← Chapters

အခန်း (၆၄၂)

Vol. 43 Ch. 642

အခန်း (၆၄၂)

Vol. 43 Ch. 642

အခန်း (၆၄၂) စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး အပိုင်း (၃)

အခြား တစ်နေရာတွင်။

စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော်သို့ တိုက်ရိုက် ပြန်မသွားဘဲ... မြို့တော် ပတ်ဝန်းကျင်ရှိ အင်အားစုများ၏ မြေပုံကို ပြန်လည် အမှတ်ရကာ အနီးဆုံး ဖြစ်သော ယွီလုံ နန်းတော် ၏ အင်မော်တယ် မြို့တော်သို့ နေရာရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်၏။

ဟင်းလင်းပြင် စွမ်းအားကို အသုံးပြု၍ မိုင်ပေါင်း သောင်းနှင့်ချီ ခရီးနှင်ပြီးနောက်... စုယွီသည် နောက်ဆုံးတွင် ရပ်တန့်လိုက်၏။.. မြေအောက် ပေနှစ်ထောင်ခန့် အထိ တူးဆင်းကာ လျှို့ဝှက် ဂူငယ်လေး တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူသည် အခင်းအကျင်း အလံ ထောင်ပေါင်းများစွာကို ထုတ်ယူကာ ဖုံးကွယ်ခြင်း အခင်းအကျင်း တစ်ခုကို ချမှတ်လိုက်တော့၏။

ဤလုံခြုံရေး အစီအမံများကို ပြုလုပ်ပြီးနောက် မှသာ စုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

"လောလောဆယ်တော့ လုံခြုံသွားပြီ..."

‘သီသီလေးပဲ။

အဲဒီ လျှို့ဝှက်နယ်မြေထဲကို ငါ တိုက်ရိုက် မဝင်သွားတာ တော်သေးတယ်’

စုယွီသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး မျက်မှောင် တင်းတင်း ကြုတ်နေမိသည်။

‘အဲဒီနေရာက အတိအကျ ဆိုရင် ဘယ်လို နေရာမျိုးလဲ...။ ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ် မြို့တော် လျှို့ဝှက်နယ်မြေ မျိုးက ဘယ်လိုလုပ်ပြီး တည်ရှိနေနိုင်တာလဲ။

အဲဒီမှာ လူတွေ ရှိနေပုံ မရပါဘူး။

ဒါပေမဲ့ လူတစ်ယောက်မှ မရှိဘဲနဲ့... အခုနက သက်စောင့်အားအင် တစ်ခုက သူ့ရဲ့ ဝိညာဉ်ကိုတောင် တုန်လှုပ်သွားစေခဲ့တယ်... ပြီးတော့ လျှို့ဝှက်နယ်မြေ ကနေ ဟင်းလင်းပြင် အတားအဆီးကို ဖောက်ထွက်ပြီး သူ့ကိုရော ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးကိုပါ မြင်နေရသလိုမျိုး ခံစားလိုက်ရတယ်လေ။

အဲဒါက ဘာသောက်ကျိုးနည်း အရာကြီးလဲ... ပြီးတော့ သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် အံ့မခန်း ကောင်းနေမလဲ'

"အဲဒီနေရာက မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ အင်မော်တယ် ဂိတ်တံခါး အတားအဆီး ထက်တောင် ပိုခိုင်မာတယ်လို့ ငါ ခံစားရတယ်... ပြီးတော့ အခုနက သက်စောင့်အားအင် က စံအိမ်တော် သခင်ကြီး ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသလိုပဲ..."

စုယွီသည် ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားလျက် တွေးတောနေမိသည်။

ကံကောင်းထောက်မစွာဖြင့် ထိုသက်စောင့်အားအင်မှာ တိုက်ခိုက်လိုသော ရည်ရွယ်ချက် မရှိခဲ့ပါချေ။

မဟုတ်ပါက သူ အခုလို ချောချောမွေ့မွေ့ လွတ်မြောက်လာနိုင်မည် မဟုတ်ပေ။

ခေတ္တမျှ တုန်လှုပ်သွားပြီးနောက် စုယွီသည် အစောပိုင်းက အပြင်သို့ လွင့်စင် ထွက်ကျလာသော ကောင်းကင်မိုးကြိုး ကြွက်ငယ်လေးကို ပြန်လည် အမှတ်ရသွား၏။

သူသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် ထိုကြွက်ငယ်လေးကို မှော်ရတနာ နန်းတော် အတွင်းမှ အမြန် ထုတ်ပေးလိုက်သည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ခြေသည်းများ ကြားတွင်မူ... အရပ် ဆယ်ပေကျော် မြင့်မားပြီး ချပ်ဝတ်နက်ကို ဝတ်ဆင်ထားကာ ဧရာမ အနက်ရောင် ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော ရုပ်သေး တစ်ရုပ် ရှိနေ၏။

စုယွီကို မြင်သည်နှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်မှာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။

"သခင်... ဒါက စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး တစ်ရုပ် ဖြစ်ပုံရတယ် ဗျ..."

ဤရုပ်သေး၏ တည်ဆောက်ပုံမှာ အနည်းငယ် ထူးဆန်းနေပြီး ဓားကိုင်စစ်သည် တစ်ဦးနှင့် တူနေ၏။ ၎င်း၏ ကိုယ်ပေါ်တွင် မည်သည့် အင်မော်တယ် အရှိန်အဝါမှ မရှိသော်လည်း... နက်ရှိုင်းလှသော ခွန်အားများ ကိန်းအောင်းနေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ ၎င်းကို မြင်လိုက်ရုံဖြင့် ‘ချိုးဖျက်၍ မရနိုင်သော’ ‘တောင်တန်းကြီးတစ်ခုအလား မတုန်မလှုပ် တည်ရှိနေသော’ ဟူသည့် စကားလုံးများက စိတ်ထဲသို့ ရုတ်ချည်း ဝင်ရောက်လာတော့၏။

စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေးဆရာ တစ်ဦးဖြစ်သော စုယွီ၏ အမြင်တွင်မူ... ချပ်ဝတ်နက်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဓားကြီးကို ကိုင်ဆောင်ထားသော ဤရုပ်သေးမှာ လုံးဝကို ပြီးပြည့်စုံလွန်းလှသော အနုပညာ လက်ရာတစ်ခုနှင့် တူနေတော့သည်။

ရုပ်သေးကို စိုက်ကြည့်နေရင်း စုယွီ၏ မျက်နှာပေါ်တွင် အမူအရာများ အမျိုးမျိုး ပြောင်းလဲသွားပြီး... သူ၏ ရင်ထဲတွင်လည်း တစ်ခါမျှ မကြုံဖူးလောက်အောင် အံ့သြ ထိတ်လန့်မှုများဖြင့် ဗြောင်းဆန်နေသည်။

'ဘယ်သူကများ ဒီလို ရုပ်သေးမျိုးကို ဖန်တီးနိုင်ခဲ့တာလဲ...' သူ အံ့သြတကြီး တွေးတောနေမိသည်။

ခေတ္တမျှ ကြာပြီးနောက်။

စုယွီသည် လေအေးတစ်ချက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီး သူ၏ စိတ်ထဲရှိ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို နှိုးဆော်လိုက်ကာ... သူ၏ မျက်ဝန်း နတ်ဘုရား စွမ်းအားများကို အသုံးပြု၍ ရုပ်သေးကို အသေးစိတ် စူးစမ်း လေ့လာလိုက်သည်။

သူ၏ စူးစမ်း လေ့လာမှု အောက်တွင် ရုပ်သေး၏ အစစ်အမှန် သဘာဝမှာ ပေါ်လွင်လာခဲ့တော့သည်။

ရုပ်သေး၏ ခန္ဓာကိုယ် ပေါ်တွင် ယင်ကောင်ငယ်လေးများအလား သေးငယ် သိမ်မွေ့လှသော မျဉ်းကြောင်းလေးများ ရေးထွင်းထား၏။ ထိုမျဉ်းကြောင်းပေါင်း သန်းနှင့်ချီ၍ ရှိနေပြီး ရှုပ်ထွေး သိပ်သည်းလွန်းလှသဖြင့် ခေါင်းမူးသွားစေနိုင်လောက်၏။ ၎င်းတို့က ရုပ်သေး တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား အရှိန်အဝါ တစ်ခုဖြင့် ဖုံးလွှမ်းထားသည်။

ဤမျဉ်းကြောင်းများမှ တစ်ဆင့် ရုပ်သေး၏ ဦးခေါင်း အတွင်း၌ အမည်မသိ အခင်းအကျင်း တစ်ခုကို တည်ဆောက်ထား၏။ စုယွီသည် သူ၏ မျက်ဝန်း နတ်ဘုရား စွမ်းအားများကို အသုံးပြုထားသော်ငြား ဤအခင်းအကျင်းကို ဖောက်ထွင်း မမြင်နိုင်ခဲ့ပါချေ။

ရုပ်သေး၏ ‘ဒန်တျန်’ နေရာတွင် အမြုတေ သလင်းကျောက် တစ်ခု ရှိနေပြီး... ယခုအခါ ထိုသလင်းကျောက် အတွင်း၌ မည်သည့် စွမ်းအားမျှ မရှိတော့ပေ။ ၎င်းက လှုပ်ရှားနိုင်စွမ်း မရှိတော့သည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။

အသေးစိတ် စူးစမ်း လေ့လာပြီးနောက် ရုပ်သေး၏ လျှို့ဝှက်ချက်များမှာ စုယွီ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။

နောက်ဆုံးတွင်မူ ဤရုပ်သေးကို ပဉ္စမအဆင့် ထိပ်တန်း ရုပ်သေးဆရာ တစ်ဦးက... သို့မဟုတ် ဆဋ္ဌမအဆင့်နှင့် အထက်ရှိသော ရုပ်သေးဆရာ တစ်ဦးက ဖန်တီးထားခြင်း ဖြစ်ကြောင်း စုယွီ အသေအချာ ကောက်ချက်ချလိုက်နိုင်၏။ ဤရုပ်သေး အတွင်း၌ ကိန်းအောင်းနေသော နက်နဲ ရှုပ်ထွေးမှုများမှာ သူ ပိုင်ဆိုင်ထားသော စတုတ္ထအဆင့် ထိပ်တန်း ရုပ်သေး ထိန်းချုပ်မှု အမွေအနှစ် ထက်ပင် များစွာ သာလွန်နေခဲ့တော့သည်။

ဤရုပ်သေး၏ အစစ်အမှန် စွမ်းအားနှင့် ပတ်သက်၍မူ။

စုယွီသည် လေအေးတစ်ချက်ကို ရှူသွင်းလိုက်ပြီး ချင်းယွဲ့ လက်စွပ် အတွင်းမှ တောင်တန်းကြီး တစ်ခုအလား ကြီးမားလှသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး များကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို အနက်ရောင် ရုပ်သေး၏ အမြုတေ အတွင်းသို့ အဆက်မပြတ် ထည့်သွင်းပေးလိုက်တော့၏။

ထို့နောက် သူ၏ နတ်ဘုရား အာရုံကို ထိုအမြုတေ အတွင်းသို့ ထည့်သွင်းကာ ရုပ်သေးကို ကိုယ်ပိုင် အဖြစ် သန့်စင်လိုက်ပြီး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး များ၏ စွမ်းအင်ကို ဖြည်းဖြည်းချင်း ဝါးမြိုရန် ထိန်းချုပ်လိုက်သည်။

အချိန်ကား နှေးကွေးစွာ ကုန်လွန်သွားခဲ့၏။

လဝက်ခန့် ကြာပြီးနောက်။

ရုပ်သေးသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်း နီးပါး၏ ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ စုပ်ယူပြီးနောက်မှသာ... ၎င်း၏ အမြုတေမှာ ပြည့်ဝလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ချပ်ဝတ်နက် ရုပ်သေးမှာ စုယွီ၏ ရှေ့မှောက်၌ မတ်မတ် ရပ်နေပြီး... စတုတ္ထအဆင့် ထိပ်တန်း အရှိန်အဝါများ ဖြာထွက်နေတော့၏။ ၎င်း၏ လက်ထဲရှိ အနက်ရောင် ဓားကြီးထံမှ ထွက်ပေါ်နေသော ထက်မြက်လှသည့် အရှိန်အဝါက... အကြီးအကဲ ဟွမ်ကျူး ကိုပင် ဒဏ်ရာရစေနိုင်ရုံ သာမက ခုတ်ထစ် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိကြောင်း စုယွီ ခံစားလိုက်ရ၏။

"ဒါပေမဲ့ ဒီအရာက ဝိညာဉ်ကျောက်တုံး တွေ အရမ်း စားလွန်းတယ်..."

ချပ်ဝတ်နက် ရုပ်သေး ၏ အမြုတေ စွမ်းအင် စားသုံးမှု နှုန်းကို ခံစားမိသောအခါ စုယွီ အံ့သြတကြီး ရေရွတ်လိုက်မိသည်။

အကယ်၍ ၎င်းသည် မလှုပ်ရှားဘဲ ငြိမ်သက်နေမည် ဆိုလျှင်ပင်... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းဖြင့် နှစ်နှစ်မှ သုံးနှစ်အထိသာ တောင့်ခံနိုင်မည် ဖြစ်၏။ အကယ်၍ တိုက်ပွဲဝင်ရမည် ဆိုပါက... တစ်နာရီ၊ နှစ်နာရီ အတွင်းမှာပင် စွမ်းအင်များ လုံးဝ ကုန်ခမ်းသွားနိုင်၏။

All Chapters