အခန်း (၆၃၈)
Vol. 43 Ch. 638
အခန်း (၆၃၈) မူလဝိညာဉ် အဆင့် (၂) နှင့် ရှေးဟောင်း အရိုင်းနယ်မြေ အပျက်အစီးများ အပိုင်း (၁)
သိုင်းကျမ်း မျှော်စင်ကြီး အတွင်း၌။
စုယွီသည် အရိုင်းနယ်မြေ နှင့် ပတ်သက်သော ရှေးဟောင်း စာအုပ်စာတမ်းများကို တစ်အုပ်ပြီး တစ်အုပ် လှန်လှော ဖတ်ရှုနေသည်။ ထိုစာအုပ်များထဲတွင် အရိုင်းနယ်မြေ နှင့် ပတ်သက်သည့် အခြေခံ မိတ်ဆက် အချက်အလက်များ သာမက... အရင် မျိုးဆက် ဘိုးဘေးကြီးများ၏ ဒဏ္ဍာရီလာ အောင်မြင်မှုများနှင့် ကိုယ်တွေ့ မှတ်တမ်းများလည်း အများအပြား ပါဝင်နေ၏။
“အရိုင်းနယ်မြေ ဆိုတာ သတ်မှတ်ထားတဲ့ နေရာဒေသ တစ်ခုကို ခေါ်တာ မဟုတ်ဘူး... လူသား ကျင့်ကြံသူတွေ နေထိုင်တဲ့ နယ်မြေ ပြင်ပက နေရာတွေ အားလုံးကို ယေဘုယျ ခေါ်ဝေါ်တဲ့ နာမည်ပဲ... လောကကြီးက သက်ရှိအားလုံးနဲ့ ဝိညာဉ်တွေကို မွေးဖွားပေးထားတာ... လူသားတွေက အဲဒီအထဲက တစ်ခုပဲ ရှိသေးတယ်... ပြီးတော့ လူသားတွေ နေထိုင်ဖို့ သင့်တော်တဲ့ နေရာတွေ ဆိုတာကလည်း လောကကြီးရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပါပဲ... လူသားတွေ မနေနိုင်တဲ့ ထူးဆန်းတဲ့ ပတ်ဝန်းကျင်တွေ၊ အန္တရာယ်များတဲ့ နေရာတွေ၊ အထီးကျန်ဆန်ပြီး မရဏ နယ်မြေတွေ အများကြီး ရှိသေးတယ်...”
“အဲဒီ နေရာတွေ အားလုံးကို အရိုင်းနယ်မြေ လို့ ခေါ်လို့ ရတယ်...”
“အရိုင်းနယ်မြေ ထဲက အဓိက အန္တရာယ်တွေက အရင်းအမြစ် နှစ်ခုကနေ လာတာပဲ... ပထမ တစ်ခုကတော့ အမည်မသိ ပတ်ဝန်းကျင် အခြေအနေတွေပဲ... ဥပမာအားဖြင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနဲ့ နီးတဲ့ အရိုင်းနယ်မြေ တစ်နေရာမှာ ‘အင်မော်တယ်တို့ရဲ့ ဝိညာဉ်မဲ့ သင်္ချိုင်း’ လို့ ခေါ်တဲ့ လူသူကင်းမဲ့တဲ့ နေရာတစ်ခု ရှိတယ်... အဲဒီမှာ သဘာဝ ဝိညာဉ်စွမ်းအင် ဆိုလို့ တစ်စက်လေးမှ မရှိဘူး... အဲဒီထဲကို ဝင်သွားတဲ့ ကျင့်ကြံသူတွေဟာ သဘာဝတရားရဲ့ ဖိနှိပ်မှုကို ခံရပြီး... ကိုယ်ပိုင် မန္တန်စွမ်းအား တွေရော ဝိညာဉ်စွမ်းအား တွေကိုပါ လုံးဝ အသုံးပြုလို့ မရတော့ဘူး...”
“အင်မော်တယ်တို့ရဲ့ ဝိညာဉ်မဲ့ သင်္ချိုင်း ထဲမှာ လူသား ကျင့်ကြံသူတွေ အားကိုးစရာ ဆိုလို့ ကိုယ်ကာယ စွမ်းအား သက်သက်ပဲ ရှိတော့တယ်...”
“ဒါပေမဲ့ အဲဒီ သင်္ချိုင်း ထဲမှာ ကောင်းကင် နတ်ဘုရား သလင်းကျောက် လိုမျိုး အထူး ရတနာတွေ အများကြီး ထွက်တယ်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာက အင်အားစုတွေ ရရှိထားတဲ့ ကောင်းကင် နတ်ဘုရား သလင်းကျောက် အားလုံးနီးပါးက အဲဒီ သင်္ချိုင်း ထဲကနေ လာတာချည်းပဲ...”
“ဒါက အရိုင်းနယ်မြေ ပတ်ဝန်းကျင်ရဲ့ အန္တရာယ်တွေ ထဲက တစ်ခုပဲ ရှိသေးတယ်... တခြား သဘာဝ အခင်းအကျင်းတွေ၊ အမည်မသိ အန္တရာယ်တွေ အစရှိတာတွေကလည်း မှန်းဆလို့ မရနိုင်တဲ့ စွန့်စားမှုတွေပဲ...”
“ဒုတိယ တစ်ခုကတော့ မိစ္ဆာ မျိုးနွယ်စု တွေပဲ... အရိုင်းနယ်မြေ ဟာ မိစ္ဆာတွေရဲ့ နိဗ္ဗာန်ဘုံပဲ... လူသားတွေထက် စာရင် မိစ္ဆာတွေက အရိုင်းနယ်မြေ နဲ့ ပိုပြီး အသားကျတယ်... ပြီးတော့ အရိုင်းနယ်မြေ ထဲမှာ သူတို့ရဲ့ စွမ်းအားနဲ့ အရှိန်အဝါက လူသားတွေထက် အများကြီး သာလွန်တယ်... ဒါကြောင့် အရိုင်းနယ်မြေ ထဲမှာ မိစ္ဆာတွေနဲ့ တွေ့ရင် တတ်နိုင်သမျှ ရှောင်ရှားတာ အကောင်းဆုံးပဲ... မရှောင်နိုင်ရင်တောင် မြန်မြန် သတ်ပြီး တတ်နိုင်သမျှ ဝေးဝေးကို ထွက်ပြေးဖို့ ကြိုးစားရမယ်...”
“တတိယ တစ်ခုကတော့ တခြား ကျင့်ကြံခြင်း ကမ္ဘာတွေက လူသား ကျင့်ကြံသူတွေ... ဗုဒ္ဓဂိုဏ်းက ရဟန်းတွေ... ဒါမှမဟုတ် မိစ္ဆာဂိုဏ်း က လူတွေပဲ... တကယ်လို့ တခြား အင်အားစုက လူတွေ ဒါမှမဟုတ် တခြား ကျင့်ကြံခြင်း ကမ္ဘာက ကျင့်ကြံသူတွေနဲ့ တွေ့ရင် သူတို့ကို လွယ်လွယ်ကူကူ မယုံကြည်သင့်ဘူး...”
“စတုတ္ထ တစ်ခုကတော့ သဘာဝ ဘေးအန္တရာယ်တွေ...”
အရိုင်းနယ်မြေ နှင့် ပတ်သက်သော မိတ်ဆက် အချက်အလက်များစွာကို ဖတ်ရှုပြီးနောက်... စုယွီသည် ဤနေရာအကြောင်းကို အကြမ်းဖျင်းအားဖြင့် နားလည် သဘောပေါက်လာခဲ့သည်။
အတိုချုပ် ပြောရလျှင် အရိုင်းနယ်မြေ ဆိုသည်မှာ လူသူကင်းမဲ့သော နေရာများ၊ လူသားများ သို့မဟုတ် မိစ္ဆာများက အပြည့်အဝ မစူးစမ်း မလေ့လာရသေးသော နေရာများကို ဆိုလိုပါ၏။ ဝိညာဉ်စွမ်းအင် ခေါင်းပါးပြီး ခြောက်သွေ့နေသော နေရာတစ်ခု သက်သက် မဟုတ်ဘဲ... စူးစမ်း မရှာဖွေရသေးသော နယ်မြေ အားလုံးကို ယေဘုယျ ခေါ်ဝေါ်ထားသည်။
အရိုင်းနယ်မြေ အတွင်းရှိ ယခင် မျိုးဆက် မြေကမ္ဘာအင်မော်တယ် ဘိုးဘေးကြီးများ၏ ကိုယ်တွေ့ မှတ်တမ်းများကို ဖတ်ရှုရသောအခါ စုယွီ အနေဖြင့် အနည်းငယ် စိတ်အေးသွားရ၏။
အဘယ်ကြောင့်ဆိုသော် မြေကမ္ဘာအင်မော်တယ် နန်းတော် သည် ထိုနေရာတွင် ခိုင်မာသော အုတ်မြစ်တစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သောကြောင့်ပင်။ ယခင် မျိုးဆက်များ၏ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်မှုများကြောင့်... အရိုင်းနယ်မြေ အတွင်း၌ အင်မော်တယ် မြို့တော် သုံးခုကို အောင်မြင်စွာ တည်ဆောက်ထားနိုင်ခဲ့တော့သည်။
ဤမြို့တော် သုံးခုကို အခြေခံ၍ ယခုအခါ မြေကမ္ဘာအင်မော်တယ် နန်းတော် သည် ထိုနေရာ၌ ခိုင်မာသော ခြေကုပ်တစ်ခုကို ရရှိထား၏။
၎င်းသည် လှံထိပ်ဖျား တစ်ခု ၊ သံမှို တစ်ချောင်း ကဲ့သို့ပင် ဖြစ်ပြီး... မြေကမ္ဘာအင်မော်တယ် နန်းတော် အား အရိုင်းနယ်မြေ အတွင်းရှိ အရင်းအမြစ် ပြိုင်ဆိုင်မှုများတွင် ပါဝင်ခွင့် ရရှိစေခဲ့၏။
သို့သော် အရိုင်းနယ်မြေ အတွင်းရှိ ဘဝမှာ ဤနေရာရှိ မြေကမ္ဘာအင်မော်တယ် နန်းတော် ကဲ့သို့ လုံးဝ ငြိမ်းချမ်းမှု မရှိပါချေ။
မိစ္ဆာ သားရဲများ၏ တိုက်ခိုက်မှုများမှာ ပုံမှန်လိုလို ဖြစ်ပွားလေ့ ရှိသည်။
မိစ္ဆာ မျိုးနွယ်စုများ... သို့မဟုတ် အခြားသော လူသား အင်အားစု များ၏ ရုတ်တရက် ဝင်ရောက် စီးနင်းမှုများမှာလည်း မကြာခဏ ဆိုသလို ကြုံတွေ့ရတတ်၏။
ထိုနေရာတွင် အရာအားလုံးက ဖရိုဖရဲ ဖြစ်နေပြီး ရိုင်းစိုင်း ကြမ်းတမ်းလှသည်။ ထိုနေရာရှိ တစ်ခုတည်းသော အခြေခံ စည်းမျဉ်းမှာ... အစွမ်းထက်သူကသာ ရှင်သန်ခွင့် ရှိသည် ဆိုခြင်းပင်။
အကယ်၍ သင်သာ တခြားတစ်ဖက်က အင်မော်တယ် တစ်သောင်း နန်းတော် လိုမျိုး အင်အားစု တစ်ခုခု၏ လက်ချက်နှင့် သေသွားခဲ့လျှင်တောင်... ဒီဘက်က ဂိုဏ်းတော် အနေနှင့် သင့်အတွက် တရားမျှတမှု ရဖို့ ကြီးကြီးမားမား ပြဿနာ ရှာပေးမှာ မဟုတ်။
သူတို့ လုပ်ပေးနိုင်တာက အရိုင်းနယ်မြေ ထဲမှာ သင့်အတွက် သွေးကြွေး ပြန်ဆပ်ပေးဖို့ပင်။
အရိုင်းနယ်မြေ ၏ ဖရိုဖရဲ ဖြစ်မှုနှင့် သွေးစွန်းမှုများမှာ အရိုင်းနယ်မြေ၏ နယ်နိမိတ်မှာတင် ရပ်တန့်သွား၏။
အကယ်၍ သင်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာဆီကို ပြန်ရောက်လာခဲ့လျှင်တော့... သည်နေရာက စည်းကမ်း ဥပဒေတွေကို လိုက်နာရမည်ပင်။
တစ်လခန့် ကြာပြီးနောက် စုယွီသည် သိုင်းကျမ်း မျှော်စင် အတွင်းမှ ထွက်လာချိန်တွင် အရိုင်းနယ်မြေ အကြောင်းကို အကြမ်းဖျင်းအားဖြင့် ကောင်းစွာ နားလည်နေခဲ့တော့သည်။
‘မြေကမ္ဘာအင်မော်တယ် နန်းတော် က သာမန်လောက မင်းဆက်တွေလိုမျိုး ဧရာမ ‘အင်မော်တယ် တပ်မတော်’ ကြီးတစ်ခုကို ဘာကြောင့် ဖွဲ့စည်းထားသလဲ ဆိုတာ မဆန်းတော့ပါဘူးလေ...။ အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ တိုက်ခိုက်ရေး ကျင့်ကြံသူ တပ်မတော် ကြီးကလည်း ဒီလို သဘောပါပဲ။
ဒီလို တပ်မတော်ကြီးတွေ ရှိနေရတာက အရိုင်းနယ်မြေ လို နေရာမျိုးတွေ ရှိနေလို့ပဲ ဖြစ်ရမယ် မဟုတ်လား’
စုယွီသည် တာ့ယွဲ့ တောင်ထွတ်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ မှာမူ ဂိုဏ်းတော်၏ လျှို့ဝှက်နယ်မြေ အတွင်းသို့ စောစီးစွာပင် ဝင်ရောက်ကာ တံခါးပိတ် ကျင့်ကြံနေခဲ့တော့သည်။ သူ၏ ခြံဝင်းကို ရှင်းလင်းရေး လုပ်ပြီးနောက် စုယွီသည် သူ၏ ကိုယ်ပိုင် ဂူစံအိမ်ဆီသို့ သွားရောက်ခဲ့၏။
“ဘွမ်း...”
ပင်လယ် ရွှမ်လိပ်ကြီး သည် ဝိညာဉ်ရေကန် အတွင်းမှ တအိအိ တွားသွား၍ ထွက်လာခဲ့သည်။ ၎င်း၏ အရှိန်အဝါမှာ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
စတုတ္ထအဆင့် သို့ ရောက်ရှိရန် များစွာ မလိုတော့ပါချေ။
စုယွီသည် ပင်လယ် ရွှမ်လိပ်ကြီး အား စတုတ္ထအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် အနည်းငယ်ကို တိုက်ကျွေးလိုက်ပြီး... ချီသန့်စင်အိုး အတွင်းမှ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ဝိညာဉ်အရည် အချို့ကို ထပ်မံ ထုတ်ယူ၍ ပေးလိုက်သည်။
“ငါ ဂိုဏ်းတော် ကနေ အချိန်အတန်ကြာ ထွက်သွားတော့မယ်... မင်း ဒီအရင်းအမြစ်တွေကို သန့်စင်ပြီးသွားရင် စိတ်အာရုံ လှည့်စားခြင်း ကျောက်တုံး ကို သွားပြောပြီး... ဂိုဏ်းကနေ ကျင့်ကြံခြင်း အရင်းအမြစ် တချို့ ထပ်တောင်းခိုင်းလိုက်ကွ...”
သူ့စကားကို ကြားသောအခါ.. ပင်လယ် ရွှမ်လိပ်ကြီး သည် မြေပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့်... ၎င်း၏ အမြီးကို ညင်သာစွာ လှုပ်ယမ်းကာ သူ့ကို နှုတ်ဆက်နေသကဲ့သို့ ပြုမူနေလေသည်။
စုယွီသည် ၎င်း၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့၏။
ဂူစံအိမ်မှ ထွက်ခွာလာစဉ် စုယွီသည် ပင်လယ် ရွှမ်လိပ်ကြီး အား ဤကျဉ်းမြောင်းလှသော နေရာလေးတွင် ပိတ်လှောင်ထားရခြင်း အတွက် စိတ်ထဲတွင် လေးလံမှု တစ်ခုကို ခံစားလိုက်ရပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
သူ၏ မျက်ဝန်းများ အတွင်း၌ ရက်စက် ကြမ်းကြုတ်သော အရိပ်အယောင် တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။
‘ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု... တကယ့်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး တစ်ခုပဲ
ငါ မင်းတို့ကို စောစောစီးစီး အောက်ဆွဲချပေးမယ်…’
ထို့နောက် သူသည် ဂိုဏ်းတော်မှ ထွက်ခွာလာခဲ့ပြီး ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ကောင်းကင် နယ်မြေသို့ တိတ်တဆိတ် ပြန်လည် ရောက်ရှိလာခဲ့သည်။
သူသည် မာထျန်းလင် အား သူ ရရှိလာခဲ့သော ရွှေအမြုတေ တာအို ကျင့်ကြံခြင်း အမွေအနှစ်များကို ပေးအပ်ခဲ့ပြီး... ယွီယီမန် နှင့် အခြားသူများကိုမူ ယွီခယ်အာ နှင့် မာထျန်းလင် တို့၏ အမိန့်များကို သေချာစွာ နာခံရန် ထပ်မံ သတိပေးခဲ့သည်။
အမှန်တကယ်တွင်မူ... ကြယ်ခူး ဘိုးဘေးကြီးမှာ ဝိညာဉ်ခွဲထွက်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ကြောင်း သိလိုက်ရကတည်းက... ယွီယီမန် နှင့် အခြားသူများမှာ ခုခံလိုစိတ်များ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်၏။
သို့သော် စုယွီ ကတော့ သူမတို့ကို အပြည့်အဝ မယုံကြည်နိုင်သေးပါချေ။
နှစ်ဝက်ခန့် ကြာပြီးနောက်.. ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အတွင်း။အင်မော်တယ် နန်းတော်၏ လျှို့ဝှက် အခန်း တစ်ခန်း အတွင်း၌။
“ဝုန်း...”
စုယွီ၏ အရှိန်အဝါမှာ သိမ်မွေ့စွာ ပြောင်းလဲသွားသည်။ သိပ်သည်းလှသော ကမ္ဘာလောက၏ သဘာဝ ဝိညာဉ်စွမ်းအင်များမှာ သူ့ထံသို့ အစုလိုက် အပြုံလိုက် စီးဝင်လာကြပြီး... လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များ အားလုံးကိုပါ လှုပ်ခတ်သွားစေတော့၏။
ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ လည်ပတ်မှုနှင့် အတူ... ယခုအခါ မူလဝိညာဉ် အဆင့် ကျင့်စဉ် တစ်ဒါဇင်ကျော်ကို ပေါင်းစပ် ထည့်သွင်းထားပြီး ဖြစ်ရာ... ယခင်ကထက် များစွာ ပိုမို အစွမ်းထက်လာခဲ့တော့သည်။