အခန်း (၆၃၄)
Vol. 43 Ch. 634
အခန်း (၆၃၄) - နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ခြင်းနှင့် အမြင်ကျယ်မှု အကောင်အထည် ပေါ်လာခြင်း အပိုင်း (၁)
မူလက စုယွီသည် ပိုင်ဟွာဂိုဏ်းမှ လူများကို ဖမ်းဆီးပြီးနောက်... အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက်ရှိ လင်းချင်းရှားနှင့် အခြား နှစ်ဦးထံသို့ လွှဲပြောင်းပေးရန် ရည်ရွယ်ထားခဲ့သည်...။ ၎င်းတို့၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်း ကံကြမ္မာမှာ လင်းချင်းရှားတို့ သုံးဦး၏ လက်ထဲတွင်သာ ရှိပေလိမ့်မည်။
သို့သော် အတန်ကြာ တွေးတောပြီးနောက် စုယွီသည် ပိုင်ဟွာဂိုဏ်းမှ လူများကို ခေတ္တမျှ အသက်ရှင်ခွင့် ပေးထားခြင်းက ပို၍ ကောင်းမွန်မည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း ခံစားလိုက်ရ၏။
ဤအစီအစဉ်တွင် တစ်ခုတည်းသော ပြဿနာမှာ ပိုင်ဟွာဂိုဏ်းမှ မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲများကို မည်သို့ ထိန်းချုပ်မည်နည်း ဆိုသည်ပင် ဖြစ်တော့သည်။
စုယွီသည် ဤပြဿနာကို အကြီးအကဲ ကြယ်ခူး ထံသို့ တင်ပြကာ အကြံဉာဏ် တောင်းခံလိုက်သည်။
အကြီးအကဲ ကြယ်ခူး က စုယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏...။
အစောပိုင်းက စုယွီသည် ပိုင်ဟွာဂိုဏ်းကို အလွန်အမင်း မုန်းတီးရွံရှာနေဟန် ရှိသဖြင့်... သူတို့၏ ဂူစံအိမ်ကို သိမ်းယူရန်အတွက် ပိုင်ဟွာဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ရန်ပင် အကြံပြုထားခဲ့သည် မဟုတ်ပါလော။
‘ဒါပေမဲ့ အခုကျတော့ စုယွီက ပိုင်ဟွာဂိုဏ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား။
မူလဝိညာဉ် အဆင့်ကိုတောင် ထိန်းချုပ်ချင်နေတာလား…’
အကြီးအကဲ ကြယ်ခူး က မျက်မှောင်ကြုတ်သွားပြီး အတန်ကြာ စဉ်းစားပြီးမှ ဆိုလာသည်။
“အရမ်း ခက်ခဲလိမ့်မယ်... မူလဝိညာဉ် အဆင့်ဆိုတာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်နဲ့ မတူဘူး... မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ထိန်းချုပ်ဖို့ ဆိုတာ တားမြစ်ကျင့်စဉ် တွေကို အသုံးမပြုရင် လုံးဝ မဖြစ်နိုင်သလောက်ပဲ...”
ထိုစကားကို ကြားသောအခါ စုယွီမှာ အံ့အားသင့်သွားရသည်။“တားမြစ်ကျင့်စဉ် ဟုတ်လား... အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ရဲ့ မှောင်ခိုဈေးကွက်က ကျွန်ကုန်သည်တွေ သုံးတဲ့ နည်းလမ်းမျိုးကို ဆိုလိုတာလား ခင်ဗျာ...”
အကြီးအကဲ ကြယ်ခူး က ခေတ္တမျှ တွေးတောနေပြီးနောက် ခေါင်းညိတ်ပြကာ ပြန်ဖြေသည်။“မင်း ပြောတာ မှန်ပါတယ်... ဒါပေမဲ့ အသေးစိတ်ကိုတော့ ငါလည်း သေချာ မသိဘူး...”
“ကောလာဟလတွေ အရတော့ ဒီကျင့်စဉ်တွေက ပြင်ပကမ္ဘာက ဗုဒ္ဓဂိုဏ်း တစ်ခုဆီကနေ လာတာ ဖြစ်နိုင်ပြီး... မိစ္ဆာ ဗုဒ္ဓမျိုးနွယ်စုရဲ့ ပညာရပ်တွေ ဖြစ်တယ်လို့ ဆိုကြတယ်... အရမ်းကို ထူးဆန်းတဲ့ ကျင့်စဉ်တွေ ဖြစ်လို့ သူတို့ကို တားမြစ်ကျင့်စဉ် လို့ပဲ ယေဘုယျ သတ်မှတ်ထားကြတာပါ...”
စုယွီက စူးစမ်းလိုစိတ်ဖြင့် ထပ်မံ မေးမြန်းလိုက်၏။“ဗုဒ္ဓဂိုဏ်းကနေ မိစ္ဆာလမ်းစဉ်ကို ကူးပြောင်းသွားတာမျိုးတွေ ရှိဖူးလား ခင်ဗျာ... ပြီးတော့ ပြောင်းပြန်ရော... မိစ္ဆာ တစ်ကောင်က ဗုဒ္ဓဂိုဏ်းရဲ့ နောက်လိုက် ဖြစ်လာနိုင်လား...”
ထိုအခါ အကြီးအကဲ ကြယ်ခူး က ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောပြသည်။“ဟားဟား… ရှိဖူးပါတယ်... ဒါပေမဲ့ အများစုကတော့ မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတတ်ကြတယ်... ဗုဒ္ဓဂိုဏ်းကနေ မိစ္ဆာ အဖြစ် ကူးပြောင်းတာက စွမ်းအားကို ရုတ်တရက် အများကြီး တိုးလာစေနိုင်ပေမယ့်... မိစ္ဆာ တစ်ကောင်က ဗုဒ္ဓဂိုဏ်းဆီ ကူးပြောင်းမယ် ဆိုရင်တော့ သူ့ရဲ့ အုတ်မြစ်တွေကို ဖျက်ဆီးပြီး အစကနေ ပြန်စရတာနဲ့ အတူတူပဲ...”
စုယွီက မူလ အကြောင်းအရာဆီသို့ ပြန်သွားကာ မေးလိုက်သည်။“ဒါဆို မူလဝိညာဉ် အဆင့်ကို ထိန်းချုပ်ဖို့ တခြား ဘယ်လို နည်းလမ်းတွေ ရှိသေးလဲ ခင်ဗျာ...”
အကြီးအကဲ ကြယ်ခူး က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည် ဖြေကြားလာသည်။“တကယ်လို့ မင်းက ပိုင်ဟွာဂိုဏ်းကို ထိန်းချုပ်ချင်တယ် ဆိုရင်တော့... ငါက သူတို့ အပေါ်မှာ အတားအဆီး တချို့ ချမှတ်ပေးပြီး... မင်းအတွက် ထိန်းချုပ်ရေး တံဆိပ်ပြား တစ်ခု ဖန်တီးပေးလို့ ရပါတယ်... မင်းရဲ့ စိတ်အာရုံ တစ်ချက်လေးနဲ့တင် သူတို့ရဲ့ အသက်ကို နှုတ်ယူလို့ ရလိမ့်မယ်...”
“ဒါပေမဲ့ ဒီနည်းလမ်းက နှစ်အနည်းငယ် လောက်ပဲ ခံနိုင်ရည် ရှိလိမ့်မယ်... အများဆုံး ဆယ်နှစ်ထက် မပိုနိုင်ဘူး... အဲဒီအချိန် ကျော်သွားရင်တော့ သူတို့က ဒီအတားအဆီးတွေကို အလွယ်တကူ ချိုးဖြတ်သွားနိုင်ပါလိမ့်မယ်...”
“ဒါကြောင့် မင်း အနေနဲ့ ပိုင်ဟွာဂိုဏ်းကို တကယ် ထိန်းချုပ်ချင်တယ် ဆိုရင်တော့... သူတို့ကို စည်းရုံး သိမ်းသွင်းပြီး မင်းအပေါ်ကို တကယ် သစ္စာရှိလာအောင် လုပ်တာ အကောင်းဆုံးပဲ...”
“လောကမှာ သူတို့ ကိုယ်တိုင် ဆန္ဒအလျောက် အညံ့ခံတာလောက် ကောင်းတဲ့ နည်းလမ်းမျိုး မရှိတော့ဘူး...”
အကြီးအကဲ ကြယ်ခူး ၏ စကားများကို နားထောင်ရင်း ၎င်းတွင် တခြားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေကြောင်း စုယွီ ခံစားလိုက်ရ၏။
သာမန် ကျင့်ကြံသူများအတွက် ဤနည်းလမ်းမှာ ဖြစ်နိုင်ချေ ရှိသော်ငြား... သူ၏ စွမ်းအား၊ ပါရမီ၊ အုတ်မြစ်နှင့် ကတိကဝတ်များက အခြားသူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်။
သို့သော်လည်း ပိုင်ဟွာဂိုဏ်းမှ မိန်းမသား ကျင့်ကြံသူများ အတွက်မူ... ထိုသို့ ဖြစ်လာမည် မဟုတ်ချေ။
စုယွီက ဆက်လက် စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။“လောလောဆယ်တော့ သူတို့ကို ထိန်းချုပ်ထားလိုက်တာ အကောင်းဆုံးပါပဲ... တကယ်လို့ ဒီထိန်းချုပ်မှုကို နှစ်အနည်းငယ်လောက် ဆက်ထိန်းထားနိုင်မယ် ဆိုရင် လုံလောက်ပါပြီ... အနာဂတ်မှာ ချင်းရှား ဖြစ်ဖြစ် ..ထျန်းလင် ဖြစ်ဖြစ်... ဒါမှမဟုတ် သူတို့ထဲက တစ်ယောက်ယောက် မူလဝိညာဉ် အဆင့်ကို ရောက်လာခဲ့ရင် ပိုင်ဟွာဂိုဏ်းကို ဖြည်းဖြည်းချင်း လွှဲပြောင်းယူလို့ ရပြီလေ... ဂိုဏ်းထဲကို တပည့်သစ်တွေ ဒါမှမဟုတ် ကျွန်တွေ ဝယ်ဖြည့်ပြီး ပိုင်ဟွာဂိုဏ်းကို တဖြည်းဖြည်း ပြောင်းလဲပစ်လို့ ရတာပဲ...”
ထိုအချိန်သို့ ရောက်လျှင်မူ သူနှင့် သူ၏ နောက်ကွယ်ရှိ တာ့ယွဲ့ နန်းတော်မှာလည်း ဆက်လက်၍ ပုန်းကွယ်နေနိုင်မည် မဟုတ်ပါလော။
ဤအစီအစဉ်မှာ အလွန်ပင် ပြည့်စုံ ကောင်းမွန်လှသည်။
ဆုံးဖြတ်ချက် ချပြီးနောက် စုယွီသည် အကြီးအကဲ ကြယ်ခူး အား ပိုင်ဟွာဂိုဏ်း၏ မူလဝိညာဉ် အဆင့်ရှိ အကြီးအကဲများကို ထိန်းချုပ်ပေးရန် ရိုသေစွာ အကူအညီ တောင်းခံလိုက်၏။
သူ ဖမ်းဆီးထားသော မူလဝိညာဉ် အရှင်သခင် နှစ်ပါးအပြင် ပိုင်ဟွာဂိုဏ်းတွင် နောက်ထပ် နှစ်ပါး ရှိနေသေးရာ... တစ်ပါးမှာ မူလဝိညာဉ် ဒုတိယအဆင့် ဖြစ်ပြီး ကျန်တစ်ပါးမှာ ပထမအဆင့် ဖြစ်သဖြင့် စုစုပေါင်း လေးပါး ရှိနေသည်။
အကြီးအကဲ ကြယ်ခူး အတွက်မူ ဤကိစ္စမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါချေ...။ ပိုင်ဟွာဂိုဏ်း၏ တောင်တံခါး အခင်းအကျင်းတွင် ဟာကွက်များနှင့် အားနည်းချက်များ အနှံ့အပြား ရှိနေသည် မဟုတ်ပါလော။
သူသည် စုယွီနှင့် မာရှီချင်းတို့ကို ခေါ်ဆောင်ကာ ပိုင်ဟွာဂိုဏ်း အတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားခဲ့သည်။
ပိုင်ဟွာဂိုဏ်း အတွင်း ကျန်ရှိနေသူများမှာ ခုခံနိုင်စွမ်း လုံးဝ မရှိဘဲ အကြီးအကဲ ကြယ်ခူး ၏ အဖမ်းဆီးခံလိုက်ရတော့၏။
ပိုင်ဟွာဂိုဏ်းမှ အရှင်သခင် လေးပါးကို ထိန်းချုပ်သည့် လုပ်ငန်းစဉ်မှာလည်း အလွန်ပင် ချောမွေ့လှသည်...။ အကြီးအကဲ ကြယ်ခူး ၏ ခြိမ်းခြောက်မှုနှင့် သူတို့၏ မူလဝိညာဉ်များ အတွင်း၌ ချမှတ်ထားသော အတားအဆီးများကြောင့်... ထိုမိန်းမသား လေးဦးမှာ ခေါင်းငုံ့ အညံ့ခံခဲ့ကြပြီး သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြသည်...။ အစွမ်းထက်သူ၏ ရှေ့မှောက်တွင် မည်သူကမျှ ခေါင်းမမာရဲပါချေ။
၎င်းက မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်၏...။ အဘယ်ကြောင့်ဆိုသော် ပိုင်ဟွာဂိုဏ်းသည် အခြား ဂိုဏ်းများနှင့် လုံးဝ ကွာခြားလှသောကြောင့်ပင်။
အကယ်၍ ယွင်ကျန့်ဂိုဏ်းသာ ဖြစ်ခဲ့မည် ဆိုလျှင် အခြားသော မိန်းမသား တပည့်များ အကြောင်းကို စုယွီ သေချာ မသိသော်ငြား... စုကျီး နှင့် လော့ချန်ယွီ တို့မှာမူ အညံ့ခံမည့်အစား သေခြင်းတရားကိုသာ ရွေးချယ်ကြမည်မှာ အသေအချာပင် ဖြစ်တော့သည်။
ပိုင်ဟွာဂိုဏ်းမှ အရှင်သခင် လေးပါးကို အတင်းအကျပ် ထိန်းချုပ်ပြီးနောက် စုယွီသည် ထိုနေရာ၌ပင် ရပ်တန့်မနေခဲ့ပါချေ။
သူသည် သူ ဖမ်းဆီးထားသော ပိုင်ဟွာဂိုဏ်းမှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် အထက်ရှိ မိန်းမသား ကျင့်ကြံသူများ အားလုံး အပေါ်တွင် အာရုံ လှည့်စားမှု မန္တန်ကို အသုံးပြုကာ... သူ၏ အပေါ် သစ္စာရှိစေမည့် အတွေးများကို ၎င်းတို့၏ စိတ်အတွင်းသို့ ရိုက်သွင်းလိုက်သည်။
ပိုင်ဟွာဂိုဏ်း၏ ဂူစံအိမ် အတွင်း၌ နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် အကြီးအကဲ ကြယ်ခူး မှာ သုံးနှစ်ကျော် အချိန်ယူခဲ့ရသည်။
ထိုအချိန်ကာလ အတွင်း၌ စုယွီသည် နေ့စဉ် ကျင့်ကြံခြင်းနှင့် အခြား တာဝန်များ အပြင်... ပိုင်ဟွာဂိုဏ်းမှ မိန်းမသား ကျင့်ကြံသူများကို သူ၏ အာရုံ လှည့်စားမှု မန္တန်ဖြင့် ဖြည်းဖြည်းချင်း လွှမ်းမိုးကာ ဂိုဏ်းအပေါ် ထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်နေခဲ့သည်။
နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ပြီးနောက် သူသည် အကြီးအကဲ ကြယ်ခူး အား တာ့ယွဲ့ နန်းတော်၏ ဂူစံအိမ်ဆီသို့ ခေါ်ဆောင်သွားပြီး... ထိုနေရာ၌လည်း အလားတူ အခင်းအကျင်း တစ်ခုကို တည်ဆောက်ရဦးမည် ဖြစ်သည်...။ ထိုသို့ လုပ်ဆောင်ပြီးမှသာ ပြီးပြည့်စုံသော နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု ဖြစ်လာမည် မဟုတ်ပါလော။
နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ခြင်းမှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ဘဲ အချိန်များစွာ ပေးရသည်။
ထို့ကြောင့် ထိုအချိန်ကာလ အတွင်း စုယွီသည် အကြီးအကဲ ကြယ်ခူး ထံသို့ ပဉ္စမအဆင့် ထိပ်တန်း ဝိညာဉ်အရည် နောက်ထပ် အစက်တစ်ရာကို ထပ်မံ ပေးအပ်လိုက်သည်...။ ဝိညာဉ်အရည်၏ ထူးခြားသော အာနိသင်များကြောင့် အကြီးအကဲ ကြယ်ခူး ၏ ပင်ပန်းနွမ်းနယ်မှုများကို အတိုင်းအတာ တစ်ခုအထိ ကုစားပေးနိုင်ပါမည်။
ထို့အပြင် ၎င်းသည် အကြီးအကဲ ကြယ်ခူး နှင့် သူ၏ ကြယ်ခူး မျှော်စင် တို့ကြားရှိ ဆက်ဆံရေးကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလော။
မဟုတ်ပါက အကြီးအကဲ ကြယ်ခူး အနေဖြင့် မည်သည့် ဆုလာဘ်မျှ မရှိဘဲ သူ့အတွက် နေရာရွှေ့ပြောင်း အခင်းအကျင်းကို တည်ဆောက်ပေးရကာ... သူ၏ သက်တမ်း ခုနစ်နှစ်ခန့်ကို အချည်းနှီး ကုန်ဆုံးစေရမည်မှာ တရားနည်းလမ်း မကျလွန်းလှပါချေ။