အခန်း (၄၀၃)
Vol. 41 Ch. 403
အခန်း (၄၀၃) ရှီးရွှမ်၏ ပြတ်သားမှု
“သူတော်စင်အရိုး၊ ဒါက မွေးရာပါ သူတော်စင်အရိုးပဲ”
ရောက်ရှိနေကြသော ကျင့်ကြံသူအားလုံးသည် သန့်စင်မွန်မြတ်သော အလင်းတန်းများ ရစ်ပတ်ထားသည့် တစ်လက်မခန့်ရှိသော အရိုးကို မြင်လိုက်ရသဖြင့် အာမေဍိတ်သံများ ထွက်ပေါ်လာကြပြီး တီးတိုးဝေဖန်နေကြတော့၏။
“ကောလာဟလတွေက အမှန်ပဲ ထင်တယ်။ အဲဒီတုန်းက ဒုတိယမြောက် သူတော်စင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ဖို့အတွက် ရှီးမျိုးနွယ်စုဟာ မျိုးနွယ်စုဝင်တစ်ယောက်ဆီကနေ မွေးရာပါသူတော်စင်အရိုးကို ထုတ်ယူပြီး ရှီးရွှမ်ဆီကို အစားထိုးပေးခဲ့တာပဲ”
“ကြားဖူးတာတော့ ရှီးရွှမ်မှာ မူလကတည်းက မွေးရာပါ သူတော်စင်နှလုံးသား ရှိပြီးသားတဲ့။ အခုလို မွေးရာပါ းသူတော်စင်အရိုးပါ ထပ်ပေါင်းလိုက်ရင် သူတော်စင်အဆင့်ကို ရောက်ဖို့က မခက်ခဲတော့ဘူးပေါ့။”
“…”
စင်စစ်အားဖြင့် ကွင်းပြင်တစ်ခုလုံးတွင် အလန့်တကြားအဖြစ်ရဆုံးလူမှာ ရှီးဟောက်ပင်။ သူ့ရှေ့မှောက်ရှိ သူတော်စင်အရိုးမှာ ပြန်လည်ရယူရန် သူ အမြဲအိပ်မက်မက်ခဲ့ရသောအရာ ဖြစ်ပါ၏။
ဤမွေးရာပါ သူတော်စင်အရိုးကြောင့်ပင် သူနှင့် ရှီးရွှမ်တို့မှာ ကမ္ဘာမကျေရန်သူများ ဖြစ်ခဲ့ကြရသည်။
သို့သော် ယခုတွင် ရှီးရွှမ်က ဤအရိုးကို အမှန်တကယ် ထုတ်ပေးလာခဲ့ချေပြီ။ သူ ဘာလုပ်ချင်နေသနည်း။
လသာဆောင် ထဲတွင် စိတ်လှုပ်အရှားဆုံး ကျင့်ကြံသူများမှာ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်မှ လူများပင်။
ယနေ့ သူတို့ကို တစ်ခုတည်းသော ပျော်ရွှင်စေသည့်အရာမှာ ရှီးရွှမ်၏ ခန္ဓာကိုယ်ပေါ်မှ မွေးရာပါ သူတော်စင်အရိုး ပျောက်ဆုံးသွားခြင်းပင် ဖြစ်၏။
မွေးရာပါ သူတော်စင်အရိုး မရှိတော့လျှင် ရှီရွှမ်မှာ အကြီးအကျယ် ထိခိုက်ခံစားရမည် ဖြစ်ပြီး လုံးဝပျက်စီးသွားကာ သာမန်လူတစ်ယောက်ပင် ဖြစ်သွားနိုင်ပေ၏။
ဆန့်ကျင်ဘက်အနေဖြင့် ရှီးမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်နှာတွင်မူ အလွန်အမင်း စိတ်မကောင်းဖြစ်သွားဟန်များ ထင်ဟပ်နေကြသည်။
သူတို့ ရှီးမျိုးနွယ်စုမှသူတော်စင်တစ်ဦး ထွက်ပေါ်လာစေမည့် အိပ်မက်သည် တစ်ဖန်ပြန်၍ ရိုက်ချိုးခံလိုက်ရပြန်လေပြီ။
ကောင်းကင်ထက်တွင် ချူဖုန်းသည် သူ့ရှေ့မှောက်ရှိ မြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်လိုက်၏။
“ဒီကောင်လေးက တကယ့်ကို ပြတ်သားတာပဲ။ ဒီနေ့ကစပြီး ငှက်တွေပျံဖို့ ကောင်းကင်ကြီးက ကျယ်ပြောသွားပြီ၊ ငါးတွေခုန်ကူးဖို့ ပင်လယ်ကြီးကလည်း ကျယ်ဝန်းသွားပြီ”
သူသည် တပည့်ငယ်လေးကို သူ၏ ကမ္ဘာပျက်မျက်လုံးဖြင့် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ရှီးရွှမ်က မွေးရာပါသူတော်စင်အရိုးကို ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်သည့်အခိုက်တွင် သူ၏ ကံကြမ္မာထဲမှ နောက်ဆုံးကျန်ရှိနေသော အမည်းရောင်အငွေ့အသက်သည်လည်း လွင့်ပြယ်သွားခဲ့လေ၏။
လက်ရှိ ရှီးရွှမ်သည် ကံကြမ္မာမှ သတ်မှတ်ထားသော ဗီလိန်ကြီးအဖြစ်မှ ကံကြမ္မာသားတော်အစစ်အမှန်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ရာ ရှောင်ချန်းထက် မနိမ့်ကျသော တည်ရှိမှုမျိုး ဖြစ်သွားခဲ့ချေပြီ။
ရှီးဟောက်သည် မွေးရာပါ သူတော်စင်အရိုးကို လှမ်းယူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ရှီးရွှမ်... ဒီလိုလုပ်လိုက်ရုံနဲ့ ငါ မင်းကို တိုက်ခိုက်တာကို လက်လျှော့မယ်လို့ မထင်နဲ့”
ရှီးရွှမ်က ပြုံးလျက် ပြောလိုက်သည။
“မင်း တိုက်ချင်ရင် ငါတို့ အချိန်မရွေး တိုက်လို့ရတယ်။ ဒါပေမဲ့ မင်းရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ငါ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး။ နောက်ထပ် ဆယ့်ရှစ်နှစ်ကြာရင် နှစ်တစ်ရာစုမှာ တစ်ကြိမ်ပဲ ကျင်းပတဲ့ သူတော်စင်ဆယ်ပါး မဟာပြိုင်ပွဲ ရှိတယ်။ အဲဒီအချိန်ကျမှ မင်းနဲ့ငါ ဘယ်သူက ပိုသာလဲဆိုတာ အဆုံးအဖြတ်ခံယူပြီး ရန်ကြွေးအားလုံးကို ရှင်းကြတာပေါ့”
“ဒါ ကတိပဲ”
“ဒါက ကတိပဲ”
စကားဆုံးသည်နှင့် ရှီးဟောက်မှာ လှည့်ထွက်လိုက်ပြီး ကျင်းရှီ၏ လက်ကိုဆွဲကာ အခမ်းအနားစင်မြင့်ပေါ်မှ ဆင်းသွားခဲ့သည်။
ရှီးရွှမ်ကမူ သူ၏ အကြည့်ကို ဘေးနားရှိ အမျိုးသမီး ခုနစ်ယောက်ထံသို့ လွှဲပြောင်းလိုက်၏။ သူသည် ကောင်းကင်ပျက်သုဉ်းခြင်းချိတ်စည်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး စကားတစ်ခွန်းကို ခပ်ဖွဖွ ရွတ်ဆိုလိုက်၏။
“နှိမ်နင်းစမ်း”
ထိုစကားလုံး ကျလာသည်နှင့် ကောင်းကင်ပျက်သုဉ်းခြင်းချိတ်စည်းသည် ဖိနှိပ်ချလိုက်ပြီး အမျိုးသမီး ခုနစ်ယောက်စလုံးမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။
သူတို့ ဖခင်များနှင့် အကြီးအကဲများသည် ဤမြင်ကွင်းကို မြင်တွေ့ရသော်လည်း တစ်ယောက်မှ စကားတစ်ခွန်းပင် မဟဝံ့ကြချေ။
ဤလုပ်ရပ်ကြောင့် ရောက်ရှိနေကြသူ အားလုံး၏ မျက်ဝန်းထဲတွင် ရှီးရွှမ်ကို ကြည့်သည့် အကြည့်များ၌ ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်သွားစေ၏။
အကယ်စင်စစ် ဤအရာသည် ရှီးရွှမ်၏ စစ်မှန်သော ရုပ်သွင် ဖြစ်ပေလိမ့်မည်။ ရှီးမျိုးနွယ်စု၏ စစ်မှန်သော နဂါးမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လူတိုင်း ထိုထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးခင်မှာပင်
မိုးကုတ်စက်ဝိုင်းဆီမှ လူရိပ်တစ်ခု ပျံသန်းလာခဲ့၏။ သူ မြေပြင်ပေါ်သို့ပင် မသက်ဆင်းရသေးမီ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်ဝင်များထံမှ အာမေဍိတ်သံများ အုန်းအုန်းကျွက်ကျွက် ထွက်ပေါ်လာသည်။
“ဝမ်းကွဲအစ်ကို ဝူကျိ”
လူတိုင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ အဘိုးအိုတစ်ယောက်သည် ကျောက်ဝူကျိ၏ ဂုတ်ကို ကြက်ကလေးတစ်ကောင်ကို မ လိုက်သကဲ့သို့ ဆွဲကိုင်ကာ လေဟာနယ်ကို နင်းလျှောက်လာသည်ကို မြင်လိုက်ကြရ၏။
ဘုန်း
အဘိုးအိုသည် ကျောက်ဝူကျိကို အခမ်းအနားစင်မြင့်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ကောင်းကင်ထက်မှ ချူဖုန်းကို မော့ကြည့်ကာ ပြောလိုက်သည်။
“ဌာနမှူးချူ... ကျောက်ဝူကျိကို ဖမ်းမိခဲ့ပါပြီ။ ဒီကောင်က ကျွန်တော့်အတွက် အံ့ဩစရာလေးတစ်ခုတောင် ယူဆောင်လာပေးသေးတယ်”
ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
“ဒုက္ခများသွားရပြီ... မိတ်ဆွေရီရှန်း။”
“မပြောပလောက်ပါဘူး”
စကားပြောရင်းနှင့် မဟာပဏ္ဍိတရီရှန်းမှာ ဘေးတစ်ဖက်သို့ ဆုတ်ခွာသွားခဲ့သည်။
ကျင့်ကြံသူအားလုံးသည် စင်မြင့်ထက်တွင် ခွေးသေတစ်ကောင်ကဲ့သို့ သနားစရာကောင်းလှစွာ လဲလျောင်းနေသော ကျောက်ဝူကျိကို ကြည့်လိုက်ကြပြီးနောက် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှလူများ မည်သို့ တုံ့ပြန်ကြမည်ကို သိလိုသဖြင့် မသိစိတ်အလျောက် သူတို့ထံသို့ အကြည့်များ လွှဲပြောင်းလိုက်ကြသည်။
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တပည့်များသည် ကျောက်ဝူကျိကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကောင်းကင်ထက်တွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် ချူဖုန်းကို မော့ကြည့်ကာ အလိုလိုပင် ခေါင်းငုံ့သွားကြလေ၏။
ချူဖုန်းသည် ရောက်ရှိနေသူအားလုံး၏ အကြည့်များကို လျစ်လျူရှုကာ ရှီးရွှမ်ကို ပြောလိုက်သည်။
“ရှောင်ရွမ်... ဒီကောင့်ကို မင်းပဲ စီမံဖို့ ချန်ထားခဲ့မယ်”
“ဆရာ... တပည့် ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
စကားဆုံးသည်နှင့် ရှီးရွှမ်သည် ဓားကျောက်စိမ်းတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်၏။
ကျောက်ဝူကျိမှာ ဓားကျောက်စိမ်းကို မြင်လိုက်ရသောအခါ မူလက ငါးသေမျက်လုံးကဲ့သို့ အသက်မဲ့နေသော သူ့မျက်ဝန်းများထဲတွင် ထူထပ်သော ကြောက်ရွံ့မှုများ ရုတ်ချည်း ထွက်ပေါ်လာပြီး အလျင်အမြန် ပြောရှာသည်။
“ညီလေးရှီး.. မဟုတ်ဘူး... အသက်ချမ်းသာပေးပါကွာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးကိုမဆို ငါ သဘောတူပါ့မယ်”
ရှီးရွှမ် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“စီနီယာကျောက်... မင်း ငါ့ကို စပရိယာယ်ဆင်ကတည်းက ငါတို့ဟာ အတူယှဉ်တွဲမနေနိုင်တဲ့ ရန်သူတွေ ဖြစ်သွားခဲ့ပြီ။ ကံကောင်းထောက်မစွာနဲ့ ငါက မင်းထက် တစ်ပန်းသာသွားခဲ့တယ်။ စိတ်ချပါ... ဟို လေးယောက်ကလည်း မကြာခင် ငရဲဘုံကိုးထပ်ဆီကို ဆင်းသက်သွားကြတော့မှာဆိုတော့ မင်းရဲ့မရဏလမ်းပေါ်မှာ အဖော်တွေ ရှိလာမှာပါ”
သူ့စကားအဆုံးတွင် လက်ထဲမှ ဓားကျောက်စိမ်းသည် လင်းခနဲ အလင်းတန်းတစ်ခု ဖြာထွက်သွားလေ၏။
“ရပ်လိုက်စမ်း”
ကောင်းကင်ယံဆီမှ ကျယ်လောင်လှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ရှီရွှန်း၏ လှုပ်ရှားမှုကို ဖြတ်တောက်လိုက်လေသည်။
လူအားလုံးသည် ထိုအသံလာရာ အရပ်မျက်နှာဆီသို့ အကြည့်များ လွှဲပြောင်းလိုက်ကြသည်။
သူတို့သည် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်ဖြူများ ရှိသော အဘိုးအိုတစ်ဦး လေဟာနယ်ကို နင်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
ထိုအဘိုးအို ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သူ့နာမည်ကို အော်ခေါ်လိုက်၏။
“မဟာပဏ္ဍိတထျန်ကန်း မြောက်ပိုင်းမြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ မဟာအစောင့်အရှောက်ဆယ်ပါးထဲက တစ်ယောက်ပဲ”
တော်ဝင်မျိုးနွယ်စုအပြင် မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်သည် မဟယပဏ္ဍိတများမှအစ မြို့စားအဆင့်များအထိ မြောက်မြားစွာသော အစောင့်အရှောက်များကို စည်းရုံးသိမ်းသွင်းထားသည်။
ရောက်လာသူကို မြင်သောအခါ ချူဖုန်း ပြုံးလျက် မေးလိုက်၏။
“တာအိုမိတ်ဆွေ... ခင်ဗျားက ကျွန်တော်နဲ့ အကွက်အနည်းငယ်လောက် ဖလှယ်ချင်လို့လား”
ဤစကားကို ကြားရသောအခါ မဟာပဏ္ဍိတထျန်ကန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်သွားသည်။ သူသည် မိမိရှေ့မှောက်ရှိ လူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို မြင်တွေ့ထား၏။
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်၏ ဘိုးဘေးကြီး ကိုယ်တိုင် လှုပ်ရှားခြင်းမပြုလျှင် ဧကရာဇ်မင်းမြတ် တစ်ပါးတည်းသာလျှင် သူ့ကို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
သို့သော် သူတော်စင်တစ်ယောက် လှုပ်ရှားလိုက်သည်နှင့် ဝမ်တောက်ကျောင်းတော်မှ ထိုပုဂ္ဂိုလ်သည်လည်း ငြိမ်ခံနေမည်မဟုတ်ချေ။ ထိုအခါ ကလေးကစားစရာကဲ့သို့ ကိစ္စတစ်ခုသည် သူတော်စင်အဆင့်များ၏ စစ်ပွဲကြီးတစ်ခုအထိ ကူးစက်ကြီးထွားသွားပေလိမ့်မည်။
ရွှမ်ထျန်းတိုက်ကြီးပေါ်တွင် သူတော်စင်အဆင့်များအကြား စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း တစ်သန်းကျော် ရှိခဲ့ပြီ ဖြစ်သည်။
သူတော်စင်အဆင့်များက တစ်ဦးကိုတစ်ဦး ကြောက်ရွံ့ကြ၍ မဟုတ်ဘဲ သူတော်စင်တစ်ဦး၏ အစွမ်းများက ပြင်းထန်လွန်းလှသောကြောင့်ပင်။ အစောပိုင်းက သူတော်စင်တစ်ပိုင်း နှစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်၏။
ဧကရာဇ်မင်းမြတ်သည် ဆက်လက်တိုက်ခိုက်ရန် လုံးဝရွေးချယ်မည်မဟုတ်ချေ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မြောက်ပိုင်းချောက်နက်မှာ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံရမည် ဖြစ်ပြီး အကြောင်းမှာ ဤအရာသည် သူတို့၏ နယ်မြေပေါ်တွင် ဖြစ်ပွားသော စစ်ပွဲကြီး ဖြစ်နေသောကြောင့်ပင်။
“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး”
မဟာပဏ္ဍိတထျန်ကန်းက အလျင်အမြန် ရှင်းပြသည်။
“ဒီကံကြမ္မာပြိုင်ပွဲမှာ ကျွန်တော်တို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က အရှုံးကို လက်ခံဖို့ အဆင်သင့်ပါပဲ။ ကျေးဇူးပြုပြီး ဝူကျိကို အသက်ချမ်းသာပေးပါ။ ဘာပဲပြောပြော သူက သမီးတော်ကြီးရဲ့ ချစ်လှစွာသော သားတော် ဖြစ်နေလို့ပါ။ ဒါ့အပြင် ကျွန်တော်တို့ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်ကနေ လက်ဆောင်တွေကို ပေးအပ်ဖို့ လိုလိုလားလား ရှိပါတယ်”
ဤစကားကို ကြားသောအခါ ချူဖုန်းက ပြုံးလိုက်သည်။ သူ ဓားကို ပေါ့ပေါ့ပါးပါး ပြန်သိမ်းလိုက်ပြီး ခေါက်ယပ်တောင်ကို ခတ်ရင်း ပြောလိုက်သည်။
“ခင်ဗျား သေချာလို့လား။ ဒီအဘိုးကြီးက ခင်ဗျားတို့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် မင်းသမီးကြီးရဲ့ ချစ်လှစွာသော သားတော် အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ”
“……”
မဟာပဏ္ဍိတထျန်ကန်းသည် ချူဖုန်းကို ဇဝေဇဝါဖြင့် ကြည့်ကာ ပြောလိုက်၏။
“သခင်လေး... ကျေးဇူးပြုပြီး ဒီလိုကိစ္စမျိုးကို မနောက်ပါနဲ့။ ကျွန်တော်တို့ ဝူကျိကို ငယ်ငယ်ကတည်းကနေ ကြီးပြင်းလာတဲ့အချိန်ထိ စောင့်ကြည့်ခဲ့တာပါ။ သူ မင်းသမီးကြီးရဲ့ ကလေး မဟုတ်ဘဲ ဘယ်သူ့ကလေး ဖြစ်ရမှာလဲ”
ချူဖုန်းက ပြန်လည်ချေပလိုက်သည်။
“ဒါဆိုရင် ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်။ ကျောက်ဝူကျိ သူတော်စင်ဆီကို နောက်ဆုံးသွားတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲ”
“ဒီအဘိုးကြီးလည်း သေသေချာချာ မမှတ်မိတော့ဘူး။ သုံးနှစ်ကနေ ငါးနှစ်လောက်တော့ ရှိပြီ ထင်တယ်။ သူတော်စင်က နေ့တိုင်း ကိစ္စသောင်းခြောက်ထောင်ကို စီမံနေရတာဆိုတော့ ဘယ်သူကိုမဆို အလွယ်တကူ တွေ့နိုင်တာမှ မဟုတ်တာ”
မဟာပဏ္ဍိတထျန်ကန်းမှာ စကားပြောလေလေ၊ သူ၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်မှုများက ပိုမိုနက်ရှိုင်းလာလေလေ ဖြစ်သည်။
ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်၏။
“ကောင်းပြီ... ကျွန်တော် ခင်ဗျားနဲ့ စကားအများကြီး အချိန်ကုန်မခံချင်တော့ဘူး။ မယုံဘူးဆိုရင် ဒီအဘိုးကြီးက ကျောက်ဝူကျိ မဟုတ်ဘူးဆိုတဲ့ သက်သေကို ကျွန်တော် ပြပေးမယ်”
ထိုသို့ပြောပြီးနောက် သူက ကျောက်ဝူကျိထံသို့ လှမ်း၍ ဖမ်းယူလိုက်သည့် လက်ဟန်တစ်ချက် ပြုလုပ်လိုက်လေ၏။