အခန်း ၄၄၉
Vol. 38 Ch. 449
အပိုင်း (၄၄၉)
တစ်နာရီ အကြာတွင် ယွင်ကျုံးဟဲ့သည် နံရံကို ခေါက်လိုက်၏။
ခဏအကြာတွင် တစ်ဖက်လူ၏ အသံ ထွက်ပေါ်လာတော့သည်။ “စဉ်းစားပြီးပြီလား။ သဘောတူလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “တောင်းပန်ပါတယ်။ ကျုပ် သဘောမတူပါဘူး။”
တစ်ဖက်လူက ပြောလိုက်သည်။ “ကောင်းပါပြီ။ နားလည်ပါပြီ။”
‘ဒီလောက်တောင် အေးဆေးနေတာလား။ နည်းနည်းလေးတောင် ဖိအားပေးတဲ့ အရိပ်အယောင် မရှိဘူးလား။ ဒီလောက်တောင် လောကီနဲ့ကင်းကွာနေတာလား။ ကျုပ်မှာ ခုခံနိုင်စွမ်း လုံးဝ မရှိဘဲ တစ်ဖက်လူက ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းသွားပြီး ဆေးစမ်းသပ်ခိုင်းရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ။’
ထို့နောက် တစ်ဖက်လူက ပြောလိုက်၏။ “ဒါဆိုရင် ကျုပ် ခင်ဗျားကို ပြန်ပို့ပေးလိုက်မယ်။”
‘ဒီလိုပဲ ပြန်ပို့လိုက်တော့မှာလား။ ဒါဆို ဘာအခွင့်အရေးမှ မရှိတော့ဘူးပေါ့။ အမှတ်(၉)ကွမ်တန်က တစ်ဖက်လူက တတိယမြောက် အပေးအယူ နည်းလမ်းကို ကမ်းလှမ်းလာမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို အပေးအယူ လုပ်ဖို့ တခြား နည်းလမ်း မရှိတော့ဘူးလား။”
“တောင်းပန်ပါတယ်။ မရှိတော့ပါဘူး။” တစ်ဖက်လူက ပြန်ဖြေလိုက်၏။
ထို့နောက် လူနှစ်ဦး ထပ်မံ ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို တွဲကာ အပြင်ဘက်သို့ ခေါ်ဆောင်သွားတော့၏။ တကယ်ပဲ သူ့ကို အပြင်ဘက် ပစ်ထုတ်တော့မည့် ပုံစံမျိုး ဖြစ်သည်။
ယွင်ကျုံးဟဲ့ အနည်းငယ် စိုးရိမ်လာမိ၏။ ‘အချည်းနှီး ပြန်သွားရတော့မှာလား။’
ဤသို့ဖြင့် ယွင်ကျုံးဟဲ့ကို အပြင်သို့ သယ်ဆောင်သွားကြတော့၏။ အပူချိန်မှာ တစ်စထက်တစ်စ ပိုမို ပူပြင်းလာပြီး ထိုကျောက်ရည်ပူများ ရှိရာ နေရာကို ဖြတ်သန်းရတော့မှာဖြစ်သည်။
“သခင်လေး အောက်ယွီ... ခင်ဗျားရဲ့ ထူးခြားခွင့်တွေ ကုန်ဆုံးသွားပါပြီ။ နောက်တစ်ခါ ခင်ဗျား ထပ်ပြီး ဝင်လာရင် ကျုပ်တို့ တကယ်ပဲ နေရာမှာတင် သတ်ပစ်ပါ့မယ်။”
တစ်ဖက်လူက ပြောလိုက်၏။ “သူ့ကို အပြင် ပို့လိုက်။”
“ကောင်းပါပြီ။”
ဤသို့ဖြင့် ယွင်ကျုံးဟဲ့ သည် လုံးဝ မောင်းထုတ်ခံရတော့မှာဖြစ်သည်။
သို့ပေမည့် ထိုအချိန်တွင် အခြား ခြေသံတစ်သံ ထွက်ပေါ်လာပြီး ရုတ်တရက် ပြောလိုက်၏။ “သခင်လေး အောက်ယွီ လား။ ဒီမှာ အပေးအယူ လုပ်ဖို့ အခွင့်အရေး တစ်ခု ရှိပါသေးတယ်။ ခင်ဗျား စမ်းကြည့်ချင်လား။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ပြောကြည့်ပါ။”
တစ်ဖက်လူက ပြောလိုက်၏။ “ကျုပ်တို့က သွေးနမူနာ တစ်ခု လိုအပ်တယ်။ အလေးချိန်အားဖြင့် နှစ်ကျပ်သား (၁၀၀ မီလီလီတာ ခန့်) လောက်ပါ။”
‘နှစ်ကျပ်သား ဆိုတာ ၁၀၀ မီလီလီတာ ခန့် ရှိပြီး ဒီပမာဏက များလည်း မများ၊ နည်းလည်း မနည်းပါဘူး။ သူတို့ ဘာလုပ်ချင်တာလဲ။ ဒီသွေးပမာဏက တခြားလူကို သွေးသွင်းပေးဖို့လည်း မလုံလောက်ပါဘူး။ သူတို့က ဒီသွေးကို ယူပြီး ဘာလုပ်မလို့လဲ။ အောက်ယွီရဲ့ အစစ်အမှန် ဖြစ်တည်မှုကို စစ်ဆေးပြီး သူက တကယ့် အောက်ယွီ ဟုတ်မဟုတ် အတည်ပြုဖို့လား။
ဒါပေမဲ့ ဒါကလည်း မလိုအပ်ပါဘူး။ တကယ့် အောက်ယွီ ဟုတ်မဟုတ် ဆိုတာက တောင်ပိုင်းကျိုးအင်ပါယာ အတွက်တော့ အရမ်း အရေးကြီးကောင်း ကြီးနိုင်ပေမယ့် မီတျဲ ချိုင့်ဝှမ်း အတွက်တော့ လုံးဝ အဓိပ္ပာယ် မရှိလောက်ပါဘူး။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကျုပ် မေးခွန်းတချို့ မေးလို့ ရမလား။”
“ပြောပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ပထမဆုံး အနေနဲ့ကျုပ် ဒီသွေး နှစ်ကျပ်သားကို ပေးလိုက်ရင်ကု သိုလ် ဘယ်လောက် ရနိုင်မလဲ။”
တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “အကယ်၍ ခင်ဗျားရဲ့ သွေးက အသုံးမဝင်ဘူးဆိုရင် ကုသိုလ် တစ်မှတ်တောင် မရပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ သွေးက အသုံးဝင်တယ်ဆိုရင် အနည်းဆုံး ကုသိုလ် နှစ်ဆယ်ကနေ ငါးဆယ်အထိ ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တိကျတဲ့ တန်ဖိုးကို သိဖို့ ကျုပ်တို့ စစ်ဆေးရအုံးမှာ မို့လို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီ စစ်ဆေးမှု ရလဒ်က ကြာမှာလား။”
တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “ခြောက်နာရီထက် မပိုပါဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်၏။ “ခင်ဗျားတို့ ကျုပ် သွေးကို ယူပြီး ဘာလုပ်မလို့လဲ။”
တစ်ဖက်လူက ပြန်ဖြေလိုက်၏။ “ဒီအချက်ကိုတော့ ရှင်းပြလို့ မရပါဘူး။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ ပြောပြလို့ ရပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ထောင်ချီ သမိုင်းကြောင်းနဲ့ အနာဂတ် နှစ်တစ်ထောင်နဲ့ သက်ဆိုင်နေပါတယ်။”
‘သောက်ကျိုးနည်း... ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ် နေတာလား။’
ယွင်ကျုံးဟဲ့သည် ဦးနှောက်ထဲတွင် မေးလိုက်သည်။ “ကွမ်တန်... ကျုပ် သဘောတူသင့်လား။ ဘာအကျိုးဆက်တွေ ရှိလာနိုင်မလဲ။”
အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်၏။ “ကျုပ် တွက်ချက်ဖို့ လိုတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးပါ။”
“ကောင်းပါပြီ။”
ဤ တွက်ချက်မှုမှာလည်း တစ်နာရီ၏ လေးပုံတစ်ပုံခန့်ကြာမြင့်သွားပြီး အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်၏။ “သဘောတူလို့ ရပါတယ်။”
ယွင်ကျုံးဟဲ့က အံ့ဩစွာဖြင့် မေးလိုက်သည်။ “ဒီလို သွေးလှူဒါန်းတဲ့ လုပ်ရပ်က အသက်အန္တရာယ် မရှိဘူး ဆိုပေမယ့် တခြား အန္တရာယ်တွေတော့ ရှိနိုင်တယ် မဟုတ်လား။ ကျုပ်က အောက်ယွီ မဟုတ်ဘူးဆိုတာကို စစ်ဆေးတွေ့ရှိသွားနိုင်ခြေ ရှိမလား။”
အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်၏။ “စိတ်ချပါ။ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေ လုပ်ပြီးသွားပါပြီ။ ဒီလုပ်ရပ်က အန္တရာယ် သိပ်မရှိပါဘူး။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “သူက အရမ်း လျှို့ဝှက်ဆန်းကြယ်အောင် ပြောနေတာ။ ကျုပ် သွေးလှူဒါန်းလိုက်ရင် တခြား အကျိုးဆက်တွေ ရှိလာနိုင်မလား။”
အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်၏။ “အံ့ဩစရာကောင်းတဲ့ ရလဒ်တွေ ရှိလာနိုင်ပေမယ့် အကျိုးဆက်တွေတော့ မဟုတ်ပါဘူး။”
ဤစကားက အရမ်း လျှို့ဝှက်ဆန်းကြယ်လွန်းပြီး နားလည်ရ ခက်လို့နေသည်။
ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ...ကျုပ် သဘောတူပါတယ်။”
“ကြွပါ။”
ထို့နောက် လူနှစ်ယောက်က ယွင်ကျုံးဟဲ့ကို ယခင်က အခန်းငယ်လေးအတွင်းသို့ ပြန်လည် ခေါ်ဆောင် သွားကြတော့သည်။
ခဏအကြာတွင် အခြား လူတစ်ယောက် ဝင်ရောက်လာသည်။ ဤတစ်ကြိမ်တွင် အမျိုးသမီး တစ်ဦး ဖြစ်၏။
“သခင်လေး အောက်ယွီ... ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ။ ကျွန်မတို့က ရှင့်ဆီကနေ သွေး နှစ်ကျပ်သားလောက် ဖောက်ယူရပါလိမ့်မယ်။ ရှင့်ရဲ့ ညာဘက်လက်ကနေ ဖောက်ယူမှာဖြစ်လို့ အင်္ကျီလက်ကို ပင့်တင်ပြီး လက်မောင်းကို ဆန့်ထုတ်ပေးပါ။” အမျိုးသမီးက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့သည် ကမ္ဘာမြေပေါ်ရှိ ဆေးရုံသို့ ပြန်ရောက်သွားပြီး နူးညံ့သိမ်မွေ့သော သူနာပြုဆရာမက သွေးဖောက်ပေးနေသည့် မြင်ကွင်းမျိုးကိုပင် ခံစားလိုက်ရ၏။
သေချာပေါက် ကမ္ဘာမြေပေါ်တွင် သူနာပြုဆရာမက သူ၏ သွေးတစ်မျိုးတည်းကိုသာ ဖောက်ယူခဲ့ခြင်း မဟုတ်ချေ။
ယွင်ကျုံးဟဲ့ အင်္ကျီလက်ကို ပင့်တင်လိုက်ရာ မကြာမီမှာပင် အေးစက်သော ခံစားချက်တစ်ခုနှင့်အတူ သူ၏ လက်မောင်းအတွင်းသို့ တစ်ခုခု ထိုးဝင်လာပြီး သွေးဖောက်ယူခြင်း စတင်တော့၏။
ခဏအကြာတွင် သွေးဖောက်ယူခြင်း ပြီးစီးသွားပြီး စုစုပေါင်း ၁၀၀ မီလီလီတာခန့် ရှိမှာဖြစ်သည်။
“သွေးဖောက်ယူခြင်း ပြီးစီးပါပြီ။ ကျွန်မတို့က ရှင့်ရဲ့ သွေးတွေကို ယူသွားတော့မှာပါ။”
အမျိုးသမီးက ပြောလိုက်၏။ “ကျေးဇူးပြုပြီး ခြောက်နာရီလောက် စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါ။ ကျွန်မတို့က ရှင့်ရဲ့ သွေးတွေကို စစ်ဆေးပြီး ကုသိုလ် အမှတ် ဘယ်လောက် ရမလဲဆိုတာ သတ်မှတ်ပေးပါ့မယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် တစ်ခုလောက် မေးပါရစေ။ လူအများစုရဲ့ သွေးတွေက ကုသိုလ် ဘယ်လောက် ရနိုင်လဲ။”
“သုည။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ကုသိုလ် ရနိုင်တဲ့ သွေးတွေက ရာခိုင်နှုန်း ဘယ်လောက် ရှိလဲ။”
“တစ်ထောင်မှာ တစ်ယောက်လောက်ပဲ ကုသိုလ် နှစ်ဆယ် ရနိုင်ပါတယ်။”
တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “ဒါတောင်မှ ကျွန်မတို့က အရင်ဆုံး စစ်ဆေးပြီး တန်ဖိုးရှိနိုင်တဲ့ သွေးတွေကိုမှ ဖောက်ယူတာပါ။ လက်တွေ့မှာ တန်ဖိုးရှိတဲ့ သွေးတွေဟာ တစ်သောင်းမှာ တစ်ယောက်တောင် ရှားပါတယ်။”
ယခုအခါ ယွင်ကျုံးဟဲ့ အမှန်တကယ်ပင် စိတ်ဝင်စားသွားမိ၏။ ‘သူတို့က သွေးတွေကို ယူပြီး ဘာလုပ်ကြမှာလဲ။ ပြီးတော့ ဘာကို အခြေခံပြီး တန်ဖိုးဖြတ်ကြတာလဲ။’
“ကျေးဇူးပြုပြီး လှဲလျောင်းပြီး စောင့်နေပါ။” ပြောဆိုပြီးနောက် ဤအမျိုးသမီးသည် ယွင်ကျုံးဟဲ့၏ သွေးများကို ယူဆောင်ကာ ထွက်သွားတော့သည်။
ယွင်ကျုံးဟဲ့သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ စောင့်ဆိုင်းနေပြီး ပတ်ဝန်းကျင်တွင်လည်း လူသူ ကင်းမဲ့နေပြန်သည်။ ဤနေရာသည် အမှန်တကယ်ပင် မှောင်မည်းလွန်းလှပြီး အလင်းရောင် တစ်စက်လေးမျှပင် မရှိချေ။
ထိုစဉ်က မင်းသမီး ရှန်ရှန်း အဘယ်ကြောင့် ဤမျှလောက် စိတ်ပျက်အားငယ်ခဲ့ရသည်ကို သူ နားလည်သွားသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်သည် အမှန်တကယ်ပင် မှောင်မည်းဖိနှိပ်လွန်းပြီး မျက်ကန်း တစ်ယောက်ကဲ့သို့ ခံစားရစေသောကြောင့်ပင်။
အဘယ်ကြောင့်မှန်း မသိ၊ ယွင်ကျုံးဟဲ့၏ နှလုံးခုန်သံများ ပို၍ပို၍ မြန်ဆန်လာတော့၏။ သွေးဖောက်ယူလိုက် သောကြောင့် ခန္ဓာကိုယ် အားနည်းသွား၍ မဟုတ်ဘဲ ကြီးမားသောကိစ္စကြီး တစ်ခုခု ဖြစ်ပေါ်လာတော့မည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကွမ်တန်... ဘာဖြစ်လို့ ကျုပ်က သွေးလှူဒါန်းလိုက်တာနဲ့ အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး ကမ္ဘာကြီးကိုတောင် ပြောင်းလဲပစ်နိုင်မယ့် ခံစားချက်မျိုး ခံစားနေရတာလဲ။ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ အလိုလို သိစိတ်က ခံစားနေရတာ။”
အမှတ်(၉)ကွမ်တန်က ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဒါဆိုရင် မှန်သွားပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မှန်သွားပြီ ဆိုတာ ဘာအဓိပ္ပာယ်လဲ။”
အမှတ်(၉)ကွမ်တန်က ပြန်ဖြေလိုက်သည်။ “စိတ်ချပါ ဆရာဝန်ကြီး။ ဒါက ခင်ဗျားအတွက် ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ ဒါက သမိုင်းရဲ့ မလွှဲမရှောင်သာတဲ့ အဖြစ်အပျက် တစ်ခုလည်း ဖြစ်နိုင်ပါတယ်။”
‘သောက်ကျိုးနည်း... ကျုပ်က သွေးတစ်ခါ လှူဒါန်းလိုက်ရုံလေးကို ဘယ်လိုလုပ်ပြီး သမိုင်းရဲ့ မလွှဲမရှောင်သာတဲ့ အဖြစ်အပျက် ဖြစ်သွားရတာလဲ။ သွေးလှူဒါန်းတာက သမိုင်းကို ပြောင်းလဲစေနိုင်လို့လား။’
နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့၏ နှလုံးခုန်သံများ ပို၍ပို၍ မြန်ဆန်လာတော့၏။
ထိုပြင်းထန်သော အလိုလို သိစိတ်သည် ပို၍ပို၍ ထင်ရှားလာပြီး ပို၍ပို၍ ရှင်းလင်းလာသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုမူ မပြောပြတတ်ချေ။
သမိုင်း၏ စက်သွားကြီး စတင်လည်ပတ်နေပြီဟူသော ခံစားချက်မျိုးကို အမှန်တကယ်ပင် ခံစားနေရမိသည်။
ခြောက်နာရီမျှ ကြာမြင့်သွားသော်လည်း တစ်ဖက်လူမှာ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးချေ။
အများဆုံး ခြောက်နာရီသာ ကြာမြင့်မည်ဟု ပြောဆိုထားသည် မဟုတ်ပါလား။ အဘယ်အရာများ ဖြစ်ပျက်နေသနည်း။ ခြောက်နာရီတိုင်အောင် ကြာမြင့်နေသည်အထိ စစ်ဆေးမှုများ မပြီးဆုံးသေးဘဲ ရှိနေသည်လား။
နောက်ဆက်တွဲ အချိန်များတွင် ယွင်ကျုံးဟဲ့သည် အချိန်ကုန်နှေးသလို ခံစားလာရ၏။ ရလဒ်ကို အမြန်ဆုံး သိချင်နေရုံသာမက အရေးအကြီးဆုံးမှာ ကျင်းကျုံးယွဲ့၏ အချိန် သိပ်မရှိတော့သောကြောင့် ဖြစ်သည်။ သူသည် ဖြေဆေးကို အမြန်ဆုံး ရယူပြီး သူမကို သွားရောက်ကယ်တင်ရမှာဖြစ်၏။
နောက်ထပ် နှစ်နာရီကျော်ကြာမြင့်သွားပြန်၏။ တစ်ဖက်လူ နောက်ဆုံးတွင် ပြန်ရောက်လာပြီး အသံမှာလည်း အနည်းငယ် အလျင်စလို ဖြစ်နေကာ အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
ယခင် လုပ်ငန်းစဉ် တစ်ခုလုံးတွင် မီတျဲ ချိုင့်ဝှမ်းမှ လူများ အားလုံးသည် အလွန် တည်ငြိမ်နေခဲ့ကြပြီး တောင်ကြီး ပြိုကျလာလျှင်ပင် မျက်နှာပျက်မည် မဟုတ်သည့် ပုံစံမျိုး ရှိနေခဲ့ကြသည်။ သို့ပေမည့် ယခုအခါတွင်မူ တစ်ဖက်လူသည် အလွန် တည်ငြိမ်မှု မရှိတော့ချေ။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်ရဲ့ သွေးကို စစ်ဆေးလို့ ပြီးသွားပြီလား။”
တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “တောင်းပန်ပါတယ် သခင်လေး အောက်ယွီ။ ကျုပ်တို့က သုံးကြိမ်တိုင်တိုင် စစ်ဆေးခဲ့ရပါတယ်။ ပထမ တစ်ကြိမ်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလို့ မှားယွင်းသွားတယ်ထင်ပြီး ဒုတိယ တစ်ကြိမ် ထပ်စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသေးလို့ တတိယ တစ်ကြိမ် ထပ်စစ်ဆေးပြီးမှ အပြည့်အဝ အတည်ပြုနိုင်ခဲ့တာပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆိုကျုပ် သွေးက အသုံးဝင်လား။”
တစ်ဖက်လူက ပြန်ဖြေလိုက်သည်။ “အသုံးဝင်ပါတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ကုသိုလ် ဘယ်လောက် ရနိုင်မလဲ။ ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို လဲလှယ်လို့ ရနိုင်မလား။”
ယခင်က တစ်ဖက်လူ ပြောခဲ့ဖူးသည်မှာ တန်ဖိုးရှိသော သွေးသည် တစ်သောင်းတွင် တစ်ယောက်သာ ရှိပြီးကုသိုလ် နှစ်ဆယ်ခန့်သာ ရရှိနိုင်ကြောင်းပင်။ သို့ပေမည့် ငရဲပြည်မှ မိစ္ဆာမ၏ ဖြေဆေးမှာမူ တာ့ရှီး အင်ပါယာ၏ အထူး ဈေးပေး၍ ပိတ်ပင်ထားမှုကြောင့် ကုသိုလ် ခုနစ်ဆယ်အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
တစ်ဖက်လူက ပြန်ဖြေလိုက်၏။ “အရမ်းကို တောင်းပန်ပါတယ် သခင်လေး အောက်ယွီ။ ခင်ဗျားရဲ့ သွေးအတွက် ကျုပ်တို့က ကုသိုလ် နှစ်ရာပဲ ပေးနိုင်ပါတော့တယ်။ ဘာလို့လဲဆိုတော့ ဒါက ကျုပ်တို့ရဲ့ တစ်ကြိမ်တည်း အပေးအယူ လုပ်နိုင်တဲ့ အမြင့်ဆုံးကန့်သတ်ချက် ဖြစ်နေလို့ပါ။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “ဘယ်လောက်။”
“နှစ်ရာ ပါ။”
‘ဒီလောက်တောင် များတာလား။ ရူးတော့မှာပဲ။’
တစ်ဖက်လူက ဆက်ပြောလိုက်၏။ “ခင်ဗျားရဲ့ သွေးတန်ဖိုးဟာ ကုသိုလ် နှစ်ရာထက် အများကြီး ပိုများပါတယ်။ ဒါပေမဲ့ ကျုပ်တို့ မီတျဲ ချိုင့်ဝှမ်းရဲ့ စည်းမျဉ်းအရ တစ်ကြိမ်တည်း အပေးအယူမှာ ကုသိုလ် နှစ်ရာထက် မပိုရသလို၊ အပေးအယူ အားလုံး ပေါင်းရင်လည်း ကုသိုလ် ငါးရာထက် မပိုရပါဘူး။ ဒါပေမဲ့ ဒီကုသိုလ် နှစ်ရာအပြင် ကျုပ်တို့က ငရဲပြည်မှ မိစ္ဆာမရဲ့ ဖြေဆေးကို အခမဲ့ လက်ဆောင်ပေးပါ့မယ်။”
‘ကောင်းကင်ဘုံ... ဒီလောက်တောင် အစွမ်းထက်တာလား။’
တစ်ဖက်လူက ဆက်ပြောလိုက်သည်။ “သခင်လေး အောက်ယွီ... ခင်ဗျား မသိသေးလောက်ပါဘူး။ ကျုပ်တို့က အထူး အဆိပ် တစ်မျိုးကို ဖော်စပ်ဖို့အတွက် ကြီးမားတဲ့ တန်ဖိုးတွေကို ပေးဆပ်ရပါတယ်။ တချို့ အဆိပ်တွေကို ငွေနဲ့ ဝယ်လို့ ရပေမယ့် တချို့ အဆိပ်တွေကိုတော့ ငွေနဲ့ ဝယ်လို့ မရဘဲ မီတျဲ ချိုင့်ဝှမ်းရဲ့ ကုသိုလ်နဲ့မှ ဝယ်လို့ ရပါတယ်။”
.................