အခန်း ၄၃၄
Vol. 37 Ch. 434
အပိုင်း (၄၃၄)
ဘိုးဘိုးကြီး အောက်ထင်သည် ဤသတ်ဖြတ်မှု မြင်ကွင်း တစ်ခုလုံးကို ကြည့်ရှုပြီးနောက် တစ်ကိုယ်လုံး တုန်ယင်သွားကာ ချက်ချင်း မေ့လဲသွားတော့သည်။
ဤသည်မှာ အောက်ယွီနှင့် ရန်သူ ဖြစ်ရခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။ ဂုဏ်သရေရှိသော မြို့စား အိမ်တော်ကြီးတစ်ခု တကယ်ပဲ လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။
ထို့နောက် ဧကရာဇ်မင်းမြတ်သည် အောက်ယွီကို နန်းတော်အတွင်းသို့ ဝင်ရောက်လာရန် နောက်တစ်ကြိမ် အမိန့်ပေးလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ အောက်ယွီ၏ ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သည်။ သူသည် နန်းတော် အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြီး စာကြည့်ဆောင် အတွင်း၌ ဧကရာဇ်၏ ခေါ်ယူတွေ့ဆုံမှုကို ခံယူခဲ့၏။
“ခင်ဗျားအဖေရဲ့ ကျန်းမာရေး ကောင်းသွားပြီလား။” ဧကရာဇ်က မေးလိုက်သည်။
“အရှင်မင်းမြတ်ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။”
အောက်ယွီက ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်လည်း သိတဲ့အတိုင်း အဆုတ်နာရောဂါဟာ ကုသလို့ မရပါဘူး။ ဆေးဝါးတွေနဲ့ အချိန်ဆွဲထားလို့ပဲ ရပါတယ်။ လုံးဝ ပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ ဒါက... ဒါက ကုသလို့မရတဲ့ ရောဂါဆိုးပါ။”
ဤစကားများကို ပြောဆိုချိန်တွင် ယွင်ကျုံးဟဲ့၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်နှက်နေသည်။
ဧကရာဇ်က ပြောလိုက်၏။ “ကုသလို့မရတဲ့ ရောဂါဆိုးလို့လည်း မဆိုနိုင်ပါဘူး။ တာယင်အင်ပါယာက ယွင်ကျုံးဟဲ့ ဆိုတဲ့သူက ကျောက်ရောဂါကို ကုသနိုင်တဲ့ နတ်ဆေး တစ်မျိုးကို တီထွင်နိုင်ခဲ့ဖူးတယ်။ အဲဒီဆေးက အဆုတ်နာ ရောဂါကိုလည်း ကုသနိုင်တယ်လို့ ကြားတယ်။ ရောဂါပေါင်းစုံကို ကုသနိုင်တဲ့ နတ်ဆေးလိုပဲ။”
အောက်ယွီက ပြန်ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်လည်း သိပါတယ်။ ဒါပေမဲ့ အဲဒီ ယွင်ကျုံးဟဲ့ဟာ သေသွားပြီ ဆိုတော့ ဒီနတ်ဆေးရဲ့ ဖော်စပ်နည်းလည်း ပျောက်ဆုံးသွားပြီလေ။”
ဧကရာဇ်က ပြောလိုက်၏။ “ခင်ဗျားအဖေဟာ တိုင်းပြည်အတွက် အကျိုးဆောင်မှု ရှိတဲ့သူပါ။ သူ အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းနည်းလေး ရှိရင်တောင် ကိုယ်တော်က အစွမ်းကုန် ကြိုးစားပြီး သူ့ကို ကယ်တင်ပေးမှာပါ။ ဒါကြောင့် ကိုယ်တော်က နိုင်ကော်ကို အမိန့်ပေးပြီး သံတမန်ရေး လမ်းကြောင်းကနေတစ်ဆင့် တာယင်အင်ပါယာ ဟေးလုံထိုင်နဲ့ ဆက်သွယ်ခိုင်းခဲ့တယ်။ ကြီးမားတဲ့ တန်ဖိုးတွေကို ပေးဆပ်ပြီး အဲဒီ နတ်ဆေးရဲ့ ဖော်စပ်နည်းကို လဲလှယ်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမဲ့ တစ်ဖက်လူက ယွင်ကျုံးဟဲ့ သေသွားပြီးတဲ့နောက် ဒီနတ်ဆေးရဲ့ ဖော်စပ်နည်းဟာ လုံးဝ ပျောက်ဆုံး သွားပြီလို့ ပြန်ပြောပါတယ်။ ပြီးတော့ ဖော်စပ်နည်း ရှိရင်တောင် ဘယ်သူမှ နားမလည်သလို ဘယ်သူမှလည်း ဒီနတ်ဆေးကို မဖော်စပ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက ပြောသေးတယ်။ ဒီလို နတ်ဆေးမျိုး နည်းနည်းတော့ ကျန်သေးတယ်တဲ့။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်မှာလဲ။ ဘယ်မှာ ရှိတာလဲ။”
ဧကရာဇ် ဝမ်ယွင်က ပြန်ဖြေလိုက်၏။ “ယွင်ကျုံးဟဲ့ရဲ့ ဇနီး ကျင်းကျုံးယွဲ့ ဆီမှာ ရှိတယ်။”
ယွင်ကျုံးဟဲ့က ဆိုသည်။ “သူမ ဆီမှာလား။”
ဧကရာဇ် ဝမ်ယွင်က ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ အဲဒီမိန်းမဟာ အခု အနောက်ဘက် သဲကန္တာရရဲ့ အရှင်သခင်မ ဖြစ်နေပြီ။ သူ့လက်အောက်မှာ မြင်းစီးဓားပြတပ် သိန်းချီ ရှိတယ်။ ယွင်ကျုံးဟဲ့ သေသွားပြီးတဲ့နောက် သူမ လက်ထဲမှာရှိတဲ့ နတ်ဆေးဟာ လောကမှာ တစ်ခုတည်းသော နတ်ဆေး ဖြစ်သွားပြီ။
ကိုယ်တော်က အနောက်ဘက် သဲကန္တာရမှာရှိတဲ့ ရိုလန်မြို့ကို သံတမန် စေလွှတ်ပြီး အရင်က တောင်ပိုင်းကျိုးရဲ့ အမတ် ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီး ဒီနတ်ဆေး နည်းနည်းလောက် ပေးဖို့၊ ခင်ဗျားအဖေ အောက်ရှင်းကို ကယ်တင်ဖို့ တောင်းဆိုခိုင်းထားပါတယ်။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “ကျုပ်... ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ခင်ဗျားရဲ့ အဖေဟာ ကြီးကြီးမားမား အကျိုးဆောင်ခဲ့သူ တစ်ယောက်ပါ။ အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းနည်းလေး ရှိရင်တောင် ကိုယ်တော်က အစွမ်းကုန်ကြိုးစားပြီး သူ့ကို ကယ်တင်ပေးမှာပါ။”
နောက်ဆက်တွဲ အနေဖြင့် လူနှစ်ဦးသည် ဆက်လက်ကာ စကားပြောဆိုနေကြပြီး ဧကရာဇ်သည် အမြဲတမ်း ရင်းနှီးဖော်ရွေသော မျက်နှာထားဖြင့် အောက်ယွီကို အပြည့်အဝ ဂရုစိုက်မှုများ ပြသနေသည်။
ထို့နောက် ဧကရာဇ်က မေးလိုက်၏။ “အောက်ယွီ... ဒီရက်ပိုင်း ဧကရာဇ်ဟောင်းက ခင်ဗျားကို အိပ်မက် လာပေးသေးလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မပေးပါဘူး အရှင်မင်းမြတ်။”
ဧကရာဇ်က ပြောလိုက်၏။ “ကိုယ်တော် ကောလာဟလ တချို့ကြားရတယ်။ ခင်ဗျားကော ကြားသေးလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ် ရှင်းပြပေးပါ။”
ဧကရာဇ်က ပြောလိုက်၏။ “ဝေမြို့စားကြီး တွမ်ပိ မသေဘူး၊ သေသွားတာက ကိုယ်ပွားဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်။ ပြီးတော့ ဒီတစ်ကြိမ် လန်ကျိုးရဲ့ ရေလွှမ်းမိုးမှုဟာ တစ်ယောက်ယောက်က တမင် တာတမံကို ဖျက်ဆီးလိုက်တာလို့လည်း ပြောကြတယ်။ ခင်ဗျားအထင် ဒီသတင်းက အစစ်လား၊ အတုလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သေချာပေါက် အတုပေါ့။ ဝေမြို့စားကြီး တွမ်ပိရဲ့ အလောင်းကို လောကက လူတိုင်း မြင်တွေ့ခဲ့ကြတာပဲ။ ဒါ သေချာပေါက် ရည်ရွယ်ချက် ဆိုးရွားတဲ့ သူတွေက ဒီအခွင့်အရေးကို အသုံးချပြီး ပြည်သူတွေကို လှုံ့ဆော်ပြီးတော့ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို ပျက်စီးအောင် လုပ်ချင်နေတာပဲ။”
“ဟုတ်တယ်။ ခင်ဗျားပြောတာ အရမ်း မှန်တယ်။ ဒီကိစ္စကို သတိမထားဘဲ နေလို့ မဖြစ်ဘူး။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ဒါက တာယင်အင်ပါယာရဲ့ အကြံအစည် ဖြစ်နိုင်သလို ကျိန့်ဟိုင် မြို့စားအိမ်တော် စီးမိသားစုရဲ့ အကြံအစည်လည်း ဖြစ်နိုင်တယ်။ ဒါဆို ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ထင်လဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မင်းသား ကျိုးလီက အစစ်အမှန် ဝေမြို့စားကြီး တွမ်ပိလို့ ပြောတဲ့ လူကို ဖမ်းမိထားတယ်လို့ မကြားဘူးလား။ သူ့ကို ချက်ချင်း သတ်ပစ်ပြီး ခေါင်းကို မြို့တော်ဆီ ပို့လိုက်ရင် ဘာပြဿနာမှ မရှိတော့ဘူးလေ။”
ဧကရာဇ်၏ မျက်လုံးများ တုန်ယင်သွားသည်။ ဤသည်မှာ သူ လိုချင်သော ရလဒ်ဖြစ်ပြီး ဤ အံ့ဩ တုန်လှုပ်ဖွယ်ရာ အရှက်တကွဲကိစ္စကြီးကို တိုက်ရိုက် ဖိနှိပ်ထားရန်သာ ဖြစ်၏။
ယခုအခါ အောက်ယွီက တိုက်ရိုက် ပြောဆိုလာပြီ ဖြစ်၏။ ထိုသို့ဆိုလျှင် နောက်ဆက်တွဲ အနေဖြင့် အရေးအကြီးဆုံး အချိန်သို့ ရောက်ရှိလာပြီဖြစ်ပြီး အစစ်အမှန် အပေးအယူ လုပ်မည့် အချိန်လည်း ဖြစ်သည်။
အောက်ယွီသည် မည်သို့သော တောင်းဆိုချက်များကို တင်ပြလာမည်နည်း။
ဤအမှုကိစ္စနှင့် ပတ်သက်၍ ဧကရာဇ်မင်းမြတ်သည် အတန်ငယ် အလျှော့ပေးရန် စိတ်ကူးရှိသကဲ့သို့ အောက်ယွီ၏ အကျပ်ကိုင်မှုကိုလည်း လက်ခံရန် ဆန္ဒရှိလို့နေသည်။
သို့သော်ငြား ဧကရာဇ်၌လည်း သူလက်ခံနိုင်သော အတိုင်းအတာတစ်ခု ရှိနေပြန်ရာ တောင်းဆိုချက် သုံးခုအနက် တစ်ခုကိုသာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်၏။
ပထမအချက် - အောက်ယွီအတွက် လက်စားချေပေးသည့်အနေဖြင့် အောက်ထင်၊ အောက်တုန်းနှင့် အောက်မင် တို့၏ မိသားစုဝင်အားလုံးကို ဖမ်းဆီးကွပ်မျက်ရန်၊ ဒုတိယအချက် - လုပ်ကြံမှုများတွင် အဓိက ပါဝင် ပတ်သက်နေသော မိဖုရားကြီး၏ ဆွေမျိုးသားချင်းအားလုံးကို ဖမ်းဆီးအရေးယူရန်၊ တတိယအချက် - တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်ကို ရာထူးမှ ဖယ်ရှားကာ သူ၏ ချင်ဝမ်ဘွဲ့ထူးကိုပါ ရုပ်သိမ်းရန် စသည့် အချက်များပင် ဖြစ်သည်။
ဤတောင်းဆိုချက် သုံးခုအနက် တစ်ခုခုကို ဝေမြို့စားကြီး တွမ်ပိ၏ ခေါင်းနှင့် လဲလှယ်၍ ဤတုန်လှုပ်ဖွယ်ရာ အရှက်တကွဲကိစ္စကြီးကို ဖုံးဖိထားရန် ဧကရာဇ်က ရည်ရွယ်ထားခြင်း ဖြစ်၏။
သို့သော်ငြား အောက်ယွီအနေဖြင့် ဤထက်ပို၍ လောဘဇောတိုက်ကာ အခွင့်အရေးယူရန် ကြိုးပမ်းလာမည် ဆိုပါက ဧကရာဇ် ဝမ်ယွင်သည် အသက်ပေး၍ တိုက်ခိုက်မည့် လမ်းစဉ်ကိုသာ ရွေးချယ်ပေလိမ့်မည်။
ထို့ကြောင့် အောက်ယွီသည် မည်သို့သော တောင်းဆိုချက်မျိုးကို ရွေးချယ်တင်ပြလာမည်နည်း ဟူသည်မှာ ဧကရာဇ်အတွက် များစွာ စိတ်ဝင်စားဖွယ် ဖြစ်နေတော့သည်။
ယွင်ကျုံးဟဲ့သည် ရိုသေစွာဖြင့် ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ကျောင်းသားဟာ ကျွမ့်ယွမ် တစ်ယောက်သာဖြစ်ပြီး တရားဝင် အမတ် ရာထူး မရသေးပေမယ့် နိုင်ငံတော် အရေးကိစ္စတွေမှာ သာမန် ပြည်သူ တစ်ယောက်အနေနဲ့တောင် တာဝန်ရှိပါတယ်။ အရှင်မင်းမြတ်ကို မေးပါရစေ။ ကျောင်းသား အနေနဲ့ စာချွန်လွှာ တင်ခွင့် ရှိပါသလား။”
ဧကရာဇ် ဝမ်ယွင်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်၏။ “သေချာပေါက် ရှိတာပေါ့။ လောက တစ်ခုလုံးက ဘုရင့်မြေတွေချည်းပဲ။ လောကက လူတွေ အားလုံးက ဘုရင့်ကျွန် တွေချည်းပဲ။ ခင်ဗျားက ချန်လန် ပြည်နယ်ရဲ့ကျွမ့်ယွမ် အသစ်ဖြစ်ပြီး မကြာခင်မှာ နွေဦး စာမေးပွဲကြီး လာတော့မှာဆိုတော့ မကြာခင်မှာ အင်ပါယာရဲ့ အမတ် တစ်ယောက် ဖြစ်လာတော့မှာပဲ။ သေချာပေါက် စာချွန်လွှာ တင်ခွင့် ရှိတာပေါ့။”
ထို့နောက် ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အမိန့်တော် ရေးလိုက်... အောက်ယွီကို စာချွန်လွှာ တင်ခွင့် အထူး အခွင့်အရေး ပေးသနားလိုက်တယ်။ ဒီနေ့ကစပြီး ဘယ်အချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အောက်ယွီဟာ ကိုယ်တော့်ဆီ တိုက်ရိုက် စာချွန်လွှာ တင်ခွင့် ရှိတယ်။ သီးသန့် တင်ခွင့် ရှိတယ်။”
“အမိန့်တော်အတိုင်းပါ။”
ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ပြောလိုက်၏။ “ကျောင်းသားက ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို အထူး ကျေးဇူးတင်ပါတယ်။”
ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “ကဲ... ခင်ဗျားမှာ ဘာစာချွန်လွှာ တင်စရာရှိလဲ။ တင်လိုက်ပါ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... ကျောင်းသားက အရင်က စာချွန်လွှာ တင်ခွင့် မရှိခဲ့လို့ စာချွန်လွှာကို ကြိုတင် မပြင်ဆင်ရသေးပါဘူး။ မနက်ဖြန် ညီလာခံမှာမှ ဒီ စာချွန်လွှာကို တင်ပြခွင့် ပြုပါလား။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ဧကရာဇ် ဝမ်ယွင်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
‘အောက်ယွီ... ဒါက ဘယ်လိုသဘောလဲ။ ခင်ဗျားက ညီလာခံကို တက်ရောက်ပြီး အမတ်တွေရှေ့မှာ စာချွန်လွှာ တင်သွင်းချင်တာလား။ ခင်ဗျား တကယ်ပဲ ဘာကို ကြံစည်နေတာလဲ။’
မှန်ပေသည်။ ယွင်ကျုံးဟဲ့သည် မည်သည့်အရာကို ပြုလုပ်လိုသနည်း။ ဤမျှအထိ ရူးသွပ်လျက် အကြီးအကျယ် ဖန်တီးလိုနေသည်လား။ ညီလာခံရှိ အမတ်ပေါင်းစုံရှေ့တွင် ဧကရာဇ်ကို အရှက်ခွဲရန်အထိပင် သတ္တိရှိနေသည်လား။
ဧကရာဇ်က သူ့အား တောင်းဆိုချက် သုံးခုအနက် တစ်ခုကိုသာ ခွင့်ပြုထားခြင်း ဖြစ်သည်။ အခြားသော တောင်းဆိုမှုများသည် အရာထင်မည် မဟုတ်သည့်အပြင် ဧကရာဇ်ကို အကျပ်ကိုင် တိုက်ခိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
အောက်ယွီ၊ ကျိုးလီနှင့် ဧကရာဇ်ဟောင်းတို့သည် ဧကရာဇ်နှင့် အသေအလဲ ထိပ်တိုက်တွေ့ရန် အမှန်တကယ်ပင် ဆုံးဖြတ်ထားကြလေသည်လား။
‘အောက်ယွီ... ခင်ဗျား ဘာကို တောင်းဆိုချင်နေတာလဲ။ ဒီစာချွန်လွှာထဲမှာ ဘယ်လိုအကြောင်းအရာတွေကို ရေးသားထားတာလဲ။’
ဧကရာဇ်မင်းမြတ်၏ မျက်လုံးများ အေးစက်သွားပြီး စိတ်ထဲတွင် ရုတ်တရက် ရက်စက်သော ခံစားချက်များ ဖြစ်ပေါ်လာတော့၏။
‘အောက်ယွီ... ခင်ဗျားမှာ သတ္တိရှိတယ်။ ကောင်းကင်ဘုံလောက် ကြီးမားတဲ့ သတ္တိ ရှိတယ်ပေါ့။ ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ။ ခင်ဗျားက ဘာတောင်းဆိုချက်တွေ တောင်းဆိုမလဲ ဆိုတာကို ကိုယ်တော်ကလည်း သိချင်ပါတယ်။ ခင်ဗျားက ဘာစာချွန်လွှာမျိုး တင်ချင်နေတာလဲ။ ပြီးတော့ အမတ်တွေ အားလုံးရဲ့ ရှေ့မှာတောင် တင်ချင်နေသေးတယ်။’
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ကောင်းပြီလေ။ အဲဒါဆိုရင်လည်း ခင်ဗျား ပြန်ပြီး ပြင်ဆင်လိုက်ပါ။ မနက်ဖြန် ညီလာခံကို ခင်ဗျားလည်း လာခဲ့ပါ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အမိန့်တော်အတိုင်းပါ။ ကျုပ် ပြန်ခွင့်ပြုပါအုံး။”
ဧကရာဇ်မင်းမြတ်သည် မနက်ဖြန်တွင် အောက်ယွီကို ညီလာခံ တက်ရောက်ပြီး စာချွန်လွှာ တင်ခွင့်ပြုလိုက်သည် ဆိုသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ညီလာခံရှိ အမတ်များ အားလုံး၏ နှလုံးသားများ ရုတ်တရက် တုန်လှုပ်သွားကြတော့၏။ ‘အောက်ယွီ ဒါ ဘာလုပ်ချင်နေတာလဲ။ ဧကရာဇ်က ခင်ဗျားကို သီးသန့် ခေါ်တွေ့တာကို ခင်ဗျားက သဘောမတူဘဲ ညီလာခံမှာ အခြေအနေကို ကြီးမားအောင် လုပ်ချင်နေတာလား။ ခင်ဗျား ရူးနေပြီလား။’
နောက်တစ်နေ့ နံနက်ခင်းတွင် ရာသီဥတုမှာ တိမ်ထူထပ်နေပြီး မိုးရွာတော့မည့် အခြေအနေ ဖြစ်နေကာ လေထုမှာလည်း လေးလံနေသည်။
ညီလာခံရှိ အမတ်များ အားလုံးသည် အသက်ရှူကြပ်လုနီးပါး ဖြစ်နေပြီး နန်းတော် အတွင်းသို့ ဝင်ရောက်လာ ကြ၏။
ယခင်က ညီလာခံ မစတင်မီ အမတ်များ အချင်းချင်း စကားပြောဆိုလေ့ ရှိကြသော်လည်း ယခုအခါတွင်မူ လုံးဝ အသံမထွက်ရဲကြဘဲ လမ်းလျှောက်ရာတွင်ပင် ပုရွက်ဆိတ် တစ်ကောင်ကို နင်းမိမည် စိုးရိမ်သကဲ့သို့ အလွန် သတိထားနေကြရသည်။
“အောက်ယွီ လာပြီ... အောက်ယွီ လာပြီ။”
ညီလာခံရှိ အမတ်များ အားလုံးသည် အောက်ယွီ ထံသို့ ချက်ချင်းကြည့်လိုက်ကြရာ သူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် စာချွန်လွှာ တစ်ခုကို ကိုင်ဆောင်ကာ နန်းတော်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
အောက်ယွီ၏ ဤပုံစံကို မြင်တွေ့လိုက်ရချိန်မှာတော့ လူတိုင်း၏ နှလုံးသားများ ရုတ်တရက် တုန်လှုပ်သွားပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထောင်မတ်သွားတော့သည်။
‘အဖြူရောင် ဝတ်စုံ ဝတ်ထားတယ် ဟုတ်လား။ ဒါ... ဒါ ဘာအဓိပ္ပာယ်လဲ။ သူ့လက်ထဲက စာချွန်လွှာထဲမှာ ဘာတွေ ရေးထားတာလဲ။ ပြဿနာ တက်တော့မယ်... ပြဿနာကြီးတော့မှာ သေချာတယ်။’
………………