အခန်း (၆၄၁)
Vol. 43 Ch. 641
အခန်း (၆၄၁) စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး အပိုင်း (၂)
ဟင်းလင်းပြင် အက်ကွဲကြောင်း ပြန်လည် ပိတ်သွားသောအခါ စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ... အထဲက အခြေအနေ ဘယ်လိုရှိလဲ..."
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ မိစ္ဆာ ဝိညာဉ်စွမ်းအားများကို ပေါက်ကွဲထွက်စေလိုက်ကာ... သူ၏ မျိုးဆက်နှင့် ရှိနေသော သွေးကြော ဆက်သွယ်မှုမှတစ်ဆင့် အထဲရှိ အခြေအနေကို အတင်းအကျပ် အာရုံခံကြည့်လိုက်သည်။
၎င်းသည် သူ၏ မျိုးဆက်နှင့် မျက်လုံးများကို မျှဝေ အသုံးပြုနေသကဲ့သို့ပင်။
အထဲတွင်မူ...။ ကမ္ဘာကြီး တစ်ခုလုံးမှာ အလွန်အမင်း မှောင်မည်း နေ၏။
အထဲသို့ ဝင်ရောက်သွားသော ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးသည် ၎င်း၏ အသက်ရှူသံကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ မြေပြင်ပေါ်တွင် ဝပ်တွားကာ ပတ်ဝန်းကျင်ကို သိုသိုသိပ်သိပ် လေ့လာ ကြည့်ရှုနေသည်။
ဤနေရာသည် လျှို့ဝှက်နယ်မြေ တစ်ခုနှင့် မတူပါချေ။ ကောင်းကင်မိုးကြိုး ကြွက်ငယ်လေး အနေဖြင့် မည်သည့် တောင်တန်း သို့မဟုတ် သစ်တောကိုမျှ မတွေ့ရဘဲ... အင်မော်တယ် မြို့တော် တစ်ခု အတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပြီး ယခုအခါ လမ်းမတစ်ခု ပေါ်တွင် ဝပ်တွားနေခြင်း ဖြစ်၏။
၎င်းသည် အတန်ကြာအောင် တိတ်တဆိတ် စောင့်ဆိုင်းရင်း ပတ်ဝန်းကျင်ကို စူးစမ်း လေ့လာနေခဲ့သော်လည်း... ဤမှောင်မည်းနေသော ပတ်ဝန်းကျင်တွင် မည်သည့် အန္တရာယ်ကိုမျှ သတိမပြုမိခဲ့ပါချေ။
စုယွီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့၏ ညွှန်ကြားချက်အရ ၎င်းသည် မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး အခြားသော နေရာများဆီသို့ ဂရုတစိုက် လမ်းလျှောက် သွားသည်။
သစ်သားဖြင့် ဆောက်လုပ်ထားသော သုံးထပ် အဆောက်အအုံ တစ်ခု အနီးသို့ ရောက်သောအခါ... ၎င်းသည် အဆောက်အအုံ၏ အမိုးပေါ်သို့ ခုန်တက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အပေါ်စီးမှ စီးမိုး ကြည့်ရှုလိုက်သည်။
ဤအင်မော်တယ် မြို့တော်မှာ ကြီးမား ကျယ်ဝန်းခြင်း မရှိဘဲ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ ဆယ်ပုံတစ်ပုံခန့်ပင် မရှိပါချေ။ မြို့တော် တစ်ခုလုံးမှာ အမှောင်ထု ဖုံးလွှမ်းနေ၏။
သုံးထပ် အဆောက်အအုံ ပေါ်မှနေ၍ ပတ်ဝန်းကျင်ကို စီးမိုး ကြည့်ရှုလိုက်သောအခါ... ဝေဝါးဝါးဖြင့် ထူးခြားသော အဆောက်အအုံ အချို့ကို မြင်တွေ့လိုက်ရသည်။
၎င်းနှင့် အနီးဆုံးတွင် မျှော်စင်နှင့် တူသော အဆောက်အအုံ တစ်ခု ရှိနေ၏။
ကြွက်ဘုရင်ထံမှ အမိန့်ကို လက်ခံရရှိပြီးနောက်... ဤတတိယအဆင့် အဆင့်နိမ့် ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးသည် သစ်သား အဆောက်အအုံ ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး မျှော်စင်နှင့် တူသော အဆောက်အအုံဆီသို့ အမြန် သွားရောက်လိုက်သည်။
သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ ၎င်းသည် ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးအိမ်များ ပြူးကျယ်သွားရတော့၏။
အဘယ်ကြောင့်ဆိုသော် အရှေ့ဘက် လမ်းမလယ်ခေါင်တွင်... ဆယ်ပေခန့် မြင့်မားသော အနက်ရောင် ပုံရိပ်တစ်ခုက ဒူးတစ်ဖက် ထောက်လျက် ရှိနေသောကြောင့်ပင်။ ထိုပုံရိပ်မှာ ထူထဲသော ချပ်ဝတ်နက်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဧရာမ အနက်ရောင် ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော်ငြား... သက်ရှိ တစ်ဦး၏ လက္ခဏာ လုံးဝ မရှိပါချေ။
သို့တိုင်အောင် ဤအနက်ရောင် ပုံရိပ်ကြီးက ၎င်းအား ခြိမ်းခြောက်မှု တစ်ခုကို ပေးစွမ်းနေပြီး ၎င်း၏ မိစ္ဆာ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ ကောင်းကင်မိုးကြိုး ကြွက်ဘုရင် မှာလည်း သွေးမျိုးဆက်၏ မျက်လုံးများမှ တစ်ဆင့် ထိုအနက်ရောင် ပုံရိပ်ကို မြင်တွေ့လိုက်ရသဖြင့်... အလွန်အမင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့၏။
"ယူခဲ့... အဲဒါကို ယူခဲ့နော်... ပြီးရင် အိတ်ထဲ ထည့်ထားလိုက်ကွ..."
အထဲရှိ ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးက ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ချဉ်းကပ်သွားလိုက်သည်။
ကြွက်ငယ်လေးက လမ်းမလယ်ခေါင်တွင် ဒူးထောက်နေသော အနက်ရောင် ပုံရိပ်ကြီးအား ၎င်း၏ သိုလှောင်အိတ် အတွင်းသို့ အပြည့်အဝ သိမ်းဆည်းရန် လက်ဝှေ့ယမ်းလိုက်ချိန်မှာပင်... အထဲရှိ မြို့တော် တစ်ခုလုံးမှာ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားတော့သည်။
အထဲရှိ ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးမှာ ကြောက်လွန်း၍ သေးထွက်ကျသွားရုံ သာမက... အပြင်ဘက်ရှိ စုယွီနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့မှာလည်း ထိုအခိုက်အတန့်တွင် ကြက်သီး ဖျန်းဖျန်း ထသွားကြရသည်။
"ဝုန်း..."
စုယွီ မတုံ့ပြန်နိုင်မီမှာပင်... အစောပိုင်းက လျှို့ဝှက်နယ်မြေ အတွင်းသို့ သူ စေလွှတ်ထားသော ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးမှာ ရုတ်တရက် အပြင်သို့ ပစ်လွင့်လာတော့၏။
ထိုအခိုက်အတန့်မှာ စုယွီက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် အခြားသူများကို သူ၏ မှော်ရတနာ နန်းတော် အတွင်းသို့ တိုက်ရိုက် ထည့် ပေးလိုက်သည်။
နောက်တစ်ခဏတွင် ဟင်းလင်းပြင် တာအို နိယာမ ၏ စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် မိုင်ပေါင်း သောင်းနှင့်ချီ၍ နေရာရွှေ့ပြောင်း ထွက်ပြေးသွားကာ အရိပ်အယောင်မျှပင် မကျန်တော့ပါချေ။
စုယွီ ထွက်ပြေးလွတ်မြောက် သွားချိန်မှာပင်... မှောင်မည်းနေသော လျှို့ဝှက်နယ်မြေ ၏ အနက်ရှိုင်းဆုံး နေရာ... ။
အင်မော်တယ် နန်းတော် တစ်ခု အတွင်း၌... ရွှေရောင် စစ်ဝတ်စုံများကို ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုက မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့၏ မျက်ဝန်းများမှ ရွှေရောင် အလင်းတန်းများ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။
ထိုပုံရိပ် နှစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွင်း ကြည့်ရှုလိုက်သကဲ့သို့ပင်... စုယွီနှင့် ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီး ထွက်ပြေး လွတ်မြောက်သွားသည်ကို မြင်တွေ့လိုက်ရ၏။
ပုံရိပ် တစ်ခုက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
"ဟင်းလင်းပြင် ပညာရပ်ကို နည်းနည်း နားလည်ထားတဲ့ ငါးလေး တစ်ကောင် ပါလား..."
အခြား ရွှေရောင် စစ်ဝတ်စုံ ပုံရိပ်က မျက်လုံး ပြူးကျယ်သွားပြီး
"ညစ်ညမ်းနေတဲ့ သတ္တဝါ တစ်ကောင်ကို အထဲ လွှတ်ပြီး... အနက်ရောင် အစောင့် တစ်ယောက်ကို ခေါ်သွားနိုင်တာ မဆန်းတော့ပါဘူးလေ..."
ပထမ ပုံရိပ်က ဆက်လက်၍ ပေါ့ပေါ့ပါးပါး ဆိုပြန်၏။
"သူ့ကို လွှတ်ပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် အဲဒီ အစောင့်ကို ဆက်ထိန်းထားဖို့ သလင်းကျောက်တွေမှ မရှိတော့တာ... ဒီကောင်လေးက ဟင်းလင်းပြင် ပညာရပ်ကို နည်းနည်း နားလည်ပြီး အနက်ရောင် အစောင့် တစ်ယောက်ကို ခေါ်သွားနိုင်တာ သူ့ရဲ့ ကံကြမ္မာပဲ... သူ့ရဲ့ ကံကောင်းမှုပေါ့..."
အခြား ရွှေရောင် စစ်ဝတ်စုံ ပုံရိပ်က ဤကိစ္စကို အရေးမစိုက်ဟန်ဖြင့် မေးလိုက်သည်။
"အချိန် ဘယ်လောက်တောင် ကြာသွားပြီလဲ..."
"ငါလည်း မသိဘူး..."
"ငါတို့ ဘယ်လောက်ကြာကြာ ဆက်တောင့်ခံထားနိုင်ဦးမလဲ..."
"မသိဘူး..."
"ငါတို့မှာ မျှော်လင့်ချက် ရှိသေးရဲ့လား..."
“မသိဘူး…”
"အဲဒီ သောက်ကျိုးနည်း ကပ်ဘေးသင့် နေရာကြီးက အပြင်မှာ ရှိနေတုန်းပဲ..."
"အင်း..."
"ငါတို့ ဂူပေါက်ကို ပြင်ရမယ်... ဒါမှ ကောင်လေးတွေ အထဲ ဝင်မပြေးနိုင်မှာ..."
ဤကဲ့သို့သော စကားပြောဆိုမှုမျိုးကို ရိုးအီနေပြီ ဖြစ်သည့်အလား... ရွှေရောင် စစ်ဝတ်စုံ ပုံရိပ် နှစ်ခုစလုံးသည် မျက်လုံးများကို ပြန်လည် မှိတ်လိုက်ကြ၏။
သူတို့၏ အရှိန်အဝါများမှာ တဖြည်းဖြည်း ဆုတ်ယုတ် ပျောက်ကွယ်သွားကာ... မှောင်မည်းနေသော အင်မော်တယ် မြို့တော်ကြီးမှာလည်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့တော့သတည်း။
...