အခန်း (၆၃၁)
Vol. 43 Ch. 631
အခန်း (၆၃၁) လှုပ်ရှားနှိမ်နင်းခြင်းနှင့် လမ်းခင်းပေးခြင်း အပိုင်း (၁)
ပိုင်ဟွာဂိုဏ်းသည် မိန်းမသား ကျင့်ကြံသူများသာ ကြီးစိုးလွှမ်းမိုးထားသော အင်အားစုတစ်ခု ဖြစ်ပြီး ယောက်ျားသား ကျင့်ကြံသူများမှာမူ သူတို့၏ အိမ်မွေးတိရစ္ဆာန်များ သဖွယ်သာ ရှင်သန်ခွင့် ရရှိကြ၏။ ထို့ကြောင့် ပိုင်ဟွာဂိုဏ်းသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နယ်မြေတစ်ခွင်၌ အလွန်ပင် နာမည်ကျော်ကြားလှပြီး အခြားသော အင်အားစု အသီးသီးနှင့်လည်း အလွန်တရာ ရှုပ်ထွေး ပွေလီလှသော ဆက်ဆံရေး ကွန်ရက်များကို တည်ဆောက်ထားသည်။
ထိုသို့သော နောက်ခံ အင်အားများကို အားကိုးကာ ပိုင်ဟွာဂိုဏ်းသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် တစ်ဝိုက်၌ အမြဲတစေ မောက်မာ ရိုင်းစိုင်းစွာ ပြုမူလေ့ရှိပြီး လုံးဝ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း ကင်းမဲ့လှ၏။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဇီယွီဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းခဲ့ခြင်းမျိုးပင်။
လင်းချင်းရှားနှင့် အခြား နှစ်ဦး၏ မှတ်ဉာဏ်များမှတစ်ဆင့် စုယွီ သိရှိထားရသလောက် ထိုဖြစ်ရပ်မှာ အလွန်ပင် ရယ်စရာ ကောင်းလှ၏။
ထိုစဉ်က ဇီယွီဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူမှာ ပိုင်ဟွာဂိုဏ်း၏ ဒုတိယ ဂိုဏ်းချုပ်ထက် ရုပ်ရည်၊ ဟန်ပန် အမူအရာနှင့် ကျော်ကြားမှုတို့တွင် ပိုမို သာလွန်နေခဲ့ခြင်းကပင် ပြဿနာ၏ အစ ဖြစ်ခဲ့ရသည်။ ထိုအကြောင်းပြချက် တစ်ခုတည်းဖြင့် များမကြာမီမှာပင် ပိုင်ဟွာဂိုဏ်းက ဇီယွီဂိုဏ်းအား ရက်စက်စွာ တိုက်ခိုက် ချေမှုန်းတော့သည်။
ဂိုဏ်းအတွင်းရှိ ယောက်ျားသား မှန်သမျှ သတ်ဖြတ်ခံခဲ့ရပြီး မိန်းမသား အားလုံးမှာလည်း မှောင်ခိုဈေးကွက်ရှိ ကျွန်ကုန်သည်များထံသို့ ရောင်းစားခံခဲ့ရတော့သည်။ ၎င်းက ပိုင်ဟွာဂိုဏ်းနှင့် ဇီယွီဂိုဏ်း တို့၏ ရန်ငြိုးဖြစ်သလို လင်းချင်းရှားတို့ သုံးဦး၏ သွေးကြွေးလည်း ဖြစ်၏။
လွန်ခဲ့သော အနှစ် (၂၀) နီးပါး ကာလအတွင်း စုယွီသည် ပိုင်ဟွာဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်းမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို သိမ်းကျုံး ယူဆောင်ခဲ့ပြီးနောက်... သူတို့ထံသို့ ဝိညာဉ်ကျောက်တုံး နှစ်သန်းခန့်ကို ပြန်လည် ပေးအပ်ခဲ့ပြီး ဖြစ်၏။ ထိုအထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း ခြောက်သိန်းမှာ ဂူစံအိမ် ငှားရမ်းခအဖြစ် ဖြစ်ပြီး ကျန်ရှိသော လေးသိန်းမှာမူ ငါးနှစ်စာ အာမခံကြေးအဖြစ် ပေးသွင်းခဲ့သည်။
'သိုးမွှေးကို သိုးဆီကပဲ ပြန်ရိတ်ရတာပေါ့...'
ဤဝိညာဉ်ကျောက်တုံးများမှာ ပိုင်ဟွာဂိုဏ်းထံမှ ရရှိထားခြင်း ဖြစ်သဖြင့် ၎င်းတို့ကို ပြန်လည် အသုံးပြုရခြင်းအတွက် စုယွီ အနေဖြင့် များစွာ နှမြောတသ ဖြစ်မနေခဲ့ပါချေ။
မူလက စုယွီသည် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ ပိုင်ဟွာဂိုဏ်း တစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ချေမှုန်းနိုင်သည့် အနေအထားသို့ ရောက်ရှိလာချိန်မှသာ ဤကိစ္စကို ဖြေရှင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် အနှစ် (၂၀) ပင် မပြည့်သေးမီ အချိန်အတွင်း ပိုင်ဟွာဂိုဏ်းက ဤမျှ ကြီးမားသော ပြဿနာများကို လာရောက် ဖန်တီးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါချေ။
ပိုင်ဟွာဂိုဏ်းမှ မူလဝိညာဉ် စတုတ္ထအဆင့်ရှိသော အကြီးအကဲမှာ အနည်းငယ်မျှပင် အိုမင်းနေသည့် လက္ခဏာ မရှိဘဲ ဆွဲဆောင်မှု အပြည့်ရှိသော ရင့်ကျက်သည့် မိန်းမသား တစ်ဦး၏ ရုပ်သွင်ကို ပိုင်ဆိုင်ထား၏။ နှင်းပွင့်များအလား ဖြူဖွေး နူးညံ့သော အသားအရေ၊ မက်မွန်သီးလေးပမာ ချိုမြိန်သော အသွင်အပြင်နှင့် မီးတောက်များအလား နီရဲနေသော နှုတ်ခမ်းလွှာတို့ကို ပိုင်ဆိုင်ထားသော်လည်း မျက်နှာ အမူအရာမှာမူ အလွန်တရာ အေးစက် တည်ကြည်လှ၏။
သူမသည် ဇီယွီဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်း အတွင်းရှိ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို မထီမဲ့မြင် အကြည့်များဖြင့် စိုက်ကြည့်နေပြီး ၎င်း၏ သခင်အား ဆက်သွယ်ရန် ဖိအားပေးနေသည်။ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ရင်တွင်း၌ ဒေါသတရားတို့ တဟုန်းဟုန်း တောက်လောင်နေတော့သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အေးစက် ရက်စက်လှသော မိစ္ဆာအရှိန်အဝါများ ဖြာထွက်လာပြီး ပိုင်ဟွာဂိုဏ်းမှ အကြီးအကဲကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ စိုက်ကြည့်လိုက်သည်။
“အခုချက်ချင်း ဆုတ်ခွာသွားတာ မင်းတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်... မဟုတ်ရင်တော့ နောက်ဆက်တွဲ အကျိုးဆက်က မင်းတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...”
ကြွက်ဘုရင်က အေးစက်သော လေသံဖြင့် သတိပေးလိုက်၏။
“အို... ဟုတ်လား...”
ပိုင်ဟွာဂိုဏ်း အကြီးအကဲက အေးစက်သော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး သူမ၏ အမူအရာမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာတော့သည်။
ဇီယွီဂိုဏ်းတွင် စတုတ္ထအဆင့်ရှိ ကာကွယ်ရေး အခင်းအကျင်း အသစ်တစ်ခု ရှိနေခြင်းက သူမကို များစွာ အံ့အားသင့်သွားစေခဲ့သည်။ ထို့အပြင် အတွင်း၌ စတုတ္ထအဆင့် မိစ္ဆာသားရဲ တစ်ကောင်ပါ စောင့်ကြပ်နေခြင်းက ပိုင်ဟွာဂိုဏ်း၏ မူလ အစီအစဉ်များကို ပိုမို ကမောက်ကမ ဖြစ်သွားစေခဲ့ပြီး သူတို့၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင်။ သို့သော်လည်း ဇီယွီဂိုဏ်းကို ငှားရမ်းထားသူမှာ သာမန် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သည် မဟုတ်ပါလော။
ထိုမျှ အားနည်းသော အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက ဇီယွီဂိုဏ်း ကဲ့သို့သော တတိယအဆင့် ဂူစံအိမ်လေး တစ်ခုအတွက်... တစ်နှစ်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းတိတိကို လုံးဝ ပျက်ကွက်ခြင်း မရှိဘဲ ပေးဆောင်နိုင်ပါမည်လော။
ဤမျှ ရက်ရောသော လူမိုက် တစ်ဦး... ပြောစကား နားထောင်သော ငါးကြီး တစ်ကောင် ရှိနေခြင်းက လွန်ခဲ့သော နှစ်များအတွင်း ဘဏ္ဍာတိုက် တစ်ခုလုံး ပြောင်သလင်းခါသွားခဲ့သော ပိုင်ဟွာဂိုဏ်း၏ မျက်လုံးများကို ရဲရဲနီသွားစေခဲ့တော့သည်။ သူတို့ အနေဖြင့် လောဘ မတက်ဘဲ နေရန်မှာ အလွန်ပင် ခက်ခဲလှ၏။
ဘဏ္ဍာတိုက် ပြောင်သလင်းခါသွားခြင်း၏ ရိုက်ခတ်မှုမှာ ပိုင်ဟွာဂိုဏ်းအတွက် အလွန်တရာ ကြီးမားလှ၏။ ဂိုဏ်း၏ နေ့စဉ် လည်ပတ်မှုများကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ... မဟာမိတ် အင်အားစုများထံသို့ တစ်ဦးပြီးတစ်ဦး သွားရောက်ကာ အရင်းအမြစ်များနှင့် ဝိညာဉ်ကျောက်တုံးများကို ချေးငှား၍ ရပ်တည်ခဲ့ကြရသည်။ အကြွေးများ နစ်မွန်းနေသော ပိုင်ဟွာဂိုဏ်းမှာ အချိန်အတော်ကြာသည်အထိ အလွန်တရာ အောက်ကျနောက်ကျ နေထိုင်ခဲ့ရ၏။
သို့သော် ထိုသို့သော အခက်အခဲများ ကြားတွင်ပင် ဇီယွီဂိုဏ်း၏ ဂူစံအိမ် ငှားရမ်းခများကိုသာ အားကိုး၍... အနှစ် (၂၀) ပင် မပြည့်သေးမီ ကာလအတွင်း ပိုင်ဟွာဂိုဏ်းကို ရွှံ့နွံထဲမှ ဆွဲထုတ်နိုင်ခဲ့တော့သည်။ ပိုင်ဟွာဂိုဏ်း အနေဖြင့် အသက်ရှူချောင်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ အာရုံများမှာ ဇီယွီဂိုဏ်းဆီသို့ ပြန်လည် ရောက်ရှိသွားတော့၏။ သူတို့သည် စုယွီ သေဆုံးသွားရန် အလိုရှိနေခြင်း မဟုတ်သကဲ့သို့ ဇီယွီဂိုဏ်းကို ပြန်လည် သိမ်းယူရန် ရည်ရွယ်ထားခြင်းလည်း မဟုတ်ပါချေ။
သူတို့ တွေးတောနေသည်မှာ စုယွီ၏ လက်ထဲမှ ဝိညာဉ်ကျောက်တုံး အချို့ကို ထပ်မံ ညှစ်ထုတ်နိုင်မည်လား ဆိုသည်ကိုပင် ဖြစ်၏။ ဥပမာအားဖြင့် ငှားရမ်းခကို နှစ်စဉ် အနည်းငယ်စီ ထပ်တိုးတောင်းမည် ဆိုပါကရော...။ ယခင်က တစ်နှစ်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းမှသည်... တစ်သိန်းနှစ်သောင်း... သို့မဟုတ် တစ်သိန်းခွဲ... တစ်သိန်းခြောက်သောင်းအထိ တိုးတောင်းရန် ကြံစည်နေကြခြင်းပင်။ သူတို့သည် ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များကို အလွန်အမင်း အသည်းအသန် လိုအပ်နေကြပြီ ဖြစ်ရာ စုယွီကို သွေးစုပ်ရန်သာ ဆန္ဒရှိနေကြတော့သည်။
ပိုင်ဟွာဂိုဏ်း အကြီးအကဲ နောက်ထပ် စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် စုယွီ၊ အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်း တို့ ရောက်ရှိလာခဲ့သည်။ သူတို့၏ ပုံရိပ်များမှာ လေထုထဲတွင် လျှပ်တစ်ပြက် ပေါ်လာပြီး ပိုင်ဟွာဂိုဏ်း ကျင့်ကြံသူများနှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်ကြ၏။ ရောက်ရောက်ချင်းပင် စုယွီသည် မျက်မှောင်ကြုတ်လိုက်ကာ သူ အရင်က တွေ့ဆုံဖူးသော ပိုင်ဟွာဂိုဏ်းမှ လှပသော အကြီးအကဲကို စိုက်ကြည့်လိုက်သည်။
“ပိုင်ဟွာဂိုဏ်း... ဒါက ဘာသဘောလဲ...”
“ဂူစံအိမ် ငှားရမ်းခအတွက် ငါ တစ်ခါမှ နောက်ကျခဲ့တာ မရှိဘူး... ပြီးတော့ မင်းတို့ဆီမှာ ငါးနှစ်စာ အာမခံကြေးတောင် ရှိနေသေးတယ် မဟုတ်လား...”
စုယွီက တည်ငြိမ်စွာ မေးလိုက်သည်။
စုယွီနှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်သောအခါ လှပသော အကြီးအကဲသည် မူလဝိညာဉ် အဆင့်ရှိ ပိုင်ဟွာဂိုဏ်း အကြီးအကဲ၏ နားနားသို့ ကပ်ကာ တိုးညှင်းစွာ ပြောလိုက်၏။
“အကြီးအကဲ... သူက ဇီယွီဂိုဏ်းရဲ့ ဂူစံအိမ်ကို ငှားထားတဲ့သူပါပဲ...”
ထိုအခါ.. ပိုင်ဟွာဂိုဏ်း အကြီးအကဲသည် သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် စုယွီကို စူးစိုက်ကြည့်လိုက်ပြီး အနည်းငယ် ရန်လိုသော အကြည့်များဖြင့် အကဲခတ်လိုက်သည်။ သံသယဖြစ်ဖွယ် မရှိအောင်ပင် စုယွီ၏ အရည်အသွေးနှင့် ရုပ်သွင်မှာ အလွန်တရာ ပြောင်မြောက်လှ၏။ လူငယ်တစ်ဦးကဲ့သို့ စိမ်းပြာရောင် ဝတ်စုံဖြင့် နတ်ဘုံနတ်နန်းမှ ဆင်းသက်လာသူ တစ်ဦးအလား ထင်မှတ်ရသော်လည်း သူ၏ ကိုယ်ပေါ်တွင် အချိန်ကာလ၏ လေးနက်သော အငွေ့အသက်များလည်း ကိန်းအောင်းနေဆဲပင် ဖြစ်၏။
စုယွီကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ပိုင်ဟွာဂိုဏ်း အကြီးအကဲ၏ ရင်တွင်း၌ လှုပ်ခတ်သွားကာ အနည်းငယ် ယားကျိကျိ ဖြစ်သွားရသည်။ သူမ၏ စိတ်ထဲတွင် စုယွီကို ပိုင်ဟွာဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင်သွားကာ သူမ၏ အိမ်မွေးတိရစ္ဆာန် အသစ်လေး အဖြစ် ထားရှိရန်ပင် တွေးတောမိလိုက်တော့၏။
သို့သော်လည်း စုယွီ၏ ဘေးတွင် ရပ်နေသော မူလဝိညာဉ် ပထမအဆင့်ရှိ မာရှီချင်းနှင့်... အလွန်ပင် သာမန်ရုပ်သွင်မျိုး ရှိနေသော အကြီးအကဲ ကြယ်ခူး တို့ကို မြင်တွေ့လိုက်ရသောအခါ ထိုအတွေးကို ခေတ္တမျှ မြိုသိပ်လိုက်ရသည်။ အရေးတကြီး ကိစ္စများကို အရင်ဆုံး ဖြေရှင်းရမည် မဟုတ်ပါလော။
အကြီးအကဲက သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာကို ဖွင့်ဟလိုက်ပြီး စုယွီကို ကြည့်ကာ ဆိုလာ၏။
“ဇီယွီဂိုဏ်းရဲ့ ဂူစံအိမ်က အလွန်တရာ အဖိုးတန်တယ်... အထဲမှာရှိတဲ့ အရင်းအမြစ်တွေချည်းပဲ သီးသန့် တွက်မယ်ဆိုရင်တောင် တစ်နှစ်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီပြီး ရနိုင်တယ်...”
“ဒါကြောင့် အခုကစပြီး ငှားရမ်းခကို အရင် ဈေးနှုန်းအတိုင်း တွက်ချက်ပေးလို့ မရတော့ဘူး...”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
ပိုင်ဟွာဂိုဏ်းက ဤနေရာသို့ ဘာကြောင့် လာရောက် ပြဿနာ ရှာနေရသနည်း။
'ငါ့ဆီက ဝိညာဉ်ကျောက်တုံး ထပ်ညှစ်ချင်လို့ လာတာလား...'
သူ၏ ပိုင်ဟွာဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ရှင်းလင်းခဲ့မှုများ ပေါ်ထွက်သွားလေပြီလား။