← Chapters

အခန်း ၄၄၆

Vol. 38 Ch. 446

အခန်း ၄၄၆

Vol. 38 Ch. 446

အပိုင်း (၄၄၆)

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သန့်စင်သောကျောင်းတော်ကို ဖူးမြော်ပြီးနောက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့သူ တခြား ဘယ်သူ ရှိသေးလဲ။”

“တာ့ရှ အင်ပါယာရဲ့ တည်ထောင်သူ ဧကရာဇ်။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “သူ လား။”

“တာ့ယန် အင်ပါယာဟာ လောက တစ်ခုလုံးကို နှစ်ပေါင်း တစ်ထောင်ကျော် အုပ်ချုပ်ခဲ့တယ်။ ပျက်စီး သွားပြီးတဲ့နောက် နှစ်ရာချီကြာတဲ့အထိ လောကကြီး ပရမ်းပတာ ဖြစ်နေခဲ့တယ်။ ရှကျူးဟာ တာ့ယန် အင်ပါယာရဲ့ မျိုးဆက်ဖြစ်ပြီး ဘိုးဘေးတွေရဲ့ အောင်မြင်မှုတွေကို ပြန်လည် ရယူဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။

သူက နှစ်နှစ်ဆယ်လောက် အချိန်ယူပြီး သန့်စင်သောကျောင်းတော်ရဲ့ တည်နေရာကို ရှာဖွေခဲ့တယ်။ လောက အနှံ့ လှည့်လည်သွားလာပြီး မိုင်သိန်းချီ ခရီးနှင်ခဲ့ပေမယ့် သေခါနီး အချိန်ကျမှသာ သန့်စင်သောကျောင်းတော်ကို ရှာတွေ့ခဲ့တာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပြီးတော့ကော။”

“သန့်စင်သောကျောင်းတော်ထဲမှာ ငါးနှစ်လောက် ပညာသင်ပြီး လောကထဲ ပြန်ရောက်လာတဲ့အခါ ဆယ့်ငါးနှစ် အချိန်ယူပြီး တာ့ရှအင်ပါယာကို တည်ထောင်နိုင်ခဲ့တယ်။ သူက တာ့ယန် အင်ပါယာရဲ့ မျိုးဆက်ဖြစ်လို့ သူ့ရဲ့ တာ့ရှနိုင်ငံကို လောကရဲ့ တရားဝင် နိုင်ငံ၊ ကောင်းကင်ဘုံ နိုင်ငံလို့ သတ်မှတ်ကြတာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို သူ အင်ပါယာ တည်ထောင်တော့ ဘာလို့ တာ့ယန်လို့ မခေါ်ဘဲ တာ့ရှလို့ ခေါ်ရတာလဲ။”

“ဘာလို့လဲဆိုတော့ လောကတစ်ခုလုံးကို မပေါင်းစည်းနိုင်သေးလို့ တာ့ယန် အင်ပါယာလို့ ခေါ်ဖို့ အရည်အချင်း မမီသေးလို့ပဲ။ ရှကျူးက ကျိန်ဆိုခဲ့တယ်။ လောက တစ်ခုလုံးကို ပေါင်းစည်းနိုင်မှသာ သူ့ရဲ့ မူလ မျိုးရိုးကို ပြန်ယူပြီး တာ့ယန်လို့ နာမည်ပြောင်းမယ်တဲ့။”

ဤသမိုင်းကြောင်းကို ယွင်ကျုံးဟဲ့လည်း ကြားသိဖူးလေသည်။ ထို့ကြောင့်ပင် တာ့ရှအင်ပါယာသည် ယနေ့တိုင်အောင် လောက၏ တရားဝင် အချုပ်အခြာအာဏာ ပိုင်စိုးသော ကောင်းကင်ဘုံနိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဘာလို့ သူက လောက တစ်ခုလုံးကို ပေါင်းစည်းဖို့ မအောင်မြင်ခဲ့တာလဲ။”

“ဘာလို့လဲဆိုတော့ သူက သန့်စင်သောကျောင်းတော်ထဲကနေ စောစော ထွက်လာခဲ့လို့ပဲ။ ပညာသင်တာ မပြည့်စုံသေးလို့ပဲ။”

ယွင်ကျုံးဟဲ့က ဆက်မေးလိုက်၏။ “ဒီသန့်စင်သောကျောင်းတော်က နေရာ အတည်တကျ မရှိဘဲ လှည့်လည်နေတာလား။”

“ဟုတ်တယ်။ အဲတာက တကယ်တမ်း ဘယ်မှာ ရှိလဲဆိုတာ ဘယ်သူမှ မသိဘူး။ မရေမတွက်နိုင်တဲ့ လူတွေက သူ့ကို လိုက်ရှာကြတယ်။ ကမ္ဘာအနှံ့ သွားရှာကြပေမယ့် ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ တချို့လူတွေကျတော့ အမှတ်မထင် လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ တွေ့သွားတတ်ကြတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဲဒီလူက ဘယ်သူလဲ။”

“တာ့ရှ အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်၏။ “ဒါပေမဲ့... သူ ပုန်ကန်မှု လုပ်တာ ကျရှုံးသွားပြီး စစ်ရှုံးကာ သေဆုံးသွားခဲ့တယ်လေ။”

“ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါက ဘာဖြစ်လို့လဲ။”

“မသိဘူး။ ဒါပေမဲ့ သူ သေဆုံးရတဲ့ အကြောင်းရင်းကလည်း သန့်စင်သောကျောင်းတော်ကို တွေ့ခဲ့ရတယ် ဆိုတဲ့ ကောလာဟလတွေနဲ့ သက်ဆိုင်နေတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “ဒါဆို ဒါတွေ အားလုံးက တကယ့် သမိုင်းကြောင်းတွေလား၊ ဒါမှမဟုတ် ဒဏ္ဍာရီတွေလား။”

“ဒဏ္ဍာရီ သက်သက်ပါပဲ။ ဘာလို့လဲဆိုတော့ သန့်စင်သောကျောင်းတော်ထဲ ဝင်ဖူးတယ်လို့ ပြောတဲ့သူတွေ အားလုံး သေကုန်ကြပြီလေ။ ဘာမှတ်တမ်းမှလည်း မကျန်ခဲ့ဘူး။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ပိုင်ယင်မြို့ကရော။ သူတို့လည်း အရမ်း အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်လေ။”

“ပိုင်ယင်မြို့က တာ့ရှန်း အင်ပါယာရဲ့ မျိုးဆက်တွေပဲ။”

ယွင်ကျုံးဟဲ့ အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “အားလုံးကလား။”

“ဟုတ်တယ်။ တာ့ရှန်း အင်ပါယာ ပျက်စီးသွားပြီးနောက် အဓိက အင်အားစု တော်တော်များများက တိုင်းတစ်ပါးကို ထွက်ပြေးပြီး အခြေခံအင်အားတွေ တည်ဆောက်ခဲ့ကြတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဘာလို့ တာ့ရှန်း ပြည်ပြေး အင်ပါယာလို့ မခေါ်ဘဲ ပိုင်ယင်မြို့လို့ ခေါ်ရတာလဲ။”

“နုဧကရာဇ်ဟာ သန့်စင်သောကျောင်းတော်ကို ရောက်ဖူးတယ်လို့ ကောလာဟလ ရှိတယ်။ သန့်စင်သော ကျောင်းတော်ဟာ တိမ်ဖြူတွေ ကြားထဲမှာ ရှိပြီး တိမ်ဖြူမြို့တော်လို ဖြစ်နေတယ်တဲ့။ ဒါကြောင့် ဒီ ပြည်ပြေးတွေ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကို ပိုင်ယင်မြို့လို့ ခေါ်ကြတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “အဲဒီနေ့က နုဧကရာဇ် ဘာလို့ ရုတ်တရက် သေဆုံးသွားရတာလဲ။ တာ့ရှန်း အင်ပါယာက အရမ်းကို မြန်မြန်ဆန်ဆန် ကြီးပွားလာပြီး ဘာလို့ အရမ်းကို မြန်မြန်ဆန်ဆန် ပျက်စီးသွားရတာလဲ။”

“နုဧကရာဇ် ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ ဒါပေမဲ့ သူ သေသွားတာနဲ့ တာ့ရှန်း အင်ပါယာ ပျက်စီးသွားတာကတော့ သေချာပေါက် ဖြစ်လာမှာပါပဲ။ ဘာလို့လဲဆိုတော့ သူက အရှေ့တိုင်းရဲ့ တရားဝင် မျိုးဆက် မဟုတ်လို့ပါ။”

အရှေ့တိုင်း၏ တရားဝင်အမျိုးအနွယ်နှင့် ပတ်သက်သော ဤသမိုင်းကြောင်းကို ယွင်ကျုံးဟဲ့ ကောင်းစွာ သိရှိနားလည်ထားသည်။

ယခင်က တာ့ယန်အင်ပါယာသည် လောကတစ်ခုလုံးကို ပေါင်းစည်းအုပ်စိုးစဉ်က နယ်ပယ် အလွန် ကျယ်ဝန်းလှပြီး မိုင်ပေါင်းသောင်းချီ၍ အာဏာစက် ဖြန့်ကျက်နိုင်ခဲ့၏။

ယနေ့ခေတ် တာ့ရှအင်ပါယာ၊ မြောက်ဘက်လူရိုင်းဒေသ၊ တောင်ပိုင်းကျိုးအင်ပါယာ၊ တာယင်အင်ပါယာ၊ တောင်ပိုင်းနယ်မြေနှင့် ရှီးလျန်နိုင်ငံ၏ ထက်ဝက်ခန့်မှာ မူလက တာ့ယန်အင်ပါယာ၏ နယ်နိမိတ်များသာ ဖြစ်ကြသည်။

တာ့ယန်အင်ပါယာ ပြိုကွဲပျက်စီးသွားပြီးနောက်တွင်မူ လောကကြီး ပရမ်းပတာဖြစ်ကာ မင်းဆက်များစွာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့တော့၏။

မျက်မှောက်ခေတ် အရှေ့တိုင်းလောကတွင် တာ့ရှ၊ တာယင်နှင့် တောင်ပိုင်းကျိုးဟူသော အင်ပါယာကြီး သုံးခုသာ အင်အားကြီးမားစွာ ကျန်ရှိတော့သည်။

တာ့ရှအင်ပါယာမှာမူ တော်ဝင်မိသားစု ကိုယ်တိုင်က တာ့ယန်အင်ပါယာ၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြသည့် အတွက် တရားဝင် အချုပ်အခြာအာဏာပိုင်စိုးသော ကောင်းကင်ဘုံနိုင်ငံဟု အများက အသိအမှတ်ပြု ထားကြ၏။

တာယင်နှင့် တောင်ပိုင်းကျိုးအင်ပါယာ ဧကရာဇ်များသည်လည်း ယခင်က တာ့ယန်အင်ပါယာ၏ ဘုရင်ခံ မင်းသားများ ဖြစ်ခဲ့ဖူးသောကြောင့် ထိုအင်ပါယာကြီး သုံးခုမှာ အချင်းချင်း ရန်သူဖြစ်ကြသော်လည်း ဂုဏ်သိက္ခာအရမူ အပြန်အလှန် အသိအမှတ်ပြုကြပေသည်။

ရှီးလျန်ဘုရင်ကမူ မိမိ၏ ဘိုးဘေးမှာ တာ့ယန်အင်ပါယာ၏ လျန်ကျိုးဘုရင်ဖြစ်သည်ဟု အမြဲ ပြောလေ့ရှိသော်လည်း အမှန်တကယ်တွင်မူ တာ့ယန်ဧကရာဇ်က လျန်ကျိုး၌ ဘုရင်ခံတစ်ဦး ထားရှိခဲ့သည်မှာ မှန်သော်လည်း မင်းသား အဆင့် မဟုတ်ဘဲ မြို့စားအဆင့်သာ ရှိခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် သူ၏နိုင်ငံကို တာ့ရှီးဟု အမည်နာမပေးခဲ့သော်လည်း အရှေ့တိုင်းအင်ပါယာကြီး သုံးခုက အသိအမှတ် မပြုဘဲ ရှီးလျန်ဟုသာ တိုက်ရိုက်ခေါ်ဆိုကြသည်။

ရှီးလျန်ဘုရင်မှာ ဧကရာဇ်အဖြစ် ခံယူကာ အင်ပါယာကြီး သုံးခုနှင့် တန်းတူဖြစ်လိုသော်လည်း မျိုးရိုးမြင့်မားမှု မရှိခြင်းကြောင့် ဘုရင်ဟုပင် အခေါ်ခံရရန် ခက်ခဲနေခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့်ပင် သူသည် ရှီးလျန်ဘုရင်ဟု အခေါ်ခံရရန် အလွန်ဝန်လေးခဲ့သည်။ သူ၏ရဲရင့်သော မြင်းစီးတပ်များက တောင်ပိုင်းကျိုးမြို့တော်အထိ တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ဘိုးဘေးအရှိန်အဝါ မရှိမှုကြောင့် ဘုရင်အဆင့်ထက် ပိုမိုကျော်လွန်ခွင့် မရရှိခဲ့ပေ။

နောက်ပိုင်းတွင် ရှီးလျန်ဘုရင်သည် အနောက်ဘက်သို့ နယ်မြေချဲ့ထွင်သည့် မဟာဗျူဟာကို ပြောင်းလဲ ကျင့်သုံးကာ နိုင်ငံအများအပြားကို သိမ်းပိုက်ဖျက်ဆီးခဲ့သည်။ ထိုအထဲတွင် အရှေ့တိုင်းလောက ကပင် အသိအမှတ် ပြုထားရသည့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဘာလွန်းအင်ပါယာလည်း ပါဝင်၏။

ထိုအင်ပါယာကို ဖျက်ဆီးပြီး အနောက်တိုင်း ဧကရာဇ်ကို ကွပ်မျက်ပြီးနောက်တွင်မူ ရှီးလျန်ဘုရင်သည် နောက်ဆုံး၌ တရားဝင် ဧကရာဇ်အဖြစ် ခံယူနိုင်ခဲ့ပြီး သူ၏နိုင်ငံကို တာ့ရှီးအင်ပါယာဟု ခေါ်ဆိုနိုင်ခဲ့တော့သည်။

သို့သော်ငြား ဤလုပ်ရပ်မှာ အရှေ့တိုင်းလောက၏ သွေးသားဆက်နွယ်မှုကို စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်ပြီး သူသည် အနောက်တိုင်း၏ ဧကရာဇ်တစ်ဦး လုံးလုံးလျားလျား ဖြစ်သွားပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။

ရှီးလျန်ဘုရင်၏ ဘိုးဘေးများသည် တာ့ယန်အင်ပါယာ၏ ဘုရင်ခံများ ဖြစ်ခဲ့ဖူးသော်လည်း ဤမျှခက်ခဲစွာ ရုန်းကန်ရလျှင် နုဧကရာဇ်ကိုမူ ပြောစရာပင် မလိုတော့ပေ။

သူသည် တာ့ယန်အင်ပါယာ၏ ဘုရင်ခံလည်းမဟုတ်၊ မှူးမတ်လည်း မဟုတ်ဘဲ လောကရှိ လူများက သူ့ကို ရိုင်းစိုင်းသူ ဟုသာ ကဲ့ရဲ့ခဲ့ကြသည်။

ထို့ကြောင့် သူက တာ့ရှန်းအင်ပါယာကို တည်ထောင်ကာ ဧကရာဇ်အဖြစ် ခံယူခဲ့သော်လည်း လူအများက အသိအမှတ်မပြုဘဲ တောရိုင်းလူရိုင်းဟုသာ ထင်မြင်ခဲ့ကြသဖြင့် တာ့ရှန်းအင်ပါယာမှာ လောကတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့ရ၏။

သို့ပေမည့် နုဧကရာဇ်သည် အလွန်အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းသူဖြစ်၍ မည်သူမျှ မယှဉ်ဝံ့ခဲ့ကြပေ။ သူ ရုတ်တရက် သေဆုံးသွားသောအခါတွင်မူ သူ၏သားဖြစ်သူမှာ လောကတစ်ခုလုံး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မတွန်းလှန်နိုင်တော့ဘဲ မကြာခင်မှာပင် ပျက်စီးသွားခဲ့ရလေသည်။

ဤအချက်မှာ တရုတ်ရှေးခေတ်သမိုင်းနှင့် ကွာခြားလှပေသည်။ တရုတ်ရှေးခေတ်တွင်မူ သွေးသား ဆက်နွယ်မှုထက် အရည်အချင်းကို ပိုမိုအလေးထားတတ်ကြပြီး မင်းစိုးရာဇာနှင့် သူရဲကောင်းတို့မှာ သီးသန့်မျိုးရိုး ရှိသလား ဟူသော စကားပင် ရှိခဲ့၏။

သို့သော်လည်း တာ့ချင်အင်ပါယာ မတိုင်မီခေတ်များတွင်မူ သွေးသားဆက်နွယ်မှုကို အလွန်အရေးကြီးသည်ဟု သတ်မှတ်ခဲ့ကြသကဲ့သို့ ဥရောပတွင်လည်း လွန်ခဲ့သော နှစ်တစ်ရာခန့်အထိ မျိုးရိုးဇာတိကို အထူး အလေးထားခဲ့ကြသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ယွမ်ထျန်းရှဲ့... ခင်ဗျား သန့်စင်သောကျောင်းတော်ကို သွားရှာဖူးလား။”

“ရှာဖူးတယ်။ အနှစ်နှစ်ဆယ်လောက် ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး။”

ယွင်ကျုံးဟဲ့သည် ယခုအချိန်တွင် ဤသန့်စင်သောကျောင်းတော် ဆိုသည်မှာ ဒဏ္ဍာရီ သက်သက်သာ ဖြစ်ပြီး လုံးဝ မရှိနိုင်ဘူးဟုပင် သံသယ ဝင်လာမိသည်။

ထိုသို့မဟုတ်ပါက ထိုနေရာသို့ သွားရောက် သင်ကြားခဲ့သူများ အဘယ်ကြောင့် ဤမျှလောက် ကွဲပြားခြားနား နေရသနည်း။

အချို့က အင်ပါယာကြီးများကို တည်ထောင်နိုင်ခဲ့ကြပြီး အချို့က အစွမ်းထက်သော ဆေးပညာများကို သင်ကြားနိုင်ခဲ့ကြကာ အချို့ကမူ ပြန်ထွက်လာပြီးနောက် စစ်ရှုံးကာ သေဆုံးသွားခဲ့ကြသည်။

ကျင်းကျုံးယွဲ့၏ အသက်ရှင်ရန် အချိန် ဆယ့်သုံးရက်သာ ကျန်ရှိတော့သောကြောင့် နောက်ပိုင်းရက်များတွင် ယွင်ကျုံးဟဲ့ သည် နေ့မနား ညမနား ခရီးနှင်ခဲ့၏။

ဤတစ်ကြိမ်တွင် သူသည် မြင်းပေါ်တွင် အိပ်စက်ရမည့် ပညာရပ်ကို အမှန်တကယ် သင်ယူတတ်မြောက်သွားပြီ ဖြစ်သည်။

မြင်းဆယ်ကောင်ကျော်ကို တစ်ကြိမ်တည်း ယူဆောင်လာခဲ့ပြီး အဆက်မပြတ် လဲလှယ် စီးနင်းနိုင်သော်လည်း မြင်းများသည်လည်း အနားယူရန် လိုအပ်၏။

ယွမ်ထျန်းရှဲ့သည် အသက်ရှိနေသော မြေပုံ တစ်ခုနှင့် တူပြီး မည်သည့် နေရာတွင် အိုအေစစ် ရှိသည်၊ မည်သည့် နေရာတွင် ရေတူး၍ ရသည် ဆိုသည်ကို ရှင်းလင်းစွာ သိရှိထားသည်။

ထို့ကြောင့် မိုင် သုံးထောင့်ငါးရာကို ငါးရက်ခွဲတည်းနှင့် ပြေးလွှားနိုင်ခဲ့သည်။ ဤနေရာသည်ကျောက်စရစ်ခဲ မြေပြင် မဟုတ်တော့ဘဲ နှင်းတောင်များ ပြည့်နှက်နေသော နေရာဖြစ်ပြီး မည်သည့် တောင်မဆို ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ငါးထောင်၊ ခြောက်ထောင်ခန့် မြင့်မား၏။

‘ဒီနေရာက မီတျဲ ချိုင့်ဝှမ်းလား။’

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားရ၏။ အဘယ်ကြောင့်ဆိုသော် အဝင်ဝမှာ ဂူပေါက်တစ်ခု ဖြစ်နေပြီး အပေါ်တွင် မီတျဲ ချိုင့်ဝှမ်း ဟူသော စာလုံး သုံးလုံးကို ရှင်းလင်းစွာ ရေးသားထားသောကြောင့် ဖြစ်သည်။

“ကျုပ် ခင်ဗျားကို အဖော်ပြုပြီး ရိုလန်မြို့ထဲ ဝင်ခဲ့ပေမယ့် မီတျဲ ချိုင့်ဝှမ်းကိုတော့ ခင်ဗျား တစ်ယောက်တည်းပဲ ဝင်ရလိမ့်မယ်။”

ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ကျုပ်က မီတျဲ ချိုင့်ဝှမ်းရဲ့ နာမည်ပျက် စာရင်းထဲမှာ ပါနေလို့ ခြေတစ်လှမ်း ချလိုက်တာနဲ့ နေရာမှာတင် အသတ်ခံရမှာပဲ။”

‘သောက်ကျိုးနည်း... ခင်ဗျားက ဘာတွေများ လုပ်ခဲ့လို့လဲ။’

“ဒါပေမဲ့ ခင်ဗျား မဝင်ခင် ကျုပ် မေးခွန်းတစ်ခု မေးချင်တယ်။ ခင်ဗျား တကယ် ဝင်ဖို့ အဆင်သင့် ဖြစ်ပြီလား။”

ယွမ်ထျန်းရှဲ့က မေးလိုက်သည်။ “မီတျဲ ချိုင့်ဝှမ်းကို ဖိတ်ကြားချက် မရှိဘဲ ဝင်လို့ မရဘူးနော်။”

မီတျဲ ချိုင့်ဝှမ်း၏ စည်းမျဉ်းများအရ အလွန် ရှားပါးသော ရောဂါများ ဖြစ်ပွားသူများသာ ဝင်ရောက်ခွင့် ရှိ၏။

ထို့အပြင် လျှောက်လွှာ အရင် တင်ရမည်ဖြစ်ပြီး ရောဂါ လက္ခဏာများကို ရှင်းလင်းစွာ ရေးသားကာ မီတျဲ ချိုင့်ဝှမ်း၏ သဘောတူညီချက် ရရှိမှသာ လူနာကို ဤ ဂူပေါက်ရှေ့တွင် လာထားခွင့် ရှိသည်။

ကံကောင်းပါက လူနာကို မီတျဲ ချိုင့်ဝှမ်း အတွင်းသို့ ခေါ်ဆောင်သွားပြီး ကုသပေးမှာဖြစ်သည်။ ကံဆိုးပါက အပြင်ဘက်တွင် သေဆုံးသွားမည်ဖြစ်ပြီး မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ထိုစဉ်က မင်းသမီး ရှန်ရှန်း နှင့် အောက်ယွီ တို့သည်လည်း ဤသို့ပင် မီတျဲ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ပြီး မည်သူမှ လိုက်ပါခွင့် မရှိခဲ့ပေ။

ထို့ကြောင့် တိတိကျကျ ပြောရလျှင် လူနာများသာ မီတျဲ ချိုင့်ဝှမ်း အတွင်းသို့ ဝင်ရောက်နိုင်ခြေ ရှိ၏။ သာမန်လူများ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပါက နေရာမှာတင် အသတ်ခံရမှာဖြစ်သည်။

“ခင်ဗျားက အရမ်းကို ထူးခြားတဲ့သူ ဖြစ်ပေမယ့် အကယ်၍ ခင်ဗျား အထဲမှာ သေသွားရင် ကျုပ် ခင်ဗျားကို မကယ်နိုင်ဘူးနော်။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် သိပါတယ်။”

“အဲဒါဆိုရင် မြင်းပေါ်က ဆင်းပြီး တစ်ယောက်တည်း လျှောက်သွားလိုက်တော့။”

…………………………..

All Chapters