အခန်း ၄၃၆
Vol. 37 Ch. 436
အပိုင်း (၄၃၆)
“စာချွန်လွှာ တင်ပြပါ။” မိန်းမစိုးကြီး ဟောက်ချင့်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
ထို့နောက် လူတိုင်း၏ အကြည့်များက အောက်ယွီထံသို့ ရောက်ရှိသွားကြသော်လည်း ဧကရာဇ်ကမူ သူ၏ လက်စွပ်ကိုသာ စိတ်ဝင်တစားကြည့်ရှုနေပြီး အပေါ်တွင် စိတ်ဝင်စားစရာ ပုံစံများ ရှိနေသကဲ့သို့ ပြုမူနေသည်။
ယနေ့ လူတိုင်းက အောက်ယွီ၏ ဤစာချွန်လွှာကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ ယနေ့ ညီလာခံ တစ်ခုလုံးတွင်လည်း အောက်ယွီ၏ စာချွန်လွှာ တစ်ခုတည်းသာ ရှိ၏။
အောက်ယွီ ရှေ့သို့ တစ်လှမ်း တက်လာပြီး ဦးညွတ်၍ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ကျောင်းသားမှာ စာချွန်လွှာ တင်ပြစရာ ရှိပါတယ်။”
‘လာပြီ... လာပြီ။’
လူတိုင်း ချက်ချင်း အသက်ရှူအောင့်ထားလိုက်ကြ၏။
“ဂျိန်း.. ဒလိန်း... ဒိန်း...”
အပြင်ဘက်တွင် နွေဦးရာသီ၏ မိုးကြိုးသံများ ထွက်ပေါ်လာပြီး အသံမကျယ်လောင်သော်လည်း အလွန် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ဧကရာဇ်က ဖြည်းညင်းစွာ အမိန့်ပေးလိုက်၏။ “ပြော။”
ယွင်ကျုံးဟဲ့က ဦးညွတ်၍ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... တတိယလ ဆယ့်ငါးရက်နေ့ကစပြီး လန်ကျိုးမှာ ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မြစ်ရေတွေကြီးလာပြီး တတိယလ နှစ်ဆယ်ရက်နေ့မှာ ချန်းလန်မြစ်ရဲ့ တာတမံ မိုင်ဆယ်ချီ ကျိုးပေါက်သွားခဲ့ပါတယ်။ ရေလွှမ်းမိုးမှု ကြီးမားပြီး မိုင်ထောင်ချီ ရေအောက် ရောက်သွားကာ ဒုက္ခသည် သန်းချီ အိမ်ရာမဲ့ ဖြစ်သွားရတာဟာ ကောင်းကင်ဘုံက သတိပေးတာပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း၏ ကြက်သီးမွေးညင်းများ ထောင်မတ်သွားရုံသာမက ပူလောင်သော ခံစားချက်မျိုးကိုပါ ခံစားလိုက်ရ၏။
ဧကရာဇ်၏ အကြည့်များမှာလည်း ရက်စက်ကြမ်းကြုတ်လာတော့သည်။ ‘အောက်ယွီ... ခင်ဗျားက တကယ်ပဲ ဒီလောက် ရူးသွပ်နေတာလား။ တကယ်ပဲ ကိုယ်တော့်ကို အပြစ်ဝန်ခံအောင် ဖိအားပေးချင်နေတာလား။ ခင်ဗျားက တကယ်ကို သေလမ်းရှာနေတာပဲ။’
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များမှာမူ ဒူးထောက်ပြီး အပြစ်ဝန်ခံရန် ပြင်ဆင်နေကြပြီ ဖြစ်ကာ ဧကရာဇ်၏ မိုးကြိုးကဲ့သို့သော ဒေါသကို ခံယူရန် အသင့်ဖြစ်နေကြ၏။
‘အောက်ယွီ သေပြီ... အောက်ယွီ သေချာပေါက် သေပြီ။ ဧကရာဇ်ဟောင်း... ခင်ဗျားက အရူး တစ်ယောက်ကို ရွေးချယ်မိသွားတာပဲ။’
ဧကရာဇ်က ပြောလိုက်သည်။ “အောက်ယွီ... ဆက်ပြော။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒါဟာ သဘာဝဘေးအန္တရာယ် ဖြစ်ပေမယ့် လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်လည်း ဖြစ်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကျင့်ဝတ်တွေကို ဖောက်ဖျက်မိလို့ ကောင်းကင်ဘုံက သတိပေးတဲ့ အနေနဲ့ ဒီလို ဘေးအန္တရာယ်မျိုး ကျရောက်လာရတာပါ။”
ဧကရာဇ်၏ နှုတ်ခမ်း တွန့်သွားတော့၏။ ‘နောက်ဆက်တွဲ အနေနဲ့ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမကို အသုံးပြုပြီး ကိုယ်တော့်ကို အပြစ်ဝန်ခံအောင် ဖိအားပေးတော့မှာ မဟုတ်လား။ လာခဲ့... လာခဲ့စမ်း။ အောက်ယွီ... ခင်ဗျားရဲ့ လည်ပင်းက ကိုယ်တော့်ရဲ့ ဓားထက် မြန်မမြန် စမ်းကြည့်လိုက်ရအောင်။’
စိတ်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသော်လည်း ဧကရာဇ်၏ မျက်နှာထားမှာ ပို၍ပင် တည်ငြိမ်လာပြီး အပြုံးများပင် ပါဝင်လာကာ မေးလိုက်သည်။ “အင်း... ဒါဆို ခင်ဗျားရဲ့ စာချွန်လွှာကရော။”
အောက်ယွီက ပြောလိုက်၏။ “မနေ့ညက ဧကရာဇ်ဟောင်းက ကျုပ်ကို အိပ်မက် လာပေးပါတယ်။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း နားစွင့်လိုက်ကြသည်။
‘အောက်ယွီက တကယ်ပဲ ဒီလောက် ရူးသွပ်ပြီး ကလေးဆန်နေတာလား။ ခင်ဗျားက တကယ်ပဲ ဧကရာဇ်ဟောင်းရဲ့ ဩဇာတိက္ကမကို အသုံးပြုပြီး ဧကရာဇ်ကို ဖိအားပေးချင်နေတာလား။ ခင်ဗျားက သေလမ်းရှာနေတာပဲ။ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ ပုံရိပ်ကို ဖျက်ဆီးချင်နေတာပဲ။ အောက်ယွီ... ခင်ဗျားက တကယ်ကို သေလမ်းရှာနေတာပဲ။ ခင်ဗျားရဲ့ ပုံမှန် ဉာဏ်ကောင်းမှုတွေ ဘယ်ရောက်သွားပြီလဲ။’
အောက်ယွီ (ယွင်ကျုံးဟဲ့) သည် အင်္ကျီလက်ထဲမှ စာချွန်လွှာကို ထုတ်ယူကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဒါက ဝူဝေ့ ဧကရာဇ်ဟောင်း ကျုပ်ကို အိပ်မက်ပေးခဲ့တဲ့ အကြောင်းအရာတွေပါ။”
လူတိုင်းက အောက်ယွီကို လူရွှင်တော် တစ်ယောက်ကဲ့သို့ ကြည့်နေကြသည်။
ယခုအချိန်တွင် အောက်ယွီ၏ ဤအိပ်မက်ပေးခြင်းမှာ အလွန် အောက်တန်းကျလေသည်။ ယန်ရှို့ချင့်၏ ကောင်းကင်ဘုံက ခမည်းတော် ဝင်ပူးခြင်းနှင့် မတူဘဲ၊ ရှောင်းချောင်ကွေ့၏ ကောင်းကင်ဘုံက အစ်ကို ယေရှု ဝင်ပူးကာ ဟုန်ရှို့ချွမ်ထံမှ ငွေကြေးနှင့် အာဏာများ တောင်းဆိုသည့် အသုံးမကျသော နည်းလမ်းနှင့် ပိုတူနေ၏။
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဝူဝေ့ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်။”
‘လာပြီ... လာပြီ... အသုံးမကျတဲ့ နည်းလမ်း လာပြီ။’
လူတိုင်း အေးစက်စက်ဖြင့် တုံ့ပြန်လိုက်ကြသည်။
‘တကယ်ကို ရယ်စရာကောင်းတာပဲ။ အောက်ယွီ... ခင်ဗျားရဲ့ ပါးစပ်ကနေ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်လို့ ပြောလိုက်တာနဲ့ လူတိုင်းက လက်ခံရမှာလား။ ခင်ဗျားကိုယ်ခင်ဗျား အရမ်း အထင်ကြီးနေတာပဲ။ ပြီးတော့ လူတိုင်းကိုလည်း အရမ်း အထင်သေးနေတာပဲ။ ခင်ဗျား ပါးစပ်ကနေ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော် ဆိုပြီး ဘယ်သူ့ကို သတ်ရမယ်လို့ ပြောရင် လူတိုင်းက လိုက်နာရမှာလား။ ခင်ဗျားက တကယ်ကို သေလမ်းရှာနေတာပဲ။’
“ကောင်းကင်ဘုံဟာ သတ္တဝါတွေကို သနားညှာတာတဲ့ စိတ်ရှိတယ်။ အပြစ်ပေးရတာ အကြောင်းရင်း ရှိလို့ပဲ။ အချိန်အကြာကြီး ဆုတောင်းခဲ့ပေမယ့် အကြောင်းမပြန်တာ ကျုပ်ရဲ့ သစ္စာရှိမှုက ကောင်းကင်ဘုံကို မရောက်လို့ပဲ။”
ယွင်ကျုံးဟဲ့သည် အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေပြီး ဧကရာဇ်ဟောင်း၏ အမိန့်တော်ကို စတင် ရွတ်ဆိုနေပြီ ဖြစ်ရာ အစပိုင်းတွင် မည်သူမှ ဂရုမစိုက်ကြချေ။
သို့ပေမည့် ယွင်ကျုံးဟဲ့ ဤသို့ ရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် လူတိုင်း ကြက်သီးမွေးညင်းများ ထသွားပြီး ဇက်ကြောများ တင်းလာကာ အခြေအနေများ ပြောင်းလဲလာပြီဟု ခံစားလိုက်ရတော့၏။
ယွင်ကျုံးဟဲ့သည် ဆက်လက် ရွတ်ဆိုနေပြီး ဧကရာဇ်ဟောင်း၏ အမိန့်တော်မှာ စာလုံးရေ ထောင်ချီ ရှိသောကြောင့် ဤနေရာတွင် အသေးစိတ် မဖော်ပြတော့ချေ။
“လန်ကျိုး ရေလွှမ်းမိုးမှု၊ ပြည်သူ သန်းချီ အိမ်ရာမဲ့ ဖြစ်ရတာဟာ ကောင်းကင်ဘုံက သတိပေးတာပဲ။ ဝူဝေ့မှာ အပြစ်ရှိတယ်၊ လောကက လူတွေကို အပြစ်မတင်ပါနဲ့။ လောကက လူတွေမှာ အပြစ်ရှိတယ်၊ အပြစ်က ဝူဝေ့ အပေါ်မှာပါ။
ဝူဝေ့ ဧကရာဇ်ဟောင်းဟာ ကောင်းကင်နဲ့ မြေကြီးကို ဦးညွတ်ပြီး ပြည်သူတွေကို ဒူးထောက်ကာ ကောင်းကင်နဲ့ မြေကြီးဆီ အပြစ်ဝန်ခံပြီး ပြည်သူတွေဆီ အပြစ်ဝန်ခံပါတယ်။”
အောက်ယွီ၏ စာချွန်လွှာ ဖတ်ရှုမှု ပြီးဆုံးသွားတော့၏။
တစ်ခဏအတွင်းမှာပင် တစ်ကွင်းလုံး သေမတတ် တိတ်ဆိတ်သွားပြီး လူတိုင်း အသက်ရှုရပ်သွား သကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့သလို အသံတစ်ချက်မျှပင် မထွက်ရဲကြတော့ချေ။
လူတိုင်း၏ စိတ်ထဲတွင် တီးတိုးရေရွတ် လိုက်တော့၏။ ‘သောက်ကျိုးနည်း... ဒါက ဧကရာဇ်ဟောင်းရဲ့ ကိုယ်တိုင် အပြစ်ဝန်ခံတဲ့ အမိန့်တော်ပဲ။ အောက်ယွီရဲ့ နိုင်ငံရေး နည်းဗျူဟာတွေက ဒီလောက်တောင် အစွမ်းထက်ပြီး ဒီလောက်တောင် အံ့ဩစရာ ကောင်းတာလား။ ဒါ အရမ်းကြောက်စရာကောင်းတာပဲ။’
‘အောက်ယွီရဲ့ ဒီတစ်ကြိမ် ဧကရာဇ်ဟောင်း အိပ်မက်ပေးတဲ့ကိစ္စမှာ ဧကရာဇ်ကို ဖိအားပေးတဲ့ စကားတစ်ခွန်းမှ မပါသလို ဧကရာဇ်ကို အပြစ်တင်တဲ့ စကားတစ်ခွန်းမှ မပါဘူး။ အဲဒီအစား ဒီရေလွှမ်းမိုးမှုရဲ့ အပြစ်တွေ အားလုံးကို ဧကရာဇ်ဟောင်းကိုယ်တိုင် ယူလိုက်တာပဲ။ ဒါ... ဒါက ဧကရာဇ်ဟောင်းက လောကက ပြည်သူတွေဆီ အပြစ်ဝန်ခံတဲ့ အမိန့်တော်ပဲ။’
ဤနည်းလမ်းမှာ အလွန်ပင် ပြတ်သားလှသည်။ ဧကရာဇ်ဟောင်း၏ သနားညှာတာတတ်သော နတ်ဘုရားပုံရိပ်ကို အနည်းငယ်မျှ ထိခိုက်ခြင်း မရှိစေရုံမျှမက ဧကရာဇ်ဟောင်း၏ ဂုဏ်သိက္ခာကို နောက်ထပ် ရွှေရောင်အလွှာတစ်ခု ထပ်မံ ဖုံးအုပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤတစ်ကြိမ်တွင်လည်း ဧကရာဇ်ဟောင်းသည် နိုင်ငံရေး၌ ပါဝင်ပတ်သက်မည့် အရိပ်အယောင် လုံးဝမပြဘဲ အပြစ်ဟူသမျှကို မိမိကိုယ်တိုင် ခံယူကာ ကောင်းကင်ဘုံထံ အပြစ်ဝန်ခံလိုက်ခြင်းသာ ဖြစ်၏။
ဤလုပ်ရပ်သည် အဘယ်မျှ မြင့်မြတ်၍ သနားညှာတာလွန်းလှသနည်း။ လောကီရေးရာများနှင့် ကင်းကွာနေသော ဧကရာဇ်ဟောင်းသည် ကောင်းကင်ဘုံထံ အသနားခံနေခြင်း ဖြစ်သည်။
အကယ်၍ ကောင်းကင်ဘုံမှ အပြစ်ပေးမှု ရှိခဲ့လျှင် သူ့အပေါ်ကိုသာ ကျရောက်ပါစေရန်နှင့် တိုင်းသူပြည်သားများနှင့် ဧကရာဇ်မင်းမြတ်ကို မထိခိုက်ပါစေရန် ဆုတောင်းနေခြင်းပင်။
သို့သော်ငြား လောကသားတို့၏ အမြင်တွင်မူ ဧကရာဇ်ဟောင်းသည် အနားယူသွားပြီဖြစ်ရာ မည်သည့် နိုင်ငံရေးကိစ္စကိုမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိတော့သည်မှာ အထင်အရှားပင် ဖြစ်သည်။
သို့ဖြစ်ရာ လောက၌ ဖြစ်ပျက်နေသော အမှားနှင့် အပြစ်ဟူသမျှကို ဧကရာဇ်ဟောင်းအပေါ် ပုံချ၍ မရနိုင်ပေ။
တစ်စုံတစ်ယောက်၏ မတော်မတရား အုပ်ချုပ်မှုကြောင့် ကောင်းကင်ဘုံ အမျက်ထွက်ကာ ဘေးအန္တရာယ်များ ကျရောက်လာခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်မူ ဧကရာဇ်ဟောင်းကပင် ဧကရာဇ်ကိုယ်စား ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ခံယူပေးနေရခြင်းလား။
ထို့အပြင် ဤကိစ္စ၌ ပို၍နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ပါဝင်နေသေးသည်။ ယခင်တစ်ခေါက်က ဧကရာဇ်ဟောင်းသည် အဆုံးအစမရှိသော စွမ်းအားများဖြင့် ငလျင်နှင့် ဆူနာမီဘေးကို ကြိုတင်သတိပေးကာ ပြည်သူသန်းချီကို ကယ်တင်နိုင်ခဲ့သော်လည်း ယခုတစ်ခါတွင်မူ အဘယ်ကြောင့် မကယ်တင်နိုင်တော့သနည်း။
အဖြေမှာ အင်ပါယာအတွင်း ကိုယ်ကျင့်တရား ပျက်ပြားသူ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ အင်ပါယာ၌ သနား ညှာတာသော အုပ်ချုပ်မှု မရှိဘဲ ကောင်းကင်နှင့် မြေကြီး၏ ကျင့်ဝတ်များကို ဖောက်ဖျက်နေသောကြောင့် ဧကရာဇ်ဟောင်းတွင် မည်မျှပင် စွမ်းအားရှိစေကာမူ မကယ်တင်နိုင်တော့ခြင်း ဖြစ်သည်။
ဧကရာဇ်ဟောင်းမှာ ပြည်သူတို့ကို ကယ်တင်လိုသော်လည်း တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကို အဆက်မပြတ် အမျက်ထွက်အောင် ပြုလုပ်နေသည်ကိုမူ မတားဆီးနိုင်ပေ။ ထိုသို့ဆိုလျှင် ကောင်းကင်ဘုံကို အမှန်တကယ် အမျက်ထွက်အောင် လုပ်ဆောင်နေသူမှာ မည်သူနည်း။
ဤအချက်၌ ဖုံးကွယ်နေသော အနက်အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် သိနိုင်၏။ ထိုသို့ဖြစ်ရာ အောက်ယွီ၏ ဤနည်းလမ်းမှာ အလွန်ပင် ရည်ရွယ်ချက် ဆိုးရွားလှသည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်မင်းများမှာ ကြောက်ရွံ့တုန်လှုပ်နေကြရသည်။ လူတိုင်း၏ ခန့်မှန်းချက်မှာ မှန်ကန်သယောင် ရှိသော်လည်း လုံးဝ လွဲချော်သွားခဲ့၏။
အောက်ယွီသည် ဧကရာဇ်အား အပြစ်ဝန်ခံရန် ဖိအားပေးလိုကြောင်း အားလုံးက သိမြင်ထားကြသော်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုလိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြပေ။
အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှသကဲ့သို့ အံ့ဩဖွယ်ရာလည်း ဖြစ်သည်။ ဧကရာဇ်ဟောင်းကပင် အပြစ်ဝန်ခံနေပြီဆိုလျှင် လက်ရှိဧကရာဇ်အနေဖြင့် မည်သို့အေးဆေးစွာ ထိုင်နေနိုင်ပါဦးမည်နည်း။
ဧကရာဇ်ဟောင်းက ဧကရာဇ်ကို အပြစ်တင်စကား တစ်ခွန်းမှ မဆိုခဲ့သော်လည်း သူ့၌ အပြစ်မရှိဟု ဆိုနိုင် ပါ့မည်လား။ အနားယူသွားသော ပုဂ္ဂိုလ်တစ်ဦးကို သူ့ကိုယ်စား ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံယူခိုင်းနိုင် ပါ့မည်လား။
အရေးအကြီးဆုံးမှာ အောက်ယွီသည် ပထမဆုံးအကြိမ်အဖြစ် ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို အသုံးချကာ ဧကရာဇ်ဟောင်း၏ အမိန့်တော်ကို ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ မည်သူကမှ အသိအမှတ် မပြုဘဲ မနေဝံ့ပေ။
အောက်ယွီကို မည်သူက ဤမျှ ကြောက်စရာကောင်းသော နည်းပရိယာယ်များကို သင်ကြားပေးခဲ့သနည်း။ ကြားရသူတိုင်းမှာပင် ထိတ်လန့်တုန်လှုပ် နေကြတော့၏။
ဧကရာဇ် ဝမ်ယွင်သည် ဤစကားများကို ကြားလိုက်ရပြီးနောက် မျက်စိရှေ့တွင် အမှောင်ကျသွားပြီး ခြေလက်များ အေးစက်သွားသလို ခံစားလိုက်ရသည်။
အမှန်တကယ် လုံးဝမျှော်လင့်မထားခဲ့သော အခြေအနေပင် ဖြစ်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် ဧကရာဇ်တစ်ပါး ဖြစ်ပါလျက်နှင့် အောက်ယွီ၏ ပြင်းထန်သော ဖိအားပေးမှုကို ဤမျှအထိ ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို ခံရသူဟု အမည်ရထားသော အောက်ယွီသည် နိုင်ငံရေး နည်းဗျူဟာ အဖြာဖြာတို့ကို အမှန်တကယ်ပင် အံ့မခန်း လိမ္မာပါးနပ်စွာ အသုံးချနိုင်စွမ်း ရှိလို့နေသည်။
ယခုအချိန်တွင် ဧကရာဇ် ဝမ်ယွင်သည် အောက်ယွီကို ဆွဲထုတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်ကာ သတ်ဖြတ်ပစ်ရန် ချက်ချင်း အမိန့်ပေးချင်စိတ်များ ပေါက်လာ၏။
သို့ပေမည့် သူ မလုပ်နိုင်ချေ။ သမိုင်းတစ်လျှောက် အပြစ်တင်ခံရမည့် ရက်စက်ကြမ်းကြုတ်သော ဧကရာဇ် တစ်ပါး မဖြစ်လာနိုင်သလို သစ္စာမရှိ၊ မိဘကျေးဇူး မသိတတ်သော ဧကရာဇ် တစ်ပါးလည်း မဖြစ်လာနိုင်ချေ။
အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်သည် ဘုရင်ထိုင်ခုံပေါ်မှ မတ်တတ်ရပ်ကာ လှေကားထစ်များပေါ်မှ ဆင်းလာပြီး နန်းတော်တံခါး အပြင်ဘက်သို့ လှည့်ကာ ဒူးထောက်၍ ဦးညွတ်လျက် အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်တော့၏။
“ဧကရာဇ်ဟောင်း... သားတော်မှာ အပြစ်ရှိပါတယ်။ သားတော် မိဘကျေးဇူး မသိတတ်ပါဘူး။ သားတော် အစွမ်းအစ မရှိပါဘူး။ ကောင်းကင်ဘုံ... ဒီအရာတွေ အားလုံးက ကိုယ်တော့်ရဲ့ အမှားတွေပါ။ ကိုယ်တော့်ရဲ့ အပြစ်တွေပါ။ ဧကရာဇ်ဟောင်းနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ လောကက ပြည်သူတွေနဲ့လည်း လုံးဝ မသက်ဆိုင်ပါဘူး။
ကိုယ်တော့်မှာ အပြစ်ရှိတယ်၊ လောကက လူတွေကို အပြစ်မတင်ပါနဲ့။ လောကက လူတွေမှာ အပြစ်မရှိပါဘူး။ အပြစ်က ကိုယ်တော့် အပေါ်မှာပါ။ ဧကရာဇ်ဟောင်း... ဧကရာဇ်ဟောင်း... သားတော် မိဘကျေးဇူး မသိတတ်ပါဘူး။ သားတော် မိဘကျေးဇူး မသိတတ်ပါဘူး။”
ဧကရာဇ်၏ ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး နန်းတော်တံခါး အပြင်ဘက်သို့ လှည့်ကာ ဒူးထောက်၍ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်ကြတော့သည်။
“ဧကရာဇ်ဟောင်း...ကျုပ်တို့ မှားသွားပါတယ်။ ကျုပ်တို့ အပြစ်ရှိပါတယ်။ ကောင်းကင်ဘုံ... ဧကရာဇ်ဟောင်း... အရှင်မင်းမြတ်... အမှားတွေ အားလုံးက ကျုပ်တို့ အမတ်တွေရဲ့ အမှားတွေချည်းပါပဲ။”
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး အဆက်မပြတ် ဦးညွတ်နေကြပြီး နဖူးများပင် ပေါက်ပြဲကာ သွေးထွက်လာသည်အထိ ဖြစ်နေကြသည်။ ညီလာခံ တစ်ခုလုံးတွင် ငိုကြွေးသံများ ကောင်းကင်သို့ ထိုးတက်နေတော့၏။
ဤသည်မှာ ယွင်ကျုံးဟဲ့၏ ယနေ့ ပြုလုပ်သော အပြတ်ရှင်းမှုဖြစ်ပြီး တစ်ချက်တည်းဖြင့် ထိမှန်သွားခြင်းလည်း ဖြစ်သည်။
ဧကရာဇ်ကို အပြစ်ဝန်ခံအောင် ဖိအားပေးနိုင်ခဲ့ရုံသာမက ဧကရာဇ်ဟောင်း၏ အမိန့်တော်ကို ထုတ်ပြန်ပိုင်ခွင့် ဩဇာတိက္ကမကိုလည်း လောကက အသိအမှတ်ပြုအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်ကသာလျှင် အကြီးမားဆုံးသော မဟာဗျူဟာမြောက် တန်ဖိုး ဖြစ်၏။
ထို့အပြင် ယနေ့ သူ ဝတ်ဆင်လာသော အဖြူရောင် ဝတ်စုံသည် လူအများအပြားကို သူက လောဘကြီးပြီး အသိဉာဏ်ကင်းမဲ့စွာဖြင့် ဧကရာဇ်ကို အပြစ်ဝန်ခံအောင် အတင်းအကျပ် ဖိအားပေးကာ သေရန် ပြင်ဆင်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
သို့ပေမည့် အောက်ယွီ၏ ဤအဖြူရောင် ဝတ်စုံမှာ ဧကရာဇ်ဟောင်းကိုယ်စား ဝတ်ဆင်ပေးခြင်း ဖြစ်ပြီး သေဆုံးသွားသော ဒုက္ခသည်များအတွက် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်အဖြစ် ဝတ်ဆင်ခြင်း ဖြစ်ကြောင်း မည်သူမှ ထင်မှတ် မထားခဲ့ကြချေ။
...................