အခန်း ၄၂၈
Vol. 37 Ch. 428
အပိုင်း (၄၂၈)
ဝေမြို့စားကြီး တွမ်ပိသည် ကောင်းကင်ကို မော့ကြည့်ကာ အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ “အောက်ယွီ ဆိုတဲ့ ခွေးကောင်... ကျုပ်တို့ တွမ်မိသားစု တစ်စုလုံးကို သတ်ချင်နေတာ အဲဒီလောက် မလွယ်ဘူး။ ကျိုးလီ... ခင်ဗျားက အောက်ယွီ ဆိုတဲ့ ခွေးကောင်နဲ့ ပူးပေါင်းနေတယ်ပေါ့လေ။ ဒီတစ်ခါတော့ ခင်ဗျားကို သေလုမျောပါး ဖြစ်သွားအောင် လုပ်ပစ်မယ်။”
ထို့နောက် ဝေမြို့စားကြီး သည် မိုးထဲတွင် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်ပေါ်မှ မိုးကြိုးများ ရုတ်တရက် ပစ်ချလိုက်ပြီး ကောင်းကင်ကို တုန်လှုပ်စေလောက်အောင် ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပဲ လန်ကျိုး မြောက်ဘက်ရှိ ချန်းလန်မြစ် တာတမံသည် ရုတ်တရက် ကျိုးပေါက်သွားတော့၏။
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်ကို တုန်လှုပ်စေလောက်သော အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။ အဆုံးအစ မရှိသော ရေလွှမ်းမိုးမှုများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တာတမံကို ဆုတ်ဖြဲလိုက်ပြီး လန်ကျိုး အတွင်းသို့ ဝင်ရောက်လာတော့သည်။
မရေမတွက်နိုင်သော လူများ ရေလွှမ်းမိုးမှု အတွင်း၌ သေဆုံးသွားကြတော့သည်။ ထို ဝေမြို့စားကြီး အတု သည် ထင်ရှားသော မြို့စား ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေလွှမ်းမိုးမှု၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့၏။
“ဝေမြို့စားကြီး... ဝေမြို့စားကြီး။”
“ဝေမြို့စားကြီး တိုင်းပြည်အတွက် အနစ်နာခံသွားပြီ။ တွမ်မိသားစုဝင် ရာချီ တိုင်းပြည်အတွက် အနစ်နာခံသွားပြီ။”
“အိမ်ရှေ့စံမင်းသား... အိမ်ရှေ့စံမင်းသား။”
“ဒုက္ခပါပဲ... ဒုက္ခပါပဲ...ကိုယ်စားလှယ် အမတ်ကြီး ရေလွှမ်းမိုးမှုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီ။”
“အိမ်ရှေ့စံမင်းသား ရေလွှမ်းမိုးမှုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီ။”
အဆုံးအစမရှိသော ရေလွှမ်းမိုးမှုများသည် မြင်းသောင်းချီ ပြေးဝင်လာသကဲ့သို့ လန်ကျိုး အတွင်းသို့ ဝင်ရောက် လာတော့သည်။
ကောင်းကင်ကို တုန်လှုပ်စေလောက်သော ဘေးအန္တရာယ်ကြီး၊ အစစ်အမှန် သဘာဝဘေးအန္တရာယ်ကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ သေကြေဒဏ်ရာရသူ မရေမတွက်နိုင်အောင် ဖြစ်ပေါ်စေခဲ့၏။
မကြာမီကမှ ဆူနာမီကို ဖြတ်သန်းခဲ့ရသော လန်ကျိုးသည် နောက်ထပ် တစ်ကြိမ် အပြီးအပိုင် ဖျက်ဆီးမည့် ဘေးအန္တရာယ်ကြီးကို ဖြတ်သန်းခဲ့ရပြီး အလောင်းများ ပြန့်ကျဲနေတော့သည်။
တစ်ချိန်တည်းမှာပဲ မိုင်ထောင်ချီကွာဝေးသော မြို့တော်တွင် ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ထားပြီး နားထင်ကြောများ အဆက်မပြတ် ခုန်နေ၏။
“အချိန်မီ ရောက်ပါစေ။ သေချာပေါက် အချိန်မီ ရောက်ပါစေ။”
သူသည် မိမိ၏ အနားရှိ တစ်ဦးတည်းသော ထိပ်တန်း သိုင်းပညာရှင် ယွမ်ထျန်းရှဲ့ကိုပင် စေလွှတ်လိုက်ပြီ ဖြစ်သည်။
“သေချာပေါက် အချိန်မီ ရောက်ပါစေ။”
...................
“အိမ်ရှေ့စံမင်းသားကို မြန်မြန်ကယ်ကြ... အိမ်ရှေ့စံမင်းသားကို မြန်မြန်ကယ်ကြ...”
တာတမံတစ်ပိုင်း ကျိုးပေါက်သွားပြီးနောက် လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့၏။
ကြောက်မက်ဖွယ်ကောင်းသော ရေလွှမ်းမိုးမှုကြီးသည် တာတမံ အပိုင်းကြီးများကို မျက်စိတစ်မှိတ် အတွင်းမှာပဲ လုံးဝ ဖြိုဖျက်ပစ်လိုက်တော့၏။ လူသိန်းချီ နေ့မနား ညမနားကာကွယ်ခဲ့သော အောင်မြင်မှုများ အားလုံး ချက်ချင်း ပျက်စီးသွားတော့သည်။
အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရေလွှမ်းမိုးမှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရချိန်မှာတော့ မရေမတွက်နိုင်သော လူများ၏ စိတ်နှလုံးများကြေကွဲသွားရ၏။
ထို့နောက် အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့၏။ မရေမတွက်နိုင်သော စစ်သည်များနှင့် ပြည်သူများက အိမ်ရှေ့စံမင်းသား ကျိုးလီကို ကယ်တင်ရန် ရေထဲသို့ အလုအယက် ခုန်ချသွားကြတော့၏။ ဤသည်မှာ လူထု၏ စိတ်နှလုံးပင် ဖြစ်သည်။
ကျိုးလီ သည် လန်ကျိုးတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများကို နှစ်လကြာ အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး လူများစွာကို ကယ်တင်ခဲ့သောကြောင့် ကျောက်တုံးပင်လျှင် ပူနွေးလာစေနိုင်၏။
လန်ကျိုး တပ်တော်၊ လန်ကျိုး ရေတပ် အပါအဝင် မရေမတွက်နိုင်သော စစ်သည်များသည် ကျိုးလီ၏ စရိုက် လက္ခဏာကို အပြည့်အဝ ကြည်ညိုလေးစားသွားကြပြီဖြစ်ရာ ယခုအခါ သူ အန္တရာယ်ကြုံတွေ့နေရသည်ကို မြင်တွေ့ရချိန်မှာတော့ အသက်ကို ပဓာနမထားဘဲ ခုန်ချကာ ကယ်တင်ရန်ကြိုးပမ်းကြခြင်း ဖြစ်သည်။
သို့ပေမည့် ဤရေလွှမ်းမိုးမှုကြီးမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလေသည်။ ကျိုးလီတွင် သိုင်းပညာ ရှိသော်လည်း ဤကဲ့သို့သော ရေလွှမ်းမိုးမှုကြီး အောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားတော့၏။
ကျိုးလီသည် ရေမကူးတတ်သော်လည်း အသက်ရှူအောင့်ထားကာ အပေါ်သို့ ရုန်းကန်တက်ရန် ကြိုးပမ်းနေသည်။
သို့ပေမည့် သူ၏ ခြေထောက်နှစ်ဖက်ကို ရုတ်တရက် လူတစ်ယောက်က ဖမ်းဆွဲလိုက်ပြီး အောက်သို့ ပြင်းထန်စွာ ဆွဲချနေတော့၏။
“ရွှစ်... ရွှစ်...” လူအချို့က သူ့ကို ရေထဲတွင် လုပ်ကြံနေကြခြင်း ဖြစ်ပြီး ဓားမြှောင်များဖြင့် သူ၏ ခြေထောက်များနှင့် ခန္ဓာကိုယ်ကို ရူးသွပ်မတတ် ထိုးနှက်နေကြတော့သည်။
ထို့နောက် ကျိုးလီ၏ မျက်စိရှေ့တွင် အမှောင်ကျသွားပြီး မရုန်းကန်နိုင်တော့ဘဲ ရေထဲသို့ အဆက်မပြတ် နစ်မြုပ်သွားတော့၏။
‘ထားလိုက်တော့... ထားလိုက်ပါတော့... ဒီလိုပဲ သေသွားတော့မယ်။ အောက်ယွီ... ကျုပ်တို့နှစ်ယောက် စိတ်ချင်း ဆက်သွယ်ပြီး အံ့ဩစရာတွေ အများကြီး လုပ်နိုင်ခဲ့ပေမယ့် အခုတော့ အချည်းနှီး ဖြစ်သွားရပြီ။ သေလိုက်တာပဲ ကောင်းပါတယ်။ သေလိုက်တာပဲ ကောင်းပါတယ်။’
အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရေထဲ နစ်မြုပ်သွားပြီး မရေမတွက်နိုင်သော ရေများက သူ၏ နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်ရောက်လာတော့သည်။
ထိုအချိန်တွင် လူအုပ်ကြီးထဲမှ လူရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ ယွမ်ထျန်းရှဲ့ ဖြစ်၏။
ဤလူသည် အမှန်တကယ်ပင် ရက်စက်လွန်းလေသည်။ သူသည် အစောတည်းက ရောက်ရှိနေသော်လည်း လုံးဝ ဝင်မပါဘဲ ကောင်းကင်နှင့် မြေကြီး ပြိုကျမတတ် ဖြစ်ရပ်ကြီးကို ဒီအတိုင်း ဖြစ်ပျက်ခွင့် ပြုထားခဲ့ခြင်း ဖြစ်သည်။
ယွင်ကျုံးဟဲ့တွင် ပြည်သူများကို သနားညှာတာသော စိတ်ထား ရှိသော်လည်း ဤ ယွမ်ထျန်းရှဲ့တွင်မူ လုံးဝ မရှိချေ။
သူသည် သူ၏ ရည်မှန်းချက်ကို အောင်မြင်ရန်အတွက်သာ အာရုံစိုက်ပြီး ရည်ရွယ်ချက် ပြည့်မြောက်ရန် မည်သည့် နည်းလမ်းကို မဆို အသုံးပြုကာ လူမည်မျှ သေဆုံးပါစေ သူ့အတွက် ဘာမှ မသက်ဆိုင်ပေ။
အချိန်ကို သေချာ တွက်ချက်ပြီးနောက် လုံလောက်ပြီဟု ထင်မှတ်ချိန်မှသာ ယွမ်ထျန်းရှဲ့ သည် ရေလွှမ်းမိုးမှုကြီးထဲသို့ တိုက်ရိုက် ခုန်ချသွားတော့၏။
သူသည် ရေထဲတွင် နဂါးတစ်ကောင်ကဲ့သို့ ဧရာမ ရေလွှမ်းမိုးမှုကြီးထဲတွင် မြေပြင်ပေါ် လမ်းလျှောက်နေ သကဲ့သို့ လွယ်ကူစွာ သွားလာနေပြီး ပို၍ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ၏ တစ်ကိုယ်လုံးမှ အတွင်းအားများ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ရှိ ရေများကို လုံးဝ ဖယ်ရှားပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဤပုဂ္ဂိုလ်၏ သိုင်းပညာမှာ အလွန်တရာ အံ့ဩထိတ်လန့်ဖွယ် ကောင်းလှသည်။ လောကီတစ်ခွင်၌ ပြိုင်ဘက် ကင်းသော သိုင်းလောက၏ ဆရာကြီးအဆင့်တွင် ၎င်းသည် သေချာပေါက် တစ်ဦးအပါအဝင် ဖြစ်ပေလိမ့်မည်။ ထိုမျှလောက် ထူးခြားဆန်းပြားသော သိုင်းပညာမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူး၊ မကြားဖူးခဲ့ချေ။
“ရွှမ်း... ရွှမ်း... ရွှမ်း...”
ရေထဲသို့ ဝင်ရောက်ပြီးနောက် ယွမ်ထျန်းရှဲ့သည် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားကာ လုပ်ကြံသူ အားလုံးကို သတ်ပစ်လိုက်တော့၏။
နောက်ဆုံးတွင် ကျိုးလီကို ဖမ်းဆွဲကာ ကမ်းစပ်ဆီသို့ အစွမ်းကုန် ဆွဲခေါ်သွားတော့၏။ ထို့အပြင် သူသည် ရေအောက်မှ ကယ်တင်ခဲ့ခြင်းဖြစ်ရာ မည်သူ့ကိုမှ မြင်တွေ့ခွင့် မပေးခဲ့ချေ။
ယွမ်ထျန်းရှဲ့သည် ကျိုးလီကို အရင်သေပြီးမှ ပြန်ရှင်လာအောင် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
ခဏအကြာတွင် ယွမ်ထျန်းရှဲ့သည် ကျိုးလီကို ခေါ်ဆောင်ကာ ရေလွှမ်းမိုးမှုကြီးထဲမှ ထွက်လာပြီး တောင်ကုန်း တစ်ခုပေါ်သို့ ရောက်ရှိလာတော့၏။
ချက်ချင်းပဲ လူရိပ် လေးခု ထွက်ပေါ်လာပြီး ဒူးထောက်ကာ ပြောလိုက်ကြသည်။ “မဟာဆရာသခင်ကြီးကို အရိုအသေပေးပါတယ်။”
“ကျိုးလီကို ပြန်ရှင်အောင် လုပ်လိုက်။” ယွမ်ထျန်းရှဲ့က အမိန့်ပေးလိုက်၏။
“အမိန့်တော်အတိုင်းပါ။”
ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “ကျန်တဲ့သူတွေ ကျုပ်နောက်လိုက်ခဲ့။ တွမ်ပိကို သွားဖမ်းမယ်။”
“အမိန့်တော်အတိုင်းပါ။”
ထို့နောက် ယွမ်ထျန်းရှဲ့သည် အရိပ်တစ်ခုကဲ့သို့ တောင်ထိပ် တစ်နေရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား တော့သည်။
အနောက်မှ ထိပ်တန်း သိုင်းပညာရှင် ဆယ်ယောက်ကျော်သည်လည်း ယွမ်ထျန်းရှဲ့၏ နောက်သို့ လိုက်ပါ သွားကြတော့၏။
မကြာမီမှာပင် ယွမ်ထျန်းရှဲ့ သည် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး ရုတ်တရက် နောက်သို့ လှည့်ကာ တဝုန်းဝုန်း စီးဆင်းနေသော ရေလွှမ်းမိုးမှုကြီးကို ကြည့်လိုက်သည်။
တာတမံကျိုးပေါက်သွားပြီးနောက် ခဏလေး အတွင်းမှာပဲ လန်ကျိုး တစ်ခုလုံး ရေအောက် ရောက်သွားပြီး မရေမတွက်နိုင်သော အိမ်များ နစ်မြုပ်သွားကာ မရေမတွက်နိုင်သော လူများလည်း နစ်မြုပ်သွားကြတော့၏။
ယွမ်ထျန်းရှဲ့သည် ကောင်းကင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ခင်ဗျားကတော့ မိန်းမတွေရဲ့ သနားညှာတာမှုမျိုး ရှိနေတုန်းပဲ။ ဒါဆိုလည်း တချို့ကိစ္စတွေကို ကျုပ်ကပဲ ခင်ဗျားကိုယ်စား လုပ်ပေးရတာပေါ့။ စစ်သူကြီး တစ်ယောက် အောင်မြင်ဖို့အတွက် လူသောင်းချီ သေရတယ်လို့ ပြောကြတယ်လေ။ ဒါဆိုရင်...”
သူသည် အဘယ်ကြောင့် ဤကဲ့သို့ လုပ်ဆောင်ရသနည်း။ အကြောင်းမှာ သူသည် ယွင်ကျုံးဟဲ့ထက် ပို၍ ပြတ်သားပြီး ပို၍ ရက်စက်သောကြောင့်ပင် ဖြစ်၏။
ပထမဦးစွာ သူသည် ကျိုးလီကို အတုအယောင် သေဆုံးစေပြီးမှ ပြန်လည်ရှင်သန်လာစေရန် စီစဉ်ခဲ့သည်။ ကျိုးလီ သေဆုံးသွားပြီဟူသော သတင်း မြို့တော်သို့ ရောက်ရှိသွားသည့်အခါ ဧကရာဇ် ဝမ်ယွင်သည် ဝမ်းနည်း ပူဆွေးကောင်း ပူဆွေးနိုင်သော်လည်း၊ ဧကရာဇ်ဟောင်း၏ အာဏာစက်ဝန်း သံတြိဂံအဖွဲ့ လုံးဝပြိုကွဲသွားပြီ ဟူသော အသိဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမည်မှာ ဧကန်မုချပင်။
ဧကရာဇ်ဟောင်းသည် ဇရာဖိစီးနေပြီ ဖြစ်သကဲ့သို့ အောက်ယွီမှာလည်း အပြင်လူတစ်ဦးသာ ဖြစ်ပေသည်။ အိမ်ရှေ့စံမင်းသား ကျိုးလီ မရှိတော့လျှင် ဤသံတြိဂံအဖွဲ့သည် အခြေခံအုတ်မြစ် မရှိတော့သောကြောင့် ဧကရာဇ်၏ အာဏာကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
မိမိအား ခြိမ်းခြောက်နိုင်စွမ်း မရှိတော့သူတစ်ဦးကို ဧကရာဇ် ဝမ်ယွင်အနေဖြင့် ဆုလာဘ်များ ချီးမြှင့်ရန် ဝန်လေးနေမည် မဟုတ်ဘဲ၊ ကျိုးလီအတွက် ကြီးကျယ်ခမ်းနားသော ဘွဲ့ထူးဂုဏ်ထူးများကို သေချာပေါက် ပေးသနားပေလိမ့်မည်။
ထိုသို့ဖြင့် ကျိုးလီ ပြန်လည်ရှင်သန်လာသည့်အခါ ဧကရာဇ်မင်းမြတ်အနေဖြင့် မိမိထုတ်ပြန်ထားသော ဆုလာဘ်များကို ပြန်လည်ရုပ်သိမ်းရန်မှာ မည်သို့မှ မဖြစ်နိုင်တော့ပေ။ ထိုအခါ ကျိုးလီ၏ အဆင့်အတန်းမှာ အခြားသော မင်းသားများ အားလုံးထက် ချက်ချင်း သာလွန်မြင့်မားသွားပေလိမ့်မည်။
ဤအစီအစဉ်သည် ယွင်ကျုံးဟဲ့အတွက် အလွန်ပင် အကျိုးရှိလှပေသည်။ တစ်ဖက်တွင်မူ ဝေမြို့စားကြီး တွမ်ပိသည် အတုအယောင် သေဆုံးမှုဖြင့် ဟန်ပြကာ မိမိကိုယ်ကျိုးအတွက် တာတမံကို ဖျက်ဆီးခဲ့သည်။
သူ သေဆုံးသွားပြီဟူသော သတင်း ထွက်ပေါ်လာသည့်အခါ ပြည်သူအပေါင်းသည် စိတ်နှလုံး တုန်လှုပ် သွားကြမည်ဖြစ်ပြီး၊ ဝေမြို့စားကြီး အိမ်တော်၏ အတိတ်မှ ပြစ်မှုများကိုလည်း ခွင့်လွှတ်ပေးကြပေလိမ့်မည်။
ထိုသို့သော အခြေအနေတွင် ဧကရာဇ် ဝမ်ယွင်သည်လည်း အခြေအနေအရ ဝေမြို့စားကြီး အိမ်တော်၏ ပြစ်ဒဏ်များကို ပယ်ဖျက်ပေးကာ မြို့စားအသစ်တစ်ဦးကို ခန့်အပ်ပေလိမ့်မည်။ ဤနည်းဖြင့် တွမ်မိသားစုကို ကယ်တင်နိုင်မည် ဖြစ်သကဲ့သို့ တွမ်ယင်းယင်းမှာလည်း အသက်ရှင်သန်ခွင့် ရရှိသွားမည် ဖြစ်သည်။
သို့သော်ငြား ဧကရာဇ်က အမိန့်တော်များ ထုတ်ပြန်ပြီးသည့် အချိန်ကျမှ ယွမ်ထျန်းရှဲ့က အတုအယောင် သေဆုံး၍ ထွက်ပြေးရန် ကြိုးစားနေသော၊ တာတမံကို ဖျက်ဆီးခဲ့သော ဝေမြို့စားကြီး တွမ်ပိကို ဖမ်းဆီး ထုတ်ပြကာ ကျိုးလီထံ အပ်နှံပြီး တွမ်ပိ၏ ပြစ်မှုများကို ဖော်ထုတ်လိုက်မည်ဆိုပါက မည်သို့ ဖြစ်သွားမည်နည်း။
ထိုအခါ တောင်ပိုင်းကျိုးအင်ပါယာ၏ ပြည်သူအပေါင်းမှာ လှည့်စားခံလိုက်ရသည်ဟု ခံစားရကာ အကြီးအကျယ် ဒေါသထွက်ကြပေလိမ့်မည်။
ထိုအချိန်တွင် ဝေမြို့စားကြီး တွမ်ပိသည် မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ပယ်ရှင်းခြင်း ခံရမည်မှာ သေချာသကဲ့သို့၊ ပို၍ အရေးကြီးသည်မှာ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် မျက်နှာဖြတ်ရိုက်ခံရသကဲ့သို့ ဖြစ်သွားကာ ဩဇာတိက္ကမ များစွာ ကျဆင်းသွားမှာဖြစ်သည်။
ဧကရာဇ်မင်းမြတ် ယခုလေးတင် ချီးကျူးဂုဏ်ပြုခဲ့သော ဝေမြို့စားကြီး တွမ်ပိသည် လူ့စိတ်ကင်းမဲ့စွာဖြင့် ပြည်သူသန်းချီကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် နိုင်ငံတော်၏ ရန်သူကြီး ဖြစ်နေသည် မဟုတ်ပါလား။
ထိုအခါ ဧကရာဇ်၏ သိက္ခာမှာ မည်သည့်နေရာ၌ ရှိတော့မည်နည်း။ ဤသည်မှာ အလွန်ပင် ပြင်းထန်သော သိက္ခာချမှုကြီးပင် ဖြစ်တော့သည်။
ဤသည်မှာ ယွမ်ထျန်းရှဲ့၏ အစီအစဉ်ပင် ဖြစ်၏။ သူသည် ယွင်ကျုံးဟဲ့ထက် အဆပေါင်းများစွာ ပို၍ ပြင်းထန် ရက်စက်လှသည်။ အကြောင်းမှာ သူသည် မိမိရည်မှန်းချက်အတွက် မရေမတွက်နိုင်သော ပြည်သူများကို စတေးရန် ဝန်မလေးသောကြောင့်ပင် ဖြစ်၏။
ထို့အပြင် ဤအမှုကိစ္စအားလုံးကို အိမ်ရှေ့စံမင်းသား ကျိုးလီအား လုပ်ဆောင်ခိုင်းမည်ဖြစ်ရာ၊ ကျိုးလီနှင့် ဧကရာဇ် ကြားရှိ ဆက်ဆံရေးမှာလည်း မည်သို့မှ ပြန်လည်စေ့စပ်၍ မရနိုင်သော အခြေအနေသို့ ဆိုက်ရောက်သွားမှာ ဖြစ်သည်။
ထို့အပြင် အောက်ယွီနှင့် ကျိုးလီကြားမှ ဆက်ဆံရေးနှင့် ပတ်သက်သော၊ လူသိရှင်ကြား ထုတ်ဖော်မပြောနိုင်သည့် တတိယမြောက် ရည်ရွယ်ချက်လည်း ရှိနေသေးသည်။ အချုပ်အားဖြင့်ဆိုရသော် ယွမ်ထျန်းရှဲ့၏ ဤလုပ်ရပ်သည် မြားတစ်စင်းဖြင့် ငှက်သုံးကောင်ကို တပြိုင်နက် ပစ်ခတ်လိုက်ခြင်းပင် ဖြစ်တော့၏။
..........................
အခြား တောင်ထိပ် တစ်နေရာတွင် ဝေမြို့စားကြီး တွမ်ပိသည် တဝုန်းဝုန်း စီးဆင်းနေသော ရေလွှမ်းမိုးမှုကြီးကို ကြည့်ရှုနေပြီး ရေအောက် ရောက်သွားသော လန်ကျိုးမြို့ကို ကြည့်ရှုကာ ဝါးမျိုခံလိုက်ရသော မရေမတွက်နိုင်သည့် ပြည်သူများကို ကြည့်ရှုနေသည်။
သူ၏ စိတ်ထဲတွင် အလွန်တရာ ကျေနပ်မှုကိုသာ ခံစားနေရပြီး အလွန် ရက်စက်ကြမ်းကြုတ်သော ကျေနပ်မှုမျိုး ဖြစ်၏။
‘ဒီတစ်ကြိမ် လူဘယ်လောက် သေမလဲ။ သောင်းချီလား၊ သိန်းချီလား။ ဒါတွေ အားလုံးက ကျုပ် တွမ်ပိရဲ့ လက်ချက်ပဲလို့ သတ်မှတ်လို့ ရတာဆိုတော့ တကယ်ကို ကျေနပ်စရာကောင်းတာပဲ။ ဒီတစ်ကြိမ် ရေလွှမ်းမိုးမှုကြီးကို ကျိုးလီက ကာကွယ်နိုင်လုနီးပါး ဖြစ်နေပြီဆိုပေမယ့် ကျုပ် တွမ်ပိက လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။’
.....................