← Chapters

အခန်း (၆၃၅)

Vol. 43 Ch. 635

အခန်း (၆၃၅)

Vol. 43 Ch. 635

အခန်း (၆၃၅) - နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ခြင်းနှင့် အမြင်ကျယ်မှု အကောင်အထည် ပေါ်လာခြင်း အပိုင်း (၂)

သက်တမ်းကုန်ဆုံးရန် နီးကပ်နေပြီဖြစ်သော ဝိညာဉ်ခွဲထွက်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦးအတွက် ဤဝိညာဉ်အရည် ပမာဏ၏ တန်ဖိုးမှာ မည်မျှ ကြီးမားမည်ကို တွက်ဆ၍ပင် မရနိုင်ပါချေ။

လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေအတွင်း၌ စုယွီက နေရာရွှေ့ပြောင်း အခင်းအကျင်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည့် အခိုက်အတန့်တွင်... သူသည် ယွီခယ်အာ၊ မာထျန်းလင်၊ အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်း တို့နှင့်အတူ အခင်းအကျင်းကို နှိုးဆော်ရန် ပြင်ဆင်လိုက်သည်။

“ဝုန်း...”

မျက်စိတစ်မှိတ် အတွင်းမှာပင် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေရှိ စတုတ္ထအဆင့် ဝိညာဉ်သွေးကြောမှ စွမ်းအင် အမြောက်အမြားမှာ စုပ်ယူခြင်း ခံလိုက်ရပြီး... စုယွီတို့ ငါးဦး၏ ပုံရိပ်များမှာ နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။

အခြားတစ်ဖက်တွင်မူ။

ပိုင်ဟွာဂိုဏ်း။

မိုင်လေးဆယ်ခန့် ကျယ်ဝန်းသော လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာ၌ စုယွီ သီးသန့် ဖန်တီးထားသော တားမြစ်နယ်မြေ တစ်ခု ရှိ၏။ ထိုနေရာတွင် အကြီးအကဲ ကြယ်ခူး က ပဉ္စမအဆင့် အဆင့်နိမ့် ကာကွယ်ရေး အခင်းအကျင်း တစ်ခုကိုပါ ထပ်မံ ချမှတ်ပေးထားရာ... အရေးပေါ် အခြေအနေမျိုးတွင် အသက်ကို ကယ်တင်ပေးနိုင်မည် ဖြစ်၏။

လျှို့ဝှက်နယ်မြေ၏ မြေမျက်နှာသွင်ပြင်မှာ အဆက်မပြတ် သွယ်တန်းနေသော တောင်တန်းကြီးများနှင့် တောင်ကုန်းငယ်များဖြင့် ဖွဲ့စည်းထားပြီး... စိမ်းလန်း စိုပြည်လှသော ဝိညာဉ်အပင်များနှင့် သစ်ပင်ကြီးများဖြင့် ဖုံးလွှမ်းနေသည်။ လေညင်း တစ်ချက် ဝေ့တိုက်လိုက်သည်နှင့် အစိမ်းရောင် လှိုင်းလုံးကြီးများ လှုပ်ခတ်သွားသကဲ့သို့ ထင်ရ၏။

တောင်တန်းများ၏ အထက်တွင် ဖြူလွှလွှ တိမ်တိုက်များက ရစ်ဝဲနေပြီး... သိပ်သည်းလှသော ကောင်းကင်နှင့် မြေကြီး၏ သဘာဝ ဝိညာဉ်စွမ်းအင်များမှာ မြူခိုးများအလား ဖုံးလွှမ်းနေတော့သည်။

လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ လူ့ပြည်ရှိ နတ်ဘုံနတ်နန်း တစ်ခုနှင့်ပင် တူနေတော့၏။

ဤနတ်ဘုံနတ်နန်း၏ အနက်ရှိုင်းဆုံး နေရာရှိ ဧရာမ ကျောက်စိမ်း စင်မြင့်ကြီးပေါ်တွင်... စူးရှ တောက်ပလှသော အင်မော်တယ် အလင်းတန်းများနှင့်အတူ ဟင်းလင်းပြင် တွန့်ခေါက်လာကာ... နောက်တစ်ခဏတွင် စုယွီတို့ ငါးဦး၏ ပုံရိပ်များ ပေါ်ထွက်လာသည်။ ထို့နောက်တွင်မူ ဟင်းလင်းပြင်မှာ ပြန်လည် ငြိမ်သက်သွားခဲ့တော့သည်။

သူနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော ပိုင်ဟွာဂိုဏ်း တားမြစ်နယ်မြေ၏ ပတ်ဝန်းကျင်ကို ကြည့်ရင်း စုယွီမှာ အတိုင်းမသိ ဝမ်းသာသွားရသည်။

“ငါတို့ အောင်မြင်ပြီဟေ့...”

နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိနေပြီဖြစ်ရာ ယခုမှစ၍ သူသည် မြေကမ္ဘာအင်မော်တယ် နန်းတော်နှင့် တာ့ယွဲ့ နန်းတော်တို့ အကြား လွတ်လပ်စွာ ကူးလူး သွားလာနိုင်ပြီ မဟုတ်ပါလော။

ဘေးနားရှိ ယွီခယ်အာ နှင့် မာထျန်းလင် တို့၏ မျက်နှာများ ပေါ်တွင်လည်း စိတ်လှုပ်ရှား ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေ၏။ သူမတို့သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ် အပြည့်ဖြင့် လေ့လာ ကြည့်ရှုနေကြသည်။

စုယွီသည် အရှင်သခင် ကုလန် နှင့်အတူ မြေကမ္ဘာအင်မော်တယ် နန်းတော်သို့ ပထမဆုံးအကြိမ် ထွက်ခွာသွားခဲ့စဉ်ကပင်... သူမတို့သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း ဒေသသို့ ရောက်ရှိမည့်နေ့ကို မျှော်လင့် တောင့်တနေခဲ့ကြပါ၏။

ယနေ့တွင်တော့ သူမတို့ ဤနယ်မြေပေါ်သို့ အမှန်တကယ် ခြေချနိုင်ခဲ့ကြတော့သည်။ ယွီခယ်အာ အတွက်မူ သူမသည် စုယွီနှင့် အတူတူ နေထိုင်လိုပြီး... ဆယ်စုနှစ်များစွာ ကြာမှ တစ်ခါ တွေ့ဆုံရမည့် ဘဝမျိုးကို မလိုလားပါချေ။

မာထျန်းလင် မှာမူ ကလေးဘဝ ကတည်းက စုယွီနှင့်အတူ ကျင့်ကြံလာခဲ့သူ ဖြစ်ပြီး... စုယွီ မြေကမ္ဘာအင်မော်တယ် နန်းတော်သို့ ထွက်ခွာသွားချိန်တွင် သူမသည် အရွယ်ရောက်ကာစမျှသာ ရှိသေး၏။ စုယွီ ထွက်သွားပြီးနောက်ပိုင်း သူမ၏ ဘဝသည် ကျောထောက်နောက်ခံမဲ့ သွားသကဲ့သို့ ဟာတာတာ ဖြစ်နေခဲ့ရသည်။

သူမသည် ယွီခယ်အာ တို့၏ ခြေရာကို နင်းကာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း ဒေသသို့ လာရောက်၍ စုယွီနှင့်အတူ ကျင့်ကြံလိုစိတ်များ တစ်နေ့တခြား ပြင်းပြလာခဲ့၏။ ယခုအခါ သူမသည် အသက် တစ်ရာကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး... နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသော သူမ၏ အိပ်မက်လေးမှာ နောက်ဆုံးတွင် အကောင်အထည် ပေါ်လာခဲ့တော့သည်။ သို့သော်လည်း သူမ၏ လက်ရှိ ကျင့်ကြံခြင်းမှာမူ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၉) တွင်သာ ဖိနှိပ် ချုပ်တည်းထားဆဲပါပင်။

အဘယ်ကြောင့်ဆိုသော် မူလဝိညာဉ် အဆင့်သို့ တက်လှမ်းရန် မလောသေးဘဲ... သူမ၏ ဝိညာဉ်ခန္ဓာကိုယ် စွမ်းအားကို အပြည့်အဝ ထိန်းချုပ်ကာ ရွှေအမြုတေ၏ အလားအလာကို အရင်ဆုံး မြှင့်တင်ရန် စုယွီက မှာကြားထားခဲ့သောကြောင့်ပါ။ အကယ်၍ သူမ အနေဖြင့် အဆင့် (၈) ရွှေအမြုတေသို့ ရောက်ရှိပြီးမှ မူလဝိညာဉ် အဆင့်သို့ တက်လှမ်းမည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ လောလောဆယ်တွင်မူ မာထျန်းလင် သည် ကိုယ်ပိုင် ကျင့်ကြံခြင်းဖြင့် အဆင့် (၇) ရွှေအမြုတေသို့ မနည်း ရောက်ရှိထားရုံမျှသာ ရှိသေး၏။

သည်အဆင့်ကလည်း လွယ်ကူသော ကိစ္စတော့ မဟုတ်ပါချေ။ ပတ်ဝန်းကျင်ကို ကြည့်ရင်း မာထျန်းလင် က ဝမ်းသာအားရ ဆိုလိုက်သည်။

“ဒါ ဒဏ္ဍာရီထဲက မြေကမ္ဘာအင်မော်တယ် နန်းတော်လား... ဝိညာဉ်စွမ်းအင်တွေက တကယ့်ကို သိပ်သည်းတာပဲနော်...”

စုယွီက ခပ်ဟဟ ရယ်မောလိုက်ရင်း ပြန်ဖြေလာ၏။

““မဟုတ်ဘူး... ဒါက ငါ သိမ်းပိုက်ထားတဲ့ အင်အားစု တစ်ခုရဲ့ လျှို့ဝှက်နယ်မြေပဲ ရှိသေးတာ... မြေကမ္ဘာအင်မော်တယ် နန်းတော်နဲ့ အများကြီး ဝေးသေးတယ်... ဒါပေမဲ့ ဒီကနေ သိပ်မဝေးတဲ့ နေရာမှာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဆိုတဲ့ ဧရာမ ကြားနေ မြို့တော်ကြီး တစ်ခု ရှိတယ်... အဲဒီက နေရာရွှေ့ပြောင်း အခင်းအကျင်းကနေ တစ်ဆင့် မြေကမ္ဘာအင်မော်တယ် နန်းတော်ကို မြန်မြန်ဆန်ဆန် သွားလို့ ရပါတယ်...”

အပြင်ဘက်သို့ လမ်းလျှောက် ထွက်လာကြစဉ် စုယွီသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း ဒေသနှင့် ပတ်သက်သော အကြောင်းအရာ အချို့ကို ယွီခယ်အာ၊ မာထျန်းလင် တို့အား ပြောပြနေခဲ့သည်။ အစပိုင်းတွင်မူ ယွီခယ်အာ နှင့် မာထျန်းလင် တို့ အနေဖြင့် အနည်းငယ် စိမ်းသက်နေနိုင်၏။ သို့သော် အချိန်အတန်ကြာ နေထိုင်ပြီး ဤနေရာ၏ အခြေအနေနှင့် ပတ်ဝန်းကျင်ကို နားလည်လာသည့် အခါတွင်မူ ထိုစိမ်းသက်မှုများ အလိုလို ပျောက်ကွယ်သွားပေလိမ့်မည်။

သူတို့သည် တားမြစ်နယ်မြေ အတွင်းမှ ထွက်ခွာလာခဲ့ကြ၏။

ပိုင်ဟွာဂိုဏ်း လျှို့ဝှက်နယ်မြေ အတွင်း တည်ဆောက်ထားသော အင်မော်တယ် နန်းတော်သို့ ရောက်ရှိလာချိန်တွင်... မျိုးစိတ် အမျိုးမျိုးရှိသော ဝိညာဉ် မက်မွန်ပင် အများအပြားမှာ တစ်နှစ်ပတ်လုံး ဖူးပွင့်နေကြပြီး... ၎င်းတို့၏ ရနံ့များမှာ နန်းတော် တစ်ခုလုံးသို့ ထုံသင်း မွှေးကြိုင်နေတော့သည်။

နန်းတော်၏ ပတ်ပတ်လည်တွင်လည်း ပန်းပင်လယ်ကြီး တစ်ခု ရှိနေ၏။ အရောင်အသွေး စုံလင်လှသော ဝိညာဉ်ပန်းပင် အဖုံဖုံမှာ မျက်စိပသာဒ ဖြစ်ဖွယ်ရာ ဖူးပွင့်နေကြ၏။ ပိုင်ဟွာဂိုဏ်း၏ ယခင်က လုပ်ဆောင်ခဲ့သော ပြောမပြနိုင်လောက်အောင် ဆိုးရွားသည့် လုပ်ရပ်များကိုသာ မေ့ထားလိုက်မည် ဆိုပါက... ဤလျှို့ဝှက်နယ်မြေမှာ လူတိုင်း နှစ်သက်ဖွယ်ရာ နတ်ဘုံနတ်နန်း တစ်ခု ဖြစ်သည်မှာ အသေအချာပင်။

စုယွီ၊ ယွီခယ်အာ နှင့် မာထျန်းလင် တို့ ရောက်ရှိလာချိန်တွင်... ဤနေရာရှိ ပန်းပင်လယ်ကြီး၏ လှပသော ရှုခင်းများကြောင့် ယွီခယ်အာ နှင့် မာထျန်းလင် တို့မှာ ချက်ချင်းပင် ညှို့ယူ ဖမ်းစားခြင်း ခံလိုက်ရသည်။

“နန်းတော်သခင်...”

မူလဝိညာဉ် စတုတ္ထအဆင့် ရှိသော ပိုင်ဟွာဂိုဏ်း အကြီးအကဲ ယွီယီမန် နှင့်အတူ အခြားသော မူလဝိညာဉ် အရှင်သခင် သုံးပါးတို့သည် စုယွီနှင့် အခြားသူများအား လာရောက် ကြိုဆိုကြသည်။ သူမတို့ အားလုံးမှာ အလွန်တရာ ဆွဲဆောင်မှု ရှိသော ဝတ်စုံများကို ဆင်မြန်းထားကြ၏။ ၎င်းက သူမတို့၏ ပုံမှန် ဝတ်စားဆင်ယင်မှုသာ ဖြစ်ပြီး စုယွီကို မျက်နှာလုပ်ရန် သက်သက် ဝတ်ဆင်ထားခြင်း မဟုတ်ပါချေ။

သူတို့ ခေါ်ဝေါ်သော အမည်နာမကိုမူ စုယွီ ကိုယ်တိုင် သတ်မှတ်ပေးထားပါ၏။

သူသည် ‘သခင်’ ဟု အခေါ်ခံရခြင်းကို မနှစ်သက်သဖြင့် ‘နန်းတော်သခင်’ ဟူသော အမည်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ အလားတူပင် တာအိုဘွဲ့အမည်များ၊ အမည်နာမ အခေါ်အဝေါ်များကိုလည်း သူ စိတ်မဝင်စားပါချေ။

သို့သော် ယွီခယ်အာ နှင့် မာထျန်းလင် တို့မှာမူ ယွီယီမန် နှင့် အခြားသူများကို မြင်တွေ့ရသောအခါ... အနည်းငယ် သတိထားကာ အကဲခတ်သည့် အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

စုယွီကမူ မည်သို့မျှ ဂရုမစိုက်ဘဲ ဆိုလိုက်၏။

“အထဲမှာပဲ ပြောကြတာပေါ့...”

အင်မော်တယ် နန်းတော် အတွင်းရှိ လူတိုင်း နေရာယူပြီးနောက် စုယွီသည် လက်ဖက်ရည် နှပ်ရင်း ယွီခယ်အာ၊ မာထျန်းလင် တို့နှင့် စကားစမြည် ပြောဆိုကာ ပိုင်ဟွာဂိုဏ်း၏ အရေးကိစ္စများကို ရှင်းပြနေခဲ့သည်။

ထိုအကြောင်းကို ကြားရသောအခါ မာထျန်းလင် မှာ အလွန်ပင် စိတ်ဝင်စားသွားပြီး စုယွီကို မျှော်လင့်ချက် ပြည့်ဝသော အကြည့်များဖြင့် ကြည့်ကာ ဆိုလာ၏။

“ဒါဆို ပိုင်ဟွာဂိုဏ်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးပေါ့...”

“အဲဒါကို ကျွန်မကို လွှဲပေးလို့ ရမလား...စီနီယာ့ကိုယ်စား ပိုင်ဟွာဂိုဏ်းကို ကျွန်မ စီမံပေးမယ်လေ...”

စုယွီက သူမကို ကြည့်ကာ ခေတ္တမျှ တွေးတောပြီးနောက် အသံလွှင့်၍ ပြန်ဖြေလိုက်၏။

“ဒီကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့...”

ရက်အနည်းငယ် ကြာပြီးနောက်... စုယွီသည် အကြီးအကဲ ကြယ်ခူး၊ မာရှီချင်း တို့နှင့် အကျိုးရှိသော ဆွေးနွေးမှု အချို့ ပြုလုပ်ခဲ့ပြီးနောက်... အကြီးအကဲ ကြယ်ခူး အား ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက် ငါးဆယ်နှင့် မာရှီချင်းအား စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် တစ်ရာတို့ကို ပေးအပ်လိုက်သည်။ ဒါက သူ့အတွက် နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ပေးခဲ့ခြင်း အပေါ် ကျေးဇူးဆပ်လိုက်ခြင်းပါ။

အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်း တို့ မထွက်ခွာမီ စုယွီသည် အကြီးအကဲ ကြယ်ခူး အား... ယွီယီမန် နှင့် အခြားသူများ၏ ခန္ဓာကိုယ် အတွင်းရှိ အတားအဆီးများကို စစ်ဆေး၍ ထပ်မံ အားဖြည့်ပေးရန် အကူအညီ တောင်းခံလိုက်သည်။ ဤနည်းဖြင့် သူသည် ထိုမိန်းမသား လေးဦးကို နောက်ထပ် ဆယ်နှစ်ခန့် ဆက်လက် ထိန်းချုပ်ထားနိုင်မည်မှာ သေချာသွားပြီ မဟုတ်ပါလော။

အကြီးအကဲ ကြယ်ခူး နှင့် မာရှီချင်း တို့ ထွက်ခွာသွားပြီးနောက် စုယွီသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၉) ရှိ လှပသော အကြီးအကဲ တစ်ဦးကို သူ၏ ဂူစံအိမ် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဆင့်ခေါ်လိုက်သည်။

သူမ၏ အမည်မှာ ရှုလီ ဖြစ်ပြီး စုယွီ၏ အာရုံ လှည့်စားမှု မန္တန်၏ လွှမ်းမိုးမှုကို အနက်ရှိုင်းဆုံး ခံထားရသူများ အနက် တစ်ဦး ဖြစ်၏။ ရှုလီ ရှိနေခြင်းဖြင့် သူသည် ပိုင်ဟွာဂိုဏ်း၏ ‘အပြင်တံခါး’ အခြေအနေကို ကောင်းစွာ နားလည် ထိန်းချုပ်နိုင်မည်သာ။

အင်မော်တယ် နန်းတော်၏ ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်လာသည်နှင့် ရှုလီသည် စုယွီ၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ပြီး အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် ဆိုလာ၏။

“အောက်ခြေလူ ရှုလီ က နန်းတော်သခင်ကို ဂါရဝပြုပါတယ်...”

ဘေးတွင် ထိုင်နေကြသော ယွီခယ်အာ နှင့် မာထျန်းလင် တို့မှာမူ မျက်နှာ အနည်းငယ် တင်းမာနေကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေကြ၏။ စုယွီသည် ယွီခယ်အာ နှင့် မာထျန်းလင် တို့ကို ရှုလီ နှင့် မိတ်ဆက်ပေးလိုက်ပြီး... ယခုမှစ၍ ရှုလီ အနေဖြင့် ယွီခယ်အာ သို့မဟုတ် မာထျန်းလင် တို့၏ အမိန့်များကို နာခံရန် ညွှန်ကြားလိုက်သည်။ ထို့နောက် စုယွီသည် ရှုလီကို ဂူစံအိမ်မှ ပြန်လည် ထွက်ခွာခွင့် ပြုလိုက်တော့သည်။

ရှုလီ ထွက်သွားပြီးနောက် စုယွီသည် မျက်မှောင် အနည်းငယ် ကြုတ်နေသော မာထျန်းလင် ကို ကြည့်ကာ ခေတ္တမျှ တွေဝေပြီးမှ ဆိုလိုက်၏။

“ငါ အင်မော်တယ် ဂိတ်တံခါးကို သွားပြီး မင်းအတွက် ရွှေအမြုတေ တာအို အမွေအနှစ် တစ်ခုလောက် ရှာတွေ့မလား သွားကြည့်ဦးမယ်... တကယ်လို့ ဒီအမွေအနှစ်ကိုသာ ရခဲ့ရင် မင်းရဲ့ မှော်အသံ ဝိညာဉ်ခန္ဓာကိုယ်ရဲ့ အလားအလာကို အပြည့်အဝ ထုတ်ဖော်နိုင်မှာ ဖြစ်ပြီး အဆင့် (၈) ရွှေအမြုတေကို အောင်မြင်စွာ တက်လှမ်းနိုင်ဖို့ ရာခိုင်နှုန်း တော်တော် များသွားလိမ့်မယ်...”

“ဒါကြောင့် ထျန်းလင်... မင်း အနေနဲ့ မူလဝိညာဉ် အဆင့်ကို ချိုးဖြတ်ဖို့ မလောဘဲ နည်းနည်း ထပ်စောင့်ပါဦး...”

“မင်း မူလဝိညာဉ် အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့ ပိုင်ဟွာဂိုဏ်းကို မင်းကိုပဲ ထိန်းချုပ် စီမံခိုင်းတော့မယ်...”

ယွီခယ်အာ နှင့် မာထျန်းလင် တို့ကို မှာကြားစရာ ရှိသည်များ မှာကြားခဲ့ပြီးနောက်... စုယွီသည် ပိုင်ဟွာဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

စုယွီ ထွက်သွားပြီးနောက် မာထျန်းလင် သည် ယွီခယ်အာ ကို သူမ၏ အခန်းထဲသို့ ခေါ်သွားကာ ကျင့်စဉ်စာအုပ် တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး အပြစ်ကင်းစွာ ရယ်မောလိုက်သည်။

“ဟီးဟီး... ဒါလေး ကြည့်စမ်း... စိတ်ဝင်စားစရာ ကောင်းတာလေး တစ်ခု ကျွန်မ.. ရှာတွေ့ထားတယ်...”

“ဘာလဲဟယ်...”

ယွီခယ်အာ က စူးစမ်းလိုစိတ်ဖြင့် ထိုကျင့်စဉ်စာအုပ်ကို ယူကြည့်လိုက်ရာ... သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ရှက်သွေးဖြာကာ နီရဲသွားတော့၏။

၎င်းမှာ “ပန်းပေါင်းစုံ မူလအစသို့ ပြန်လည် စီးဝင်ခြင်း ကျင့်စဉ်” ပင် ဖြစ်တော့သည်။

မာထျန်းလင် က တိုးညှင်းစွာ ဆိုလိုက်သည်။

“သူ ဒါကို ကျင့်ထားတယ်လို့ ကျွန်မ သံသယ ရှိတယ်...”

ထိုသို့ ပြောပြီးနောက် မာထျန်းလင် က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်၏။

“ဒါကို ယွီယီမန် ဆီကနေ ကျွန်မ.. ရခဲ့တာ... ဒါကို သေသေချာချာ လေ့လာကြည့်ပါဦးမယ်...”

...

ပိုင်ဟွာဂိုဏ်းမှ ထွက်ခွာလာပြီးနောက် စုယွီသည် တာအိုဆရာ အရိပ်နီ အသွင်ဖြင့် မှောင်ခိုဈေးကွက်ရှိ ယွင်ရှောင် ဆေးလုံးစံအိမ် သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူသည် ဆေးလုံးစံအိမ် အတွက် လိုအပ်သော ဆေးလုံးများကို ထားရစ်ခဲ့ပြီး... ဆေးလုံးစံအိမ်၏ အခြေအနေနှင့် လင်းချင်းရှားတို့ သုံးဦး၏ ကျင့်ကြံခြင်း တိုးတက်မှု အခြေအနေများကို မေးမြန်း စုံစမ်းခဲ့သည်။

အဆင့်နိမ့် အင်မော်တယ် နန်းတော် ဂိတ်တံခါးသို့ မပြန်မီ... စုယွီသည် လင်းချင်းရှားအား အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိ မိန်းမသား ကျင့်ကြံသူ (၂၀) ခန့်ကို မှောင်ခိုဈေးကွက်မှ ကျွန်အဖြစ် ဝယ်ယူရန် ညွှန်ကြားလိုက်၏။ ကုန်ကျစရိတ်များကို ဆေးလုံးစံအိမ်၏ လွန်ခဲ့သော နှစ်များအတွင်း ရရှိခဲ့သော အမြတ်ငွေများထဲမှ သုံးစွဲရန် ခွင့်ပြုခဲ့သည်။

မိန်းမသား ကျင့်ကြံသူများကိုသာ အဘယ်ကြောင့် ရွေးချယ်ရသနည်း ဆိုသော်... ထိုသူများကို ပိုင်ဟွာဂိုဏ်းရှိ ယွီခယ်အာ နှင့် မာထျန်းလင် တို့ထံတွင် အလုပ်အကျွေး ပြုရန်အတွက် ထားရှိမည် ဖြစ်သောကြောင့်ပင်။

စုယွီ အနေဖြင့် ယောက်ျားသား ကျွန်များကို ယွီခယ်အာတို့နှင့်အတူ နေထိုင်ရန် လုံးဝ ခွင့်ပြုမည် မဟုတ်ပါချေ။

All Chapters