အခန်း ၄၃၇
Vol. 37 Ch. 437
အပိုင်း (၄၃၇)
လူတိုင်း ငိုကြွေးပြီးချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ဧကရာဇ်ကို ဦးညွတ်ကာ လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ကျောင်းသားမှာ အပြစ်ရှိပါတယ်။ ကျောင်းသားမှာ အပြစ်ရှိပါတယ်။ ဧကရာဇ်မင်းမြတ်နဲ့ အမတ်တွေ အားလုံးကို ဒီလောက်တောင် ဝမ်းနည်းကြေကွဲစေခဲ့လို့ပါ။ ဒါပေမဲ့ မနေ့ညက ဧကရာဇ်ဟောင်း အိပ်မက်ပေးခဲ့တဲ့အတွက် ကျောင်းသား အနေနဲ့ မဖြစ်မနေ ရွတ်ဆိုခဲ့ရတာပါ။ ကျောင်းသားမှာ အပြစ်ရှိပါတယ်။”
‘ချီးတဲ့မှ... ခင်ဗျားက အကျိုးအမြတ် ရပြီးတော့ ဟန်ဆောင်နေသေးတယ်။ ခင်ဗျားရဲ့ ဒီနိုင်ငံရေး အားပြိုင်မှု စွမ်းရည်တွေကို ဘယ်ကနေ သင်လာတာလဲ။ ခင်ဗျားအသက် ဘယ်လောက်ပဲ ရှိသေးလို့ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ။’
ဧကရာဇ် ဝမ်ယွင် သည် မျက်ရည်များကို သုတ်ကာ ယွင်ကျုံးဟဲ့၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ဧကရာဇ်ဟောင်းဟာ ရှန်ချင်းနန်းဆောင်ထဲမှာ တစ်ယောက်တည်း တရားကျင့်ကြံနေတာတောင် လောက က လူတွေအတွက် စိုးရိမ်ပူပန်ပေးရသေးတယ်။ ကိုယ်တော်လို မိဘကျေးဇူး မသိတတ်တဲ့ သားအတွက်လည်း စိုးရိမ်ပေးရသေးတယ်။
ဒါတွေ အားလုံးက ကိုယ်တော့်ရဲ့ အမှားတွေချည်းပါပဲ။ ပြီးတော့ သူက တံခါးပိတ်ပြီး ဘယ်သူ့ကိုမှ မတွေ့တော့ ကိုယ်တော်လည်း သားတစ်ယောက်အနေနဲ့ သူ့ကို အရမ်း လွမ်းနေတာပါ။ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတယ်ဆိုတော့ ရေစက်ပါတဲ့သူ၊ ကံကောင်းတဲ့သူ တစ်ယောက်ပါပဲ။ ကိုယ်တော်က ခင်ဗျားကို ကျေးဇူးတင်ရုံပဲ ရှိပါတယ်။”
ဧကရာဇ် ဤစကားကို ပြောဆိုချိန်တွင် အမှန်တကယ်ပင် နှလုံးသားထဲမှ စကားများဖြင့် ပြောဆိုနေပြီး ခံစားချက် အပြည့် ပါဝင်နေ၏။
“အောက်ယွီ... ခင်ဗျားနဲ့ ဧကရာဇ်ဟောင်းတို့မှာ ဒီလို ရေစက် ရှိနေပြီဆိုတော့ မကြာခဏ သွားပြီး ဂါရဝပြုသင့်ပါတယ်။ ဒါမှ ကိုယ်တော်ရဲ့ ခမည်းတော်ကို လွမ်းဆွတ်နေတဲ့ စိတ်ကို ဖြေသိမ့်ပေးနိုင်မှာပါ။” ဧကရာဇ်က အောက်ယွီ၏ လက်ကို ပုတ်ကာ ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျောင်းသား... အမိန့်တော်ကို နာခံပါတယ်။”
ထို့နောက် ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အမိန့်တော် ရေးလိုက်... ကိုယ်တော်က ဧကရာဇ်ဟောင်းကို ကိုယ်တော့်အစား အပြစ်ခံယူခိုင်းလို့ မရဘူး။ ကိုယ်တော်ကိုယ်တိုင် အပြစ်ဝန်ခံတဲ့ အမိန့်တော် ထုတ်ပြန်ပြီး လောကကို ကြေညာမယ်။ ကိုယ်တော့်မှာ အပြစ်ရှိတယ်၊ လောက က လူတွေကို အပြစ်မတင်ပါနဲ့။ လောက က လူတွေမှာ အပြစ်မရှိဘူး၊ အပြစ်က ကိုယ်တော့် အပေါ်မှာပါ။”
ဤသို့ဖြင့် ဧကရာဇ် သည် နောက်တစ်ကြိမ် အပြစ်ဝန်ခံသည့် အမိန့်တော်ကို ထုတ်ပြန်လိုက်ပြန်၏။
သို့ပေမည့် ဤအချိန်မှာ ယခင် အပြစ်ဝန်ခံသည့် အမိန့်တော် ထုတ်ပြန်သော အချိန်နှင့် နှိုင်းယှဉ်ပါက ခြောက်လခန့်သာ ကွာဟသေးသည်။
ဧကရာဇ် တစ်ပါးက အပြစ်ဝန်ခံသည့် အမိန့်တော် ထုတ်ပြန်ခြင်းသည် လောကရှိ လူများကို စိတ်လှုပ်ရှားစေနိုင်သော်လည်း ခြောက်လကျော်ကာလအတွင်း အပြစ်ဝန်ခံသည့် အမိန့်တော် နှစ်ခု ထုတ်ပြန်ခြင်းမှာ လူများကို စိတ်လှုပ်ရှားစေခြင်း မဟုတ်တော့ဘဲ ဩဇာတိက္ကမ ကျဆင်းသွားစေခြင်းသာ ဖြစ်လို့နေ၏။
ဧကရာဇ် တစ်ပါး အနေနှင့် နေ့တိုင်း အမှားဝန်ခံနေခြင်းမှာ မည်ကဲ့သို့ သင့်တော်မည်နည်း။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ဧကရာဇ်သည် အပေါ်ယံတွင် မျက်ရည်များ ရစ်ဝဲနေသော်လည်း စိတ်ထဲတွင်မူ သွေးအန်မတတ် ဒေါသထွက်နေပေလိမ့်မည်။
...................
ညီလာခံ ပြီးဆုံးသွားပြီးနောက် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်၊ ဝန်ကြီးချုပ် လင်ကုန်း၊ တူဟွေး၊ အောက်မင်၊ ဖူယန်ထူ တို့သည် လျှို့ဝှက်ခန်း အတွင်း နောက်တစ်ကြိမ် စုဝေးခဲ့ကြသည်။
ဤတစ်ကြိမ်တွင်မူ လူတိုင်း တိတ်ဆိတ်နေကြသည်။ အချိန်အတော်ကြာပြီးမှသာ လူတစ်ယောက်က စတင်၍ စကားပြောလိုက်တော့၏။
“အံ့ဩစရာပဲ... အံ့ဩစရာပဲ... အရမ်းကို အံ့ဩစရာကောင်းတာပဲ။”
ဖူယန်ထူက ပြောလိုက်သည်။ “ဒီတစ်ကြိမ် အောက်ယွီရဲ့ စာချွန်လွှာဟာ ကျုပ် ဖူယန်ထူကို ဖြစ်ဖြစ်၊ အမတ်ချုပ်ကြီးလင်ကို ဖြစ်ဖြစ် ရည်ရွယ်မယ်လို့ ထင်ခဲ့တာ။ ဒါမှမဟုတ် စုချင်ဝမ်၊ ဒါမှမဟုတ် အောက်မိသားစု တစ်စုလုံးကို ရည်ရွယ်မယ်လို့ ထင်ခဲ့တာ။ ကျုပ်တို့ သူ့ကို အထင်သေးလွန်းသွားတယ်။ အရမ်းကို အထင်သေးလွန်းသွားတယ်။ သူက ဧကရာဇ်ကို တိုက်ရိုက် ရည်ရွယ်လိုက်တာပဲ။ ပြီးတော့... သူ နိုင်သွားတယ်။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ဖြည်းညင်းစွာ ပြောလိုက်၏။ “အမှန်တိုင်း ပြောရရင် ကျုပ် အခု တကယ် နောင်တရနေပြီ။ သူက ကျုပ်ကို ရည်ရွယ်လိမ့်မယ်လို့ ကျုပ်လည်း ထင်ခဲ့တာ။ မထင်မှတ်ဘဲ သူက ဧကရာဇ်ကို သွားပြီး ဖိအားပေးတာပဲ။ သူ့ကို ရန်သူအဖြစ် သတ်မှတ်ခဲ့မိတာ ကျုပ် တကယ် နောင်တရနေပြီ။”
ဝန်ကြီးချုပ် လင်ကုန်းက သက်ပြင်းချကာ ပြောလိုက်သည်။ “ဒီနေ့ သူဟာ ပထမဆုံး အကြိမ် ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ထုတ်ပြန်ခဲ့တယ်။ ပြီးတော့ ဧကရာဇ်မင်းမြတ်၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ၊ ပြီးတော့ လောက တစ်ခုလုံးကပါ အသိအမှတ် ပြုသွားပြီ။ ဒါကမှ ကြောက်စရာ အကောင်းဆုံးပဲ။”
အောက်မင်က ပြောလိုက်၏။ “ကျုပ်တို့ သူ့ကို တကယ် အထင်သေးခဲ့တာပဲ။ သူက အခွင့်အရေး ယူပြီး လက်စားချေမယ်၊ သူ့ရဲ့ ရန်သူ တစ်ယောက်၊ နှစ်ယောက်လောက်ကို ရှင်းလင်းမယ်လို့ ကျုပ်တို့ ထင်ခဲ့တာ။ မထင်မှတ်ဘဲ သူက ဧကရာဇ်ရဲ့ ဩဇာတိက္ကမကို လျှော့ချပြီး သူ့ကိုယ်သူ ရွှေရောင်အလွှာ ဖုံးအုပ်ဖို့ လုပ်ခဲ့တာပဲ။
အမှန်အတိုင်း ပြောရရင် ကျုပ်လည်း နောင်တရပါတယ်။ သူ့မှာ ဒီလောက် အရည်အချင်း ရှိမှန်းသာ သိခဲ့ရင် အဲဒီတုန်းက သူ့ကို ဘယ်လိုမှ သွားပြီး ရန်စမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ကျုပ်နဲ့သူ သေသည်အထိ ရန်သူတွေ ဖြစ်သွားပြီ။”
ဖူယန်ထူက မေးလိုက်သည်။ “ဆက်ပြီးတော့ ဘယ်လို လုပ်ကြမလဲ။”
အောက်မင်က ပြန်ဖြေလိုက်၏။ “ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ထုတ်ပြန်တာဟာ ကြီးမားတဲ့ လက်နက်ကြီး တစ်ခုပဲ။ ဒီနေ့ အောက်ယွီ အောင်မြင်သွားပြီ။ ဒါကြောင့် သူ နောက်ဆက်တွဲ အနေနဲ့ အချိန်တော်တော်ကြာ ငြိမ်သက်နေလိမ့်မယ်လို့ ကျုပ် သေချာပေါက် ပြောရဲတယ်။
ဘာလို့လဲဆိုတော့ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော် ဆိုတာ အရမ်း ရှားပါးပြီး အရမ်း အရေးကြီးတဲ့ အချိန်မှပဲ သုံးရမှာလေ။ မကြာခဏ သုံးနေရင် လုံးဝ ဩဇာအာဏာ မရှိတော့ဘူး။”
ဟုတ်ပေသည်။ ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ ဤနည်းပရိယာယ်သည် မဟာဗျူဟာမြောက် လက်နက်ကောင်း တစ်ခုကဲ့သို့ပင် အလွန်အရေးပါလှရာ အဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံးအချိန်နှင့် အချက်အချာကျသော နေရာမျိုး၌သာ ထုတ်ဖော်အသုံးပြုရမှာ ဖြစ်သည်။
အောက်မင်က ဆက်ပြောလိုက်၏။ “ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် နောက်တစ်ကြိမ် အောက်ယွီက ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ထုတ်ပြန်တဲ့ အချိန်ဟာ ထီးနန်း ဆက်ခံမယ့်ကိစ္စနဲ့ သက်ဆိုင်တဲ့ အချိန်ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူက သူ့ရဲ့ကိုယ်ပိုင်ကိစ္စတွေအတွက် ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ဘယ်တော့မှ ထုတ်ပြန်မှာ မဟုတ်ဘူး။
ဟုတ်တယ်။ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ဟာ သန့်စင်ပြီး နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အရေးကိစ္စ တွေနဲ့ပဲ သက်ဆိုင်ရမယ်။ ကိုယ်ပိုင်ကိစ္စတွေအတွက် လုံးဝ အသုံးပြုလို့ မရဘူး။ ဒါကြောင့် ကျိန့်ဟိုင် မြို့စား သားတော်... ခင်ဗျားရဲ့ ဇနီးဟာ အမြန်ဆုံး ဖျားနာပြီး သေဆုံးဖို့ လိုအပ်နေပြီ။
ကျုပ်တို့က အောက်ယွီရဲ့ ရှားရှားပါးပါး ငြိမ်သက်နေတဲ့ အချိန်လေးကို အမိအရ ဖမ်းဆုပ်ပြီး ကိစ္စတော်တော်များများကို ပြီးပြတ်အောင် လုပ်ရမယ်။ ပြီးတော့ ပုံမှန် နည်းလမ်းတွေနဲ့ အောက်ယွီကို ဖယ်ရှားပစ်ဖို့ ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ဘူး။ ဒီနေ့ သူက ဧကရာဇ်ဟောင်းကိုယ်စား အမိန့်တော် ထုတ်ပြန်လိုက်တာဟာ သူ့ကိုယ်သူ ရွှေရောင် အလွှာ တစ်ခု ဖုံးအုပ်လိုက်တာပဲ။”
ဤအချိန်တွင် ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်သည်။ “အရင်တုန်းက အောက်ယွီဟာ လောကရဲ့ နံပါတ်တစ် အသုံးမကျတဲ့သူလို့ ကောလာဟလတွေ အမြဲ ထွက်နေခဲ့တာ။ သေချာပေါက် အဲဒီစကားတွေက မယုံကြည်နိုင်စရာပဲ။
ဒါပေမဲ့ အဲဒီတုန်းက အောက်ယွီဟာ အရမ်းကို နေတတ်ထိုင်တတ်ပြီး နေ့တိုင်း အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာ။ ဒါပေမဲ့အရင်တုန်းက အောက်ယွီ မှာ ဒီလို ဉာဏ်ကောင်းတာတွေ ရှိခဲ့လို့လား။”
လူတိုင်းက အောက်မင် ထံသို့ အလိုအလျောက် ကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အောက်ယွီ၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး အောက်ယွီ၏ စရိုက်လက္ခဏာနှင့် ပါရမီကို အသိဆုံးသူ ဖြစ်သင့်သောကြောင့်ပင်။
“ဒါက ဉာဏ်ကောင်းတာလောက်တင် မကဘူး။ နတ်ဆိုးလို ဉာဏ်ကောင်းတာမျိုးပဲ။”
စုချင်ဝမ်က မေးလိုက်၏။ “ပြီးတော့ အရင်တုန်းက အောက်ရှင်းမှာ ဒီလို သားမျိုး ရှိနေတာတောင် ဘယ်လို လုပ်ပြီး အာဏာကျဆင်းသွားရတာလဲ။”
‘ဟုတ်တယ်လေ... ဒီလောက် ဉာဏ်ကောင်းတဲ့ သားမျိုး ရှိနေတာတောင် အောက်ရှင်းက ဘယ်လိုလုပ်ပြီး ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ။’
အောက်မင်က ပြန်ဖြေလိုက်သည်။ “အရင်တုန်းက ကျုပ်နဲ့ အောက်ယွီ သိပ်မရင်းနှီးခဲ့ဘူး။ ဒါပေမဲ့ သူက လုံးဝ တုံးအတဲ့သူတော့ မဟုတ်ဘူး။ ပညာရှိပြီး အရူးဟန်ဆောင်နေတာနဲ့ ပိုတူတယ်။ ဒါပေမဲ့ အခုလိုမျိုး အံ့ဩစရာ ကောင်းလောက်အောင်လည်း မဟုတ်သလို အခုလိုမျိုး ရက်စက်ပြီး အစွမ်းထက်တာမျိုးလည်း မဟုတ်ဘူး။”
“အောက်ယွီရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေက ဘယ်အချိန်က စတင်ခဲ့တာလဲ။” စုချင်ဝမ်က မေးလိုက်၏။
အောက်မင်က ပြန်ဖြေလိုက်သည်။ “သူ သေရာကနေ ပြန်ရှင်လာတဲ့ အချိန်က စတင်ခဲ့တာပဲ။”
“သေရာကနေ ပြန်ရှင်လာလို့ ဦးနှောက် ပွင့်သွားပြီး ထိပ်တန်း ဉာဏ်ပညာတွေ ရလာတာများလား။”
ဖူယန်ထူက ပြောလိုက်၏။ “ဒီလိုကိစ္စမျိုးက အရင်က မရှိခဲ့ဖူးတာတော့ မဟုတ်ဘူး။”
“လွန်ခဲ့တဲ့ နှစ်ထောင်ချီက တာ့ရှန်း အင်ပါယာရဲ့ နုဧကရာဇ်ဟာ သေရာကနေ ပြန်ရှင်လာပြီးနောက်ပိုင်း အရမ်းကို ဉာဏ်ကောင်းလာပြီး တစ်ခေတ်တစ်ခါမှာ အကြီးကျယ်ဆုံး ဧကရာဇ် ဖြစ်လာခဲ့တာ မဟုတ်လား။”
စုချင်ဝမ်က ပြောလိုက်သည်။ “ပြီးတော့ ပိုထူးဆန်းတာက သူ သေတာလည်း အရမ်း ရုတ်တရက် ဆန်လွန်းတယ်။”
“ရုတ်တရက် သေတာလောက်တင် ဘယ်ကမလဲ။ သူ မသေခင်မှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ မြေအောက် သင်္ချိုင်းဂူကြီးကိုတောင် တည်ဆောက်သွားသေးတယ်။ ပြီးတော့ တပ်တော် သောင်းချီ၊ လက်နက်တွေ အများကြီး၊ စားနပ်ရိက္ခာတွေ အများကြီးပါ ပြင်ဆင်ထားသေးတယ်။ သူက ပြန်ရှင်လာပြီး လောကကြီးကို ပြန်လည် လွှမ်းမိုးမယ့် ပုံစံမျိုးပဲ။”
အောက်မင်က ပြောလိုက်၏။ “သူ့ရဲ့ အဲဒီ မြေအောက် သင်္ချိုင်းဂူကြီး သာ မရှိခဲ့ရင် မနှစ်က တာယင်အင်ပါယနဲ့ စစ်ပွဲမှာ ကျုပ်တို့ တောင်ပိုင်းကျိုး နိုင်သွားလောက်ပြီ။”
……………………….
အောက်ရှင်း၏ ရောဂါမှာ ပို၍ ဆိုးရွားလာပြီ ဖြစ်သည်။ နေ့ရော ညပါ ချောင်းဆိုးနေပြီး သွေးများလည်း အကြိမ်ကြိမ် အန်နေပြီ ဖြစ်သည်။
သံမဏိကဲ့သို့ ခိုင်မာသော စိတ်ဓာတ်ရှိသည့် ယောက်ျားကောင်းတစ်ဦး၊ ပြိုင်ဘက်ကင်းလှသော စစ်သေနာပတိကြီး တစ်ဦး ဖြစ်ပါလျက် ယခုမူ အဆုတ်နာရောဂါ၏ ပြင်းထန်သော နှိပ်စက်မှုကြောင့် ဤကဲ့သို့ စိတ်မချမ်းမြေ့ဖွယ် အခြေအနေသို့ ဆိုက်ရောက်နေရတော့၏။
ယခုအခါ လောက တစ်ခုလုံးက ယွင်ကျုံးဟဲ့၏ နတ်ဆေး တစ်မျိုးတည်းကသာ အဆုတ်နာရောဂါနှင့် ကာလသားရောဂါကဲ့သို့သော ကုသ၍မရသော ရောဂါများကို ကုသနိုင်ကြောင်း သိရှိထားကြသည်။
ထိုသို့ဆိုလျှင် အောက်ရှင်းကို ကုသပေးလိုက်သည်နှင့် တပြိုင်နက် ယွင်ကျုံးဟဲ့၏ အဆင့်အတန်းမှာ ပေါ်ထွက်လာနိုင်ခြေ ရှိ၏။
အဘယ်ကြောင့်ဆိုသော် ပင်နီဆီလင်၏ ဖော်စပ်နည်းကို ယွင်ကျုံးဟဲ့ တစ်ဦးတည်းသာ သိရှိပြီး လောက တစ်ခုလုံး၏ အမြင်တွင် သူသည် သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။ သို့ပေမည့် ဖခင် အောက်ရှင်းကို မကယ်တင်ဘဲ နေ၍ မဖြစ်နိုင်ချေ။ သေချာပေါက် ကယ်တင်ရမှာဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ရက်အနည်းငယ်လျှင် တစ်ခါ ဖခင် အောက်ရှင်း အတွက် ဆေးများ သွားရောက် ဝယ်ယူပေးပြီး ဆေးရည်ထဲသို့ ရောင်ရမ်းမှု ကျဆင်းစေသော တရုတ်ဆေးဖက်ဝင် အပင်များကို အများအပြား ထည့်သွင်းပေးထားသည်။ နောက်ဆက်တွဲ အနေဖြင့် သူသည် အခွင့်အရေး တစ်ခု လိုအပ်နေ၏။
“သခင်လေး... နန်းတော်က လူလာပါတယ်။” အောက်ဟေးက အစီရင်ခံလိုက်သည်။
ယွင်ကျုံးဟဲ့ အပြင်သို့ ထွက်သွားလိုက်ရာ လာရောက်သူမှာ မိန်းမစိုးကြီး ဟောက်ချင့် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ဤလူသည်လည်း ရန်သူ ဖြစ်ပြီး မိဖုရားကြီးနှင့်အတူ အောက်ယွီကို ချောက်ချခဲ့သူများထဲတွင် ပါဝင်ကာ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်၏။
ယခုအချိန်တွင် မိန်းမစိုးကြီး ဟောက်ချင့် သည် ပြုံးရွှင်နေပြီး အောက်ယွီကို တစ်ဝက်မျှ အရိုအသေပေးကာ ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... ဧကရာဇ်မင်းမြတ်က သခင်လေးကို နန်းတော်ထဲ ဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကြီးမားတဲ့ ကိစ္စကြီး တစ်ခု ဆွေးနွေးစရာ ရှိတယ်လို့ ပြောပါတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွားရ၏။ ‘ကြီးမားတဲ့ကိစ္စကြီး ဟုတ်လား။’
“ခဏ စောင့်ပါ။ ကျုပ် အခုပဲ မိန်းမစိုးကြီးနဲ့အတူ နန်းတော်ကို လိုက်ခဲ့ပါ့မယ်။” ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။
...............