← Chapters

အခန်း ၄၃၉

Vol. 38 Ch. 439

အခန်း ၄၃၉

Vol. 38 Ch. 439

အပိုင်း (၄၃၉)

ဧကရာဇ်က ပြုံးလျက် ပြောလိုက်၏။ “ကျင်းကျုံးယွဲ့ အကြောင်း ပြန်ပြောရရင် ဒီမိန်းမက အရူးတစ်ယောက် ဖြစ်ပေမယ့် အများအားဖြင့်တော့ ရှီးလျန်နိုင်ငံနဲ့ တာယင်အင်ပါယာတို့ရဲ့ ပြဿနာပဲ ဖြစ်နေတာပါ။ မူလက ကိုယ်တော်က ကျင်းကျုံးယွဲ့ကို သိမ်းသွင်းဖို့ လုံးဝ လက်လျှော့လိုက်ပြီ။ ဒါပေမဲ့ ခင်ဗျားအဖေရဲ့ ရောဂါက ဆက်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူးလေ။”

“ဟူး...”

ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ခင်ဗျားအဖေဟာ တောင်ပိုင်းကျိုးအင်ပါယာအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်ပေးခဲ့ပြီး အင်ပါယာရဲ့ ထောက်တိုင်ကြီး တစ်ခုပါ။ ပြီးတော့ သူက လူလတ်ပိုင်း အရွယ်ပဲ ရှိသေးတာကို ကိုယ်တော်က သူ ဒီအတိုင်း ထွက်သွားရမှာကို ဘယ်လိုလုပ် ကြည့်ရက်နိုင်မှာလဲ။

အဆုတ်နာရောဂါ ဆိုတာက ကုသလို့မရတဲ့ ရောဂါဆိုး ဖြစ်ပေမယ့် ယွင်ကျုံးဟဲ့လို အံ့ဩစရာ ပါရမီရှင်က နတ်ဆေး တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး ဒီအဆုတ်နာရောဂါကို ကုသနိုင်ခဲ့တယ်။ ကိုယ်တော် အရင်က ပြောခဲ့သလိုပဲ ကိုယ်တော်က တာယင်အင်ပါယာနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပြီး အဲဒီ နတ်ဆေးရဲ့ ဖော်စပ်နည်းကို ကြီးမားတဲ့ တန်ဖိုးပေးပြီး လဲလှယ်ဖို့ကြိုးစားခဲ့တယ်။

လေးယောက်မြောက် မင်းသား ယင်းချွီကိုတောင် အလဲအလှယ် လုပ်ဖို့ ဆန္ဒရှိခဲ့တယ်။ တာယင်အင်ပါယာ ဧကရာဇ်ကိုယ်တိုင် ကိုယ်တော့်ဆီ စာရေးပြီး အောက်ရှင်း စစ်သူကြီးချုပ်ရဲ့ သူရဲကောင်းဆန်မှုတွေကို လေးစားကြောင်း၊ ဒါပေမဲ့ ယွင်ကျုံးဟဲ့ သေသွားပြီးတဲ့နောက် ဒီဆေးရဲ့ ဖော်စပ်နည်းဟာ လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း စာပြန်လာခဲ့တယ်။ ဖော်စပ်နည်း ရှိရင်တောင် ဘယ်သူမှ နားမလည်သလို ဘယ်သူမှလည်း ဒီနတ်ဆေးကို မဖော်စပ်နိုင်ဘူးတဲ့။”

ဧကရာဇ်က ဆက်ပြောလိုက်၏။ “တကယ်တော့ လောက တစ်ခုလုံးက သိကြပါတယ်။ အဲဒီ နတ်ဆေးဟာ ပုပ်သိုးနေတဲ့ ဖရဲသီးကနေ ထုတ်ယူထားတာ ဆိုတာကို။ ဒါပေမဲ့ ဘယ်လို ထုတ်ယူရမလဲ ဆိုတာကို ဘယ်သူမှ နည်းလမ်း မရှာတွေ့ကြဘူး။

ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ တော်ဝင်သမားတော် ရာချီက နှစ်နှစ်လောက် အချိန်ယူပြီး ကြိုးစားခဲ့ပေမယ့် အားလုံး ကျရှုံးခဲ့ပြီး အောင်မြင်မယ့် မျှော်လင့်ချက် နည်းနည်းလေးမှ မတွေ့ရပါဘူး။ အခု လောက တစ်ခုလုံးမှာ ကျင်းကျုံးယွဲ့ဆီမှာပဲ နတ်ဆေး နည်းနည်းကျန်တော့တယ်။ ဒါကြောင့် ခင်ဗျားအဖေကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျင်းကျုံးယွဲ့ ဆီမှာပဲ ရှိတော့တာ။ ဒါပေမဲ့ သူက အရူး တစ်ယောက် ဖြစ်နေတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... ကျုပ် သွားပါ့မယ်။”

ဧကရာဇ်က ပြောလိုက်၏။ “သူက အရူးမ တစ်ယောက်ပါ။ ကိုယ်တော် တကယ်ကို ခင်ဗျားကို မလွှတ်ချင်ပါဘူး။ ကိုယ်တော် လွှတ်လိုက်တဲ့ လူရာချီ အားလုံး အသတ်ခံခဲ့ရတာ။ အကယ်၍ ခင်ဗျား သွားလို့ သူက စကားတစ်ခွန်းမှ မပြောဘဲ ခင်ဗျားကို တိုက်ရိုက် သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဒါပေမဲ့ ကိုယ်တော့်မှာ တကယ် ဘာနည်းလမ်းမှ မရှိတော့ဘူး။ ပထမအချက်က အောက်ရှင်းက ခင်ဗျားရဲ့ ဖခင် ဖြစ်နေတယ်။ ဒုတိယအချက်က ခင်ဗျား အောက်ယွီက အရမ်း ဉာဏ်ကောင်းလို့ ဒီမိန်းမကို ရင်ဆိုင်နိုင်မယ့် နည်းလမ်း ရှိကောင်း ရှိနိုင်လိမ့်မယ်။”

အောက်ယွီအနေဖြင့် မသွားဘဲနေ၍ ရနိုင်ပါမည်လား။ သေချာပေါက် မရနိုင်ပေ။ တောင်ပိုင်းကျိုးနိုင်ငံသည် မိဘအပေါ် သိတတ်ရိုသေမှုကို အခြေခံ၍ အုပ်ချုပ်သော နိုင်ငံဖြစ်ရာ ဖခင်ဖြစ်သူကို ကယ်တင်ရန်အတွက် ခန္ဓာကိုယ် အမှုန့်ဖြစ်သွားရမည်ဆိုလျှင်ပင် သွားရမည်သာ ဖြစ်သည်။

အကယ်၍ အောက်ယွီသာ မသွားခဲ့ပါက ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို ခံရသူဟူသော ဘွဲ့နာမည်ဖြင့် မည်သည့်မျက်နှာနှင့် ဆက်လက် ရပ်တည်နိုင်ပါတော့မည်နည်း။ ထို့ကြောင့်ပင် ဧကရာဇ်၏ ဤနည်းလမ်းမှာ ပွင့်လင်းမြင်သာသော်လည်း ရှောင်လွှဲရခက်လှသော အစီအမံတစ်ခုပင် ဖြစ်၏။

ဧကရာဇ် ဝမ်ယွင် သည် သော့တစ်ချောင်းကို ထုတ်ယူကာ အံဆွဲ တစ်ခုကို ဖွင့်ပြီး အတွင်းမှ အမိန့်တော် တစ်စောင်ကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။ “ဖွင့်ကြည့်လိုက်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အရှင်မင်းမြတ်...ကျောင်းသားက ကြည့်ဖို့ သင့်တော်ပါ့မလား။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “မသင့်တော်စရာ ဘာမှ မရှိပါဘူး။”

ယွင်ကျုံးဟဲ့ သည် အမိန့်တော်ကို ဖွင့်ကြည့်လိုက်ရာ အကြောင်းအရာမှာ အလွန် တိုတောင်းသည်ကို တွေ့လိုက်ရ၏။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်သည်။ ကျင်းကျုံးယွဲ့အား တောင်ပိုင်းကျိုးအင်ပါယာ၏ ကျိန့်ရှီး ချင်ဝမ် (အနောက်ဘက်ကို နှိမ်နင်းသော ဘုရင်) အဖြစ် ခန့်အပ်လိုက်သည်။ အမိန့်တော်ကို ခံယူပါ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။

‘ကျင်းကျုံးယွဲ့ကို ကျိန့်ရှီး ချင်ဝမ်အဖြစ် ခန့်အပ်လိုက်တာလား။ အဲဒီတုန်းက ပိုင်ရှင်မဲ့နယ်မြေမှာ တာယင် အင်ပါယာကတောင် ကျင်းကျုံးယွဲ့ကို လေခွင်းမြို့စား အဖြစ်ပဲ ခန့်အပ်ခဲ့တာလေ။ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံးမှာ မျိုးရိုးမတူတဲ့ ဘုရင်ဆိုလို့ ကျိန့်ဟိုင်မြို့စား စီးပြန်း တစ်ယောက်တည်းပဲ ရှိတာလေ။ အခု ဒုတိယ တစ်ယောက် ထပ်ခန့်တော့မှာလား။’

ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။ “မျိုးရိုးမတူတဲ့ဘုရင် ခန့်အပ်တာဟာ အမြဲတမ်း ပြဿနာတွေရဲ့ မြစ်ဖျားခံရာ ဖြစ်လေ့ရှိတယ်။ တကယ်ကို ရေစက်ပါပဲ။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ မျိုးရိုးမတူတဲ့ ဘုရင် ခန့်အပ်မှု နှစ်ကြိမ်စလုံးက ခင်ဗျားတို့ အောက်မိသားစုနဲ့ပဲ သက်ဆိုင်နေတယ်။”

ယွင်ကျုံးဟဲ့သည် အလျင်အမြန် ဒူးထောက်ကာ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်... လုံးဝ မဖြစ်နိုင်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျောင်းသားတို့ မိသားစုက ဧကရာဇ်မင်းမြတ်ရဲ့ ဒီလောက် ကြီးမားတဲ့ ကျေးဇူးတော်ကို မခံယူနိုင်ပါဘူး။”

ဧကရာဇ်က ပြောလိုက်၏။ “ဒါက ဘယ်လိုတတ်နိုင်မှာလဲ။ အရင်က ကျင်းကျုံးယွဲ့ကို နယ်စားဘွဲ့ ပေးတုန်းက သူက ဘာမှမပြောဘဲ ကိုယ်စားလှယ် အဖွဲ့ကို သတ်ပစ်ခဲ့တာလေ။ အခု ဘုရင်ဘွဲ့ပေးလိုက်ရင်တော့ သူ ကျေနပ်လောက်ပါပြီ။”

ယွင်ကျုံးဟဲ့က ငိုကြွေးလျက် ပြောလိုက်သည်။ “အရှင်မင်းမြတ်... အမိန့်တော်ကို ပြန်လည် ရုပ်သိမ်း ပေးတော်မူပါ။ ကျုပ်ရဲ့ ဖခင်ကို ကျုပ်ကိုယ်တိုင်ပဲ သွားရောက်ကယ်တင်ပါ့မယ်။ ကျုပ် ရိုလန်မြို့ကို သွားပြီး ကျင်းကျုံးယွဲ့ကို တွေ့ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က သူ့ကို နယ်စားဘွဲ့ပဲ ဖြစ်ဖြစ်၊ ဘုရင်ဘွဲ့ပဲ ဖြစ်ဖြစ် ပေးဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။”

ဧကရာဇ်က ပြောလိုက်၏။ “ဒီလိုလုပ်တာက ခင်ဗျားအဖေကို ကယ်တင်ဖို့အတွက် ဖြစ်သလို တောင်ပိုင်းကျိုး အင်ပါယာရဲ့ အကျိုးစီးပွားအတွက်လည်း ဖြစ်တယ်။ ကျင်းကျုံးယွဲ့ရဲ့ ဩဇာလွှမ်းမိုးမှု ဧရိယာဟာ ပိုင်ရှင်မဲ့နယ်မြေ နှစ်ခု၊ သုံးခုလောက်နဲ့ ညီမျှတယ်။

သူက ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာကို သစ္စာခံလိုက်မယ်ဆိုရင် ကျုပ်တို့အတွက် အင်အား တစ်ရပ် ဖြစ်လာမှာပါ။ အမည်ခံ သစ္စာခံတာပဲဖြစ်ဖြစ် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။”

ယွင်ကျုံးဟဲ့က ဦးညွတ်ကာ ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ။ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ဧကရာဇ်က မေးလိုက်၏။ “ဒါဆိုရင် ဒီတာဝန်ကို ခင်ဗျား လက်ခံလိုက်ပြီပေါ့။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် လက်ခံလိုက်ပါပြီ။”

“ကောင်းပြီ။”

ဧကရာဇ်က ပြောလိုက်၏။ “မနက်ဖြန် ညီလာခံမှာ ဒီကိစ္စကို အပြီးအပြတ် ဆုံးဖြတ်လိုက်မယ်။”

နောက်တစ်နေ့ ညီလာခံတွင် အောက်ယွီသည် နောက်တစ်ကြိမ် ညီလာခံသို့ တက်ရောက်လာရာ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။

‘အောက်ယွီ ခင်ဗျား ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ။ မနေ့က ခင်ဗျားက အစွမ်းတွေပြပြီး ဧကရာဇ်ကို အပြစ်ဝန်ခံတဲ့ အမိန့်တော် ထပ်ထုတ်ပြန်အောင် ဖိအားပေးခဲ့တယ်။ ဒီနေ့ ခင်ဗျား ထပ်လာပြန်ပြီလား။’

အစပိုင်းတွင် ညီလာခံ၌ လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စကိုသာ ဆွေးနွေးခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ငွေကြေးကိစ္စ ဖြစ်ပြီး ငွေမရှိသည့် ပြဿနာ ဖြစ်၏။

ဘဏ္ဍာရေး ဝန်ကြီးဌာနက အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ဤတစ်ကြိမ် လန်ကျိုး၏ ဘေးအန္တရာယ်ကြီး နှစ်ခုကြောင့် အနည်းဆုံး လူနှစ်သန်းခန့် အိမ်ရာမဲ့ ဖြစ်သွားရပြီး ဤဒုက္ခသည်များကို နေရာချထားပေးရန် အနည်းဆုံး ငွေသား လေးသန်းခန့် လိုအပ်မှာ ဖြစ်သည်။

လန်ကျိုးကို ပြန်လည် တည်ဆောက်ရန်၊ အိမ်ရာများ ပြန်လည် တည်ဆောက်ရန်၊ လန်ကျိုး ဆိပ်ကမ်းကို ပြန်လည် တည်ဆောက်ရန်အတွက် ငွေသား သန်းချီ ထပ်မံ လိုအပ်ဦးမှာဖြစ်၏။

သို့ပေမည့် နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ခမ်းခြောက်နေပြီဖြစ်ပြီး ဧကရာဇ်၏ ကိုယ်ပိုင် ဘဏ္ဍာတိုက်မှာလည်း ယခင်က ငွေသား သန်းချီ ထုတ်ပေးထားပြီးဖြစ်ရာ ယခုအခါ ငွေကြေး ထပ်မံ မထုတ်ပေးနိုင်တော့ချေ။

ဤ ငွေသား သန်းဆယ်ချီ ဟူသော ပမာဏကို လုံးဝ မထုတ်ပေးနိုင်တော့သောကြောင့် ဧကရာဇ် သည် လုံးဝ ဒေါသထွက်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဒီ ဒုက္ခသည် နှစ်သန်းကို အရှင်လတ်လတ် ငတ်သေ၊ ရောဂါနဲ့ သေအောင် ဒီအတိုင်းကြည့်နေရမှာလား။ ကျိုးလီက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိထားလို့သာ ဟိုဘက်က အခြေအနေက တောင့်ခံထားနိုင်သေးတာ။ တောင့်မခံနိုင်တော့တဲ့ အချိန်ရောက်ရင် ဒီ ဒုက္ခသည် သန်းချီ ပြန့်ကျဲသွားရင် ပုန်ကန်မှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလား။

ကိုယ်တော်က ဒီမှာ အသုံးစရိတ်တွေကို ချွေတာနေတယ်။ အင်ပါယာရဲ့ တခြား အရေးကြီးကိစ္စတွေကို ယာယီ ရပ်ဆိုင်းထားလို့ ရပေမယ့် အခု အရေးတကြီး လိုအပ်နေတာက သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပဲ။ ခင်ဗျားတို့ ဘယ်လို နည်းလမ်းသုံးသုံး ကိုယ်တော် ဂရုမစိုက်ဘူး။ တစ်လအတွင်းမှာ ငွေသား ငါးသန်း ရှာပေးရမယ်။ ငါးလအတွင်းမှာ ငွေသား ဆယ်သန်း ရှာပေးရမယ်။”

ချက်ချင်းပဲ ဘဏ္ဍာရေး ဝန်ကြီးက ဒူးထောက်ကာ ငိုကြွေးလျက် ပြောလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ်ကို သတ်ပစ်ရင်တောင်မှ ဒီလောက် များပြားတဲ့ ငွေတွေကို မရှာပေးနိုင်ပါဘူး။ ဘဏ္ဍာရေး ဝန်ကြီးဌာနက အမတ်တွေ အားလုံးကို သတ်ပစ်ရင်တောင် မရနိုင်ပါဘူး။”

ဧကရာဇ်၏ အကြည့်များမှာ စုချင်ဝမ် ထံသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ... ခင်ဗျားတို့ တော်ဝင်တရားရုံးဟာ မူလက တော်ဝင်မိသားစုနဲ့ မှူးမတ်တွေကို အုပ်ချုပ်တဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။ ဒါပေမဲ့ ထျန်းယန် နှစ်ဆယ့်ငါးနှစ်မှာ ဧကရာဇ်ဟောင်းက ကုန်သွယ်ရေး ဆိပ်ကမ်းရုံးနဲ့ ရက်ကန်းရုံ တချို့ကို ခင်ဗျားတို့ တော်ဝင်တရားရုံးကို အုပ်ချုပ်ခိုင်းခဲ့တယ်။

ခင်ဗျားတို့က တော်ဝင်မိသားစုရဲ့ စီးပွားရေး လုပ်ငန်း အများစုကို ချုပ်ကိုင်ထားတာဆိုတော့ ငွေကြေး ရှာဖွေဖို့ ဆိုတာ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ တာဝန် သက်သက် မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ တာဝန်လည်း ပါဝင်တယ်။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ထွက်လာပြီး ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ဧကရာဇ်ဟောင်းရဲ့ ထူးချွန်ထက်မြက်မှုကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေကို စုဆောင်းနိုင်ခဲ့တာ မှန်ပါတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ကိုယ်ပိုင် ဘဏ္ဍာတိုက်မှာ အများဆုံး အချိန်တုန်းက ငွေသား သန်းငါးဆယ်ကျော် ရှိခဲ့ပါတယ်။

ဒါပေမဲ့ တာယင်အင်ပါယာနဲ့ စစ်ပွဲ၊ ကျင်းကျိုး ကာကွယ်ရေးလိုင်း တည်ဆောက်မှုတွေကြောင့် ဒီနှစ်နှစ် အတွင်းမှာ တောင်ပိုင်းကျိုးဟာ တပ်တော် လေးသိန်းကျော် ထပ်မံ ဖွဲ့စည်းခဲ့ရပါတယ်။ စစ်သေနာပတိချုပ် ဖူယန်ထူရဲ့ တပ်တော် နှစ်သိန်း တောင်ဘက်ကို ဆင်းသွားခဲ့ရသလို လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိုလည်း ငွေတွေ ထုတ်ပေးခဲ့ရပါတယ်။

လန်ကျိုး ဆိပ်ကမ်းကလည်း လအတော်ကြာ ဝင်ငွေ မရှိခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံတော် ဘဏ္ဍာတိုက်ဟာ ဝင်ငွေ၊ ထွက်ငွေ မမျှတရုံသာမက ဧကရာဇ်မင်းမြတ်ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်ဟာလည်း အတူတူပါပဲ။”

“ကိုယ်တော့်ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်တောင်မှ ဝင်ငွေ၊ ထွက်ငွေ မမျှတတော့ဘူးလား။” ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်၏။

စုချင်ဝမ်က ပြန်ဖြေလိုက်သည်။ “ထျန်းယန် အနှစ်လေးဆယ်ကစပြီး တော်ဝင် သက်တော်စောင့် တပ်ရဲ့ စစ်စရိတ်၊ နန်းတွင်းရဲ့ အသုံးစရိတ်နဲ့ တပ်တော် တချို့ရဲ့ စစ်စရိတ်တွေကို ဧကရာဇ်မင်းမြတ်ရဲ့ကိုယ်ပိုင် ဘဏ္ဍာတိုက်ကနေ ထုတ်ပေးခဲ့ရတာပါ။

အရင်တုန်းက လန်ကျိုး ဆိပ်ကမ်းရဲ့ကုန်သွယ်ရေး ပုံမှန် လည်ပတ်နေတုန်းကတော့ ဝင်ငွေ၊ ထွက်ငွေ မျှတပြီး အနည်းငယ် ပိုလျှံမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ လန်ကျိုး ဆိပ်ကမ်းရဲ့ ဝင်ငွေ အားလုံး ပြတ်တောက်သွားတော့ ကျုပ်လည်း ဆန်မရှိဘဲ ထမင်းချက်ဖို့ ခက်ခဲနေပါတယ်။”

ညီလာခံ တစ်ခုလုံး နံနက်ပိုင်း တစ်ပိုင်းလုံး ငွေကြေး ရှာဖွေမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသော်လည်း မည်သည့် ရလဒ်မျှ မထွက်ပေါ်ခဲ့ချေ။

ဤသည်မှာ ငွေသား သန်းဆယ်ချီဟူသော ကြီးမားသည့် ပမာဏဖြစ်ရာ အမှန်တကယ်ပင် မထုတ်ပေးနိုင်တော့ချေ။

နာရီအတော်ကြာ ဆွေးနွေးခဲ့သော်လည်း ရလဒ် မထွက်ပေါ်ခဲ့သလို ဤကိစ္စမျိုးသည် အချိန်တိုအတွင်း ရလဒ် ထွက်ပေါ်လာမည် မဟုတ်ကြောင်းကိုလည်း ယုံကြည်၏။

သို့ပေမည့် ဤ ညီလာခံက ယွင်ကျုံးဟဲ့အား အလွန် အန္တရာယ်များပြီး အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ပေးလိုက်သည်။

နန်းတွင်းတွင် ငွေကြေး အလွန် လိုအပ်နေသည်။ ဤငွေကြေးများကို မည်သည့် နေရာမှ ရရှိမည်နည်း။

.................

All Chapters