အခန်း ၄၄၇
Vol. 38 Ch. 447
အပိုင်း (၄၄၇)
ယွင်ကျုံးဟဲ့သည် မြင်းပေါ်မှ ဆင်းကာ ဤတောင်ကြား အတွင်းသို့ လျှောက်သွားပြီး ဂူပေါက် ရှေ့သို့ ရောက်ရှိသွားတော့သည်။
ထို့နောက် သူသည် ကြက်သီးမွေးညင်း ထလုမတတ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။ မရေမတွက်နိုင်သော အလောင်းများ ပြည့်နှက်နေပြီး တောင်ကြီး တစ်တောင်လို စုပုံနေသည်။
အလောင်းပေါင်း မည်မျှ ရှိနေသနည်း။ ထောင်နှင့်ချီလား သို့မဟုတ် သောင်းနှင့်ချီ၍ပင် ရှိနေသည်လား။
ဤနေရာသည် အလွန်မြင့်မားသော ဒေသဖြစ်သည့်အပြင် ရာသီဥတုမှာလည်း အေးစိမ့်လှသောကြောင့် အလောင်းများမှာ ပုပ်သိုးသွားခြင်း မရှိဘဲ ခဲနေသော အသားတုံးများကဲ့သို့ ဖြစ်နေကြသည်။
ဤလူများအားလုံးမှာ ရှားပါးသော ရောဂါဝေဒနာများကို ကုသရန် ရောက်ရှိလာကြသူများ ဖြစ်သော်လည်း မီတျဲချိုင့်ဝှမ်းက လက်ခံခြင်း မပြုသောကြောင့် ချိုင့်ဝှမ်းအပြင်ဘက်၌ပင် သေဆုံးသွားခဲ့ကြ၏။
ဤမြေပြင်တစ်ခုလုံးတွင် အလောင်းများမှာ အထပ်ထပ် အလွှာလိုက် ရှိနေကြ၏။ ဤဒေသ၌ နှင်းများလည်း ကျလေ့ရှိရာ အလောင်းတစ်လွှာ၊ နှင်းတစ်လွှာဖြင့် အလွှာပေါင်းများစွာ ပါဝင်သော မုန့်တစ်ခုကဲ့သို့ပင် ဖြစ်တည်နေတော့သည်။
ဤကဲ့သို့ အလောင်းများ တည်ရှိနေသည့် မီတာ ရာချီ အကွာအဝေးကို လျှောက်သွားရခြင်းမှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှ၏။
မကြာမီ ဂူပေါက် ရှေ့သို့ ရောက်ရှိလာတော့၏။ ဤဂူပေါက် အတွင်းပိုင်းသည် မီတျဲ ချိုင့်ဝှမ်း၏ နယ်မြေ ဖြစ်သွားပြီဖြစ်ပြီး ဖိတ်ကြားချက် မရှိဘဲ ဝင်ရောက်ပါက နေရာမှာတင် အသတ်ခံရမှာဖြစ်သည်။
ယွင်ကျုံးဟဲ့ သည် ဂူပေါက် အပြင်ဘက်တွင် ရပ်လျက် ပြောလိုက်၏။ “ကျုပ် နာမည် အောက်ယွီ ပါ။ မီတျဲ ချိုင့်ဝှမ်းနဲ့ အပေးအယူ တစ်ခု လာလုပ်တာပါ။ ခင်ဗျားတို့ မီတျဲ ချိုင့်ဝှမ်းက ဆေးပညာမှာ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေကြပေမယ့် ရောဂါဆိုး တစ်မျိုးကိုတော့ ခင်ဗျားတို့ မကုသနိုင်ပါဘူး။ ကျုပ်ကတော့ ကုသနိုင်ပါတယ်။ ကျုပ်က နတ်ဆေးတစ်မျိုးနဲ့ ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို လဲလှယ်ချင်ပါတယ်။”
နတ်ဆေး ဆိုသည်မှာ သေချာပေါက် ပင်နီဆီလင်ကို ပြောခြင်း မဟုတ်သော်ငြား ရောဂါဆိုးများကို ကုသပေးနိုင်ခြင်းမှာ အမှန်ဖြစ်သည်။
ယွင်ကျုံးဟဲ့က ဆက်လက်၍ အော်ပြောလိုက်၏။ “ဒီ နတ်ဆေးရှိရင် ခင်ဗျားတို့ မီတျဲ ချိုင့်ဝှမ်းဟာ နောက်ထပ် ပြိုင်ဘက်ကင်း ဆေးပညာ တစ်ခုကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိလာမှာပါ။ ခင်ဗျားတို့ရဲ့ အံ့ဩစရာကောင်းတဲ့ နာမည်ဂုဏ်သတင်းဟာလည်း အမြင့်ဆုံးကို ရောက်ရှိသွားမှာပါ။
မီတျဲ ချိုင့်ဝှမ်း... ကျုပ်က စိန်ခေါ်ဖို့ လာတာပါ။ ရောဂါဆိုး တစ်ခုခုနဲ့ ပတ်သက်ရင် ကျုပ်ရဲ့ ဆေးပညာက ခင်ဗျားတို့ထက် အများကြီး သာလွန်ပါတယ်။ မီတျဲ ချိုင့်ဝှမ်း... ကျုပ်က ကမ္ဘာကြီးကို ပြောင်းလဲဖို့ လာခဲ့တာပါ။ ဒါကြောင့် ကျုပ် ဝင်လာတော့မယ်။ ခင်ဗျားတို့ ကြားရဲ့လား။”
အတွင်းမှ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။
ယွင်ကျုံးဟဲ့သည် အံကို တင်းတင်းကြိတ်ကာ မီတျဲ ချိုင့်ဝှမ်း၏ ဂူပေါက် အတွင်းသို့ ဝင်ရောက်သွားတော့၏။ ဤကမ္ဘာလောက၏ လျှို့ဝှက်အဆန်းကြယ်ဆုံးနှင့် အန္တရာယ်အများဆုံး နေရာ အတွင်းသို့ ဝင်ရောက်သွားခြင်း ပင် ဖြစ်သည်။
မည်သူကမှ မတားဆီးသလို မည်သူကမှလည်း လာရောက် မသတ်ဖြတ်ချေ။ လူရိပ် တစ်ခုလေးမျှပင် မမြင်တွေ့ရချေ။
ဂူပေါက် အတွင်း၌ လက်ငါးချောင်းကိုပင် မမြင်ရအောင် မှောင်မည်းနေပြီး ယွင်ကျုံးဟဲ့သည် အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် ဆက်လက် ဝင်ရောက်လာခဲ့သည်။
အဘယ်ကြောင့်မှန်း မသိ၊ အတွင်းသို့ ရောက်လေလေ ပို၍ ပူပြင်းလေလေ ဖြစ်သည်။ အပြင်ဘက်တွင် အနည်းဆုံး အနုတ် နှစ်ဆယ် ဒီဂရီ ခန့် ရှိသော်လည်း ဤနေရာတွင်မူ ပို၍ပို၍ ပူပြင်းလာပြီး ချွေးများပင် အဆက်မပြတ် ထွက်ကျလာတော့၏။
‘ဒီနေရာက အပူချိန် အနည်းဆုံး စင်တီဂရိတ် လေးဆယ်ကျော်လောက် ရှိနေပြီ။ တကယ်ကို ထူးဆန်းတာပဲ။’
နောက်ဆုံးတွင် အလွန် ပူပြင်းလွန်းသောကြောင့် ရှေ့သို့ တစ်လှမ်းတက်ရန်ပင် ခက်ခဲလာပြီး ယွင်ကျုံးဟဲ့သည် ခေါင်းများ မူးဝေလာတော့၏။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အခြားသူများ လာရောက် သတ်ဖြတ်ရန်ပင် မလိုတော့ဘဲ သူကိုယ်တိုင် ရေဓာတ် ခမ်းခြောက်ပြီး သေဆုံးသွားမှာဖြစ်သည်။
ထိုအချိန်တွင် သူ၏ နားထဲ၌ အသံတစ်ခု ထွက်ပေါ်လာတော့၏။ “ခင်ဗျားက အရမ်း ထူးခြားပါတယ်။ ဒါပေမဲ့ ဖိတ်ကြားချက် မရှိရင် ဘယ်သူမှ မီတျဲ ချိုင့်ဝှမ်းထဲကို ဝင်ခွင့်မရှိပါဘူး။ ဝင်လာရင် နေရာမှာတင် အသတ်ခံရပါမယ်။ ကျေးဇူးပြုပြီး ချက်ချင်း နောက်ဆုတ်ပြီး ထွက်သွားလိုက်ပါ။”
ယွင်ကျုံးဟဲ့ ရပ်တန့်သွားတော့သည်။
“ခင်ဗျားက အရမ်း ထူးခြားပေမယ့် ဝင်လာခွင့် မရှိပါဘူး။ ချက်ချင်း နောက်ဆုတ်ပါ။ မဟုတ်ရင် နေရာမှာတင် အသတ်ခံရပါမယ်။”
ယွင်ကျုံးဟဲ့ သည် လှုပ်ရှားရန် ပြင်လိုက်၏။
ဤ အသက်ကြီးပြီး ဩဇာတိက္ကမ ပြည့်ဝသော အသံမှာ အလွန် တင်းကျပ်လာပြီး စကားတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။ “ချက်ချင်း နောက်ဆုတ်ပါ။ မဟုတ်ရင် နေရာမှာတင် အသတ်ခံရပါမယ်။ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်။”
ဤ ဩဇာတိက္ကမ ပြည့်ဝသော အသံက နောက်ပြန် စတင် ရေတွက်နေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှိတ်ကာ ဦးနှောက်ထဲတွင် အလျင်အမြန် တွက်ချက်နေပြီးနောက် အံကို တင်းတင်းကြိတ်ကာ နောက်မဆုတ်ဘဲ ရှေ့သို့ တစ်လှမ်း တက်လိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခြေအောက်ရှိ ကျောက်ပြားများ ပြိုကျသွားပြီး သူ၏ တစ်ကိုယ်လုံး အောက်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့၏။
‘ဒီလောက်တောင် ပူပြင်းနေတာ မဆန်းပါဘူး။ ဒီကျောက်ပြားတွေရဲ့ အောက်မှာ သွေးရောင် လွှမ်းနေတဲ့ ကျောက်ရည်ပူတွေ ရှိနေလို့ပဲ။ သံမဏိကိုတောင် အရည်ပျော်စေနိုင်တယ်ဆိုတော့ လူဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။’
ယွင်ကျုံးဟဲ့၏ ပြုတ်ကျမှုသည် သေချာပေါက် ပြာကျသွားစေမည်ဖြစ်ပြီး အလောင်းပင်ကျန်ရစ်မည် မဟုတ်ဘဲ အလွန် ကြောက်မက်ဖွယ်ကောင်းလေသည်။
“နေရာမှာတင် သတ်ပစ်မယ်။ အပြစ်မတင်နဲ့။” လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို၏ အော်ဟစ်သံသည် နားထဲတွင် ဆက်လက် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။
ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရည်ပူများထံသို့ အဆက်မပြတ် ကျဆင်းသွားတော့သည်။
.......................
ယွင်ကျုံးဟဲ့သည် အောက်သို့ အဆက်မပြတ် ကျဆင်းနေတော့၏။
အောက်ဘက်ရှိ ကျောက်ရည်ပူများနှင့် ပိုမို နီးကပ်လာလေလေ၊ တစ်ကိုယ်လုံး မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလာရပြီး အသက်ရှူရပင် ခက်ခဲလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ကျောက်ရည်ပူများမှ ထွက်ပေါ်လာသော အဆိပ်ငွေ့များသည် အသက်အန္တရာယ် ပေးနိုင်သောကြောင့်ပင်။
‘ချီးတဲ့မှ... အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်... ထွက်ခဲ့စမ်း။ ကျုပ် သေချာပေါက် မသေနိုင်ဘူးလို့ ခင်ဗျား ပြောခဲ့တာ မဟုတ်ဘူးလား။ မီတျဲ ချိုင့်ဝှမ်းက ကျုပ်ကို သေချာပေါက် သတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျုပ်သာ ပြာကျသွားရင် ခင်ဗျားလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။’
သို့ပေမည့် ဤအတွေးလေး ပေါ်လာသည်နှင့်တပြိုင်နက် ယွင်ကျုံးဟဲ့၏ ကျဆင်းမှု ရပ်တန့်သွားပြီး သူသည် ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ခံရကာ လေထဲတွင် တွဲလောင်းဖြစ်နေတော့၏။
နှစ်စက္ကန့်ခန့် အကြာတွင် သူ့ကို အလျင်အမြန် ဆွဲတင်လိုက်ကြသည်။ မီတျဲ ချိုင့်ဝှမ်းသည် နောက်ဆုံးအချိန်တွင် သူ့ကို မသတ်ခဲ့ခြင်း ဖြစ်ပြီး အမှတ်(၉)ကွမ်တန်၏ တွက်ချက်မှု မှန်ကန်သွားခဲ့သည်။
မြေပြင်ပေါ်သို့ ပြန်ရောက်လာချိန်တွင် ယွင်ကျုံးဟဲ့သည် သတိတစ်ဝက်လောက် လွတ်နေပြီ ဖြစ်သည်။ ထို့နောက် အမှောင်ထဲမှ လူနှစ်ယောက် ထွက်လာပြီး သူ့ကို တွဲကာ ဂူပေါက် အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားကြတော့၏။
‘ဒီ ဂူပေါက်က ဘယ်လောက်တောင် နက်ရှိုင်းတာလဲ။’
အမှောင်ထုထဲတွင် ယွင်ကျုံးဟဲ့သည် အဆက်မပြတ် ခေါ်ဆောင်သွားခြင်း ခံရပြီး အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ရသည်။
နာရီဝက်ခန့် အကြာတွင် နောက်ဆုံး၌ ရပ်တန့်သွားပြီး သီးခြား ဂူပေါက်တစ်ခု အတွင်းသို့ ဝင်ရောက်သွား သကဲ့သို့ ခံစားလိုက်ရကာ ကုတင် တစ်လုံးပေါ်တွင် ချထားခြင်း ခံလိုက်ရ၏။
ဤနေရာရှိ အပူချိန်မှာ အလွန် သက်တောင့်သက်သာ ရှိပြီး မအေးလွန်းသလို မပူလွန်းလှပေ။ သူ ဤနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး မည်သူကမှ လာရောက် ဂရုမစိုက်ကြချေ။
‘ဒါက မီတျဲ ချိုင့်ဝှမ်းရဲ့ ဆေးကုသခန်းလား။ အဲဒီတုန်းက အောက်ယွီနဲ့ မင်းသမီး ရှန်ရှန်းတို့ နေခဲ့တဲ့ နေရာလား။ တကယ်ကို မှောင်မည်းနေတာပဲ။ ဘာမှကို မမြင်ရဘူး။’
ယွင်ကျုံးဟဲ့သည် ခေတ္တ အနားယူပြီးနောက် ဦးနှောက်ထဲတွင် အလျင်အမြန်ဖြင့် အောက်ယွိ၏ မှတ်တမ်းကို ပြန်လည် မှတ်မိအောင် ကြိုးစားနေတော့၏။
အကယ်၍ ခန့်မှန်းချက် မမှားပါက ဤဆေးကုသခန်းသည် အောက်ယွီ နေထိုင်ခဲ့ဖူးသောနေရာ ဖြစ်ရမည်ဖြစ်ရာ ယခုအချိန်တွင် ယွင်ကျုံးဟဲ့ ဘာလုပ်သင့်သနည်း။
‘သေချာပေါက် အရင်နေရာဟောင်းကို ပြန်ရောက်လာတဲ့ လွမ်းဆွတ်မှုမျိုးကို ပြသရမှာပေါ့။ ပထမဆုံး အနေနဲ့ နံရံကို သွားစမ်းရမယ်။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက သူနဲ့ မင်းသမီး ရှန်ရှန်း စကားပြောခဲ့တုန်းက ပါးလွှာတဲ့ နံရံလေး တစ်ခုပဲ ခြားထားတာလေ။ ပြီးတော့ အမှောင်ထဲမှာဆိုတော့ အပေါ်က အရာလေးတွေကို အလိုအလျောက် သွားစမ်းမိမှာပဲ။’
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အလျင်အမြန်ဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းကာ ထိုအချိန်တုန်းက အောက်ယွီ လိုမျိုး ပါးလွှာသည့် နံရံကို လက်လှမ်းပြီး စမ်းလိုက်သည်။ ထို့နောက် သူသည် ထိုနံရံကို ညင်သာစွာ ခေါက်လိုက်၏။
“ဟေး... လူရှိလား။ လူရှိလား။”
အချုပ်အားဖြင့် ထိုစဉ်က အောက်ယွီ၏ လုပ်ရပ်များကို အတုခိုးလိုက်ခြင်းဖြစ်ပြီး ထိုနံရံပေါ်တွင် လက်ဖြင့် စာရေးလိုက်၏။ မည်သည့်စာလုံးကို ရေးထားသနည်းဆိုသော် သေ ဆိုသည့် စာလုံးပင် ဖြစ်သည်။
တစ်ချက်ချင်းစီ သေချာ ရေးဆွဲလိုက်ပြီး ငယ်စဉ်က အောက်ယွီ ရေးခဲ့သည်နှင့် အနည်းငယ်ကွာခြားအောင် ရေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကြီးပြင်းလာပြီ ဖြစ်သောကြောင့်ပင်။
အချုပ်အားဖြင့် အောက်ယွီအဖြစ် သရုပ်ဆောင်ရာတွင် လုံးဝ အပြစ်အနာအဆာ မရှိအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး တစ်ချက်လေးမှ မလှုပ်ရှားတော့ဘဲ တစ်ခုခုကို စောင့်မျှော်နေသကဲ့သို့၊ တစ်ခုခုကို လွမ်းဆွတ်နေသကဲ့သို့ နေနေလိုက်၏။
မည်သို့ပင်ဆိုစေ အလွန် နက်ရှိုင်းသော လွမ်းဆွတ်မှုမျိုး ဖြစ်ပြီး သူ၏ အဆင့်အတန်းကို အခြားသူများ သံသယ မဝင်စေရန် လုံးဝ သတိထားရမှာဖြစ်သည်။
ထိုအချိန်တွင် ဘေးခန်းမှ အသံတစ်သံ ထွက်ပေါ်လာတော့၏။ “မီတျဲ ချိုင့်ဝှမ်းရဲ့ ဖိတ်ကြားချက် မရှိဘဲ ဝင်လာတဲ့သူတိုင်း နေရာမှာတင် အသတ်ခံရမယ် ဆိုပေမယ့် ခင်ဗျား မသေခဲ့ဘူး။ အဲဒါ ဘာလို့လဲဆိုတာ ခင်ဗျား သိလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ် အရင်က မီတျဲ ချိုင့်ဝှမ်းကို ဆေးလာကုဖူးလို့ပါ။”
“မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ကျုပ် ရောဂါပျောက်ဖို့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းခဲ့ဖူးလို့ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တည်းက သေသင့်နေပြီ ဖြစ်ပေမယ့် အခုထိ အသက်ရှင်နေသေးလို့ပါ။”
“ဟုတ်တယ်။ ကျုပ်တို့ရဲ့ ခန့်မှန်းချက်အရဆိုရင် ခင်ဗျား သေသွားသင့်ပြီ ဖြစ်ပေမယ့် မသေသေးလို့ ကျုပ်တို့က ခင်ဗျားကို မသတ်ခဲ့တာ။”
တစ်ဖက်လူက ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ မှတ်တမ်းတွေထဲမှာ ခင်ဗျားက သေလူ ဖြစ်နေပေမယ့် အခု အသက်ရှင်နေသေးလို့ပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားတို့ မီတျဲ ချိုင့်ဝှမ်းမှာ အရင်တည်းက ကုသိုလ်စနစ် တစ်ခု ရှိတယ် မဟုတ်လား။ ခင်ဗျားတို့ရဲ့ ဆေးပညာ ကွက်လပ်တွေ၊ ဒါမှမဟုတ် အဆိပ်ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်ရင် ခင်ဗျားတို့ မီတျဲ ချိုင့်ဝှမ်း ဆီကနေ ပစ္စည်းတစ်ခုခုနဲ့ လဲလှယ်လို့ ရတယ် မဟုတ်လား။”
“ဟုတ်တယ်။”
ယွင်ကျုံးဟဲ့က ဆက်မေးလိုက်သည်။ “ငရဲပြည်မှ မိစ္ဆာမရဲ့ အဆိပ်ဟာ ရှားပါးပြီး တန်ဖိုးကြီးပေမယ့် သူ့ရဲ့ ဖြေဆေးအတွက် လိုအပ်တဲ့ ကုသိုလ်က သိပ်မများလောက်ပါဘူး။”
“ကုသိုလ် သုံးဆယ့်ကိုးမှတ် လိုအပ်ပါတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ‘ဒီလောက်တောင် ကုသိုလ် အများကြီး လိုအပ်တာလား။ ဒါက အဆိပ်ပြင်း ဖြေဆေးလေး တစ်ခုပဲလေ။’
မီတျဲ ချိုင့်ဝှမ်း၏ ကုသိုလ် အကြောင်းကို သေချာ မသိသော်လည်း မီတျဲ ချိုင့်ဝှမ်းတွင် သေခါနီး လူတစ်ယောက်ကို ကုသပေးရန်အတွက် ကုသိုလ် အနည်းငယ်သာ လိုအပ်ကြောင်းကိုတော့ ယွင်ကျုံးဟဲ့ သိရှိထားသည်။
‘ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေး တစ်ခုတည်းအတွက် ကုသိုလ် သုံးဆယ့်ကိုးမှတ်တောင် လိုအပ်တယ် ဟုတ်လား။ ဒါက အရမ်းကို လွန်လွန်းမနေဘူးလား။’
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အကယ်၍ ခင်ဗျားတို့ မကုသနိုင်တဲ့ ရောဂါ တစ်မျိုးကို ကျုပ်က ကုသနိုင်ပြီး ခင်ဗျားတို့ရဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရင် ကုသိုလ် ဘယ်လောက် ရနိုင်မလဲ။”
“ရောဂါ အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ တကယ်ပဲ ကျုပ်တို့ရဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်တယ် ဆိုရင်တော့ အနည်းဆုံး ကုသိုလ် အမှတ် လေးဆယ်လောက်တော့ ရနိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဆိုလိုတာက ကျုပ် ကြုံရာ ရောဂါတစ်ခု ရှာပြီး ခင်ဗျားတို့ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရင် ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို လဲလှယ်လို့ ရပြီပေါ့။”
“အရင်တုန်းကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေ ပြောင်းသွားပါပြီ။”
တစ်ဖက်လူက ပြောလိုက်၏။ “အခုဆိုရင်ကုသိုလ် ခုနစ်ဆယ် လိုအပ်ပါပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါက ဘာဖြစ်လို့လဲ။”
တစ်ဖက်လူက ပြန်ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ တာ့ရှီးအင်ပါယာက ကြီးမားတဲ့ တန်ဖိုးပေးပြီး ဖြေဆေး ဝယ်ယူခွင့်ကို ပိတ်ပင်ထားလို့ပါ။”
‘ချီးတဲ့မှ... ဒီလိုလည်း လုပ်လို့ ရတာပဲလား။’
..............