← Chapters

အခန်း ၄၄၁

Vol. 38 Ch. 441

အခန်း ၄၄၁

Vol. 38 Ch. 441

အပိုင်း (၄၄၁)

ဤဒေသသည် ခြောက်သွေ့ပြီး ဖုန်းဆိုးမြေ ဖြစ်သော်လည်း အရှေ့တိုင်းအင်ပါယာနှင့် အနောက်တိုင်း နိုင်ငံများအကြား ကုန်သွယ်မှုပြုရာ ရွှေရောင်လမ်းကြောင်း တစ်ခုဖြစ်သည့်အတွက် လမ်းတစ်လျှောက်၌ ရေတွက် မကုန်နိုင်သော ကုန်သည်အဖွဲ့ကြီးများဖြင့် စည်ကားလျက်ရှိသည်။

ကုန်သည်အဖွဲ့တိုင်းသည် ကျင်းကျုံးယွဲ့ထံသို့ ကာကွယ်ကြေးအဖြစ် ဆယ့်ငါးရာခိုင်နှုန်း ပေးဆောင်ရသောကြောင့် အကျိုးအမြတ်မှာ အဆမတန် များပြားလို့နေ၏။

ကြည့်ရသည်မှာ ကျင်းကျုံးယွဲ့သည် မြင်းစီးဓားပြလုပ်ငန်း၌ အမှန်တကယ်ပင် ပါရမီထူးပုံရပေသည်။ လေခွင်းမြို့တွင် ရှိစဉ်က အလွန်ပင် အသက်ရှူကျပ်ခဲ့ရသော်လည်း ယခုမူ ဤဒေသ၌ ရေရသွားသော ငါးအလား လွတ်လပ်ပျော်ပါးလျက် ရှိနေတော့သည်။

ရိုလန်မြို့နှင့် နီးကပ်လာသည်နှင့်အမျှ ယွင်ကျုံးဟဲ့ မြင်တွေ့ရသော မြင်းစီးဓားပြ အုပ်စုများမှာလည်း တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပိုမိုများပြားလာကာ အရှိန်အဟုန်ပြင်းစွာ သွားလာနေကြ၏။

ထိုဓားပြများသည် ကုန်သည်အဖွဲ့များကို တွေ့ရှိသည့်အခါ ယခင်ကဲ့သို့ လုယက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ မေးခွန်းအချို့ မေးမြန်းပြီးနောက် ယွင်ကျုံးဟဲ့တို့အဖွဲ့၏ ကုန်ပစ္စည်းများကို စစ်ဆေးကာ စာရင်းတစ်ခု ရေးသားပေးလိုက်ကြသည်။

“ခင်ဗျားတို့ရဲ့ ကုန်ပစ္စည်း တန်ဖိုးက ငွေသား ရှစ်သောင်း ရှိတယ်။ အခွန်က တစ်သောင်းခွဲ ပေးရမယ်။ ရိုလန်မြို့ကို သွားပြီး အခွန်ဆောင်လိုက်။ မဆောင်ရင် အကုန်သတ်ပစ်မယ်။”

“ကောင်းပါပြီ။”

နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့သည် မရေမတွက်နိုင်သော မြင်းစီးဓားပြများ ရိုလန်မြို့သို့ စုရုံး လာနေကြသည်ကို တွေ့ရှိလိုက်ရသည်။

ရိုလန်မြို့နှင့် နီးကပ်လာလေလေ မြင်းစီး ဓားပြတပ်ဖွဲ့များ ပိုမို များပြားလာလေလေဖြစ်ပြီး ဤမြင်းစီး ဓားပြများ အားလုံးသည် ကျင်းဟူသော စာလုံး ရေးသားထားသည့် အလံကို လွှင့်ထူထားကြ၏။

ကျင်းကျုံးယွဲ့ သည် တပ်တော်ကြီးကို စုရုံးနေခြင်း ဖြစ်၏။ သူမ ဘာလုပ်ချင်နေသနည်း။ ကြီးမားသည့် စစ်ပွဲကြီး တစ်ခုခု ရှိနေသည်လား။

နောက်ထပ် ရက်အနည်းငယ် ဆက်လက်၍ ခရီးရှည် နှင်ခဲ့ကြပြီး ညဘက်တွင်ပင် ခရီးနှင်ခဲ့ကြသောကြောင့် နောက်ဆုံးတွင် အနောက်ဘက် သဲကန္တာရ၏ ပုလဲရတနာ ဖြစ်သော ရိုလန်မြို့သို့ ရောက်ရှိလာခဲ့၏။ ဤသည်မှာ ကျင်းကျုံးယွဲ့၏ အဓိက အခြေစိုက်စခန်းလည်း ဖြစ်သည်။

ရိုလန်မြို့သို့ ရောက်ရှိချိန်မှာတော့ ယွင်ကျုံးဟဲ့ပင်လျှင် အံ့ဩသွားရ၏။ ‘ဒီလောက်တောင် စည်ကားနေတာလား။ လူတွေက ပင်လယ်ပြင်လိုပဲ များပြားလွန်းတယ်။ ပြီးတော့ အနောက်ဘက် သဲကန္တာရမှာ ဒီလောက် ကြီးမားတဲ့ မြို့ကြီးတစ်မြို့ ရှိနေတာလား။

နည်းနည်း ပျက်စီးယိုယွင်းနေပေမယ့် ဒီစည်ကားမှုတွေက ဒီနေရာဟာ တောရိုင်းနယ်မြေ မဟုတ်ဘူးလို့ ခံစားရစေတယ်။ ဒါတင်မကသေးဘူး။ မြို့တွင်းရော မြို့ပြင်မှာပါ မြင်းစီးဓားပြတပ်ဖွဲ့တွေက မရေမတွက်နိုင်အောင် အများကြီး ရှိနေတယ်။

အချိန် နှစ်နှစ်တောင် မပြည့်သေးတဲ့ကာလအတွင်းမှာ ကျင်းကျုံးယွဲ့ရဲ့ အခြေခံအင်အားက ဒီလောက်တောင် ကြီးမားလာပြီလား။’

“ခင်‌ဗျားတစ်ယောက်တည်းပဲ ဘုရင်မ အိမ်တော်ကို သွားပြီး အခွန်ဆောင်လို့ ရမယ်။ ကျန်တဲ့လူတွေ အားလုံး လက်နက်ချပြီး သတ်မှတ်ထားတဲ့ နေရာမှာ နေရမယ်။ တစ်လှမ်းမှ ထွက်ခွင့် မရှိဘူး။” မြင်းစီး တပ်မှူး တစ်ဦးက အေးစက်စက်ဖြင့် ပြောလိုက်သည်။

ချက်ချင်းပဲ ယွင်ကျုံးဟဲ့ ခေါ်ဆောင်လာသော ဟေးပင်းထိုင် စစ်သည် ရာချီ အားလုံး လက်နက်ချလိုက်ရပြီး ခြံဝင်းတစ်ခု အတွင်း၌ နေထိုင်ရကာ တစ်လှမ်းမျှပင် ထွက်ခွင့် မရှိတော့ချေ။

“ဒီလက်နက်တွေကို ကျုပ်တို့ သိမ်းဆည်းပေးထားမယ်။ ခင်ဗျားတို့ အခွန်ဆောင်ပြီးလို့ ထွက်ခွာသွားတဲ့ အချိန်ကျရင် ပြန်ပေးမယ်။”

ရိုလန်မြို့သို့ ဝင်ရောက်လာသော ကုန်သည်အဖွဲ့ အားလုံးသည် မဖြစ်မနေ လက်နက်ချရမှာ ဖြစ်သည်။ မချဘဲလည်း မနေနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မြို့တွင်း၌ ကျင်းကျုံးယွဲ့၏ တပ်တော် သောင်းချီ ရှိနေသောကြောင့် ဖြစ်သည်။

“ကျုပ်နောက်လိုက်ခဲ့။” ထိုရိုလန်မြို့မှ တပ်မှူးက ပြောလိုက်၏။

ထို့နောက် ယွင်ကျုံးဟဲ့သည် သူ၏ နောက်သို့ လိုက်ပါကာ ရိုလန်မြို့၏ အလယ်ဗဟိုသို့ ဦးတည် သွားတော့သည်။

ဆိုင်းဘုတ်ပေါ်တွင် ဘုရင်မ အိမ်တော်ဟု ရေးသားထား၏။ ‘ကျင်းကျုံးယွဲ့က ကိုယ့်ကိုယ်ကိုယ် ဘုရင်မ အဖြစ် ကြေညာလိုက်ပြီလား။ ဒီလောက်တောင် ဩဇာအာဏာ ရှိနေတာလား။’

ထို့အပြင် ဤ ဘုရင်မ အိမ်တော်သည် မကြာသေးမီကမှ ချဲ့ထွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အမှန်တကယ်ပင် ခမ်းနားကြီးကျယ်လှကာ ယခင် လေခွင်းမြို့စား အိမ်တော်ထက် အများကြီး ပို၍ ဩဇာရှိသည်။

ဤအရွယ်အစားမှာ တောင်ပိုင်းကျိုးအင်ပါယာ၏ ချင်ဝမ်အိမ်တော်များအောက် လုံးဝ မယုတ်လျော့ဘဲ အိမ်တော် အတွင်းအပြင် နေရာအနှံ့အပြားတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များ ရှိနေပြီး လူတစ်သောင်းခန့် ရှိပေလိမ့်မည်။

ထို့အပြင် အိမ်တော်ကို စောင့်ကြပ်နေသော စစ်တပ်မှာ မြင်းစီးဓားပြများနှင့် လုံးဝ မတူညီဘဲ သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားပြီး အလွန်ကျွမ်းကျင်သော စစ်သည်များ ဖြစ်ကြသည်။

ဤအပြင်အဆင်မှာ ယခင် လေခွင်းမြို့ထက် အများကြီး ပိုမိုကြီးမားပြီး တကယ့်ကို ဘုရင်မ တစ်ပါးနှင့် တူနေသည်။ အိမ်တော် အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ ခြံဝင်းကြီး တစ်ခုရှိပြီး အတွင်း၌ လူရာချီ တန်းစီနေကြ၏။

“ဒီမှာ တန်းစီနေလိုက်။ ခဏနေ နာမည်ခေါ်ရင် ခင်ဗျား အထဲဝင်သွားလိုက်။ ခင်ဗျားရဲ့ကုန်သည်အဖွဲ့က အရွယ်အစား မသေးဘူးဆိုတော့ ကံကောင်းရင် လက်ဝဲ ဝန်ကြီးချုပ်က ခင်ဗျားကို တွေ့လိမ့်မယ်။” ထိုတပ်မှူးက ပြောလိုက်သည်။

‘လက်ဝဲ ဝန်ကြီးချုပ် ဟုတ်လား။’

ယွင်ကျုံးဟဲ့သည် ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်၏။ “အမတ်မင်း... ကျေးဇူးပြုပြီး အထဲဝင်ပြီး သတင်းပို့ပေးပါ။ အောက်ရှင်းရဲ့သား အောက်ယွီ ဘုရင်မကို လာရောက် ဖူးမြော်ပါတယ်လို့။”

...................

“အောက်ရှင်းရဲ့သား ဟုတ်လား။”

ထိုတပ်မှူး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး မေးလိုက်သည်။ “ခင်ဗျားက ကုန်သည်အဖွဲ့ မဟုတ်ဘူးလား။ တောင်ပိုင်းကျိုးအင်ပါယာက လာတဲ့ ကိုယ်စားလှယ် အဖွဲ့လား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်။”

ထိုတပ်မှူးက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ဒါဆို တောင်ပိုင်းကျိုးအင်ပါယာက လာတဲ့ ကိုယ်စားလှယ် အဖွဲ့တွေ အားလုံး အသတ်ခံခဲ့ရတယ် ဆိုတာ ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သိပါတယ်။”

ထိုတပ်မှူးက ဆက်ပြောလိုက်သည်။ “ဒါဆို ဘုရင်မက ပြောထားတယ်။ နောက်ပိုင်း တောင်ပိုင်းကျိုး အင်ပါယာက ကိုယ်စားလှယ် အဖွဲ့တွေကို တွေ့တာနဲ့ ဘာမှမေးစရာ မလိုဘဲ အားလုံးကို တိုက်ရိုက် သတ်ပစ်ရမယ် ဆိုတာကိုကော ခင်ဗျား သိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အဲဒါကိုတော့ တကယ် မသိခဲ့ပါဘူး။”

ထိုတပ်မှူးသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဓားကို တိုက်ရိုက် ဆွဲထုတ်ကာ အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။ “အဲဒါဆိုရင်တော့ တောင်းပန်ပါတယ်။ ခင်ဗျားကိုယ်တိုင် သေလမ်းလာရှာတာပဲ။”

ထို့နောက် သူသည် ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့ကို တိုက်ရိုက် သတ်ဖြတ်ရန် ပြင်လိုက်တော့၏။

ယွင်ကျုံးဟဲ့က အလျင်အမြန် ပြောလိုက်သည်။ “ခင်ဗျားတို့ ဘုရင်မက သူ့ရဲ့ ညီမအရင်းကို လိုက်ရှာနေတာ မဟုတ်လား။”

ထိုတပ်မှူးက အံ့ဩသွားပြီး မေးလိုက်၏။ “ဟုတ်တယ်ဆိုရင်ကော ဘာဖြစ်လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ဆီမှာ ဘုရင်မရဲ့ ညီမ ရှိတဲ့နေရာ သတင်းအချက်အလက် ရှိတယ်။ ချက်ချင်း သွားပြီး သတင်းပို့ပေးပါ။”

ထိုတပ်မှူးသည် ခေတ္တ တွေဝေသွားပြီးနောက် ပြောလိုက်၏။ “ခင်ဗျား ဒီမှာ စောင့်နေ။”

ထို့နောက် တပ်မှူးသည် ယွင်ကျုံးဟဲ့ကို လူသူကင်းမဲ့သော အခန်း တစ်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် စောင့်ဆိုင်းစေခဲ့သည်။

ခဏအကြာတွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာတော့၏။ “အမတ်မင်းလန်... အဲဒီလူက အခန်းထဲမှာ ရှိပါတယ်။ သူက ဘုရင်မရဲ့ ညီမ ရှိတဲ့ နေရာကို သိတယ်လို့ ပြောပါတယ်။”

‘အမတ်မင်းလန် ဟုတ်လား။ လန်ပိ များလား။’

ခဏအကြာတွင် အခန်းတံခါး ပွင့်သွားပြီး အေးစက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦး ဝင်ရောက်လာရာ လန်ပိ မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

ယခင် လေခွင်းမြို့၏ အမျိုးသမီး လျှို့ဝှက်သူလျှို ခေါင်းဆောင်ပင် ဖြစ်သည်။ သူတို့ မတွေ့ခဲ့ရသည်မှာ နှစ်နှစ်နီးပါးလောက် ရှိသွားပြီဖြစ်၏။

‘အစ်မ လန်ပိက အရင်အတိုင်း လှပနေသေးတာပဲ။ အရင်ကလောက် မပြည့်တော့ဘဲ နည်းနည်း ပိန်သွားတယ်။ မျက်နှာကလည်း နည်းနည်း ပိုပြီး ရင့်ကျက်သွားတဲ့ ပုံစံပေါက်ပေမယ့် ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိလာသေးတယ်။’

“ရှင်က အောက်ယွီ လား။” လန်ပိက မေးလိုက်သည်။

“ဟုတ်ပါတယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

သေချာသည်မှာ လန်ပိသည် မျက်စိရှေ့ရှိ အောက်ယွီသည် ယွင်ကျုံးဟဲ့ ဖြစ်ကြောင်းကို လုံးဝ မသိရှိချေ။ သူတို့နှစ်ဦးမှာ အလွန် ရင်းနှီးကျွမ်းဝင်ခဲ့ကြသော်လည်း မည်သည့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှ မရှိခဲ့သလို နက်ရှိုင်းသော သံယောဇဉ်မျိုးလည်း မရှိခဲ့ချေ။

ယခုအခါ အောက်ယွီ၏ ရုပ်ရည်သွင်ပြင်နှင့် အသံတို့မှာ လုံးဝ ပြောင်းလဲနေပြီဖြစ်ရာ လန်ပိ အနေဖြင့် သေချာပေါက် မှတ်မိနိုင်မည် မဟုတ်ပေ။

“ကျွန်မနောက် လိုက်ခဲ့။” လန်ပိက ပြောလိုက်၏။

ထို့နောက် ယွင်ကျုံးဟဲ့ သည် သူမ၏ နောက်သို့ လိုက်ပါသွားတော့သည်။

ဘုရင်မ အိမ်တော်သည် အမှန်တကယ် ကြီးမားလှပြီး အတွင်းသို့ ဆက်လက် ဝင်ရောက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် လူများ တစ်စထက်တစ်စ ပိုမို နည်းပါးလာပြီး ယခင်ကကဲ့သို့ စည်ကားမနေတော့ဘဲ အားလုံး အမျိုးသမီးများသာ ဖြစ်နေတော့၏။

အရေးအကြီးဆုံးမှာ သိုင်းပညာရှင်များ တစ်စထက်တစ်စ ပိုမို များပြားလာခြင်းပင် ဖြစ်သည်။ အခြေအနေမှာ အလွန်ပင် ထူးဆန်းနေတော့သည်။ ယခင်က ကျင်းကျုံးယွဲ့၏ အနီးအပါးတွင် ဤမျှများပြားသော သိုင်းပညာရှင်များ ရှိမနေခဲ့ဖူးချေ။ အထူးသဖြင့် အမျိုးသမီး သိုင်းပညာရှင်များ ဤမျှအထိ ရှိနေခြင်းမှာ ပို၍ပင် ထူးခြားလို့နေသည်။

ဘုရင်မ အိမ်တော်၏ အချက်အချာ အကျဆုံး နေရာသို့ ရောက်ရှိလာချိန်မှာတော့ အခန်းတံခါးများကို တင်းကျပ်စွာ ပိတ်ထားသည်။ အတွင်းမှ ကလေးငယ်များ၏ အသံများ ထွက်ပေါ်လာပြီး နှစ်ယောက်ပင် ရှိနေ၏။

ယွင်ကျုံးဟဲ့၏ နှလုံးသား ရုတ်တရက် ခုန်ပေါက်သွားတော့သည်။ ‘ဒါ... ဒါက ကျုပ်ရဲ့ကလေးလေးတွေလား။ ကျင်းကျုံးယွဲ့ မွေးဖွားပေးခဲ့တဲ့ အမွှာကလေးတွေလား။ အခုဆိုရင် ခုနစ်လလောက် ရှိနေလောက်ပြီပေါ့။’

ခုနစ်လအရွယ် ကလေးငယ်များမှာ အလွန်ပင် ချစ်စရာကောင်းသော အရွယ်ဖြစ်သည်။ သွားကလေးများ စတင် ပေါက်လာသည့်အပြင် စကားလုံးများကိုလည်း အသံထွက်ရန် စတင်ကြိုးစားနေသည့် အရွယ်လည်း ဖြစ်၏။

ယွင်ကျုံးဟဲ့၏ နှလုံးသားမှာ ချက်ချင်းပဲ နူးညံ့သွားပြီး ဝိညာဉ်ပါ လွင့်စဉ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူ့တွင် ဤကလေး နှစ်ယောက်တည်း ရှိသည် မဟုတ်ဘဲ တာယင်အင်ပါယာတွင်လည်း နောက်ထပ်ကလေး တစ်ယောက် ရှိနေသေးကြောင်း သတိရသွားမိသည်။

ရွှီအန်းထျင် မွေးဖွားပေးခဲ့သော ကလေးမှာ အခုဆိုလျှင် နှစ်နှစ်နီးပါးခန့် ရှိနေလောက်ပြီ ဖြစ်သည်။ ဤကမ္ဘာလောကသို့ ရောက်ရှိလာပြီးနောက် သူ ယွင်ကျုံးဟဲ့သည် တာဝန်မကျေသော ဖခင် တစ်ဦး ဖြစ်ရုံသာမက ဖခင် တစ်ဦး၏ တာဝန်ကို တစ်ရက်လေးမျှပင် မထမ်းဆောင်ခဲ့ဖူးချေ။

အမှန်တကယ်၌ ကမ္ဘာမြေပေါ်တွင် ရှိနေစဉ်က ယွင်ကျုံးဟဲ့သည် ကလေးယူရမည်ကို အလွန်ကြောက်ရွံ့ ခဲ့သောကြောင့် အိမ်ထောင်ပြုရန်လည်း ငြင်းဆန်ခဲ့သည်။

သို့ပေမည့် ယခုအခါ ကလေး နှစ်ယောက်၏ အသံကို ကြားလိုက်ရချိန်မှာတော့ နှလုံးသားများ အရည်ပျော်သွား သကဲ့သို့ ခံစားလိုက်ရသည်။ ဤကလေး နှစ်ယောက်၏ မျက်နှာလေးများကိုလည်း အရမ်း မြင်ချင်စိတ် ပေါက်လို့နေ၏။

“သခင်မ... တောင်ပိုင်းကျိုးအင်ပါယာက ကိုယ်စားလှယ်အမတ် အောက်ယွီ ရောက်လာပါပြီ။” လန်ပိက ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အမတ်မင်းလန်ကတစ်ဆင့် ဘုရင်မကို ပြောပြပေးပါ။ သူမ ညီမရဲ့ နေရာ သတင်းအချက်အလက်ကို သူမ တစ်ယောက်တည်းကိုပဲ ပြောပြပါ့မယ်လို့။”

လန်ပိက ပြန်ပြောလိုက်သည်။ “သိပြီ။”

ခဏအကြာတွင် အခန်းတွင်း၌ အခြား ခြေသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ထိုကလေး နှစ်ယောက်ကို ပွေ့ချီသွားကြောင်း ထင်ရှားလို့နေ၏။

‘ကလေးတွေကို ဘာလို့ ပွေ့ချီသွားရတာလဲ။ သားအဖ အဖြစ် အသိအမှတ် မပြုနိုင်ရင်တောင်မှ တစ်ချက်လေးလောက် ကြည့်ခွင့်ရရင် ကောင်းမှာပဲ။’

အခန်းတံခါး ပွင့်သွားပြီး လန်ပိက ပြောလိုက်သည်။ “ဝင်သွားလိုက်။ အထဲမှာ ဘုရင်မ တစ်ယောက်တည်းပဲ ရှိတော့တယ်။”

ယွင်ကျုံးဟဲ့ ဝင်ရောက်သွားပြီးနောက် လန်ပိသည် အခန်းတံခါးကို ပိတ်ကာ ထွက်ခွာသွားတော့၏။

ဤသည်မှာ ဘုရင်မ၏ နန်းဆောင်ဖြစ်ပြီး ဂုဏ်သိက္ခာနှင့် ဩဇာတိက္ကမများ ပြည့်နှက်နေသည်။

လှေကားထစ် ဆယ်ထစ်ကျော် အထက်တွင် ဘုရင်မထိုင်ခုံ တစ်ခုရှိပြီး အမှန်တကယ်ပင် ရွှေစင်ဖြင့် ပြုလုပ်ထားကာ ဘုရင်မ ထိုင်ခုံပေါ်တွင် အမျိုးသမီး တစ်ဦး ထိုင်နေ၏။

သို့ပေမည့် ယွင်ကျုံးဟဲ့သည် တိုက်ရိုက် မမြင်တွေ့ရဘဲ မျက်နှာပြင် ကာရံထားသော အကာကွယ် နောက်ကွယ်မှ အရိပ်အယောင်ကိုသာ ဝေဝါးဝါး မြင်တွေ့ရသည်။

ကျင်းကျုံးယွဲ့သည် ယခင်ကလောက် မပိန်တော့ဘဲ အနည်းငယ် ပြည့်ဖြိုးလာပုံ ရသည်။ ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကလေးမွေးဖွားပြီးသား ဖြစ်သောကြောင့်ပင်။

သို့ပေမည့် အနည်းငယ် ပြည့်ဖြိုးလာသော ကျင်းကျုံးယွဲ့သည် ပို၍ ဆွဲဆောင်မှု ရှိပြီး လှပလာမည်မှာ သေချာသည်။

..............

All Chapters