အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) - အောင်ပွဲနှင့် ဘဝသစ် (၁)
မီးပွားသုသေသနပညာရှင်အသင်း ဌာနချုပ်၊ အဓိက ဓာတ်ခွဲခန်း။
“သတိပေးချက်၊ စွမ်းအင် လွန်ကဲနေပြီ၊ စည်းမျဉ်းပုံစံ တည်ငြိမ်အောင် မလုပ်နိုင်ဘူး”
“ဖွဲ့စည်းပုံ ပြိုကျနေပြီ၊ လျှပ်စစ်ဖြတ်၊ မြန်မြန်”
“အလုပ်မဖြစ်ဘူး၊ ငါတို့ ထိန်းချုပ်လို့ မရဘူး၊ အဲတာက စွမ်းအားတွေကို သူ့ဘာသာ ဆွဲယူနေတယ်...”
ဝုန်း…
မျက်စိကျိန်းလောက်အောင် တောက်ပသော မီးတောက်များနှင့် ကြမ်းတမ်းသော စွမ်းအင်လှိုင်းဂယက်များ ပါဝင်သည့် နားကွဲမတတ် ပေါက်ကွဲမှုတစ်ခုသည် ဓာတ်ခွဲခန်း၏ အလွှာများစွာရှိသော ကာကွယ်ရေး အတားအဆီးများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ခိုင်မာသော အထူးသတ္တုစပ်နံရံများသည် စက္ကူအလား ဆုတ်ဖြဲခံလိုက်ရပြီး စျေးကြီးသော အဆင့်မြင့်ကိရိယာများသည် စွမ်းအင်မုန်တိုင်းထဲတွင် နေရာအနှံ့ ပျံသန်းနေသည့် သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
ထူထပ်သော မီးခိုးနှင့် မီးတောက်များကြားတွင် ယန်ချင်းယွမ်သည် ရိုက်ခတ်လှိုင်းကြောင့် နောက်သို့ ပြင်းထန်စွာ လွင့်စင်သွားပြီး သူ၏ အနောက်ရှိ လိမ်ဖယ်နေသော နံရံနှင့် ဝင်တိုက်ကာ မြေကြီးပေါ်သို့ ရုပ်ပျက်ဆင်းပျက် လိမ့်ကျသွားသည်။
သေသပ်စွာ ဖြီးသင်ထားသော သူ၏ ဆံပင်များသည် မည်းနက်စွာ လောင်ကျွမ်းပြီး ကောက်ကွေးနေကာ သူ၏မျက်နှာသည် မှိုင်းများနှင့် ပွန်းပဲ့ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး အမြဲတမ်း ဆင်ခြင်တုံတရားနှင့် လောဘကြီးမှု အလင်းတန်းများ တောက်ပနေသည့် ထိုရွှေရောင်ကိုင်းကပ် မျက်မှန်သည် မည်သည့်နေရာသို့ လွင့်စင်သွားသည်မသိပေ။
အားတင်းမော့ကြည့်လိုက်ချိန်တွင် ဥက္ကာပျံ ဝင်တိုက်ခံထားရသလိုဖြစ်နေသော ပင်မဓာတ်ခွဲခန်း၏ ဖရိုဖရဲအခြေအနေကိုမြင်ပြီး မကျေနပ်မှုပေါင်းများစွားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မဟုတ်ဘူး”
“ဘာလို့လဲ…တစ်လှမ်းပဲ လိုတော့တာကို”
“ဘာလို့ စည်းမျဉ်း ဖွဲ့စည်းပုံက တောင့်မခံနိုင်ရတာလဲ၊ အဲဒါက ဘာစွမ်းအားလဲ”
“ငါ့ရဲ့ ‘နတ်ဘုရားဖန်တီးရေး’... ငါ့ရဲ့ ဒေတာတွေ”
သူသည် မြေကြီးပေါ်တွင် လူးလိမ့်ရင်း ရူးသွပ်စွာအော်ဟစ်နေသည်။
ဤကျရှုံးမှုသည် ယခင် ရင်းနှီးမြှုပ်နှံမှုအားလုံးနှင့် “စောင့်ကြည့်ရေး” များက သူတို့၏ အသက်နှင့်လဲလှယ်ခဲ့သော ဒေတာများ ပျောက်ကွယ်သွားရုံသာမက “နတ်ဘုရားဖန်တီးရေး စီမံကိန်း” ၏ ဗဟိုချက်ကို ထိခိုက်စေလုနီးပါး ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပြီး အချိန်တိုအတွင်း ပြန်လည်စတင်ရန် ခက်ခဲသွားစေသည်...
ရေခဲချောက်နက်ကြီး စစ်မြေပြင်သည် သေမင်းတမန်အလား တိတ်ဆိတ်နေသည်။
အားကောင်းသော မဟာနှင်းအစောင့်အရှောက်များဖြစ်စေ၊ သသာမန်အစောင့်အရှောက်များဖြစ်စေ ဝံပုလွေမျိုးနွယ်စု စစ်သည်အားလုံးသည် သူတို့၏ နှလုံးခုန်ရပ်မတတ် ဖြစ်စေသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။
သူတို့၏ ပြိုင်ဘက်ကင်း ဝံပုလွေဘုရင်၊ သူတို့၏ ယုံကြည်မှုနှင့်တူသော ထိုငွေဖြူရောင်ပုံရိပ်သည် အဆုံးသတ်ရောင်ဝါ ထုတ်လွှတ်နေသည့် မီးခိုးရောင်ဖျော့ဖျော့သံကြိုးများ မရေမတွက်နိုင်အောင် တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်ခံထားရကာ ပင့်ကူအိမ်တွင် မိနေသော ဖလံတစ်ကောင်အလား ဖြစ်နေသည်။
သူ့ပတ်လည်ရှိ တောက်ပသော အလင်းရောင်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် မီးခိုးရောင် အမှောင်ထု၏ တိုက်စားပြီး ဝါးမြိုခြင်းကို ခံနေရကာ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် လေထဲတွင် အနည်းငယ် တုန်ယင်နေပြီး ထို ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း စွမ်းအားကို အစွမ်းကုန် ရုန်းကန်နေရသည်။
“ဘုရင်မင်းမြတ်”
ထျန်းပင်းနှင့် သွေးမိစ္ဆာတို့သည် နှလုံးသားကို ဆုတ်ဖြဲခံရသကဲ့သို့ ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ မျက်လုံးများ ချက်ချင်း သွေးကြောများ ပြည့်နှက်သွားကာ မီးထဲသို့ တိုးဝင်သည့် ဖလံများအလား ဖြစ်နေကြောင်းကို သိသော်လည်း မည်သည့်ပေးဆပ်မှုကိုမဆို ဂရုမစိုက်ဘဲ ရှေ့သို့ ပြေးထွက်ရန် ပြင်ဆင်လိုက်ကြသည်။
ယွဲ့ရီ၏ မျက်နှာသည် ဤအခိုက်အတန့်တွင် သွေးမရှိတော့ဘဲ ဖြူရော်နေသည်။ သူမ၏ ခရမ်းရောင်မျက်ဝန်းများ ပြူးကျယ်နေပြီး ယခင်က မကြုံဖူးသော ထိတ်လန့်မှုနှင့် အသက်ရှူကျပ်လုနီးပါး ရင်တုန်မှုတို့ ပြည့်နှက်နေသည်။
သူမ အလိုလို ရှေ့တစ်လှမ်းတိုးမိသည်။ ရှေ့လက်တစ်ချောင်းက ရင်ဘတ်ပေါ်ရှိ နူးညံသော အမွေးအမွှေးအမျှင်များကို တင်းကျပ်စွာ ဖိထားပြီး ကျန်ခြေလက်များသည် အောက်ဘက်ရှိနှစ်သောင်းချီနက်နဲရေခဲထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေလျက် ခြစ်ရာတချို့ ဖြစ်ပေါ်လာစေသည်။
သူ၏ တုန်ယင်နေသော နှုတ်ခမ်းများမှ အလွန်တိုးသဲ့သော စကားသံတစ်ခွန်း ထွက်ကျလာခဲ့သည်။
“မဟုတ်ဘူး ကျေးဇူးပြုပြီး မလုပ်ပါနဲ့.”
ရေခဲချောက်နက်ကြီး၏ အထက်တွင် အချိန်သည် ရပ်တန့်နေပုံရသည်။
ယွဲ့ရီ၏ တုန်ယင်နေသော “မဟုတ်ဘူး... မလုပ်ပါနဲ့...” ဟူသော အော်ဟစ်သံသည် အေးစက်သော လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
မြင်ကွင်းအတွင်းတွင် သန့်စင်သော သေမင်းတမန်တိတ်ဆိတ်ခြင်း ဥပဒေသများမှ စုစည်းထားသည့် မီးခိုးရောင်ဖျော့ဖျော့သံကြိုးများသည် လင်းထျန်းလုံ၏ ငွေဖြူရောင်ခန္ဓာကိုယ်ကို စပါးကြီးမြွေများအလား ရစ်ပတ်ထားပြီးဖြစ်သည်။
သံကြိုးများသည် အမွေးအမျှင်များကို ခိုင်မာစွာရစ်ပတ်ထားပြီး ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်အကာအကွယ်ကိုပင် ထိုးဖောက်ကာ သူ့ဝိညာဉ်အတွင်းပိုင်းအလွှာများကို ချိပ်ပိတ်လိုက်သည်။
အရာအားလုံးကို ဗလာနယ်နတ္ထိဖြစ်သည်အထိ ဖျက်ဆီးရန်ကြံစည်နေသော ကြီးကျယ်ခမ်းနားသည့် “မျိုးသုဉ်းခြင်း” စွမ်းအားသည် ယခင်နှင့်မတူသော အတိုင်းအတာနှင့် ပြင်းအားဖြင့် ဤသံကြိုးများတစ်လျှောက် စီးဝင်လာကာ သူ၏တည်ရှိမှုအခြေခံအုတ်မြစ်များကို ရူးသွပ်စွာ ရိုက်ခတ်နေသည်။
သူ့ပတ်လည်ရှိ လရောင်အလား တောက်ပခဲ့သော အလင်းရောင်သည် ယခုအခါ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် မှေးမှိန်လာသည်။
လေတိုက်လျှင် ဖျက်ခနဲငြိမ်းမည့် ဖယောင်းတိုင်တစ်ခုအလား ထိုစိတ်ပျက်စရာကောင်းသည့် မီးခိုးရောင်ဖျော့ဖျော့စွမ်းအင်၏ အဆက်မပြတ်ဖုံးလွှမ်းတိုက်စားခြင်းကို ခံနေရသည်။
သူ့အနောက်တွင် အပြာရောင်ရင့်ရင့်အလင်းများ ထုတ်လွှတ်နေခဲ့သော ရေခဲအကျဉ်းထောင်ပလ္လင်၏ ပုံရိပ်ယောင်ပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။
မလှမ်းမကမ်းတွင် ယွဲ့ရီသည် နေရာတွင် အေးခဲနေပြီး သူမ၏ခရမ်းရောင်မျက်ဝန်းများသည် မီးခိုးရောင်ဖျော့ဖျော့ လွှမ်းခြုံနေသော ဧရိယာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
သူမ၏ ရှေ့ခြေသည်းတစ်ချောင်းသည် ရင်ဘတ်ပေါ်ရှိ နူးညံ့သော အဖြူရောင် အမွေးအမျှင်များကို အလိုလို တင်းကျပ်စွာ ဖိထားသည်။
အားကုန်သုံးထားသောကြောင့် သူမ၏ထက်ရှသော လက်သည်းများသည် ထောင်စုနှစ်များစွာ အေးခဲနေခဲ့သည့် ရေခဲထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသည်ကို သူမကိုယ်တိုင်သတိမထားမိခဲ့ချေ။
“ပြီးသွားပြီလား... မဟုတ်ဘူး၊ သူ ဘယ်လိုလုပ်...”
မီးခိုးရောင်ဖျော့ဖျော့သည် သူ၏သူငယ်အိမ်များရှိ နောက်ဆုံး ရေခဲအပြာရောင် အစက်အပြောက်လေးကို လုံးဝဝါးမြိုတော့မည့်အချိန်နှင့် ဝိညာဉ်ချိတ်ဆက်မှု၏ အခြားတစ်ဖက်ရှိ ဝံပုလွေအားလုံး အလိုအလျောက် အေးခဲသွားသည့် ခံစားချက်ကို ခံစားလိုက်ရချိန်တွင်…
“အာ... ဝူး…“
ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ညှစ်ထုတ်လိုက်သကဲ့သို့ အလွန်အမင်း ဖိနှိပ်ထားသော တိုးညှင်းသည့် ဟိန်းဟောက်သံတစ်ခုသည် လင်းထျန်းလုံ၏ လည်ချောင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထာဝရတိုက်ပွဲဝိညာဉ်၏ ရွှေရောင်အလင်းတန်းသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပလင်းလက်လာသည်။ ၎င်းသည် စွမ်းအင် ပေါက်ကွဲမှုမဟုတ်ဘဲ စွမ်းအင်၏ပြယုဂ်တစ်ခုဖြစ်သည်။
ဝိညာဉ်ခိုင်ခံ့မှုလက္ခဏာရပ်သည် ၎င်း၏အကန့်အသတ်အထိ တွန်းတင်ခံလိုက်ရပြီး မည်သည့် ဘုရင်အဆင့်ဝိညာဉ်ကိုမဆို ချက်ချင်းဇီဝိန်ချုပ်သွားစေရန် လုံလောက်သည့်စွမ်းအင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ၏ အလိုအလျောက် စုပ်ယူနိုင်စွမ်းသည် ပိတ်ဆို့မှုတစ်ခုကို ထိုးဖောက်သွားသကဲ့သို့ ယခင်က မကြုံဖူးသော ထိရောက်မှု၊ လွှမ်းမိုးမှုတို့ဖြင့် စတင်အလုပ်လုပ်လာသည်။
၎င်းသည် ပတ်ဝန်းကျင်ရှိ ပျံ့လွင့်နေသော စွမ်းအင်များကို စုပ်ယူရုံဖြင့် မကျေနပ်တော့ဘဲ သူ့ကိုရစ်ပတ်နေသော မျိုးသုဉ်းခြင်းသံကြိုးများကို စတင်ဖယ်ရှားလာသည်။
လျှပ်တစ်ပြက်မြန်ဆန်သော ထိုအခိုက်အတန့်တွင် တစ်ဝက်နီးပါး မီးခိုးရောင်ဖျော့ဖျော့ ဖုံးလွှမ်းနေပြီဖြစ်သော လင်းထျန်းလုံ၏ ငွေပြာဧကရာဇ်မျက်ဝန်းများထဲတွင် ရေခဲပြာရောင် ဒေတာစီးကြောင်းများသည် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် ပြန်လည်ဖွဲ့စည်းပြီး တွက်ချက်နေသည်။
သူ့ကို ချည်နှောင်ထားသော သံကြိုးများကို သူမကြည့်သလို အဝေးမှအောင်ပွဲခံလှိုင်းများ ထုတ်လွှတ်နေသည့် မိစ္ဆာအရိပ်ကိုလည်း ဂရုမစိုက်ပေ။
သူ၏ ခံစားသိမြင်မှုအားလုံး၊ ဝိညာဉ် အားလုံးနှင့် ဆန္ဒအားလုံးကို အမှတ်တစ်ခုတည်းအပေါ် အာရုံစိုက်လိုက်သည်။
မိစ္ဆာအရိပ်၏ ရင်ဘတ်ရှိ “မျိုးသုဉ်းခြင်းဗဟိုချက်” ပင်ဖြစ်သည်။
၎င်းသည် ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်၏ အစွမ်းကုန်တိုက်ခိုက်မှုကြောင့် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး လက်ရှိတွင် စွမ်းအင်လွန်ကဲစွာ ထုတ်လွှတ်မှုကြောင့် အလွန်မတည်မငြိမ် ဖြစ်နေသည်။
ရူးသွပ်ပြီး ပြတ်သားသော နည်းဗျူဟာတစ်ခုသည် အကန့်အသတ်အထိ ချက်ချင်းမှန်းဆတွက်ချက်ပြီးနောက် ရုတ်တရက် ပုံပေါ်လာသည်။
“ မျိုးသုဉ်းခြင်းသတ္တဝါ... မင်းက ဝါးမြိုတာကို သဘောကျတယ် မဟုတ်လား...”
သူ၏ အတွေးများသည် ရက်စက်မှုတစ်ခုကို သယ်ဆောင်ကာ ဝိညာဉ်ထဲတွင် ဟိန်းဟောက်နေသည်။
“မင်းကို ဗိုက်ပြည့်တဲ့အထိ ဝါးမြိုခိုင်းမယ်”
သူ၏ ခန္ဓာကိုယ်အတွက် စွမ်းအင် ကာကွယ်မှုကို လုံးဝစွန့်လွှတ်လိုက်ပြီး သူ၏ဝိညာဉ်အကာအကွယ် တစ်စိတ်တစ်ပိုင်းကိုပင် တက်ကြွစွာ ဖွင့်ဟလိုက်သည်။
ဤမျိုးသုဉ်းခြင်းစွမ်းအားကို သူခုခံမည်မဟုတ်ပေ။
၎င်းကို သွေးဆောင်ပြီး သူ၏ကျန်ရှိနေသော ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်၏ သန့်စင်သည့်စွမ်းအား၊ မိုးပြာရောင်နက်နဲဝံပုလွေဝိညာဉ်၏ မယိမ်းမယိုင်သော တိုက်ပွဲဝင်လိုစိတ်နှင့် ရေခဲအကျဉ်းထောင်ပလ္လင်၏ ဖိနှိပ်ခြင်းလက္ခဏာရပ်တို့နှင့် ပေါင်းစပ်မည်ဖြစ်သည်။
၎င်းတို့အားလုံးကို ပရမ်းပတာနှင့် ပေါက်ကွဲစေတတ်သော အိုးတစ်လုံးပမာ ရောမွှေလိုက်ပြီးနောက် မျိုးသုဥ်းခြင်းသံကြိုးများကို ယမ်းကြိုးအဖြစ် အသုံးပြုကာ ဖိသိပ်လိုက်၏။ ပြီးနောက် ပြိုကျလုနီးပါးဖြစ်နေသော ထိုမျိုးသုဉ်းခြင်းဗဟိုချက်ထဲသို့ လောင်းထည့်လိုက်ပြန်သည်။
သူသည် သူ့ကိုယ်သူ အန္တရာယ်အများဆုံး ဗုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်ပြီး “ဖျက်ဆီးခံရတော့မည့် တည်ရှိမှု” ၏ စွမ်းအင်အပြည့်ကို အသုံးပြုကာ အတူတကွသေဆုံးမည့် အခွင့်အရေးတစ်ခုကို လောင်းကြေးထပ်လိုက်သည်။
သေမင်း၏ မေးရိုးများကြားမှ အောင်ပွဲကို လုယူမည့် အခွင့်အရေးတစ်ခုကိုပင်။
“ဝူး”
အမြဲတမ်း အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော မျိုးသုဉ်းခြင်းမိစ္ဆာအရိပ်၏ စွမ်းအင်သည် ပထမဆုံးအကြိမ်အဖြစ် အကြောက်တရားတို့ပါဝင်သော အော်ဟစ်သံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။