← Chapters

အခန်း ၄၄၀

Vol. 38 Ch. 440

အခန်း ၄၄၀

Vol. 38 Ch. 440

အပိုင်း (၄၄၀)

ညီလာခံ ပြီးဆုံးခါနီးတွင် ဧကရာဇ်က ပြောလိုက်၏။ “ဒီနေ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ အဲဒါကတော့ ကျင်းကျုံးယွဲ့ ကိစ္စပဲ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ စုံစမ်းစစ်ဆေးရေးရုံးမှ အမတ် အများအပြား ချက်ချင်း ဒေါသ ထွက်သွားကြပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ကြတော့သည်။

“ဒီ ပုန်ကန်တဲ့ သူခိုးဟာ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့အမတ် ဖြစ်နေရက်နဲ့ သစ္စာမခံဘဲ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ ကိုယ်စားလှယ် အဖွဲ့ကိုပါ သတ်ပစ်သေးတယ်။”

“ဟုတ်ပါတယ်။ အရှင်မင်းမြတ် အနေနဲ့ ချက်ချင်း တပ်တော် စေလွှတ်ပြီး သွားရောက် နှိမ်နင်းသင့်ပါတယ်။”

“ဒီပုန်ကန်တဲ့သူခိုးဟာ ကျုပ်တို့ရဲ့ ကိုယ်စားလှယ် အဖွဲ့ကို သတ်ပစ်တာဟာ စစ်ကြေညာတာနဲ့ အတူတူပါပဲ။”

ဧကရာဇ်သည် ဤစုံစမ်းစစ်ဆေးရေးရုံးမှ အမတ်များ၏ စွပ်စွဲချက်များကို ကြားသော်လည်း အေးစက်စက် ပြုံးနေ၏။

‘တပ်တော် စေလွှတ်ပြီး နှိမ်နင်းမယ် ဟုတ်လား။ ဦးနှောက်ထဲ ရေဝင်နေတာလား။ နိုင်ငံတော် ဘဏ္ဍာတိုက်မှာ ငွေမရှိတော့ဘူး။ ကိုယ်ပိုင် ဘဏ္ဍာတိုက်မှာလည်း ငွေမရှိတော့ဘူး။ အခု အရေးအကြီးဆုံးကိစ္စက သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးပဲ။ ခင်ဗျားတို့က ကျင်းကျုံးယွဲ့ကို သွားတိုက်မယ်လို့ ပြောနေတာလား။’

သို့ပေမည့် ခုန်ပေါက်နေသူများမှာ စုံစမ်းစစ်ဆေးရေးရုံးမှ အမတ်အချို့သာ ဖြစ်ပြီး သူတို့သည် လူများကို ပြစ်တင် ဝေဖန်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြကာ အခြား အမတ်ကြီးများမှာမူ အလွန် တည်ငြိမ်နေကြသည်။

ဧကရာဇ်က ပြောလိုက်၏။ “ရှီးလျန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက ကျင်းကျုံးယွဲ့ကို လက်ထပ်ခွင့် တောင်းနေတယ် ဆိုတာ ခင်ဗျားတို့ သိကြလား။ ပြီးတော့ အဲဒီ ရှီးလျန် ဧကရာဇ်ကလည်း ကျင်းကျုံးယွဲ့ကို ရိုလန် ဘုရင်မ အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေတယ်တဲ့။”

ချက်ချင်းပဲ စုံစမ်းစစ်ဆေးရေး ရုံး၏ ဒု-အကြီးအကဲက ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ရှီးလျန် ဘုရင်ပါ။ ရှီးလျန် ဧကရာဇ် မဟုတ်ပါဘူး။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် လှည့်စားမနေကြပါနဲ့တော့။ ရှီးလျန်နိုင်ငံဟာ အနောက်ဘက်မှာ နိုင်ငံတွေ အများကြီးကို ဖျက်ဆီးပစ်ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်က ဘာလွန်း အင်ပါယာကို ဖျက်ဆီးပြီးတဲ့နောက် တရားဝင် ဧကရာဇ် အဖြစ် ခံယူလိုက်ပြီ။

အခု သူတို့ရဲ့ နိုင်ငံတော် နယ်နိမိတ်ဟာ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာထက် တစ်ဆလောက် ပိုကြီးနေပြီ။ သူတို့ကို ရှီးလျန်ဘုရင်လို့ ဆက်ခေါ်ပြီး တမင် နှိမ့်ချနေတာက ကျုပ်တို့ကိုယ်တိုင် ဖားသူငယ်လို ဖြစ်သွားတာပဲ။”

ဧကရာဇ် ဝမ်ယွင်က ဆက်ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ ထူးချွန်ထက်မြက်မှုကြောင့် ဆယ်စုနှစ်ချီ အချိန်ယူပြီး မိုင်ထောင်ချီ ရှည်လျားတဲ့ အနောက်ဘက် နယ်စပ် တံတိုင်းကြီးကို တည်ဆောက်နိုင်ခဲ့လို့ အဲဒီအချိန်ကစပြီး ရှီးလျန်ရဲ့ မြင်းစီးတပ်တွေဟာ ကျုပ်တို့ တောင်ပိုင်းကျိုးကို အလွယ်တကူ မဝင်ရောက်နိုင်တော့ဘူး။ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ ပြည်သူတွေလည်း ဆယ်စုနှစ်ချီ အေးချမ်းစွာ နေထိုင်ခွင့် ရခဲ့တယ်။

ဒါပေမဲ့ မမေ့ပါနဲ့။ ကျုပ်တို့နဲ့ အနောက်ဘက် သဲကန္တာရကြားမှာလည်း မိုင်ရာချီ ထိစပ်နေတဲ့ နေရာတွေ ရှိသေးတယ်။ အကယ်၍ ကျင်းကျုံးယွဲ့ကသာ တာ့ရှီး အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားကို လက်ထပ်လိုက်ပြီး ရိုလန် ဘုရင်မ ဖြစ်သွားရင် လိုအပ်တဲ့ အချိန်ကျရင် ရှီးလျန်ရဲ့ မြင်းစီးတပ်တွေဟာ အဲဒီကနေ တိုက်ရိုက် ဝင်ရောက် လာနိုင်တယ်။ အဲဒီ မိုင်ရာချီ နေရာမှာ ကျုပ်တို့ တံတိုင်းကြီး တည်ဆောက်မထားဘူးနော်။”

အမတ်ကြီးများ အားလုံး တိတ်ဆိတ်နေကြ၏။

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “ဒါကြောင့် ကျင်းကျုံးယွဲ့ကို ဆွဲဆောင်ဖို့ လိုအပ်နေသေးတယ်။ ရိုလန်မြို့ကို သွားပြီး ကျင်းကျုံးယွဲ့ကို ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာဆီ သစ္စာခံအောင် ဖျောင်းဖျနိုင်မယ့်သူ ဘယ်သူ ရှိလဲ။”

ညီလာခံ တစ်ခုလုံး တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ယခင်က ကျင်းကျုံးယွဲ့ထံ စေလွှတ်ခဲ့သော ကိုယ်စားလှယ် အဖွဲ့ သုံးဖွဲ့စလုံး အသတ်ခံခဲ့ရပြီဖြစ်ရာ ထပ်သွားခြင်းသည် သေလမ်းရှာခြင်း မဟုတ်ပါလား။

“သွားချင်တဲ့သူ ဘယ်သူ ရှိလဲ။” ဧကရာဇ်က နောက်တစ်ကြိမ် မေးလိုက်၏။

အောက်ယွီ ထွက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ကျောင်းသား သွားပါ့မယ်။”

လူတိုင်း အသက်ရှူအောင့်သွားကြပြီး မျက်လုံးများကျုံ့သွားတော့၏။ ‘ဒါက... ဒါက ဧကရာဇ်မင်းမြတ်ရဲ့ သူတစ်ပါး ဓားငှားပြီး လူသတ်တဲ့ အကြံအစည်လို ဖြစ်နေပါလား။ အောက်ယွီက ဘာလို့ သဘောတူလိုက်တာလဲ။’

ဧကရာဇ်က ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျား သွားလို့ မဖြစ်ဘူး။ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတဲ့သူလေ။ ဘယ်လိုလုပ်ပြီး အန္တရာယ်ထဲ သွားလို့ ဖြစ်မှာလဲ။”

တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်လည်း ထွက်လာပြီး ပြောလိုက်၏။ “ကျူရန် အောက်ယွီ... ခင်ဗျား လုံးဝ သွားလို့ မဖြစ်ဘူး။ ဒီကျင်းကျုံးယွဲ့က ရူးသွပ်ပြီး ရက်စက်တယ်။ အရင်တုန်းက ကိုယ်စားလှယ် အဖွဲ့သုံးဖွဲ့ဟာ စကားပြောခွင့်တောင် မရလိုက်ဘဲ ကျင်းကျုံးယွဲ့ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပြီး အရေခွံတောင် ခွာခံလိုက်ရသေးတယ်။ ခင်ဗျားက သာမန်ကျူရန် တစ်ယောက် မဟုတ်ဘူး။ ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရတဲ့သူဖြစ်လို့ အန္တရာယ်ထဲ ကိုယ်တိုင် သွားလို့ မဖြစ်ဘူး။”

ယွင်ကျုံးဟဲ့က ဦးညွတ်၍ လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်နဲ့ တော်ဝင်တရားရုံး အကြီးအကဲတို့ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျောင်းသား မဖြစ်မနေ သွားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျင်းကျုံးယွဲ့ရဲ့ လက်ထဲမှာ အဆုတ်နာရောဂါကို ကုသနိုင်တဲ့ နတ်ဆေး ရှိနေလို့ပါ။ သားတစ်ယောက် အနေနဲ့ ဖခင်ကို ကယ်တင်ဖို့အတွက် အမှုန့်ဖြစ်သွားရမယ် ဆိုရင်တောင် ဝန်လေးမှာ မဟုတ်ပါဘူး။”

ဧကရာဇ်က ပြောလိုက်၏။ “ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာဟာ မိဘကျေးဇူး သိတတ်မှုနဲ့ အုပ်ချုပ်တာပါ။ ခင်ဗျားမှာ ဒီလောက်အထိ မိဘကျေးဇူး သိတတ်တဲ့စိတ် ရှိတာကို ကိုယ်တော်က ဝမ်းသာရုံပဲ ရှိပါတယ်။ ခင်ဗျားကို တားဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

အမိန့်တော် ရေးလိုက်.... အောက်ယွီကို တိုင်းတစ်ပါးရေး ဝန်ကြီးဌာနရဲ့ အရာရှိအဖြစ် ခန့်အပ်ပြီး ရိုလန်ကို သွားရောက်ကာ ကျင်းကျုံးယွဲ့ကို သစ္စာခံအောင် ဖျောင်းဖျဖို့ တာဝန်ပေးလိုက်တယ်။”

ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”

ဧကရာဇ်က မေးလိုက်၏။ “အောက်ယွီ... ဒါဆို ခင်ဗျား ဘယ်အချိန် ထွက်ခွာမလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “နောက်သုံးရက် နေရင်ပါ။”

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ နန်ကုန်းချော့...”

ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့ ထွက်လာပြီး ဦးညွတ်လျက် လျှောက်တင်လိုက်သည်။ “ကျုပ် ရှိပါတယ်။”

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ခင်ဗျားရဲ့ အကောင်းဆုံး တပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ပြီး အောက်ယွီကို ရိုလန်မြို့အထိ ကာကွယ် ပို့ဆောင်ပေးလိုက်။ အကယ်၍ လမ်းမှာ ဘာအနာတရမှ ဖြစ်ခဲ့ရင် ခင်ဗျားကိုပဲ တာဝန်ယူခိုင်းမယ်။”

ဟေးပင်းထိုင် နန်ကုန်းချော့က ဒူးထောက်ကာ လျှောက်တင်လိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”

ထိုနေ့ညတွင် ယွင်ကျုံးဟဲ့သည် ရှန်ချင်းနန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

နန်းတော်တံခါးမှာ ပွင့်မလာသလို ယွင်ကျုံးဟဲ့လည်း ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

မိန်းမစိုးအိုကြီး ဟောက်ချန်သာလျှင် ထွက်လာပြီး အောက်ယွီကို တွေ့ဆုံခဲ့သည်။

အောက်ယွီသည် ဟောက်ချန်ကို တွေ့ဆုံရတိုင်း ဤလူမှာ လေတိုက်ခံရပါက လွင့်ပါသွားမည်ဟု အမြဲတမ်း ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် အလွန် ပိန်ပါးလွန်းပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ထပ်နေကာ အသက်ဘယ်လောက် ရှိပြီမှန်းပင် မသိနိုင်တော့ချေ။

“မိန်းမစိုးကြီး... ကျုပ် ရိုလန်မြို့ကို သွားရတော့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ဟောက်ချန်က ပြန်ပြောလိုက်သည်။ “လမ်းမှာတော့ လုံခြုံပါလိမ့်မယ်။ ဒါပေမဲ့ ရိုလန်မြို့ကို ရောက်သွားရင် ကျင်းကျုံးယွဲ့က ခင်ဗျားကို သတ်ချင်တယ်ဆိုရင် ဘယ်သူမှ ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “စိတ်ချပါ။ သူကို ရင်ဆိုင်ဖို့ ကျုပ်မှာ နည်းလမ်း ရှိပါတယ်။ ဧကရာဇ်ဟောင်း နေကောင်းရဲ့လား။”

ဟောက်ချန်က ပြန်ဖြေလိုက်သည်။ “လန်ကျိုး သဘာဝဘေးအန္တရာယ်အတွက် ဧကရာဇ်ဟောင်းက ကောင်းကင်ဘုံကို အပြစ်ဝန်ခံပြီး လန်ကျိုးက ပြည်သူ သန်းချီအတွက် ဆုတောင်းပေးနေပါတယ်။ ဒါကြောင့် ရက်ပေါင်း လေးဆယ့်ကိုးရက်တိတိ တရားထိုင်ရလိမ့်မယ်။ ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် နားလည်ပါတယ်။ ဒီ လေးဆယ့်ကိုးရက် အတွင်းမှာ ဧကရာဇ်ဟောင်းက ဘာစကားမှ ပြောမှာ မဟုတ်ဘူး။ ကျုပ်ကလည်း ဧကရာဇ်ဟောင်းကိုယ်စား ဘာစကားမှ ပြောခွင့် မရှိဘူး ဆိုတာပါ။”

“ဟုတ်တယ်။”

ဟောက်ချန်က ပြောလိုက်သည်။ “မနေ့က ခင်ဗျား လုပ်ခဲ့တာ အရမ်းကောင်းပါတယ်။ ဧကရာဇ်ဟောင်းက ခင်ဗျားဟာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ပါရမီရှင် တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း ချီးကျူးလွန်းနေပါပြီ။ သူတော်စင်ကြီးမှာ ဘာများ အမိန့်ရှိချင်သေးလဲ မသိဘူး။”

ဟောက်ချန်က ပြန်ဖြေလိုက်သည်။ “ဘယ်လို နိုင်ငံရေး အားပြိုင်မှုမျိုးမဆို အတိုင်းအတာ တစ်ခု ရှိရမယ်။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး ဆိုတာကို ခင်ဗျားကို မှတ်ထားစေချင်တာပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။ ကျောင်းသားက ဒီအခြေခံ စည်းမျဉ်းကို အမြဲတမ်း မှတ်ထားပါတယ်။ သူတို့ကသာ အမြဲတမ်း စည်းမျဉ်းတွေကို ဖောက်ဖျက်နေကြတာပါ။”

ဟောက်ချန်က ပြောလိုက်သည်။ “ဒါကြောင့်မို့လို့ပဲ ဧကရာဇ်ဟောင်းက ဒေါသထွက်ပြီး ခင်ဗျားကို ကြိုးတစ်ချောင်းလို ဖြစ်စေချင်တာပါ။ သူတို့ရဲ့ ခေါင်းတွေကို ချည်နှောင်ထားပြီး ရမ်းကားချင်တိုင်း မရမ်းကားနိုင်အောင်၊ နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို မဖျက်ဆီးရဲအောင် လုပ်ဖို့ပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကျောင်းသား အနေနဲ့ ဧကရာဇ်ဟောင်းရဲ့ ဆုံးမစကားတွေကို သေချာပေါက် မှတ်သားထားပါ့မယ်။”

ဟောက်ချန်က ပြောလိုက်သည်။ “အဲဒါဆိုလည်း ခင်ဗျား သွားတော့။ ကျုပ် အရင်က ပြောခဲ့တဲ့အတိုင်းပါပဲ။ လမ်းမှာတော့ အန္တရာယ်ကင်းဖို့ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ ရိုလန်မြို့ကို ဝင်သွားရင်၊ အထူးသဖြင့် ရိုလန် နန်းတော်ထဲကို ဝင်သွားရင်တော့ ခင်ဗျားရဲ့ အသက်ရှင်ခြင်း သေဆုံးခြင်းဟာ ခင်ဗျားရဲ့ ကံတရား အပေါ်မှာပဲ မူတည်တော့မှာပါ။

မိုင်ထောင်ချီ ဝေးကွာတဲ့ နေရာမှာ ကျင်းကျုံးယွဲ့က ခင်ဗျားကို သတ်ချင်တယ်ဆိုရင် ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာ ဘယ်လောက်ပဲ အင်အားကြီးကြီး ခင်ဗျားကို ကာကွယ်ဖို့ဆိုတာ လက်လှမ်း မမီနိုင်ပါဘူး။”

ယွင်ကျုံးဟဲ့က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “ကောင်းပါပြီ။ ကျောင်းသားကို ပြန်ခွင့်ပြုပါအုံး။”

..........

သုံးရက်အကြာတွင် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းကျိုးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဟေးပင်းထိုင် စစ်သည် ရာချီ၏ အစောင့်အရှောက်ဖြင့် မြို့တော်မှ ထွက်ခွာပြီး အနောက်မြောက်ဘက်သို့ ဦးတည်သွားတော့သည်။

သေချာပေါက် ကိုယ်စားလှယ် အဖွဲ့ဟု ဆိုသော်လည်း လူအနည်းငယ်သာ ပါဝင်ပြီး အများစုမှာ ကာကွယ် စောင့်ရှောက်မည့် စစ်သည်များသာ ဖြစ်၏။

နေ့မနား ညမနား ခရီးနှင်ခဲ့ပြီး ခုနစ်ရက်တိတိ ကြာပြီးနောက် တောင်ပိုင်းကျိုးအင်ပါယာ နယ်နိမိတ်မှ ထွက်ခွာကာ အနောက်ဘက် သဲကန္တာရသို့ ဝင်ရောက်လာခဲ့သည်။

အမှန်တကယ်ပင် ခြောက်သွေ့လွန်းလှသည်။ သဲကန္တာရဟု မဆိုနိုင်သော်လည်း ကျောက်စရစ်ခဲ မြေပြင်များသာ ဖြစ်လို့နေ၏။

အစိမ်းရောင် ဆိုသည်မှာ အခြေခံအားဖြင့် မတွေ့ရသလောက်ပင် ဖြစ်ပြီး နေရာအနှံ့အပြားတွင် အဝါရောင် မြေကြီးများသာ ဖုံးလွှမ်းနေကာ မြေပြင်ပေါ်ရှိ အပင်များမှာလည်း ဆူးပင်များသာ ဖြစ်သည်။

နေရာအများစုမှာ ကျယ်ပြောလှသည့် ကွင်းပြင်များ ဖြစ်နေပြီး မြင်းစီးသူများ မျက်လုံးမှိတ်၍ပင် အရှိန်အဟုန်ဖြင့် ပြေးလွှားနိုင်၏။

အမှန်တကယ်ပင် အဆုံးအစမဲ့သော ကောင်းကင်ပြာအောက်၌ ကျယ်ပြောလှသော မြေပြင်ကျယ်ကြီးသည် ရှေ့တည့်တည့်တွင် တည်ရှိနေတော့သည်။

သို့သော်ငြား လေတိုက်၍ မြက်ပင်များ ယိမ်းနွဲ့သွားလျှင် နွားနှင့် သိုးအုပ်များကို မြင်တွေ့ရသည် ဟူသော မြင်ကွင်းမျိုးကား မရှိပေ။ ဤဒေသ၌ နွားနှင့် သိုးဟူသည်မှာ အလွန်ပင် ရှားပါးလှပြီး၊ တစ်ခါတရံမှသာ တောဆိတ်နှင့် တောနွား အနည်းငယ်ကို မြင်တွေ့ရတတ်၏။

ဤသို့ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ကျယ်ဝန်းလှသော နေရာသို့ ရောက်ရှိလာချိန်တွင် လူတစ်ကိုယ်လုံး စိတ်ဓာတ်များ ပိုမိုရဲရင့်တက်ကြွလာသကဲ့သို့ ခံစားရသည်။

ခရီးအကွာအဝေး မိုင်တစ်ရာခန့် သွားလာပြီးမှသာ တောင်ကုန်းငယ်တစ်ခုကို မြင်တွေ့နိုင်သော်လည်း ချောက်ကမ်းပါးများမှာမူ အနှံ့အပြား ရှိနေ၏။

အချို့သော ချောက်ကမ်းပါးများမှာ အလွန်နက်ရှိုင်းလွန်းလှသောကြောင့် အောက်ခြေကိုပင် လှမ်း၍ မမြင်နိုင်ပေ။ ယွင်ကျုံးဟဲ့တို့ အဖွဲ့သည် အနောက်ဘက် သဲကန္တာရအတွင်း၌ ရက်အနည်းငယ်ကြာအောင် ဆက်လက် ခရီးနှင်ခဲ့ကြသည်။

“သခင်လေး... အခုအချိန်ကစပြီးတော့ ကျုပ်တို့ ဝတ်စုံ ပြောင်းဝတ်ရတော့မယ်။ တောင်ပိုင်းကျိုး ကိုယ်စားလှယ် အဖွဲ့ဆိုတဲ့ အမည်နဲ့ သွားလို့ မရတော့ဘူး။ ကုန်သည်အဖွဲ့ အနေနဲ့ သွားရမယ်။”

ဟေးပင်းထိုင်၏ တပ်မှူး တစ်ဦးက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ တာယင်အင်ပါယာ၊ တောင်ပိုင်းကျိုး အင်ပါယာ၊ ရှီးလျန်နိုင်ငံတို့က အစိုးရ အဖွဲ့အစည်းတွေ၊ အရပ်ဖက်၊ စစ်ဖက်မရွေး သူမရဲ့ နယ်မြေထဲကို ဝင်လာရင် နေရာမှာတင် သတ်ပစ်မယ်လို့ ကျင်းကျုံးယွဲ့က အမိန့်ထုတ်ထားတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကုန်သည် အဖွဲ့တွေကျတော့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားလို့ ရတာလား။”

ဟေးပင်းထိုင် တပ်မှူးက ပြန်ဖြေလိုက်၏။ “ကုန်သည် အဖွဲ့တွေက အခွန်ဆောင်ရင် လုံခြုံရေး ရပါတယ်။ ကုန်ပစ္စည်း တန်ဖိုးရဲ့ ဆယ့်ငါးရာခိုင်နှုန်းပါ။”

‘ချီးတဲ့မှ... ဒါက ဓားပြတိုက်တာထက်တောင် ပိုပြီး အမြတ်များသေးတယ်။’

.................

All Chapters