အခန်း ၄၄၂
Vol. 38 Ch. 442
အပိုင်း (၄၄၂)
“ပြော...” ကျင်းကျုံးယွဲ့က ပြောလိုက်ပြီး အသံမှာလည်း ယခင်ကအတိုင်း အေးစက်နေဆဲ ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဘုရင်မရဲ့ ညီမဟာ ပိုင်ယင်မြို့မှာ ရှိနေသေးပြီး လျှို့ဝှက်တာဝန် တစ်ခုကို ထမ်းဆောင်နေပုံ ရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က တောင်ပိုင်းကျိုးအင်ပါယာ တောင်ပိုင်းက တောင်ကြားတစ်ခုမှာ ကျုပ် သူနဲ့ တွေ့ခဲ့ပါသေးတယ်။ အဲဒီတုန်းက သူ ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။”
“အင်း...”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ပြောလို့ ပြီးပြီလား။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဘုရင်မ... ကျုပ် တောင်ပိုင်းကျိုးအင်ပါယာရဲ့ အမိန့်တော်ကို ယူဆောင်လာခဲ့ပြီး ဘုရင်မနဲ့ ပစ္စည်းတစ်ခု လဲလှယ်ချင်ပါတယ်။”
ပြောဆိုပြီးနောက် ယွင်ကျုံးဟဲ့သည် နားစွင့်ကာ ကျင်းကျုံးယွဲ့၏ တုံ့ပြန်မှုကို အာရုံစိုက်နေမိသည်။ သူ၏ အသံနှင့် လေယူလေသိမ်းများ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ကျင်းကျုံးယွဲ့က သူ့ကို မှတ်မိနိုင်မည်လား ဆိုသည်ကို သူ သိလိုသေး၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ပြော...”
သူမ၏ အသံမှာ အေးစက်နေဆဲဖြစ်ပြီး မည်သည့် ထူးခြားသော ခံစားချက်မှ မပါဝင်ပုံ ရသည်။
ယွင်ကျုံးဟဲ့သည် လေကို အကြိမ်ကြိမ် ရှူသွင်းကာ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီးနောက် အမိန့်တော်ကို ထုတ်ယူကာ ပြောလိုက်၏။ “ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်သည်။ ကျင်းကျုံးယွဲ့အား တောင်ပိုင်းကျိုး၏ ကျိန့်ရှီးချင်ဝမ်အဖြစ် ခန့်အပ်လိုက်သည်။ အမိန့်တော်ကို ခံယူပါ။”
ကျင်းကျုံးယွဲ့ သည် ဒူးထောက်ကာ အမိန့်တော်ကို ခံယူမည့် အရိပ်အယောင် လုံးဝ မပြသဘဲ ဤအမိန့်တော်ကို လုံးဝ လျစ်လျူရှုထားသည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ကျုပ်က ဒီအမိန့်တော်နဲ့ နတ်ဆေး နည်းနည်းလောက်ကို လဲလှယ်ချင်ပါတယ်။ ဘုရင်မရဲ့ ခင်ပွန်း ယွင်ကျုံးဟဲ့ တီထွင်ခဲ့တဲ့ နတ်ဆေး၊ အဆုတ်နာရောဂါကို ကုသနိုင်တဲ့ နတ်ဆေးပါ။ ဘုရင်မဆီမှာ နည်းနည်းကျန်သေးတယ်လို့ ကြားပါတယ်။ ဟုတ်ပါသလား။”
“ဟုတ်တယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ဒါပေမဲ့ ကျွန်မက ဘာလို့ ရှင့်ကို ပေးရမှာလဲ။ ပြီးတော့ ဒီအမိန့်တော်ကို ကျွန်မက ဘာလို့ လက်ခံရမှာလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘုရင်မ... ကျုပ်ရဲ့ ရင်တွင်းဖြစ် စကားတွေကို နားထောင်ချင်ပါသလား။”
“ပြော...”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တာ့ရှီး အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက ဘုရင်မကို လက်ထပ်ချင်နေတယ် ဆိုတာ ကျုပ် သိပါတယ်။ တာ့ရှီး ဧကရာဇ်ကလည်း ဘုရင်မကို ရိုလန် ဘုရင်မအဖြစ် ခန့်အပ်မယ်ဆိုတာ သိပါတယ်။
တာယင်အင်ပါယာကလည်း ဘုရင်မကို ခန့်အပ်ချင်နေသလို မြောက်ဘက်က တာ့ရှ အင်ပါယာကြီးကလည်း ဘုရင်မကို ခန့်အပ်ချင်နေပါတယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာလည်း ခြွင်းချက် မဟုတ်ပါဘူး။ ဘုရင်မ အနေနဲ့ အားလုံးကို လက်ခံလိုက်တာ ပိုကောင်းပါတယ်။”
ကျင်းကျုံးယွဲ့က မေးလိုက်၏။ “ရှင်က ကျွန်မကို နိုင်ငံလေးခုရဲ့ အမတ် ဖြစ်ခိုင်းနေတာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “နိုင်ငံလေးခုရဲ့ ဘုရင် ဖြစ်လာမှာပါ။ အဲဒီလိုဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဘုရင်မရဲ့ ဘုရင် ရာထူးဟာ လောကက လူတိုင်းရဲ့ စိတ်ထဲမှာ စွဲမြဲသွားမှာပါ။ အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဘုရင်မအဖြစ် ကြေညာထားတာနဲ့ မတူတော့ဘူးပေါ့။
ကိုယ်တိုင် ကြေညာထားတဲ့ ဘုရင် ရာထူးဟာ ဩဇာတိက္ကမ မရှိပါဘူး။ အန္တရာယ် ကြုံလာတဲ့အခါ ဒီလို ဘုရင် ရာထူးမျိုးက လူတွေကို မစည်းရုံးနိုင်ပါဘူး။ ဘုရင်မမှာ မြင်းစီး ဓားပြ တပ်တော်ကြီး သိန်းချီ ရှိပေမယ့် အများစုက ခင်ဗျားရဲ့ကိုယ်ပိုင် တပ်တွေ မဟုတ်ပါဘူး။ တကယ်တမ်း ခင်ဗျားရဲ့ ကိုယ်ပိုင်တပ်တွေဆိုတာ နှစ်သောင်းတောင် မပြည့်လောက်ပါဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရှင်ပြောတာ အရမ်း အဓိပ္ပာယ် ရှိပါတယ်။”
ထို့နောက် လူနှစ်ဦး၏ စကားပြောဆိုမှု ရပ်တန့်သွားပြီး ကျင်းကျုံးယွဲ့သည်လည်း ယွင်ကျုံးဟဲ့ကို လုံးဝ မမှတ်မိသည့် ပုံစံမျိုး ဖြစ်နေ၏။
ယွင်ကျုံးဟဲ့သည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို မမြင်ရသော်လည်း အနည်းငယ် ပြောင်းလဲသွားသော ရင်းနှီးသည့် ကိုယ်သင်းရနံ့လေးကတော့ အမြဲတမ်း စွဲမြဲနေဆဲ ဖြစ်၏။ ထို့အပြင် စကားပြောသည့် လေယူလေသိမ်းမှာလည်း အရင်ကအတိုင်း လုံးဝ မပြောင်းလဲသေးချေ။
စက္ကန့်သုံးဆယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ကျင်းကျုံးယွဲ့က တိုက်ရိုက် အမိန့်ပေးလိုက်၏။ “လာကြစမ်း... သူ့ကို ဖမ်းထားလိုက်။”
‘ဒီအမျိုးသမီးက တကယ်ကို မျက်နှာပြောင်တိုက်တာ မြန်လွန်းတယ်။ ခုနကတောင် ကောင်းကောင်းမွန်မွန် စကားပြောနေတာကို အခု ချက်ချင်း လူဖမ်းခိုင်းနေပြီ။’
ထို့နောက် အခန်းတံခါး ပွင့်လာပြီး အမျိုးသမီး သိုင်းပညာရှင် နှစ်ဦး ပြေးဝင်လာကာ ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဖမ်းဆီးလိုက်ကြတော့သည်။
သုံးမိနစ်ခန့် အကြာတွင် ယွင်ကျုံးဟဲ့သည် အကျဉ်းထောင် အတွင်းသို့ ရောက်ရှိသွားတော့၏။
နောက်ဆက်တွဲ အနေဖြင့် တစ်နေ့ သုံးကြိမ် ထမင်းလာပို့သူမှလွဲ၍ မည်သူမှ သူနှင့် စကားတစ်ခွန်းမှ မပြောဆိုကြချေ။
“ကျုပ် ခင်ဗျားတို့ ဘုရင်မနဲ့ တွေ့ချင်တယ်။”
“ကျုပ်ဆီမှာ သူ့ကို ပြောပြစရာ နောက်ထပ် လျှို့ဝှက်ချက် တစ်ခု ရှိသေးတယ်။”
“ကျုပ် ခင်ဗျားတို့ ဘုရင်မကို အဖိုးတန် ရတနာ တစ်ခု ဆက်သချင်တယ်။ ဒီရတနာက ခင်ဗျားတို့အတွက် အရမ်း အရေးကြီးတယ်။ ခင်ဗျားတို့ကို ပိုပြီး အင်အားကြီးလာစေနိုင်သလို စစ်ပွဲရဲ့ ရလဒ်ကိုတောင် ပြောင်းလဲနိုင်တယ်။”
သို့ပေမည့် ထမင်းလာပို့သူမှာ နားပင်းနေသူ တစ်ဦးကဲ့သို့ လုံးဝ ဂရုမစိုက်ချေ။ ကျင်းကျုံးယွဲ့ကို မပြောနှင့်၊ လန်ပိကိုပင် တစ်ကြိမ်မှ မမြင်တွေ့ရတော့ဘဲ မည်သူကမှ ယွင်ကျုံးဟဲ့ကို ဂရုမစိုက်ကြတော့ချေ။
နှစ်ရက်အကြာတွင် အကျဉ်းထောင် တံခါး ပွင့်လာတော့သည်။ အမျိုးသမီး သိုင်းပညာရှင် နှစ်ဦး ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ ဘုရင်မ နန်းဆောင်သို့ နောက်တစ်ကြိမ် ခေါ်ဆောင် သွားကြတော့၏။
ကျင်းကျုံးယွဲ့သည် ဘုရင်မ ထိုင်ခုံ ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး အရှေ့တွင်လည်း အကာအကွယ် ရှိနေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဘုရင်မ... ခင်ဗျားရဲ့ ရိုလန်မြို့မှာ ကြီးမားတဲ့ကိစ္စကြီး တစ်ခု ဖြစ်ပျက်တော့မှာ သေချာတယ်။ ဒီနေ့ အပြင်က ဆူညံသံတွေ သိသိသာသာ လျော့နည်းသွားတယ်။”
ကျင်းကျုံးယွဲ့က အသံမထွက်ချေ။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဘုရင်မ... ကျုပ်ဆီမှာ ခင်ဗျားကို ဆက်သစရာ အဖိုးတန် ရတနာ တစ်ခု ရှိပါတယ်။ ဒီရတနာဟာ ခင်ဗျားရဲ့ နယ်မြေထဲမှာ ရှိနေပြီး တိုင်းပြည်တစ်ပြည်စာ တန်ဖိုးရှိပါတယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အောက်ယွီ... ကျွန်မ ရှင့်ကို မဖြစ်မနေ သတ်ရလိမ့်မယ်။”
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွား၏။
ကျင်းကျုံးယွဲ့က ဆက်ပြောလိုက်သည်။ “ရှင် မလာခင်တည်းက တစ်ယောက်ယောက်က ကျွန်မနဲ့ အပေးအယူ လာလုပ်ထားတယ်။ ကျွန်မလက်ကို ငှားပြီး ရှင့်ကို သတ်ဖို့လေ။ သေချာပေါက် သူတို့ ပေးတဲ့ ဈေးကို ကျွန်မ သဘောမကျဘူး။
ငွေကြေးနဲ့ အကျိုးအမြတ် မလုံလောက်လို့ မဟုတ်ဘူး။ သူတို့ ပေးတဲ့အရာတွေက ကျွန်မ လိုချင်တဲ့ အရာတွေ မဟုတ်လို့ပဲ။ ဒါပေမဲ့ အခုတော့ သူတို့က ကျွန်မ လိုချင်တဲ့ အရာတွေကို ပေးလာပြီဆိုတော့ ရှင့်ရဲ့ အသက်၊ ရှင့်ရဲ့ ခေါင်းနဲ့ လဲလှယ်လိုက်ပြီ။”
ယွင်ကျုံးဟဲ့၏ မျက်နှာ တုန်ယင်သွားသည်။ သူ ထင်မှတ်ထားသည့်အတိုင်း သူတစ်ပါး ဓားငှားပြီး လူသတ်သည့် အကြံအစည်ပင် ဖြစ်၏။
“ရှင့်မှာ ဘာမှာစရာ စကားကျန်သေးလဲ။” ကျင်းကျုံးယွဲ့က မေးလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူသည် အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “မှာစရာ စကား... ကျုပ်မှာ ဘာမှာစရာ စကားမှ မရှိပါဘူး။”
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အဲဒါဆိုလည်း ပြီးတာပဲ။ လာကြစမ်း... အောက်ယွီကို ခေါ်သွားပြီး ခေါင်းဖြတ်လိုက်။ တောင်ပိုင်းကျိုးအင်ပါယာက ကိုယ်စားလှယ် အဖွဲ့ဝင် အားလုံးကို သတ်ပစ်ပြီး သူတို့ရဲ့ ခေါင်းတွေကို တောင်ပိုင်းကျိုးအင်ပါယာဆီ ပြန်ပို့လိုက်။”
“အမိန့်တော်အတိုင်းပါ။”
အခန်းတံခါး ပွင့်လာပြီး အမျိုးသမီး သိုင်းပညာရှင် တစ်စု ဝင်ရောက်လာကာ ယွင်ကျုံးဟဲ့ကို ခေါင်းဖြတ်ရန် ချက်ချင်း ဆွဲထုတ်သွားကြတော့၏။
ဤအချိန်တွင် ယွင်ကျုံးဟဲ့က ရုတ်တရက် ပြောလိုက်သည်။ “ခင်ဗျားက ကျင်းကျုံးယွဲ့ လုံးဝ မဟုတ်ဘူး။ ခင်ဗျားက မင်းသမီး ဝူရွှမ်းပဲ။ ခင်ဗျားက ကျင်းကျုံးယွဲ့ရဲ့ ညီမပဲ။ ခင်ဗျားက လွန်ခဲ့တဲ့ လအနည်းငယ်က တောင်ကြားထဲမှာ ကျုပ်ကို လုပ်ကြံခဲ့တဲ့ အမျိုးသမီးပဲ။”
နန်းဆောင် အတွင်း၌ တိတ်ဆိတ်သွားတော့၏။
ခဏအကြာတွင် နန်းဆောင်ပေါ်ရှိ ဘုရင်မ ထိုင်ခုံပေါ်မှ ဘုရင်မသည် ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ အရှေ့ရှိ အကာအကွယ် လွင့်ထွက်သွားပြီး ဘုရင်မ၏ မျက်နှာ အစစ်အမှန်ကို မြင်တွေ့လိုက်ရတော့သည်။
‘ကျင်းကျုံးယွဲ့ လား။ မင်းသမီး ဝူရွှမ်း လား။’
ယွင်ကျုံးဟဲ့ ခေတ္တခဏ ဝေခွဲမရ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် အရင်ကနှင့် မတူညီတော့သောကြောင့် ဖြစ်၏။
ပထမဆုံး အနေဖြင့် သူမသည် မင်းသမီး ဝူရွှမ်းထက် ပိုမို ပြည့်ဖြိုးလာပြီး ယခင်က မြင်တွေ့ခဲ့ရသော မင်းသမီး ဝူရွှမ်းနှင့် အပြည့်အဝ မတူညီတော့ချေ။ အမှန်တကယ်ပင် လှပလွန်းပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိလေသည်။
ထို့အပြင် သူမ၏ အကြည့်များလည်း ပြောင်းလဲသွားပြီး ကျင်းကျုံးယွဲ့၏ အထီးကျန်ဆန်မှုမျိုးနှင့် အလွန် ဆင်တူနေသည်။ ထိုမျှသာမက သူမ၏ ကိုယ်သင်းရနံ့မှာလည်း ကျင်းကျုံးယွဲ့နှင့် အလွန် ဆင်တူပြီး မင်းသမီး ဝူရွှမ်း၏ ကိုယ်သင်းရနံ့ မဟုတ်တော့ချေ။
မင်းသမီး ဝူရွှမ်းနှင့် ကျင်းကျုံးယွဲ့ တို့မှာ အလွန် ဆင်တူကြသော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် ဤအမျိုးသမီးသည် ကျင်းကျုံးယွဲ့နှင့် ပိုမို ဆင်တူနေ၏။ သို့ပေမည့် ခဏအကြာတွင် ယွင်ကျုံးဟဲ့က သူမသည် မင်းသမီး ဝူရွှမ်း ဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။
အကြောင်းရင်း နှစ်ခု ရှိသည်။ ပထမအချက်မှာ အငွေ့အသက်ပင် ဖြစ်၏။
ဤအမျိုးသမီးသည် အရာရာတိုင်းတွင် ကျင်းကျုံးယွဲ့ကို အတုခိုးနေသော်လည်း စိတ်နှလုံး အတွင်းပိုင်းမှ ထွက်ပေါ်လာသော အထီးကျန်ဆန်မှုကို အတုခိုးရန်မှာ အလွန် ခက်ခဲလေ၏။ ထို့အပြင် သူမ၏ အငွေ့အသက်ထဲရှိ မောက်မာမှုများကိုလည်း ဖုံးကွယ်ထားရန် အလွန် ခက်ခဲလေသည်။
ထို့အပြင် မင်းသမီး ဝူရွှမ်း၏ မျက်လုံးသူငယ်အိမ်များသည် အလွန် သိမ်မွေ့သော အသေးစိတ် အချက်များ ဖြစ်သော်လည်း အလွန် ထူးခြားလို့နေ၏။
နောက်ထပ် အချက်တစ်ချက် ရှိသေး၏။ ကျင်းကျုံးယွဲ့သည် အလွန် အကဲဆတ်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမသည် အလွန် အထီးကျန်ဆန်လွန်းသောကြောင့် သူမ၏ ကမ္ဘာထဲတွင် လူအနည်းငယ်သာ ရှိသည်။
ကျင်းကျုံးယွဲ့၏ ကမ္ဘာထဲတွင် ယွင်ကျုံးဟဲ့သည် လုံးဝ အစားထိုး၍ မရနိုင်သော သူတစ်ဦး ဖြစ်သည်။ ယွင်ကျုံးဟဲ့ သည် စကားပြောဆိုသည့် လေယူလေသိမ်းများ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်နှင့် ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားသော်လည်း ကျင်းကျုံးယွဲ့ အနေဖြင့် သေချာပေါက် မှတ်မိနိုင်မှာ ဖြစ်သည်။ သို့ပေမည့် အစမှအဆုံး သူမသည် အောက်ယွီကို လုံးဝ မမှတ်မိခဲ့ချေ။
မင်းသမီး ဝူရွှမ်းသည် ကျင်းကျုံးယွဲ့အပေါ် မည်သို့ ပြုမူလိုက်သနည်း။ ကျင်းကျုံးယွဲ့မှာ သူမ၏ အစ်မအရင်း ဖြစ်သည်။ မင်းသမီး ဝူရွှမ်းသည် သူမ၏နေရာကို အစားထိုးကာ ရိုလန်မြို့၏ အရှင်သခင်မ ဖြစ်လာရန် ကြံစည်နေခြင်းလား။
မူလကပင် ဝူရွှမ်းနှင့် ကျင်းကျုံးယွဲ့တို့မှာ ရုပ်ရည်ချင်း အနည်းငယ် ကွာခြားမှုရှိသော်လည်း ယခုမူ သူမသည် သူ့ကိုယ်သူ ပိုမိုပြည့်ဖြိုးလှပအောင် ပြုပြင်ပြီး အသံကိုပင် ပြောင်းလဲထားခဲ့သည်။
ဤသည်မှာ ကျင်းကျုံးယွဲ့နှင့် တစ်ပုံစံတည်းဖြစ်စေရန် ဖန်တီးထားခြင်းဖြစ်ရာ ကျင်းကျုံးယွဲ့၏ နေရာကို အစားထိုး၍ ရိုလန်မြို့၏ ဘုရင်မအဖြစ် စိုးစံရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
ကျင်းကျုံးယွဲ့သည် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်ပြီး အာဏာရည်မှန်းချက် ကင်းမဲ့သူတစ်ဦး ဖြစ်သော်လည်း မင်းသမီး ဝူရွှမ်းမှာမူ ထိုသို့ မဟုတ်ပေ။ စကားလှလှ ပြောရလျှင် သူမ၌ တာဝန်ဝတ္တရားများ ရှိနေခြင်းဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ဆိုရလျှင်မူ ရည်မှန်းချက် အလွန်ကြီးမားသူတစ်ဦး ဖြစ်သည်။
လန်ပိအနေဖြင့် မိမိရှေ့ရှိ ကျင်းကျုံးယွဲ့မှာ အတုအယောင်ဖြစ်နေသည်ကို သိရှိကြသလား။ လေခွင်းသခင်မ၊ ရှဲ့ရှန်းသခင်မနှင့် ကျင်းဝူပင်းတို့ကရော ဤအချက်ကို ရိပ်မိကြသလား။
မကြာသေးမီက ကျင်းကျုံးယွဲ့၏ မြင်းစီးဓားပြများ တာယင်အင်ပါယာကို ရူးရူးမူးမူး ဝင်ရောက် တိုက်ခိုက်နေကြသည်မှာ လူစားလဲ ခံလိုက်ရခြင်းကြောင့်ပင် ဖြစ်တော့သည်။
အရေးအကြီးဆုံးအချက်မှာ ကျင်းကျုံးယွဲ့ မည်သို့ ဖြစ်သွားသနည်း ဟူသည်ပင်။ သူမကို မင်းသမီး ဝူရွှမ်းက ဒုက္ခပေးလိုက်ပြီလား။ သူမ အသက်ရှင်သန်နေသေးသည်လား။
...............