အခန်း (၆၃၂)
Vol. 43 Ch. 632
အခန်း (၆၃၂) လှုပ်ရှားနှိမ်နင်းခြင်းနှင့် လမ်းခင်းပေးခြင်း အပိုင်း (၂)
သို့သော်လည်း ရလဒ်မှာမူ သူ ထင်မှတ်မထားသော အရာပင် ဖြစ်နေ၏။
ကျိန်ဆဲချင်စရာ ကောင်းလှသော ပိုင်ဟွာဂိုဏ်းသည် မူလဝိညာဉ်အဆင့်ရှိ ဘိုးဘေးနှစ်ဦးက ဦးဆောင်ကာ လူရာနှင့်ချီ၍ လာရောက်ခြင်းမှာ... ဂူစံအိမ် ငှားရမ်းခကို တိုးတောင်းရန် သက်သက်မျှသာ ဖြစ်နေသည် မဟုတ်ပါလော။ တစ်နှစ်လျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းဆိုသည့် ပမာဏက သူတို့အတွက် မလုံလောက်သေးဘဲ... သူ့ထံမှ သွေးစုပ် အမြတ်ထုတ်လိုနေကြခြင်းပင်။
စုယွီမှာ ရယ်ချင်စိတ်ပင် ပေါက်သွားရသည်။
သူသည် ပိုင်ဟွာဂိုဏ်း၏ ဘိုးဘေးကို ကြည့်ကာ မေးမြန်းလိုက်၏။
"ဒါဆိုရင်... တစ်နှစ်စာ ငှားရမ်းခ အနေနဲ့ ဘယ်လောက်ဆိုရင် သင့်တော်မယ် ထင်သလဲ"
ပိုင်ဟွာဂိုဏ်း ဘိုးဘေး၏ မျက်ဝန်းများတွင် လောဘရောင်တို့ တလက်လက် တောက်ပြောင်သွားသည်။
"သိပ်မများပါဘူး... မင်းက ဇီယွီဂိုဏ်းဆီကနေ တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး သိန်းနဲ့ချီပြီး အမြတ်ထွက်နေတာပဲ... ငါတို့ ပိုင်ဟွာဂိုဏ်း အနေနဲ့ ငှားရမ်းခကို တစ်နှစ် ဝိညာဉ်ကျောက်တုံး တစ်သိန်းခြောက်သောင်းပဲ တောင်းချင်တာပါ"
ဘေးဘက်တွင်မူ မာရှီချင်းနှင့် အကြီးအကဲ ကြယ်ခူး တို့သည် ဝင်ရောက် စွက်ဖက်ခြင်း မပြုဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
မာရှီချင်းမှာမူ ရှေ့တွင် ဖြစ်ပျက်နေသော ဇာတ်လမ်းကို အလွန်ပင် စိတ်ဝင်စားနေတော့၏။
'ဒါဆို နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်မယ့် နေရာက ညီအစ်ကိုစု ငှားထားတဲ့ ဂူစံအိမ်ပေါ့... ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ'
အကယ်၍ ညီအစ်ကိုစုသာ ဤနေရာတွင် နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် ရည်ရွယ်ထားမည်ဆိုပါက... ဤနေရာကို သူ၏ လျှို့ဝှက်စခန်းအဖြစ် ပြောင်းလဲရန် ကြိုတင် စီစဉ်ထားပြီး ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ဤနေရာကို သူ လွယ်လွယ်နှင့် အဆုံးရှုံးခံမည် မဟုတ်သလို အခြားသူများကိုလည်း လုံးဝ ထိန်းချုပ်ခွင့် ပေးမည် မဟုတ်ပါချေ။
မာရှီချင်းသည် ရောက်ရှိနေသော မိန်းမသား ကျင့်ကြံသူ အုပ်စုကြီးကို လှမ်းကြည့်လိုက်ရင်း စဉ်းစားခန်း ဝင်နေမိသည်။
'ညီအစ်ကိုစုကများ ဒီနေရာကို အပိုင်သိမ်းဖို့ ကြံနေတာလား... ဒါမှမဟုတ်...'
သူသည် အကြောင်းစုံကို အပြည့်အဝ မသိရှိထားသော်ငြား ထိုသူများ ဘာကြောင့် ရောက်လာသည်ကို အကြမ်းဖျင်းအားဖြင့် နားလည်လိုက်သည်။
'သူတို့က ညီအစ်ကိုစုကို အနိုင်ကျင့်လို့ လွယ်မယ်ထင်ပြီး... တစ်နှစ်ကို ငှားရမ်းခ တစ်သိန်းခြောက်သောင်းအထိ ပေးရမယ်လို့ လာပြီး အကျပ်ကိုင်နေကြတာလား'
မာရှီချင်းမှာ ရယ်ချင်စိတ်ပင် ပေါက်သွားရ၏။ ညီအစ်ကိုစု ထံတွင် ကြယ်ခူး မျှော်စင်၏ အကြီးအကဲ တစ်ဦးဖြစ်သော သူ့ထက်ပင် အရင်းအမြစ်များ ပိုမို ကြွယ်ဝနေကြောင်း သူ ကိုယ်တိုင် ဝန်ခံရမည် ဖြစ်၏။ သို့သော် ညီအစ်ကိုစု ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို မည်သူကများ အလွယ်တကူ လာရောက် ခြိမ်းခြောက် လုယူနိုင်ပါမည်နည်း။
ဒါကို တွေးမိသောအခါ မာရှီချင်းသည် တိတ်တဆိတ် ရယ်မောလိုက်မိတော့သည်။
'ခွီ..ညီအစ်ကိုစုက ဒီနေရာကို စပြီး ငှားကတည်းက သူတို့ကိုပါ တစ်ခါတည်း ဝါးမြိုဖို့ ကြံစည်ထားပြီးသားများလား... အဲဒီလိုသာဆိုရင်တော့ ငှားရမ်းခ ဆိုတဲ့ ပြဿနာ ရှိလာမှာ မဟုတ်တော့ဘူးလေ'
စုယွီသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ဘေးတွင် ရပ်နေသော အကြီးအကဲ ကြယ်ခူး ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
"ဆရာကြီး... အဲဒီ မိန်းမကို နှိမ်နင်းဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မလား ခင်ဗျာ"
သူသည် ပိုင်ဟွာဂိုဏ်း၏ ဘိုးဘေးကို လက်ညှိုးထိုးပြလိုက်၏။
"ကျန်တဲ့သူတွေကိုတော့ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"
အကြီးအကဲ ကြယ်ခူး အနေဖြင့် မည်သည့် ကန့်ကွက်မှုမျှ မရှိပါချေ။ အကယ်၍ သူနှင့် စုယွီသာ ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ ဆုလာဘ်အတွက် သက်သက်သာ အခင်းအကျင်း လာရောက် တည်ဆောက်ပေးခြင်း ဖြစ်ပါက... ဤကိစ္စကို သူ လုံးဝ လျစ်လျူရှုထားမည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ကြယ်ခူး မျှော်စင်၏ ယခင် ဖြစ်ရပ်များ အပြီးတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ သာမန်ထက် များစွာ ပိုမို နက်ရှိုင်းနေခဲ့ပြီ မဟုတ်ပါလော။
ဤမျှ သေးငယ်သော ကိစ္စလေးကို ကူညီပေးရန်မှာ လုံးဝ ပြဿနာ မရှိပါချေ။ အကြီးအကဲ ကြယ်ခူး က ခေါင်းကို ခပ်ဖွဖွ ငြိမ့်ပြလိုက်ပြီး တိုတုတ်စွာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ"
စုယွီ၏ စကားကို ကြားလိုက်ရချိန်တွင် ပိုင်ဟွာဂိုဏ်း ဘိုးဘေး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားတော့၏။
ထိုအခိုက်အတန့်တွင် အကြီးအကဲ ကြယ်ခူး သည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ သူမဆီသို့ ချိန်ရွယ်လိုက်သည်။
"ဝုန်း..."
ကြောက်မက်ဖွယ် ကောင်းလှသော အင်မော်တယ် အရှိန်အဝါကြီး တစ်ခုသည် ရုတ်ချည်း ဖိနှိပ် ဆင်းသက်လာခဲ့ရာ... ထိုနေရာရှိ လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားကြရ၏။
အကြီးအကဲ ကြယ်ခူး က လက်ညှိုးဖြင့် ညွှန်လိုက်သည်နှင့် တစ်ပြိုင်နက်... ပိုင်ဟွာဂိုဏ်း ဘိုးဘေးမှာ သူမ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီး တစ်ခုလုံး တုန်ခါနေသကဲ့သို့ ခံစားလိုက်ရတော့သည်။
နောက်တစ်ခဏတွင် ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခု ကျဆင်းလာခဲ့ပြီး... သူမ၏ ဒန်တျန်အတွင်းရှိ မူလဝိညာဉ်မှာ မျက်စိတစ်မှိတ်အတွင်း နှစ်ပိုင်း ကွဲသွားတော့မည့်အလား ဖြစ်လာတော့၏။
"အား..."
ပိုင်ဟွာဂိုဏ်း ဘိုးဘေးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာသည်။ သူမ၏ အသိစိတ်များမှာ လျင်မြန်စွာ ဝေဝါးသွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း နောက်ဘက်သို့ လဲကျသွားတော့၏။
နောက်ဘက်သို့ လဲကျသွားစဉ်မှာပင် တားမြစ် အတားအဆီး တစ်ခုက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပုံဖော် ဖြစ်တည်လာခဲ့၏။ သူမ၏ ကိုယ်ပိုင် သွေးများကို အသုံးပြု၍ တားမြစ် တံဆိပ်တုံး တစ်ခုအဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်ပြီး... ၎င်းက သူမ၏ မန္တန်စွမ်းအား၊ မူလဝိညာဉ်နှင့် အသိစိတ် အားလုံးကို အပြည့်အဝ ချိတ်ပိတ်ပစ်လိုက်တော့သည်။ သူမသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မပေးနိုင်တော့ဘဲ ငြိမ်သက်သွားတော့သည်။
စုယွီနှင့် အခြားသူများ၏ အမြင်တွင်မူ အကြီးအကဲ ကြယ်ခူး က လက်ညှိုးတစ်ချက် ညွှန်လိုက်ရုံဖြင့်... မူလဝိညာဉ် စတုတ္ထအဆင့် ရှိသော ပိုင်ဟွာဂိုဏ်း ဘိုးဘေးမှာ ချက်ချင်းပင် အော်ဟစ်၍ လဲကျသွားကာ သူမ၏ စွမ်းအင် အားလုံး ချိတ်ပိတ်ခံလိုက်ရခြင်းပင် ဖြစ်၏။ ခုခံရန် အနည်းငယ်မျှပင် စွမ်းအား မရှိခဲ့ပါချေ။
ဝိညာဉ်ခွဲထွက်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး၏ ရှေ့မှောက်တွင် ပိုင်ဟွာဂိုဏ်း ဘိုးဘေးမှာ အနည်းငယ် ကြီးမားသော ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်တော့၏။ တစ်ချက်တည်းဖြင့်ပင် အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။
စုယွီ၏ မျက်နှာမှာ လေးနက် တည်ကြည်သွားပြီး ဤမြင်ကွင်းကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။
'ဒါက ဝိညာဉ်ခွဲထွက်အဆင့်နဲ့ မူလဝိညာဉ်အဆင့် ကြားက အင်အား ကွာဟချက်လား... ဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား'
သို့သော် သူသည် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ... ကျန်ရှိနေသော ပိုင်ဟွာဂိုဏ်းသားများ မှင်သက်နေစဉ်မှာပင်... သူသည် လက်ကို ဝှေ့ယမ်းကာ မကြာသေးမီကမှ ဖန်တီးထားသော ‘အရိပ်ဓား’ ရုပ်သေးကို ထုတ်ယူလိုက်သည်။
ထို့အပြင် မှော်ရတနာ နန်းတော်အတွင်းရှိ ထိုက်ရွှီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့ကိုပါ တိုက်ပွဲဝင်ရန် အမိန့်ပေးလိုက်တော့၏။
"သူတို့ အားလုံးကို ရှင်းပစ်လိုက်"
စုယွီ၏ အမိန့်ပေးသံနှင့်အတူ အရိပ်ဓား ရုပ်သေးသည် မှောင်မိုက်သော ရွှေရောင် မျက်လုံးတစ်စုံကို ဖွင့်ဟလိုက်ရာ... ၎င်း၏ မျက်ဝန်းများမှ အေးစက်သော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ အရပ်ဆယ်ပေကျော် မြင့်မားသော ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မီးခိုးရောင် မှော်ဝတ်ရုံကို ဆင်မြန်းထားပြီး လက်ထဲတွင်လည်း ဓားနှစ်လက်ကို ကိုင်ဆောင်ထား၏။ ထိုဓားများမှာ အဆင့်နိမ့် အင်မော်တယ် ရတနာများ မဟုတ်သော်ငြား လုံလောက်စွာ အဖိုးတန်လှ၏။
"ရွှီး..."
စုယွီ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် အရိပ်ဓား ရုပ်သေးမှာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့တော့သည်။ ပိုင်ဟွာဂိုဏ်းမှ အရှင်သခင် သတိဝင်လာချိန်တွင် ရုပ်သေးမှာ သူမ၏ အနီးသို့ ရောက်ရှိနေကာ သတ်ဖြတ်ရန် အသင့်ဖြစ်နေတော့၏။ ဓားရိပ်များမှာ ရေကန်ပြင်ပေါ်မှ လှိုင်းလုံးများအလား လှုပ်ခတ်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်ချည်း ပေါ်ထွက်လာကာ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
"ဝုန်း..."
ပိုင်ဟွာဂိုဏ်းမှ မူလဝိညာဉ် အရှင်သခင်မှာ ကပျာကယာ ခုခံလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်အလား ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်ဓား ရုပ်သေးနှင့် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု စတင်တော့၏။
သူမသည် ရှောင်တိမ်းရန် ဖြစ်စေ... ကာကွယ်ရန် သို့မဟုတ် တိုက်ခိုက်ရန် ဖြစ်စေ... ရေဓာတ် သဘာဝရှိသော မန္တန်များကိုသာ ဆက်တိုက် အသုံးပြုနေခဲ့သည်။
သို့သော်လည်း အသက်တစ်ရှိုက်စာ အချိန်ပင် မပြည့်မီမှာပင် အရိပ်ဓား ရုပ်သေး၏ တာအိုဓားကြီးမှာ ကောင်းကင်ယံမှ စီးဆင်းလာသော မြစ်ရေပြင်ကြီး တစ်ခုအလား ဆင်းသက်လာခဲ့သည်။ ကြီးမား ခမ်းနားလှသော စွမ်းအားကြီးက သူမကို လေထုထဲမှနေ၍ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဖိချလိုက်တော့၏။
"အုန်း.."
ပိုင်ဟွာဂိုဏ်း အရှင်သခင်မှာ ဥက္ကာပျံ တစ်ခုအလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။ မြေကြီးနှင့် ရိုက်မိသည့် အခိုက်အတန့်မှာပင် သူမ၏ ကိုယ်ပေါ်ရှိ အဖိုးတန် မှော်ဝတ်ရုံမှာ ဓားချီ စွမ်းအင်များကြောင့် အပိုင်းပိုင်း စုတ်ပြဲသွားခဲ့သည်။ ကြွေပန်းအိုးလေး တစ်လုံးအလား နူးညံ့ သွယ်လျလှသော သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးစက်များ ယိုစီးနေသော ဒဏ်ရာများ အနှံ့အပြား ပေါ်ထွက်လာတော့သည်။
ရုပ်သေး၏ လှုပ်ရှားမှုများမှာ သက်ရှိများကဲ့သို့ သွက်လက် ပေါ့ပါးမှု မရှိဘဲ အနည်းငယ် တောင့်တင်း တောင့်မာ နိုင်၏။ သို့သော် အရိပ်ဓား ရုပ်သေးသည် မူလဝိညာဉ် တတိယအဆင့် အရှင်သခင် တစ်ပါး၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော ထိပ်တန်း စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး တစ်ခုပင် ဖြစ်သည်။
အင်အား သက်သက်ဖြင့်သာ လွှမ်းမိုး ဖိနှိပ်ခြင်းတည်း။ ထိုကဲ့သို့သော ပြင်းထန်လှသည့် စွမ်းအားကြီးကို မူလဝိညာဉ် ပထမအဆင့်သာ ရှိသေးသော ပိုင်ဟွာဂိုဏ်း အရှင်သခင် အနေဖြင့် မည်သို့မျှ တောင့်ခံနိုင်စွမ်း မရှိခဲ့ပါချေ။
အရိပ်ဓား ရုပ်သေး၏ တိုက်ခိုက်မှုများ အကြိမ်များစွာ လွဲချော်ခဲ့လျှင်တောင် ပြဿနာ မရှိသော်လည်း... သူမ ဘက်မှ တစ်ကြိမ်မျှ အမှားလုပ်မိသည်နှင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည် ဖြစ်ကာ ရုပ်သေး၏ လက်တွင်းသို့ သက်ဆင်းရတော့မည် ဖြစ်၏။
သူမ မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်မှာပင် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး ထွက်ပြေးရန်အတွက် ရှောင်တိမ်းခြင်း မန္တန်တစ်ခုကို အသုံးပြုရန် ကြိုးပမ်းလိုက်သည်။ သို့သော် နောက်တစ်ခဏမှာပင် အရိပ်ဓား ရုပ်သေး၏ တာအိုဓားကြီးမှာ သူမ၏ ကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာခဲ့တော့၏။