← Chapters

အခန်း ၄၃၀

Vol. 37 Ch. 430

အခန်း ၄၃၀

Vol. 37 Ch. 430

အပိုင်း (၄၃၀)

တောင်ပိုင်းကျိုး၏ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးသည် မူလက ကိုယ်စားလှယ် အမတ်အဖြစ် ဝေမြို့စားကြီး အိမ်တော်ကို မျိုးနွယ်စု အားလုံး ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ကျန်းကျိုးမြို့နှင့် မိုင်ထောင်ချီ ကွာဝေးနေသေးချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အစိုးရ ဧည့်ရိပ်သာတွင် စောင့်ဆိုင်းကာ ဧကရာဇ်၏ အမိန့်တော် အသစ်ကို စောင့်မျှော်နေတော့သည်။

တတိယလ သုံးဆယ်ရက်နေ့...

ဝေမြို့စားကြီး တွမ်ပိ၏ အလောင်းနှင့် တွမ်မိသားစုဝင် ရာချီ၏ အလောင်းများ အားလုံးကို မြို့တော်သို့ သယ်ဆောင်လာခဲ့ကြ၏။

ဤတစ်ကြိမ်တွင် ခေါင်းတလား ရာချီ ရှိနေပြီး မရေမတွက်နိုင်သော လူများက ငိုကြွေးနေကြသည်။

လမ်းတစ်လျှောက်လုံး လမ်းလျှောက်ရင်း ငိုကြွေးရင်း၊ မိုင်ထောင်ချီ ခေါင်းတလားကို သယ်ဆောင်လာခြင်းမှာ မည်မျှ စိတ်လှုပ်ရှားဖွယ်ကောင်းသနည်း။

သေချာပေါက် ဤ ဝေမြို့စားကြီး၏ အလောင်းမှာ ကိုယ်ပွားသာ ဖြစ်သည်။ သို့ပေမည့် သူတို့နှစ်ဦးမှာ အလွန် ဆင်တူကြပြီး ယခုအခါ ဒဏ်ရာများ ပြည့်နှက်နေကာ သွေးသံရဲရဲ ဖြစ်နေပြီး ရေစိမ်ခံထားရ၍ ဖောင်းကားနေသောကြောင့် လုံးဝ အပြစ်အနာအဆာ မရှိတော့ချေ။

ထို့အပြင် ဤကိုယ်ပွား၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးရာပါ အမှတ်များကိုလည်း ဝေမြို့စားကြီး တွမ်ပိနှင့် တစ်ပုံစံတည်း ဖြစ်အောင် ဖန်တီးထားပြီး ခြေချောင်းရှိ အနည်းငယ် ပုံပျက်နေမှုများကိုပါ တစ်ပုံစံတည်း ဖြစ်အောင် လုပ်ဆောင်ထားသည်။

ထို့အပြင် ထိုစဉ်က မရေမတွက်နိုင်သော လူများက ဝေမြို့စားကြီး တွမ်ပိသည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ဆောင်ရင်း တိုင်းပြည်အတွက် အနစ်နာခံသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရသည် မဟုတ်ပါလား။

ဤသနားဖွယ်ကောင်းသော မြင်ကွင်းက မရေမတွက်နိုင်သော လူများကို ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။

ဝေမြို့စားကြီး၏ အလောင်း မြို့တော်နှင့် နီးကပ်လာလေလေ၊ ပြည်သူ့အသံများ ပို၍ ပို၍ ပြောင်းပြန် ဖြစ်လာလေလေ ဖြစ်၏။

ထို့အပြင် အိမ်ရှေ့စံမင်းသား ကျိုးလီသည် ရေလွှမ်းမိုးမှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အသက်ရှင်ခြင်း သေဆုံးခြင်းကို မသိရသေးသောကြောင့် အခြေခံအားဖြင့် တိုင်းပြည်အတွက် အနစ်နာခံသွားပြီ ဖြစ်သည်။

ပြည်သူ့အသံများသည် အိမ်ရှေ့စံမင်းသား နှင့် ဝေမြို့စားကြီး တို့၏ အနစ်နာခံမှုကို ပူးတွဲ၍ ဖော်ပြနေကြသည်။ သို့ပေမည့် ကျိုးလီ၏ အလောင်းကို မတွေ့ရသေးဘဲ ဝေမြို့စားကြီး တွမ်ပိ၏ အလောင်းမှာမူ မျက်စိရှေ့တွင် ရှိနေပြီး အလွန် သနားဖွယ်ကောင်းနေသောကြောင့် ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေ၏။

ထို့နောက် မြို့တော်၏ ပြည်သူ့အသံများသည် ပို၍ကြောက်မက်ဖွယ်ကောင်းသော ဦးတည်ရာသို့ ပြောင်းလဲ လာတော့သည်။

လောကရှိ ပြည်သူ သန်းချီသည် ဝေမြို့စားကြီး သေဆုံးမှုကြောင့် တွမ်မိသားစုကို ခွင့်လွှတ်သွားကြပြီဖြစ်ရာ အောက်မင်၊ တွမ်ယင်းယင်း၊ စုချင်ဝမ် တို့သည် ရူးသွပ်သော တန်ပြန်တိုက်ခိုက်မှု၊ ပြည်သူ့အသံ တိုက်ခိုက်မှုကို စတင် လုပ်ဆောင်ကြတော့၏။

သူတို့သည် တွမ်ယွင် နှင့် တွမ်ယွီ တို့၏ လျှို့ဝှက် ပတ်သက်မှုကို ပြန်လည် ရှင်းလင်းပေးရန် ကြိုးပမ်း လာကြသည်။

ဝေမြို့စားကြီး သည် ဤမျှလောက် သစ္စာရှိပြီး ရဲရင့်သူဖြစ်ရာ သူ၏သားသည် အဘယ်ကြောင့် ဤကဲ့သို့သော တိရစ္ဆာန် တစ်ကောင် ဖြစ်နိုင်မည်နည်း။

သူ မည်မျှပင် ရူးသွပ်မိုက်မဲစေကာမူ အဒေါ်ဖြစ်သူနှင့် လျှို့ဝှက် ပတ်သက်မှု ရှိနိုင်မည် မဟုတ်သလို တောင်ပိုင်းကျိုး၏ နံပါတ်တစ် သန့်စင်သော နေရာဖြစ်သည့် တာ့ဖာရှန့်ကျွင်း၏ ထျန်းဖူထူ စေတီတော်ကြီး အတွင်းကိုလည်း ရွေးချယ်မည် မဟုတ်ချေ။

ထိုနေရာသည် အလွန် မာကျောပြီး လုံးဝ သက်တောင့်သက်သာ မရှိချေ။ ထို့ကြောင့် တွမ်ယွီ နှင့် စုချင်ဝမ်ကတော် တွမ်ယွင် တို့သည် လုံးဝ သူတစ်ပါး၏ ချောက်ချခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

စတုတ္ထလ ခြောက်ရက်နေ့....

ဝေမြို့စားကြီး တွမ်ပိ၏ အလောင်းသည် နောက်ဆုံးတွင် မြို့တော်အတွင်းသို့ ဝင်ရောက်လာပြီး ဧကရာဇ် ကိုယ်တိုင် ကြည့်ရှုခဲ့၏။

တွမ်ယင်းယင်း သည် နန်းတော် အတွင်းသို့ ဝင်ရောက်ကာ ငိုကြွေးပြီးနောက် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် ရောဂါကုသနေခြင်းကို ရပ်တန့်ကာ နန်းတော် အတွင်းသို့ ဝင်ရောက်ပြီး တွမ်ယွင် နှင့် တွမ်ယွီ တို့၏ လျှို့ဝှက် ပတ်သက်မှု အမှုကို ပြန်လည် စုံစမ်းစစ်ဆေးပေးရန် ဧကရာဇ်မင်းမြတ်ထံ တောင်းဆိုလိုက်သည်။

စုချင်ဝမ်က သူနှင့် တွမ်ယွင် တို့သည် အလွန် ချစ်ခင်ကြပြီး တွမ်ယွင်သည် ကိုယ်ဝန် ခြောက်လ ရှိနေပြီဖြစ်ရာ တွမ်ယွီ နှင့် မည်သို့ ဖောက်ပြန်နိုင်မည်နည်း။ သေချာပေါက် တစ်ယောက်ယောက်က ချောက်ချခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့၏။

ဝေမြို့စားကြီး၏ သေဆုံးမှုကို အခွင့်ကောင်းယူကာ ဤလူစုသည် တွမ်မိသားစုကို ကယ်တင်ရုံသာမက အခွင့်အရေးကို အသုံးချ၍ ပြန်လည် တိုက်ခိုက်ရန်ပါ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

‘တွမ်ယွီ နှင့် တွမ်ယွင်ကို တစ်ယောက်ယောက်က ချောက်ချတယ်ဆိုရင် အဲဒီလူက ဘယ်သူလဲ။ သေချာပေါက် အောက်ယွီ ပဲပေါ့။’

ချက်ချင်းပဲ ဧကရာဇ် သည် အမိန့်တော် ထုတ်ပြန်ကာ တွမ်ယွင် နှင့် တွမ်ယွီတို့၏ လျှို့ဝှက် ပတ်သက်မှု အမှုကို ပြန်လည် စုံစမ်းစစ်ဆေးရန်နှင့် တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးရန် အမိန့်ပေးလိုက်သည်။ ဟေးပင်းထိုင်ကိုလည်း အောက်ယွီ အား ခေါ်ယူစစ်ဆေးရန် အမိန့်ပေးလိုက်၏။

ဤအမှုသည် မည်သို့ပင်ဖြစ်စေ ဝေမြို့စားကြီး တွမ်ပိ၏ တိုင်းပြည်အတွက် ကြီးကျယ်ခမ်းနားစွာ အနစ်နာခံမှုသည် အမှန်တရား ဖြစ်သည်။

ထို့အပြင် အိမ်ရှေ့စံမင်းသား ကျိုးလီသည် အသက်ရှင်ခြင်း သေဆုံးခြင်းကို မသိရသေးသော်လည်း မရေမတွက်နိုင်သော လူများက သူ ရေလွှမ်းမိုးမှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြသောကြောင့် သေချာပေါက် သေဆုံးသွားပြီဟု မှတ်ယူနိုင်၏။

ထို့အပြင် နန်ကုန်းခြောက်သည် မင်းသား ကျိုးလီ ရေလွှမ်းမိုးမှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရကြောင်းနှင့် ဟေးပင်းထိုင်သည် ကျိုးလီကို ကယ်တင်ရန်အတွက် စစ်သည် ရာချီ အသက်ပေးခဲ့ရကြောင်း အကြိမ်ကြိမ် အစီရင်ခံခဲ့ပြီး ဖြစ်သည်။

ညီလာခံရှိ အမတ်များသည် မင်းသား ကျိုးလီနှင့် ဝေမြို့စားကြီး တွမ်ပိ တို့ကို ချီးကျူးဂုဏ်ပြုရန် ဧကရာဇ်ထံ တောင်းဆိုလိုက်ကြ၏။

သေချာပေါက် ဘွဲ့များ ပေးသနားရမှာဖြစ်၏။ သူသည် မင်းသား တစ်ပါးဖြစ်ပြီး ယခင်က သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးတွင် ကြီးမားသော အကျိုးဆောင်မှု ရှိခဲ့ကာ ယခုတစ်ကြိမ်တွင်လည်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အနစ်နာခံသွားခဲ့ပြီ ဖြစ်သည်။

အလောင်းကို မတွေ့ရသေးသော်လည်း ထိုသို့ သတ်မှတ်လိုက်ပြီဖြစ်၏။

ထို့ကြောင့် ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်သည်။ “ကျိုးလီကို ယင်းချင်ဝမ် အဖြစ် ခန့်အပ်ပြီး မင်းသားများ အားလုံး၏ အထက်တွင် ထားရှိလိုက်တယ်။”

ဤ ယင်းချင်ဝမ် ဟူသော ဘွဲ့မှာ အလွန်ကြီးမားလေသည်။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျိုး မြို့တော်ကို ယင်းကျင်း ဟု ခေါ်ဆိုသောကြောင့် ဤသည်မှာ အဆင့်အမြင့်ဆုံး ချင်ဝမ်ဘွဲ့ဖြစ်ပြီး အိမ်ရှေ့စံ ပြီးလျှင် ဒုတိယ နေရာတွင် ရှိ၏။

ကျိုးလီ၏ အလောင်းကို မတွေ့ရသေးသောကြောင့် သေလွန်ပြီးနောက် ပေးသနားသောဘွဲ့ဟု မဆိုနိုင်သော်လည်း လူတိုင်းက ဤသည်မှာ သေလွန်ပြီးနောက် ပေးသနားသော ဘွဲ့ဖြစ်ပြီး မင်းသား ကျိုးလီ သေဆုံးပြီးနောက် ရရှိသော ဂုဏ်သိက္ခာဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားကြသည်။

ထို့နောက် ဧကရာဇ်က ထပ်မံ အမိန့်ပေးလိုက်ပြန်၏။ “ဝေမြို့စားကြီး တွမ်ပိကို ထိုက်ကျစ်ထိုက်ပေါင် (အိမ်ရှေ့စံ၏ ဆရာ) အဖြစ် သေလွန်ပြီးမှ ပေးသနားပြီး တော်ဝင်တရားရုံးကို တွမ်မိသားစုမှ အရည်အချင်းရှိသူ တစ်ဦးကို ရွေးချယ်ကာ ဝေမြို့စားကြီးဘွဲ့ကို ဆက်ခံစေရန် အမိန့်ပေးလိုက်တယ်။”

ဤအချိန်တွင် ဝေမြို့စားကြီး အိမ်တော်ရှိ မျိုးနွယ်စု အားလုံးကို ဖမ်းဆီးရန် ကျန်းကျိုးမြို့သို့ စေလွှတ်ထားသော ကိုယ်စားလှယ် အမတ်သည် ချက်ချင်းပဲ ချီးကျူးဂုဏ်ပြုရန် သွားရောက်သော ကိုယ်စားလှယ် အမတ် ဖြစ်သွားတော့သည်။

ဤသို့ဖြင့် အောက်မင် နှင့် တွမ်ယင်းယင်း တို့၏ သေရာမှ ပြန်ရှင်လာမည့် အစီအစဉ်မှာ ကြီးမားသော အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် တခမ်းတနား တန်ပြန်တိုက်ခိုက်မှုကို တရားဝင် စတင်လိုက်ကြတော့၏။

တွမ်ယွင် နှင့် တွမ်ယွီ တို့၏ တည်ထောင်သူ ဧကရာဇ်ကို စော်ကားသည့် အမှုကို တရားဝင် ပြန်လည် စုံစမ်းစစ်ဆေးတော့သည်။

အောက်ယွီကို ခေါ်ယူစစ်ဆေးရုံသာမက စုချိုင်ရန် နှင့် တာ့ဖာရှန့် ဘုရားကျောင်းမှ သီလရှင် ရာချီကိုပါ အားလုံး ဖမ်းဆီး စစ်ဆေးတော့၏။

မင်းသမီး လန်အန်း မှလွဲ၍ သီလရှင်ဆရာလေး တိန့်မျောင် အပါအဝင် မည်သူမှ လွတ်မြောက်ခွင့် မရှိချေ။

ဤလူစုသည် ဤအမှုကို လုံးဝ ပြောင်းပြန်လှန်ပစ်ရန်နှင့် အမှန်တရားကို ဖော်ထုတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြသည်။

စုတိုက် သည် ချိုင်ရန်၏ အဆင့်အတန်း ရှိသောကြောင့် တရားရုံးသုံးရပ်မှ စစ်ဆေးမေးမြန်းရန် အဆင်မပြေချေ။ ထို့ကြောင့် စုချိုင်ရန်၏ လွတ်လပ်ခွင့်ကို အရင်ဆုံး ရုပ်သိမ်းလိုက်၏။

ဆရာမ လန်အန်းသည် စုတိုက်အား အမှန်တကယ်ပင် သာသနာ့ဘောင်သို့ သွတ်သွင်းကာ တာ့ဖာရှန့် ဘုရားကျောင်း၏ ဆက်ခံမည့် ကျောင်းထိုင်တစ်ဦး ဖြစ်လာစေရန် ရည်ရွယ်ခဲ့သည် မဟုတ်ပါလား။

သို့ဖြစ်ရာ စုတိုက်ကို သီလရှင်အဖြစ် အမှန်တကယ် ဝတ်ပြုစေပြီး တာ့ဖာရှန့်ဘုရားကျောင်း၏ သီလရှင်တစ်ပါး အဖြစ် သတ်မှတ်လိုက်ရုံသာ ရှိတော့သည်။ ထိုသို့ လုပ်ဆောင်လိုက်ပါက သူမအား လိုအပ်သလို စစ်ဆေးမေးမြန်းနိုင်မည့် အခွင့်အရေးကိုလည်း ရရှိသွားပေလိမ့်မည်။

အောက်ယွီ၏ အဆင့်အတန်းမှာ ထူးခြားပြီး ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို ခံရသူဖြစ်သလို သူ တာ့ဖာရှန့် ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း မည်သည့် သက်သေ အထောက်အထားမှ မရှိသောကြောင့် သူ့ကို ဖမ်းဆီး၍ မရဘဲ ခေါ်ယူစစ်ဆေးရန်သာ ဖိတ်ခေါ်နိုင်သည်။

သို့ပေမည့် စုတိုက် ထံမှ ထွက်ပေါက်တစ်ခု ရရှိပြီး သူမနှင့် အောက်ယွီတို့ လျှို့ဝှက် ပတ်သက်မှု ရှိကြောင်း သူမကိုယ်တိုင် ဝန်ခံစေနိုင်ပါက အောက်ယွီကို တရားဝင် ဖမ်းဆီးနိုင်ပြီ ဖြစ်၏။

“စုတိုက်... ခင်ဗျား ဝန်ခံလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် ကျုပ်တို့ ပြစ်ဒဏ်ပေးလိုက်ရင် ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်။”

“စုတိုက်... ခင်ဗျားနဲ့ အောက်ယွီတို့ လျှို့ဝှက် ပတ်သက်မှု ရှိပြီး တာ့ဖာရှန့် ဘုရားကျောင်းထဲမှာ ခိုးပြီး တွေ့ဆုံခဲ့တယ် ဆိုတာကို ကျုပ်တို့ သိပြီးပြီ။ ခင်ဗျား ဝန်မခံဘူးဆိုရင် နှိပ်စက်ကိရိယာမျိုးစုံနဲ့ နှိပ်စက်လိုက်ရင် ခင်ဗျား သေမရ ရှင်မရ ဖြစ်သွားစေလိမ့်မယ်။”

တရားလွှတ်တော်ချုပ် သည် စစ်ဆေးမေးမြန်းမှု အားလုံးကို စုတိုက် အပေါ်တွင်သာ အာရုံစိုက်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အားနည်းသူဖြစ်ပြီး သေချာပေါက် ဝန်ခံလိမ့်မည်ဟု ထင်မှတ်ထား သောကြောင့် ဖြစ်သည်။

သို့ပေမည့် အမှန်တကယ် ပြစ်ဒဏ်ပေး၍မူ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မယ်တော်မိဖုရားခေါင်ကြီးက အမှုစစ်ဆေးရန် ရသော်လည်း ပြစ်ဒဏ်ပေးခြင်း မပြုရန်နှင့် အကယ်၍ ပြုလုပ်ပါက လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်း ပြောဆိုထားသောကြောင့်ပင်။

“ဆေးသုံးပါ။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းရဲ့ ဆေးကို သုံးပါ။ စုတိုက် လုံးဝ ပြိုကျသွားအောင် လုပ်နိုင်တယ်။ ပြစ်ဒဏ် မပေးရင်တောင် လုံးဝ ဝန်ခံသွားလိမ့်မယ်။ ဒီလိုဆေးမျိုး ဟေးပင်းထိုင်မှာ ရှိတယ်။ ဒုတိယ မင်းသားဆီမှာလည်း ရှိတယ်။ ကျိန့်ဟိုင်မြို့စားအိမ်တော်မှာလည်း ရှိတယ်။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် ဤကဲ့သို့သော ဆေးမျိုး ရှိကြောင်း သိရှိထားပြီး လူကို လုံးဝ သတိလွတ်သွားစေကာ မေးသမျှကို ဖြေဆိုစေနိုင်ကြောင်း သိရှိထားသည်။

စုတိုက် သည် သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်ရာ ဤဆေးမျိုးကို သေချာပေါက် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

တွမ်ယင်းယင်းက ပြောလိုက်၏။ “စုတိုက် နဲ့ အောက်ယွီတို့ လျှို့ဝှက် ပတ်သက်မှု ရှိတယ်ဆိုတာ ကျွန်မတို့ အားလုံး သိကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ကို ကျွန်မတို့ကိုယ်တိုင် အတူတူ ထားပေးခဲ့တာလေ။ သက်သေ မရှိတာပဲ ရှိတာ။

စုတိုက်သာ ဝန်ခံလိုက်ရင် အောက်ယွီ သေချာပေါက် သေပြီပဲ။ အဲဒီအခါကျရင် တွမ်ယွင် နဲ့ တွမ်ယွီ တို့လည်း အပြစ်ကင်းတဲ့သူတွေ ဖြစ်သွားမှာဖြစ်ပြီး စုချင်ဝမ်လည်း နာမည်ဂုဏ်သတင်းကို ပြန်လည်ကယ်တင်နိုင်မှာပါ။”

နာမည်ဂုဏ်သတင်း ဆိုသည့် စကားကို ကြားလိုက်ရချိန်မှာတော့ စုချင်ဝမ်၏ မျက်နှာ တုန်ယင်သွားရသည်။

ဤသည်မှာ အသေအကြေ တိုက်ခိုက်ရမည့် တိုက်ပွဲ မဟုတ်ပါက သူသည် တွမ်မိသားစု တစ်စုလုံးကို သတ်ပစ်ချင်နေဆဲ ဖြစ်၏။

သို့ပေမည့် ယခုအခါ တွမ်ပိ သေဆုံးသွားပြီဖြစ်ရာ သူ၏ ဒေါသများကို အနည်းငယ် ပြေပျောက်စေနိုင်သည်။

မှန်ပေသည်။ စုချင်ဝမ် သည်လည်း တွမ်ပိ သေဆုံးသွားပြီဟု ထင်မှတ်နေပြီး လူတိုင်းက တွမ်ပိသည် သူ၏ မိသားစုအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံသွားသည်ဟု တကယ်ပင် ထင်မှတ်နေကြ၏။

ထို့အပြင် အောက်မင် နှင့် တွမ်ယင်းယင်း တို့က ဖခင် တွမ်ပိအား မိသားစု တစ်စုလုံးကို ကယ်တင်ရန်အတွက် တစ်ယောက်တည်း အနစ်နာခံပေးရန် တောင်းဆိုသည့် စာကိုလည်း ရေးသားထားခဲ့သည် မဟုတ်ပါလား။

“ကောင်းပြီ... ကျုပ် ဆေးသွားရှာမယ်။”

နာရီအနည်းငယ် အကြာတွင် စုချင်ဝမ်သည်ကျိန့်ဟိုင် မြို့စားအိမ်တော် သခင်လေးထံမှ မီတျဲ ချိုင့်ဝှမ်း၏ နတ်ဆေး ကျောက်ဟွန်းယင် (ဝိညာဉ်ခေါ်ဆေး)ကို ရရှိလာခဲ့သည်။

“ဒီဆေးကို တရားလွှတ်တော်ချုပ် အကျဉ်းထောင်ကို ပို့ပြီး စုတိုက်ကို အတင်းအကျပ် တိုက်ခိုင်းလိုက်။” စုချင်ဝမ်က အမိန့်ပေးလိုက်၏။

“အမိန့်တော်အတိုင်းပါ။”

..................

All Chapters