← Chapters

အခန်း (၆၃၃)

Vol. 43 Ch. 633

အခန်း (၆၃၃)

Vol. 43 Ch. 633

အခန်း (၆၃၃) လှုပ်ရှားနှိမ်နင်းခြင်းနှင့် လမ်းခင်းပေးခြင်း အပိုင်း (၃)

“အွတ်...”

အသက်ငါးရှိုက်စာ အချိန်ပင် မပြည့်မီမှာပင် ပိုင်ဟွာဂိုဏ်း အကြီးအကဲ၏ မူလဝိညာဉ်မှာ အရိပ်ဓား ရုပ်သေး၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။ သူမသည် ခုခံရန် ဖြစ်စေ... ထွက်ပြေးရန် ဖြစ်စေ... အနည်းငယ်မျှပင် စွမ်းအား မရှိတော့ဘဲ အရိပ်ဓား ရုပ်သေး၏ လက်တွင်းသို့ အရှင်လတ်လတ် ဖမ်းဆီးခံလိုက်ရတော့၏။

ထိုစဉ် ထိုက်ရွှီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်တို့မှာလည်း စုယွီ၏ အမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် သူတို့၏ စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာအရှိန်အဝါများကို ရုတ်ချည်း ထုတ်လွှတ်လိုက်ကြသည်။

ပိုင်ဟွာဂိုဏ်းမှ အကြီးအကဲများ၊ အမှုထမ်းများနှင့် တပည့်များ အားလုံးမှာ ထွက်ပြေးရန် ကြိုးပမ်းလိုက်ကြသော်လည်း... နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ထောင်နှင့်ချီသော ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးက သူတို့ကို အုံခဲစွာ ဝိုင်းရံထားပြီး ဖြစ်ကြောင်း ထိတ်လန့်တကြား တွေ့မြင်လိုက်ရတော့၏။

ယခင်က စုယွီနှင့် အဆက်အသွယ် ရှိခဲ့ပြီး ဇီယွီဂိုဏ်း၏ ဂူစံအိမ်ကို ငှားရမ်းပေးခဲ့သော အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၉) ရှိ လှပသော မိန်းမသားမှာ စုယွီ၏ ရှေ့မှောက်တွင် ဒူးထောက် ချလိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံးတွင် ထိတ်လန့် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေပြီး အသည်းအသန် အသနားခံလာတော့၏။

“တာအိုမိတ်ဆွေ... ကျွန်မကို ချမ်းသာပေးပါ... ကျွန်မ ကိုယ့်သဘောနဲ့ကိုယ် အညံ့ခံပါတယ်... ကျွန်မရဲ့ ကံကြမ္မာကို အရှင်သခင်ရဲ့ လက်ထဲ အပ်ပါတယ်... ကျွန်မကို မသတ်ပါနဲ့လို့ပဲ တောင်းပန်ပါတယ်ရှင်...”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုင်ဟွာဂိုဏ်းမှ အခြားသော အကြီးအကဲများ၊ အမှုထမ်းများနှင့် တပည့်များ အားလုံးမှာလည်း ဒူးထောက်ချလိုက်ကြပြီး စုယွီထံမှ သက်ညှာပေးရန် တောင်းပန်လာကြတော့သည်။

တိုက်ခိုက်ရန် အသင့်ဖြစ်နေသော ထိုက်ရွှီမှာ လှုပ်ရှားမှုကို ရပ်တန့်လိုက်ရကာ ၎င်း၏ မျက်လုံးများမှာ ဒေါသနှင့် မကျေနပ်မှုများကြောင့် ပြူးကျယ်သွားရသည်။

'ဟိုက်... ဘယ်လို သတ္တိကြောင်တဲ့ ကောင်တွေလဲ... တိုက်တောင် မတိုက်ရသေးဘူး... အကုန်လုံးက အသနားခံနေကြပြီ...'

ထိုက်ရွှီအနေဖြင့် ခန္ဓာကိုယ်ကို အကြောအခြင် လျှော့ကာ တိုက်ခိုက်ချင်နေသော်လည်း... ယခုအခါတွင်မူ သခင်ဖြစ်သူ၏ ရှေ့မှောက်တွင် မျက်နှာလုပ်ရန် အခွင့်အရေး လုံးဝ ပျောက်ဆုံးသွားခဲ့တော့သည်။

အချိန်တိုလေး အတွင်းမှာပင် မူလဝိညာဉ် အရှင်သခင် နှစ်ပါး အပါအဝင် ပိုင်ဟွာဂိုဏ်းမှ လူရာပေါင်းများစွာမှာ အရှင်လတ်လတ် ဖမ်းဆီးခြင်း ခံလိုက်ရသည်။

အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်းတို့မှာ စုယွီ ထုတ်ဖော်ပြသလိုက်သော အရိပ်ဓား ရုပ်သေး... ထို့အပြင် စတုတ္ထအဆင့် အဆင့်နိမ့်သို့ ရောက်ရှိနေပြီဖြစ်သော ထိုက်ရွှီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်... ထို့အပြင် ပိုင်ဟွာဂိုဏ်းသား အားလုံးကို ဝိုင်းရံထားသော ထောင်နှင့်ချီသည့် ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးကို ကြည့်ရင်း အလွန်အမင်း အံ့အားသင့် မှင်သက်နေကြတော့၏။

သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေ၏။

'စတုတ္ထအဆင့် အဆင့်နိမ့် ထိပ်တန်း ရုပ်သေး တစ်ရုပ်ရယ်... စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ နှစ်ကောင်ရယ်... ပြီးတော့ ဒီလောက်တောင် စည်းကမ်းရှိတဲ့ မိစ္ဆာသားရဲ အုပ်ကြီးရယ်...'

အကြီးအကဲ ကြယ်ခူး ၏ ရင်တွင်း၌ တုန်လှုပ် ခြောက်ချားမှုများ ပြည့်နှက်သွားရသည်။

မြေကမ္ဘာအင်မော်တယ် နန်းတော်မှ ဤလူငယ်လေးကို သူ များစွာ လျှော့တွက်ထားမိကြောင်း သိလိုက်ရတော့သည်။

သူသည် စုယွီ၏ ကျင့်ကြံခြင်း အစစ်အမှန်ကို ဖောက်ထွင်း မမြင်နိုင်ဘဲ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) တွင်သာ ရှိနေသည်ဟု အာရုံခံမိသော်လည်း... စုယွီသည် မြေကမ္ဘာအင်မော်တယ် နန်းတော်၏ အကြီးအကဲ တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

လတ်တလော ကာလများအတွင်း စုယွီ ထုတ်ဖော်ပြသခဲ့သမျှသော အရာများကို ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ... သူ၏ ကျင့်ကြံခြင်းမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) မျှသာ ဖြစ်သည်ဆိုခြင်းကို သူ လုံးဝ မယုံကြည်နိုင်တော့ပါချေ။

သို့သော် စုယွီ၏ အကြောင်းကို ပိုသိလာလေလေ... အကြီးအကဲ ကြယ်ခူး အနေဖြင့် စုယွီကို ပိုမို ရိုသေလေးစားလာပြီး စုယွီနှင့် ကြယ်ခူး မျှော်စင်... ထို့အပြင် သူ၏ တပည့် မာရှီချင်းတို့ ကြားရှိ ဆက်ဆံရေးကို ပိုမို တန်ဖိုးထားလာလေလေ ဖြစ်တော့၏။

သူ၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေတော့သည်။

သူသည် ကြယ်ခူး မျှော်စင်၏ အနာဂတ်အတွက် လမ်းခင်းပေးခဲ့ရမည် ဖြစ်၏။

အကြီးအကဲ ကြယ်ခူး သည် ဤအကြောင်းအရာများကို စဉ်းစားနေစဉ်မှာပင်... စုယွီသည် ပိုင်ဟွာဂိုဏ်းသား အားလုံး၏ ကျင့်ကြံခြင်းများကို ချိတ်ပိတ်လိုက်ပြီး မှော်ရတနာ နန်းတော်အတွင်းသို့ ထည့်သွင်း သော့ခတ်လိုက်သည်။ သူတို့နှင့် ပတ်သက်၍ ရှင်းလင်းရန် အချိန်မရှိသေးပါချေ။

ဇီယွီဂိုဏ်း ဂူစံအိမ် အပြင်ဘက်ရှိ တိုက်ပွဲ အရာအယွင်းများကို ရှင်းလင်း ဖျောက်ဖျက်လိုက်ပြီးနောက်... စုယွီသည် အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်းတို့ကို ဂူစံအိမ် အတွင်းသို့ ဖိတ်ခေါ်ကာ အခင်းအကျင်း တည်ဆောက်မည့် ကိစ္စကို ဆွေးနွေးလိုက်သည်။

ဇီယွီဂိုဏ်း ဂူစံအိမ်ကို လေ့လာ ကြည့်ရှုပြီးနောက် အကြီးအကဲ ကြယ်ခူး သည် ခေတ္တမျှ တွေးတောလိုက်ပြီး ဆိုလာ၏။

“ပိုင်ဟွာဂိုဏ်းရဲ့ စတုတ္ထအဆင့် ဂူစံအိမ် လျှို့ဝှက်နယ်မြေကို သိမ်းယူပြီး အဲဒီမှာ အခင်းအကျင်း သွားမတည်ဆောက်ဘူးလား...”

“စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေနဲ့ စတုတ္ထအဆင့် ဝိညာဉ်သွေးကြောရဲ့ ထောက်ပံ့မှု ရှိမှသာ နေရာရွှေ့ပြောင်း အခင်းအကျင်းက လိုအပ်တဲ့ ဝိညာဉ်စွမ်းအား အလုံအလောက် ရရှိနိုင်မှာပါ...”

“တကယ်လို့ ဒီနေရာမှာပဲ အခင်းအကျင်း တည်ဆောက်မယ်ဆိုရင် တတိယအဆင့် ဝိညာဉ်သွေးကြောရဲ့ အကန့်အသတ်တွေနဲ့ ရင်ဆိုင်ရလိမ့်ဦးမယ်...”

စုယွီသည် စဉ်းစားခန်း ဝင်သွားသည်။ အကယ်၍ ပိုင်ဟွာဂိုဏ်းသာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူက ၎င်းတို့၏ လျှို့ဝှက်နယ်မြေကို သိမ်းပိုက်လိုက်မည် ဆိုပါက ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုသို့ဆိုလျှင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် နယ်မြေရှိ အခြားသော အင်အားစုများ အားလုံးက ဤကိစ္စကို အာရုံစိုက်လာကြမည်မှာ အမှန်ပင်။

ထိုအခြေအနေမှာ သူ့အတွက် ကောင်းမွန်သော အရာ မဟုတ်ပါချေ။

‘ဒါပေမဲ့...

အကယ်၍ ပိုင်ဟွာဂိုဏ်းကို အပြီးတိုင် ဖျောက်ဖျက်ပစ်မယ့် အစား နောက်ကွယ်ကနေ တိတ်တဆိတ် ထိန်းချုပ်လိုက်မယ် ဆိုရင်ရော…’

'ဒါကို ဖြည်းဖြည်းချင်း အကောင်အထည် ဖော်လို့ ရနိုင်မလား... ပထမဆုံး ပိုင်ဟွာဂိုဏ်းကို ထိန်းချုပ်လိုက်မယ်... ပြီးတော့မှ ဂိုဏ်းအတွင်းကို ဖြည်းဖြည်းချင်း ရှင်းလင်းပြီး... မှောင်ခိုဈေးကွက်ကနေ ကျွန်တချို့ ဝယ်ဖြည့်လိုက်မယ်... နောက်ဆုံးမှာ ပိုင်ဟွာဂိုဏ်းကို အပြီးတိုင် အစားထိုး ထိန်းချုပ်နိုင်တဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်လို့ ရနိုင်တာပဲ...'

စုယွီသည် ထိုအစီအစဉ်၏ ဖြစ်နိုင်ချေကို စဉ်းစားနေမိသည်။

ဤသို့ လုပ်ဆောင်ခြင်းက အချို့သော အင်အားစုများ၏ သံသယကို ဖြစ်ပေါ်စေနိုင်သော်ငြား... ပိုင်ဟွာဂိုဏ်းကို ရုတ်တရက် ဖျောက်ဖျက်ပစ်လိုက်ခြင်းထက်စာလျှင် ပိုမို အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်၏။

သူ၏ အမြင်တွင် လျှို့ဝှက်နယ်မြေ အတွင်း၌ နောက်ဆုံးတွင် လူ (၁၀၀) ခန့်သာ လိုအပ်ပါမည်။

ပထမအချက်မှာ လျှို့ဝှက်နယ်မြေ၏ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်... ဒုတိယအချက်မှာ လျှို့ဝှက်နယ်မြေနှင့် နေရာရွှေ့ပြောင်း အခင်းအကျင်း၏ လုံခြုံရေးကို စောင့်ကြပ်ရန်... နှင့် တတိယအချက်မှာ သူ့အတွက် သာမက ယွီခယ်အာ နှင့် မာထျန်းလင် တို့အတွက်ပါ အလုပ်အကျွေး ပြုရန်ပါပင်။

သေချာသည်ပေါ့... ပိုင်ဟွာဂိုဏ်းကို အပြီးတိုင် ဖျောက်ဖျက်ပစ်ရန်မှာ မလုံခြုံသေးပါချေ။ အထဲနှင့် အပြင်ကို ရှင်းလင်းစွာ ခွဲခြားထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သူသည် အတွင်းပိုင်းရှိ လျှို့ဝှက်နယ်မြေကို အပြည့်အဝ ထိန်းချုပ်ထားမည် ဖြစ်သော်လည်း... အပြင်ပန်းတွင်မူ ပိုင်ဟွာဂိုဏ်းကို မူလပုံစံအတိုင်း ဆက်လက် တည်ရှိနေစေကာ အကာအကွယ် တစ်ခုအဖြစ် အသုံးပြုမည် ဖြစ်၏။

ဤနည်းလမ်းက ပို၍ လုံခြုံ စိတ်ချရပေလိမ့်မည်။

All Chapters