အခန်း (၆၃၇)
Vol. 43 Ch. 637
အခန်း (၆၃၇) တာအိုဆရာ ထျန်းယွီ တံခါးပိတ်ကျင့်ကြံခြင်းနှင့် အရိုင်းနယ်မြေ တာဝန်များ အပိုင်း (၂)
သေချာသည်ပေါ့... အန္တရာယ် ကြီးမားလေလေ ရရှိမည့် အကျိုးအမြတ်ကလည်း ကြီးမားလေလေ ဖြစ်မည် မဟုတ်ပါလော။
အရိုင်းနယ်မြေ အတွင်း၌ မရေမတွက်နိုင်သော အရင်းအမြစ်များ ရှိနေသဖြင့် အင်အားစု အသီးသီးမှ ထိုနေရာသို့ အသက်စွန့်၍ သွားရောက်ကြခြင်းမှာ အံ့သြဖွယ်တော့ မဟုတ်ပါချေ။
ထိုအကြောင်းကို တွေးတောရင်း စုယွီသည် ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်များ ထည့်ထားသော ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။
သူသည် ထိုပုလင်းကို တာအိုဆရာ ထျန်းယွီထံသို့ ကမ်းပေးလိုက်ရင်း ဆို၏။
“ဆရာ... ဒီဝိညာဉ်အရည်က ဆရာရဲ့ အဟန့်အတားကို ချိုးဖြတ်ဖို့ အထောက်အကူ ဖြစ်မလားဆိုတာ ကြည့်ပေးပါဦး...”
တာအိုဆရာ ထျန်းယွီ က ကျောက်စိမ်းပုလင်းကို နားမလည်နိုင်စွာဖြင့် လက်ခံလိုက်သည်။ အစပိုင်းတွင် သူသည် ဤကမ္ဘာလောက၌ ဝိညာဉ်အရည် အမျိုးအစားများစွာ ရှိနေသဖြင့် ၎င်းကို သိပ်ပြီး အထင်မကြီးခဲ့ပါချေ။
သို့သော် ဝိညာဉ်ခွဲထွက်အဆင့်ကို ချိုးဖြတ်ရန် အထောက်အကူ ပြုနိုင်သော အရာများမှာ အလွန်တရာ ရှားပါးလှပြီး သန်းနှင့်ချီသော ပမာဏတွင် တစ်ခုသာ တွေ့ရှိနိုင်လောက်အောင် ရှားပါး၏။ ထိုကဲ့သို့သော အရာတိုင်းမှာ အဖိုးမဖြတ်နိုင်သော ကောင်းကင် ရတနာများ ဖြစ်သည်မှာ အသေအချာပင်။
အင်အားစု အားလုံးက ဤကဲ့သို့သော ရတနာများကို အလုအယက် ပြိုင်ဆိုင်ကြမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထက် ဆယ်ဆမက ကြီးမား ကျယ်ဝန်းသော အရိုင်းနယ်မြေ ကြီးထဲတွင် မရေမတွက်နိုင်သော လျှို့ဝှက်နယ်မြေများ၊ ဝိညာဉ်မြေများ၊ အန္တရာယ်များသော နေရာများနှင့် သေမင်းတမန် နယ်မြေများ ပြည့်နှက်နေပြီး... ကောင်းကင် ရတနာများကို မွေးဖွားပေးနိုင်သော နေရာများမှာလည်း များပြားလှပါသည်။
သို့တိုင်အောင် ဝိညာဉ်ခွဲထွက်အဆင့်ကို ချိုးဖြတ်ရန် ကူညီပေးနိုင်သော ကောင်းကင် ရတနာများမှာ ရာစုနှစ် တစ်ခုအတွင်း တစ်ကြိမ် ပေါ်ထွက်လာရန်ပင် ခဲယဉ်းလှ၏။
ထျန်းယွီသည် ကျောက်စိမ်းပုလင်း၏ အဖုံးကို ဖွင့်လိုက်ပြီး အထဲရှိ ဝိညာဉ်အရည်ကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။
သို့သော် ပုလင်းထဲမှ စည်းချက်ကျကျ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရချိန်တွင်မူ... တာအိုဆရာ ထျန်းယွီ မှာ အနည်းငယ် အံ့အားသင့်သွားရတော့၏။
“ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် ဟုတ်လား...”
ဝိညာဉ်အရည်ထံမှ ထူးခြားပြီး ခပ်ပါးပါး အရှိန်အဝါတစ်ခု ရစ်ဝဲလာချိန်တွင်... တာအိုဆရာ ထျန်းယွီ ၏ တည်ငြိမ်မှုများမှာ ရုတ်ချည်း ပြိုကျသွားရတော့သည်။
“ဒီအရှိန်အဝါက...”
တာအိုဆရာ ထျန်းယွီ သည် ပထမဆုံး အံ့အားသင့်သွားပြီးနောက် ဇဝေဇဝါ ဖြစ်သွားရသည်။
သူသည် ဝိညာဉ်အရည်၏ အရှိန်အဝါကို မိမိ၏ ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူလိုက်၏။
ထိုအခိုက်အတန့်တွင် တာအိုဆရာ ထျန်းယွီ သည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းက ဤစွမ်းအားကို အလွန်အမင်း တောင့်တနေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။ ဤမျှ ပြင်းထန်သော ဆန္ဒမျိုးကို သူ တစ်ခါမျှ မခံစားခဲ့ဖူးပါချေ။ သူ၏ ဝိညာဉ်မှာပင် လှုပ်ခတ်နေပြီး ဤစွမ်းအားကို လေ့ကျင့်ချင်စိတ်များ ပြင်းပြနေတော့၏။
သို့သော် တာအိုဆရာ ထျန်းယွီ ကို ပို၍ ဇဝေဇဝါ ဖြစ်စေပြီး အံ့အားသင့်သွားစေသည်မှာ... သူသည် ဤစွမ်းအားက မည်သည့် အရာဖြစ်ကြောင်း လုံးဝ ခွဲခြား မသိနိုင်ခြင်းပင် ဖြစ်၏။
သူ တစ်ခါမှ ဤကဲ့သို့သော အရာမျိုးကို မကြုံဖူးခဲ့ပါချေ။
ထို့အပြင် ၎င်းသည် မြေကမ္ဘာအင်မော်တယ် နန်းတော်၏ အမွေအနှစ် မှတ်တမ်းများထဲတွင် ဖော်ပြထားသော မည်သည့် ကောင်းကင် ရတနာ၏ စွမ်းအားနှင့်မျှ မတူညီနေပါချေ။
တာအိုဆရာ ထျန်းယွီ သည် ပုလင်းအဖုံးကို အမြန် ပိတ်လိုက်ပြီး စုယွီကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
“ဒါက ဘယ်လို ဝိညာဉ်အရည်မျိုးလဲ...”
စုယွီက ပြန်ဖြေလိုက်၏။
“ကျွန်တော်လည်း မသိပါဘူး... ဒါပေမဲ့ ဒီအရာက ဆရာ့ရဲ့ အဟန့်အတားကို ချိုးဖြတ်ဖို့ အထောက်အကူ ဖြစ်နိုင်မလား.”
တာအိုဆရာ ထျန်းယွီ သည် ခေတ္တမျှ တွေးတောလိုက်ပြီး ခေါင်းယမ်းကာ ဖြေသည်။
“ငါလည်း မသိဘူး... ဒါကို ကိုယ်တိုင် လေ့ကျင့် ကြည့်မှပဲ သေချာ သိရမယ် ထင်တယ်...”
ထို့အပြင်...
တာအိုဆရာ ထျန်းယွီ သည် ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက်တစ်ရာခန့် ပါဝင်သော ကျောက်စိမ်းပုလင်းကို ကြည့်ကာ ဆိုလိုက်ပြန်သည်။
“တကယ်လို့ ပမာဏ အရမ်း နည်းနေရင်လည်း... သူက အကျိုးသက်ရောက်မှု ရှိတယ် ဆိုရင်တောင် အလုံးစုံ အောင်မြင်ဖို့တော့ မလွယ်လောက်ဘူး...”
ထိုအခါ စုယွီသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက်တစ်ထောင်ကျော် ပါဝင်သော လက်ဝါးအရွယ်အစားခန့်ရှိ ကျောက်စိမ်းပုလင်း နောက်တစ်လုံး လေထု၌ မျောလွင့်လာသည်။
စုယွီသည် သူ့ထံတွင် ရှိသမျှ ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အားလုံးကို တာအိုဆရာ ထျန်းယွီ ထံသို့ ပေးအပ်လိုက်တော့၏။
“ကျွန်တော့်ဆီမှာ ဒီလောက်ပဲ ရှိတော့တယ်... ဆရာ့အတွက် လုံလောက်ရဲ့လားဗျ...”
တာအိုဆရာ ထျန်းယွီ သည် ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း လက်များပင် တုန်ရီနေတော့၏။
သူသည် ပုလင်းကို တစ်လှည့် စုယွီကို တစ်လှည့် ကြည့်ကာ အတန်ကြာမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
“မင်းကို တပည့် အဖြစ် လက်ခံလိုက်တာက ငါ့ဘဝရဲ့ အကြီးဆုံး ကံကောင်းမှုများ ဖြစ်နေမလားပဲ...”
*
တာအိုဆရာ ထျန်းယွီ သည် ရေရှည် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့လေပြီ။
သူသည် စုယွီ ပေးအပ်ခဲ့သော ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်များနှင့်... ပဉ္စမအဆင့် အလယ်အလတ် ဝိညာဉ်အရည် အစက် အနည်းငယ်ကို ယူဆောင်ကာ အင်မော်တယ် ဂိတ်တံခါး၏ လျှို့ဝှက်ကျင့်ကြံရာ နယ်မြေသို့ ထွက်ခွာသွားခဲ့တော့သည်။
စုယွီသည် သူ၏ ခြံဝင်းအတွင်း၌ ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက် သူ၏ အတွေးများကို ဖိနှိပ်ကာ... စံအိမ်တော် သခင်ကြီး ဖြစ်သော စီနီယာ အစ်ကိုကြီးထံသို့ သွားရောက် ဂါရဝပြုရန် ပင်မတောင်ထွတ်ဆီသို့ ထွက်လာ၏။
ရက်အနည်းငယ် ကြာပြီးနောက်။
ပင်မတောင်ထွတ်... အင်မော်တယ် ဂိတ်တံခါး ပင်မခန်းမဆောင်။
စုယွီသည် ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ၎င်း၏ ကြီးကျယ် ခမ်းနားမှုကို ချက်ချင်းပင် ခံစားလိုက်ရသည်။ ကောင်းကင်ကို ထောက်မထားသကဲ့သို့ မားမားမတ်မတ် ရပ်တည်နေသော ရွှေရောင် တိုင်လုံးကြီးများနှင့်... လျှို့ဝှက်ဆန်းကြယ်လှသော အင်မော်တယ် အရှိန်အဝါများက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေ၏။
ဤခန်းမဆောင်ကြီး၏ ခမ်းနား ထည်ဝါမှု သက်သက်ဖြင့်ပင် မည်သူ့ကိုမဆို အထိတ်တလန့် ဖြစ်သွားစေရန် လုံလောက်လှ၏။
ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင် ခန့်ညားသော ပုံရိပ်တစ်ခု ရပ်နေသည်။ စုယွီသည် သူ၏ ဆရာဖြစ်သူ... လင်းယွဲ့ ဘိုးဘေးကြီးနှင့် စီနီယာ အစ်ကိုကြီးတို့ အကြားရှိ ကွာခြားချက်ကို ချက်ချင်းပင် ခံစားသိရှိလိုက်ရ၏။
အကယ်၍ လင်းယွဲ့ ဘိုးဘေးကြီးက စုယွီကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည် ဆိုပါက... စံအိမ်တော် သခင်ကြီး၏ အရှေ့တွင်မူ စုယွီ အနေဖြင့် ၎င်း၏ တည်ရှိမှုကိုပင် လုံးဝ အာရုံခံနိုင်ခြင်း မရှိတော့ပါချေ။
သူ၏ အရှေ့တွင် ရပ်နေသော ပုံရိပ်မှာ စီနီယာ အစ်ကိုကြီး၏ ခန္ဓာကိုယ် အစစ်အမှန်လော... သို့မဟုတ် မှော်အတတ်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်လော ဆိုသည်ကိုပင် သူ မခွဲခြားနိုင်တော့ပေ။
ဒါမှမဟုတ် နတ်ဘုရား ဝိညာဉ်ကိုယ်ပွား တစ်ခုများလား။
စုယွီသည် စံအိမ်တော် သခင်ကြီး၏ ရှေ့မှောက်သို့ ရောက်သောအခါ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
“စုယွီ က စံအိမ်တော် သခင်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ...”
စံအိမ်တော် သခင်ကြီးက ဖော်ရွေသော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်ပြီး စုယွီကို ကြည့်ကာ မေးလိုက်၏။
“ညီငယ်စုယွီ... ဘာကိစ္စ ရှိလို့ ငါ့ဆီကို လာရတာလဲ...”
စုယွီက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
“တာ့ယွဲ့ နန်းတော်မှာ ကျွန်တော့်ရဲ့ ညီမငယ် တစ်ယောက် ရှိပါတယ်... သူ့ရဲ့ ပါရမီက အရမ်းကို ထူးချွန်ပါတယ်... သူ့ရဲ့ ပါရမီတွေ အလဟဿ ဖြစ်သွားမှာကို ကျွန်တော် မလိုလားလို့ပါ... ဒါကြောင့် ညီမငယ်အတွက် ရွှေအမြုတေ ကျင့်စဉ် တစ်ခုလောက် တောင်းဆိုချင်လို့ပါ ခင်ဗျာ...”
သူ့စကားကို နားထောင်ရင်း စံအိမ်တော် သခင်ကြီးက အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“ထူးချွန်တဲ့ ပါရမီ ဟုတ်လား... ကောင်းပြီလေ... မိန်းကလေးကို အင်မော်တယ် ဂိတ်တံခါးကို ခေါ်လာခဲ့လိုက်ပါ... တကယ်လို့ သူ့ရဲ့ ပါရမီက တကယ်ပဲ ထူးချွန်တယ် ဆိုရင် မိန်းကလေး အနေနဲ့ ရွှေအမြုတေ ကျင့်စဉ်ကို အလိုလို ရရှိသွားမှာပါ... မင်း တောင်းဆိုနေစရာတောင် မလိုပါဘူး...”
သူက ခေတ္တမျှ ရပ်နားလိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် စုယွီကို ပို၍ အံ့အားသင့်စွာ ကြည့်လိုက်သည်။
“မင်းက သူ့ကို အင်မော်တယ် ဂိတ်တံခါးထဲ ဝင်စေချင်တာ မဟုတ်ဘူးလား...”
စုယွီက အနည်းငယ် တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်၏။
“သူ့ရဲ့ ပါရမီက နည်းနည်း ထူးခြားနေလို့ပါ... လောလောဆယ်တော့ သူ့ကို တခြား အင်အားစုတွေ ရှေ့မှာ ပေါ်မလာစေချင်သေးလို့ပါ...”
ဒီလောက်တောင် လျှို့ဝှက်ရတာလား။
စံအိမ်တော် သခင်ကြီးမှာ မျက်မှောင်ကြုတ်သွားပြီး အံ့သြမှုနှင့်အတူ ဇဝေဇဝါ ဖြစ်သွားရသည်။ ဘယ်လို ပါရမီမျိုးကများ ဒီလောက်အထိ လျှို့ဝှက်ထားဖို့ လိုအပ်နေရတာလဲ။
အတွေးထဲ နစ်မြောနေသော စုယွီကို ကြည့်ရင်း သူက နောက်ဆုံးတွင် ဆိုလိုက်သည်။
“ညီငယ်... မင်းလည်း အင်မော်တယ် ဂိတ်တံခါးရဲ့ စည်းမျဉ်းတွေကို သိမှာပါ... ကျင့်စဉ်တွေကို လွယ်လွယ်ကူကူ ပေးလို့ မရဘူးလေ... အထူးသဖြင့် အပြင်လူတွေကို ပိုပြီး ပေးလို့ မရဘူး...”
သို့သော် စုယွီ တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်စဉ်မှာပင်... စံအိမ်တော် သခင်ကြီးက ‘ဒါပေမဲ့’ ဟု ဆိုကာ စကားကို ဆက်လိုက်သည်။
“ဒါပေမဲ့... တကယ်လို့ မင်းက မင်းရဲ့ ညီမငယ် အတွက် ရွှေအမြုတေ ကျင့်စဉ် အမွေအနှစ်ကို တကယ် လိုချင်တယ် ဆိုရင်တော့... လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...”
ထိုစကားကို ကြားသောအခါ စုယွီမှာ ဝမ်းသာသွားမည့်အစား အနည်းငယ် သတိဝင်သွားရသည်။ သူသည် စံအိမ်တော် သခင်ကြီးကို သံသယ မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။
“ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်းစားရမှာများလား...”
စံအိမ်တော် သခင်ကြီးမှာ... “...”
စုယွီ၏ စကားကြောင့် ကြက်သေသေသွားသော စံအိမ်တော် သခင်ကြီးက စုယွီကို လက်ညှိုးထိုးကာ ရယ်မောလိုက်သည်။
“တကယ်လို့ မင်း ကိုယ့်ကိုယ်ကိုယ် ရောင်းစားချင်တယ် ဆိုရင်လည်း... ရှောင်ရှောင် နဲ့ တာအိုလက်တွဲဖော် လုပ်လိုက်ပါလား...”
စုယွီက လက်ကို ကပျာကယာ ဝှေ့ယမ်းလိုက်သည်။
“မနောက်ပါနဲ့ စီနီယာ အစ်ကိုကြီးရယ်... ကျွန်တော်က သူ့ရဲ့ ဦးလေးငယ်လေ...”
စံအိမ်တော် သခင်ကြီးက နှာခေါင်းရှုံ့လိုက်သည်။
“မင်းနဲ့ ရှောင်ရှောင် ရဲ့ အသက်ကွာဟချက်က သိပ်မှ မကြီးမားတာပဲ... ဒီလောက် ကိစ္စလေးကို ဘာလို့ ဂရုစိုက်နေရမှာလဲကွ...”
သူက တကယ်ပဲ ဒီကိစ္စကို အလေးအနက် စဉ်းစားနေပုံ ရ၏။
အထူးသဖြင့် စုယွီနှင့် ဖန်ရှောင် တို့ ဟေးယွီ အင်မော်တယ် မြို့တော်သို့ သွားရောက်ခဲ့ပြီးနောက်... ဖန်ရှောင်မှာ စုယွီ၏ အကူအညီဖြင့် များစွာ တိုးတက်လာခဲ့သည် မဟုတ်ပါလော။
သူတို့၏ အဆင့်အတန်းများနှင့် ပတ်သက်၍မူ ကျင့်ကြံခြင်း ကမ္ဘာ၏ ခိုင်မာသော စည်းမျဉ်း တစ်ခုတည်းမှာ... အစွမ်းထက်သူကိုသာ လေးစားရမည် ဆိုခြင်းပင် ဖြစ်တော့သည်!
ဖန်ရှောင်နှင့် စုယွီ တို့၏ ပါရမီများမှာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဖြည့်စွက်ပေးနိုင်ကြောင်း သူ မြင်တွေ့နေရ၏။ အကယ်၍ သူတို့ နှစ်ဦးသာ ပူးပေါင်းလိုက်မည် ဆိုပါက... နောင်တစ်ချိန်တွင် သူ၏ နေရာကို ဆက်ခံမည့် စံအိမ်တော် သခင်များ ဖြစ်လာရန် အခွင့်အလမ်း အလွန် များပြားလှသည်။
ထို့အပြင် သူတို့သည် မြေကမ္ဘာအင်မော်တယ် နန်းတော် တစ်ခုလုံး၏ အုတ်မြစ်ကိုလည်း ခိုင်မာအောင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလော။
သို့သော်လည်း သူက အတင်းအကျပ် ဖိအားမပေးခဲ့ပါချေ။ သူသည် ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်ပြီး ဆိုလာ၏။
“တကယ်လို့ မင်းက ရွှေအမြုတေ ကျင့်စဉ်ကို တောင်းဆိုချင်တယ် ဆိုရင်... မင်းအတွက် ဒီတစ်ကြိမ်တော့ ချွင်းချက် အနေနဲ့ ခွင့်ပြုပေးပါ့မယ်... ဒါပေမဲ့ တစ်ခုတည်းသော စည်းကမ်းချက်ကတော့ မင်း အနေနဲ့ ရှောင်ရှောင် နဲ့အတူ အရိုင်းနယ်မြေကို သွားရမယ်...”
စုယွီ၏ မျက်ခွံများမှာ တုန်ယင်သွားရပြီး အံ့အားသင့်မိသွားသည်။
“အရိုင်းနယ်မြေ ဟုတ်လား... အစ်ကိုကြီး... ကျွန်တော်က အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိသေးတာလေ...”
စံအိမ်တော် သခင်ကြီးက သူ့ကို စိုက်ကြည့်လိုက်ပြီး... မင်း ဆက်ပြီး ဟန်ဆောင်နေလို့ ရပါတယ် ဆိုသည့် အဓိပ္ပာယ်မျိုးဖြင့် စိုက် ကြည့်လာလေသည်။
စုယွီမှာမူ အိုးတိုးအမ်းတမ်း ရယ်မောလိုက်ရပြီး စောဒက တက်ချင်စိတ်ကို ပြန်မြိုချလိုက်ရတော့၏။
အမှန်တကယ်တွင် စံအိမ်တော် သခင်ကြီး ကိုယ်တိုင်လည်း စုယွီ၏ ကျင့်ကြံခြင်း အစစ်အမှန်ကို အတိအကျ မခန့်မှန်းနိုင်ပါချေ။ သို့သော် သူ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) တွင်သာ ရှိနေသေးသည် ဆိုခြင်းကတော့ လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။
ဟေးယွီ အင်မော်တယ် မြို့တော်တွင် ရှိစဉ်က သူသည် မူလဝိညာဉ် ဒုတိယအဆင့် ရှိသော အပြင်နန်းတော် အကြီးအကဲ တစ်ဦးကို အလွယ်တကူ အနိုင်ယူခဲ့သည် မဟုတ်ပါလော။
ထိုမျှ စွမ်းအားရှိသူ တစ်ဦး အနေဖြင့် အရိုင်းနယ်မြေ အတွင်း၌ပင် မိမိကိုယ်ကို အလွယ်တကူ ကာကွယ်နိုင်စွမ်း ရှိပေလိမ့်မည်။
စံအိမ်တော် သခင်ကြီးက ဆက်ပြောလာပါသည်။
“အရင်တုန်းက အင်မော်တယ် ဂိတ်တံခါးမှာ တာအိုသားတော် သုံးပါး ရှိတယ်... ရှောင်ရှောင် က စတုတ္ထမြောက် တာအိုသမီးတော်ပဲ... အခုလက်ရှိ အစွမ်းအထက်ဆုံး တာအိုသားတော်က ထျန်းယွီရဲ့ တပည့် ဟုန်ယွင် ပဲ... သူက မူလဝိညာဉ် အဆင့် (၈) ကို ရောက်နေပြီ... ဒါပေမဲ့ သူ့ရဲ့ အုတ်မြစ်က အဆင့် (၅) ရွှေအမြုတေပဲ ရှိတယ်... ရှောင်ရှောင် ထက်တော့ အားနည်းတယ်...”
“ဒုတိယ တာအိုသားတော် နဲ့ တတိယ တာအိုသားတော် တို့ကတော့ မူလဝိညာဉ် အဆင့် (၅) နဲ့ အဆင့် (၃) မှာ အသီးသီး ရှိနေကြတယ်... သူတို့ရဲ့ အုတ်မြစ်တွေက အဆင့် (၆) ရွှေအမြုတေ နဲ့ အဆင့် (၄) ရွှေအမြုတေ အသီးသီး ဖြစ်ကြတယ်...”
“သူတို့ အားလုံးမှာ ကိုယ်ပိုင် အားနည်းချက်တွေ ရှိနေတော့... ငါ့စိတ်နဲ့ မတွေ့သေးဘူး...”
“ဒါကြောင့်...”
စံအိမ်တော် သခင်ကြီးက စုယွီကို စိုက်ကြည့်လိုက်သည်။
“ငါ လိုအပ်တာက... မင်း အနေနဲ့ ရှောင်ရှောင် ကို ကူညီပြီး အရိုင်းနယ်မြေကို သွားပေးဖို့ပဲ... သူမ ခြေရာခိုင်အောင် ကူညီပေးပြီး နောက်ဆုံးမှာ ‘မြေကမ္ဘာအင်မော်တယ် တပ်မတော်’ ကို ဦးဆောင်နိုင်အောင် ကူညီပေးရမယ်...”
စုယွီမှာ လျှာသပ်လိုက်မိ၏။
သူသည် လွန်ခဲ့သော ရက်အနည်းငယ် ဆီသို့ ပြန်သွားပြီး... စံအိမ်တော် သခင်ကြီးကို တွေ့ချင်ခဲ့သော သူ့ကိုယ်သူ ပြန်လည် ကန်ကျောက် ပစ်ချင်စိတ်များပင် ပေါက်လာတော့သည်။
အခုတော့ လွတ်လမ်း မရှိတော့ပြီလေ။
စုယွီသည် အံကို တင်းတင်းကြိတ်ကာ မေးလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော် ငြင်းလို့ ရမလား...”
စံအိမ်တော် သခင်ကြီးက ပြုံးရုံသာ ပြုံးနေပြီး သူ့ကို ခပ်တည်တည် ကြည့်နေလေ၏။
ခေတ္တမျှ ကြာပြီးနောက်.. စုယွီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ရွှေအမြုတေ ကျင့်စဉ် အမွေအနှစ်နှင့်အတူ... မျက်မှောင်ကြုတ်လျက် အင်မော်တယ် ဂိတ်တံခါး၏ ပင်မခန်းမဆောင်မှ ထွက်ခွာလာခဲ့တော့သည်။
သို့သော် သူသည် အင်မော်တယ် ဂိတ်တံခါးမှ ချက်ချင်း ထွက်ခွာမသွားသေးဘဲ... အရိုင်းနယ်မြေ နှင့် ပတ်သက်သော စာအုပ်စာတမ်းများကို ရှာဖွေ ဖတ်ရှုရန်အတွက် အင်မော်တယ် ဂိတ်တံခါး၏ စာကြည့်တိုက်ဆီသို့ ဦးတည်သွားခဲ့သည်။
အရိုင်းနယ်မြေသို့ သွားရောက်ပြီး ဖန်ရှောင် အား ‘မြေကမ္ဘာအင်မော်တယ် တပ်မတော်’ ကို ထိန်းချုပ်နိုင်ရန် ကူညီပေးရမည် ဆိုခြင်းက... လွယ်ကူသော အလုပ်တစ်ခုတော့ လုံးဝ မဟုတ်ပါချေ။