့်မယ်”
ထို့နောက် ရွှမ်မင်က ညာလက်ဖြင့် လက်ကွက်တစ်ခုဖော်ပြီး စတင်တွက်ချက်သည်။
မကြာခင် ရွှမ်မင် မျက်လုံးဖွင့်လိုက်ပြီး စုနီနှင့် တစ္ဆေခန်းမကို မန္တာန်ချပေးလိုက်သည်။
.
ဝုန်း
နောက်တစ်စက္ကန့်မှာ စုနီ၏ ခြေဖဝါးအောက်မှ ရောင်ခြည်တွေ ဖြာထွက်လာပြီး.. ထွင်းစာတွေ တစ်လုံးချင်းထွက်ပေါ်လာကာ၊ အဆုံးမှာ ရွှမ်မင်အရှင်ရဲ့ကောင်းကင်ခန်းမ ဆိုသော နာမည်တစ်ခု ဖြစ်သွားသည်။
သို့ပေမဲ့ ရွှမ်မင်၏ အဆက်မပြတ် မန္တာန်ရွတ်ဖတ်မှုကြောင့် ထိုထွင်းစာတွေက ပြောင်းလဲသွားပြန်ကာ..
သန့်စင်သောမူလနတ်အစွမ်းသမီးပျို အဖြစ် ထွက်ပေါ်လာသည်။
ထိုထွင်းစာတွေ ထွက်ပေါ်လာသည်နှင့် စုနီ၏ သန်မာမှုက အရင်ဘဝ၏ ငါးဆယ်ရာခိုင်နှုန်းကို ပြန်ရောက်သွားသည်။ ဒါက ကမ္ဘာ့စွမ်းအင်ကြော၏ အထောက်အပံ့ကို မရှိဘဲနှင့်ပင် တိုးလာတာဖြစ်၏။
ကမ္ဘာ့စွမ်းအင်ကြော၏ အစွမ်းကိုသာ ရလာပါက၊ သူမ၏သန်မာမှုသည် အရင်ဘဝကို ကျော်လွန်သွားနိုင်သည်။
“ ကောင်းတယ်”
ရွှမ်မင်က ကျေနပ်စွာ ဆက်ပြောသည်။
“ သူမရဲ့အကူအညီနဲ့ဆိုရင် မင်း အဆင့်တက်ဖို့နဲ့ ဂိုဏ်းကို ပြန်တည်ထောင်ဖို့ အခွင့်အရေးပိုများသွားပြီ”.
ထို့နောက် ရွှမ်မင်က အနက်ရောင်ကမ္ဘာလုံးငယ်တစ်ခုကို ထုတ်လိုက်သည်။ အထဲမှာ တစ္ဆေလျှို့ဝှက်နယ်မြေ၏ တစ္ဆေတပ်သားတွေရှိပြီး.. အလွန်အားကောင်းသော မြစ်တစ်စင်းပါ စီးဆင်းနေသေး၏။ အရင်ဘဝက အရိုးတောင်ကို အုပ်စိုးခဲ့သူအနေနှင့် လုယန် ချက်ချင်း မှတ်မိသွားသည်.. ကောင်းကင်အလောင်းစွမ်းအင်ကြော။
ယန်ရှန်း မယူသွားတာတော့ မဖြစ်နိုင်ပေ။ သို့ပေမဲ့ ယန်ရှန်းက တစ်ခုထဲယူသွားခဲ့သည်။ အရိုးတောင်အောက်က ကမ္ဘာ့စွမ်းအင်ကြောထဲမှာ ကောင်းကင်အလောင်းစွမ်းအင်ကြောတွေ တစ်ခုမက ရှိနေလျှင်တော့ အခုလို ဖြစ်နိုင်သည်။
“ ဒီအရိုင်းဆန်တဲ့ စွမ်းအင်က ကမ္ဘာဓာတ်ကို စုပ်ယူပြီး ဖြစ်ပေါ်လာခဲ့တာ။ သူ့မှာ မီးကိုထိန်းသိမ်းနိုင်ပြီး သတ္ထုကို အရည်ဖျော်နိုင်စွမ်းရှိတယ်။ မင်းဒါကို ယူထားမယ်ဆိုရင် အခြေခံတည်ထောင်ခြင်းကို အဆင့်တက်နိုင်ပြီး မင်းဆက်ကျင့်ကြံတဲ့အခါမှာ အသုံးဝင်လာလိမ့်မယ်။ အကယ်လို့ ကိုယ်မနိုင်တဲ့ ရန်သူနဲ့တွေ့ရင် ဒါကိုဖျက်ဆီးပြီး အရိုးတောင်အောက်က ကမ္ဘာ့စွမ်းအင်ကြောတစ်ခုလုံးကို လောင်ကျွမ်းအောင်လုပ်ပစ်လိုက်။ မင်းကော မင်းရဲ့ရန်သူကော သေသွားလိမ့်မယ်”
လုယန် ထိုအရာတွေအားလုံးကိုသိသည်။
အရင်ဘဝတုန်းက ထိုအကြောင်းတွေကို ရွှမ်မင်သည် မှတ်ဉာဏ်အတွင်းမှာ သိမ်းဆည်းထားခဲ့၏။ အခုတော့ သူ့ကို.ကိုယ်တိုင် ရှင်းပြနေသည်။
‘ သူငါ့ကို.. တကယ်ကြီး အမွေပေးတော့မလို့လား'
လုယန် ရှုတ်ထွေးသွားသည်။ သူ အစက ရွှမ်မင်က သူ့အပေါ်မှာ စိတ်ထားကောင်း မရှိဘူးလို့ပဲ ခံယူထားခဲ့သည်။ ရုတ်တရက် ပေါ်လာသော ဆက်ခံသူကို မကျေနပ်နိုင်ဘူးလို့ ထင်နေခဲ့တာပင်။
ဘယ်လိုပင်ဆိုဆို ရွှမ်မင်က ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့တာပဲ။
အခု သူ့၏ငါးဘဝမြောက်မှာ အခြေခံတည်ထောင်ခြင်းကို ပြန်ရောက်အောင် ကြိုးစားရအုံးမည်။ သူ့အနေနှင့် ရသမျှ အခွင့်အရေးကို ကိုယ်တိုင်ယူထားပြီး သတိကြီးဖို့လဲ လိုအပ်သေးသည်။ သူ့အတွက် မထိန်းချုပ်နိုင်သော ကိစ္စများကို လိုချင်မှာ မဟုတ်ပေ။
သို့ပေမဲ့ လုယန်၏.ထင်မြင်ချက်က မှားယွင်းသွား၏။
ထိုအချိန်မှာ ရွှမ်မင်က စကားပြောနေတာရပ်လိုက်ပြီး လုယန်ကို ကြည့်ကာ ရယ်မောလိုက်တော့သည်။
“ မင်းပြောချင်တာရှိရင် ပြောလိုက်စမ်းပါ”
လုယန် ချက်ချင်း ငြင်းဆိုပါတော့သည်။
“ မဟုတ်..မဟုတ်ဘူး။ ဘိုးဘေး အထင်မှားနေပြီ”
ရွှမ်မင်က လက်တစ်ဖက်ယမ်းပြလိုက်သည်။
“ မင်းက ရှေးဦးသူတော်စင်ဂိုဏ်းမှာ အောင်မြင်မှုရအောင် ကြိုးစားနိုင်ခဲ့တဲ့သူပဲ။ မင်းဘာတွေးနေလဲ ငါမသိဘူးထင်နေလား။ မင်းသာငါ့ကို တကယ်ယုံရင် ထူးဆန်းသွားမှာပေါ့”
ထို့နောက် ရွှမ်မင်က ခါးသက်သော မျက်နှာထားဖြင့် ခေါင်းယမ်းကာ စကားဆက်၏။
“ ငါ့ရဲ့ လက်ကျန်သက်တမ်းက တကယ်ကို အများကြီးမကျန်တော့ဘူး။ ငါ့ရဲ့ မူလရည်ရွယ်ချက်က လျှို့ဝှက်နယ်မြေက လွတ်တာနဲ့ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းရှာပြီး ရှေးဟောင်းကဝေဂိုဏ်းကို မျိုးဆက်ချန်ခဲ့ဖို့ပဲ”
“ ငါ့နောက်မှာ တာဝန်ယူနိုင်မဲ့ နောက်ထပ် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူကို ရရင်တော့ အကောင်းဆုံးပေါ့ကွာ”
“ အခု မင်းရောက်လာတော့ ငါအများကြီး သက်သာသွားပြီ။ မင်း ရှေးဦးသူတော်စင်ဂိုဏ်းမှာ မသေပဲ ဒီအခြေအနေရောက်အောင် ကျင့်ကြံနိုင်မှတော့ မင်းရဲ့အရည်အချင်းကို ငါယုံတယ်”
“ ငါ့ရဲ့လက်ကျန်ဘဝကို ဂိုဏ်းအတွက်ပဲ ရှင်သန်ချင်ခဲ့တာ”
ရွှမ်မင်၏ ရုပ်က တဖြည်းဖြည်း တည်ငြိမ်သွားကာ လုယန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ပေါ့ပါးစွာ ပြောလာ၏။
“ ဟုတ်ပြီ၊ ငါ့ကိုမင်းရဲ့ ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲ ပို့ပေးတော့”
ထိုစကားကြောင့် လုယန် အံ့သြသွားတော့သည်။
“ဘိုးဘေးက ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲ ဝင်ချင်လို့လား”
“ ငါကဂိုဏ်းအတွက် အပြစ်ရှိတဲ့သူတစ်ယောက်ပဲ။ ငါသာ စိတ်လိုလက်ရ ထင်တိုင်းမကြဲခဲ့ရင် ရှေးဟောင်းကဝေဂိုဏ်းက ဒီအခြေအနေကို ရောက်မှာမဟုတ်ဘူး”
“ ငါ့ရဲ့အရင်က ပြစ်မှုတွေအတွက် ငါ့ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုဆိုမှတော့ ငါ့ရဲ့နောက်ဆုံးသန်မာမှုကို ဂိုဏ်းကို ပေးဆပ်ခဲ့ရမှာပေါ့”
ထို့နောက် ရွှမ်မင် ပြုံးလိုက်လေကာ
“ ဒီလိုဆို မင်းလဲပိုပေါ့ပါးသွားမယ်မလား”
“ ဒီလိုဆိုမှတော့.. တပည့် နာခံစွာ လိုက်နာပါ့မယ်”
လုယန် မငြင်းဆန်တော့ဘဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ချက်ချင်း အသက်သွင်းလိုက်ကာ အပေါက်တစ်ခု ဖန်တီးလိုက်သည်။ ရွှမ်မင်က နားလည်စွာ ခေါင်းညိတ်ပြပြီး တုံ့ဆိုင်းမှုမရှိ ဝင်သွားလေ၏။
ဝူး
နောက်တစ်စက္ကန့်မှာ လုယန်က စာလိပ်ကို အပြားလိုက်အတိုင်း ဆွဲမပြီး မြေကြီးနှင့် ရိုက်ချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံက ပတ်ဝန်းကျင်အနှံ့ ပြေးထွက်သွားတော့၏။
ဒုန်း
တစ္ဆေခန်းမ ပွင့်သွားကာ အထဲမှ သံချပ်သာဝတ်စုံအသီးသီး ဆင်မြန်ထားသော တစ္ဆေတပ်သားတွေ ထွက်လာကြပြီး လမင်းကိုဝန်းရံထားသော ကြယ်တွေလိုမျိုး လုယန်ကို ဝိုင်းလိုက်ကြသည်။
ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှာ ချီသန့်စင်ခြင်း အစောပိုင်းနယ်ပယ်မှ ပြီးပြည့်စုံနယ်ပယ်အထိ ဝိညာဥ်စစ်သားတွေ အတန်းလိုက်ရသွားတော့သည်။ ထို့အပြင် စာလိပ်အတွင်းမှာ ချန်ထိုက်ဟဲ၊ ရွှမ်မင်နှင့် စုနီပါ ရှိနေသေးသည်။
ချီဝိညာဥ်တစ်သောင်းစာလိပ်က ပိုမိုကြောက်ဖို့ကောင်းလာတော့၏။ ထို့အပြင် သက်တမ်းတစ်ရာစာအုပ်၏ သန့်စင်ပေးခံရမှုကြောင့် ကံကြမ္မာနောက်ယောင်ခံလိုက်မှုကနေပါ ရှင်းလင်းသွားသည်။ လုယန် ယုံကြည်ချက်ရှိစွာ အသုံးပြုနိုင်သော တိုက်ခိုက်ရေးလက်နက်ကောင်း တစ်ခု ဖြစ်လာခဲ့သည်။
“ အချိန်ကျပြီ”
နောက်တစ်စက္ကန့်မှာ လုယန်က တစ္ဆေခန်းမကို ဖွင့်လှစ်လိုက်သည့်အတွက် ချီစွမ်းအင်တွေက တိမ်စိုင်တွေကို ဖောက်ခွင်းသွားကာ တပြိုင်နက်ထဲဆိုသလို အရိုးတောင်တစ်ခုလုံးကို သတိပေးလိုက်သလို ဖြစ်သွားသည်။
ကောင်းကင်အလောင်းစွမ်းအင်ကြောကို ယူပြီး ထွက်သွားဖို့ပြင်နေသော ယန်ရှန်းပင် အနောက်ကို မနေနိုင်စွာ လှည့်ကြည့်မိသွားပြီး ချီစွမ်းအင်တွေထွက်ပေါ်နေသော နေရာကို အာရုံခံလိုက်သည်။
သို့ပေမဲ့ လူတစ်ဦးကိုတောင်မှ သူ မတွေ့ခဲ့ရချေ။
သူတွေ့လိုက်ရတာက တောင်တစ်ခုလုံးနီးပါးအထိ ကြီးမားရှည်လျားသော နန်းတော်ကြီးတစ်ခုနှင့် ထိုနန်းတော်ကို လှည့်ပတ်ဝန်းရံထားကြသော ပျံဝဲနေသည့် တစ္ဆေတွေကိုသာဖြစ်သည်။ တိမ်စိုင်တွေကြားက ချီစွမ်းအင်တွေကို တစ္ဆေခန်းမက အငမ်းမရ စုပ်ယူနေတော့၏။
……