အခန်း (၄၀၅)
Vol. 41 Ch. 405
(၄၀၅) ငါးကြီးကြီးမိဖို့ ငါးမျှားကြိုးအရှည်ကြီးပစ်ရတယ်ကွ
လေနှင်းလျှိုမြှောင် အတွင်း၌။
ဒုတိယမျိုးဆက် သခင်လေးတစ်ဦးလို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ထည်ဝါခန့်ညားလှသော နီလာခြင်္သေ့ပြာ တစ်ကောင်ကို စီးနင်းလျက် ချူဖုန်းတို့ကို ပြုံး၍ ကြည့်နေ၏။
သူတို့၏အကြည့်များက မိမိထံ ကျရောက်လာသည်ကို မြင်သောအခါ သူ လက်နှစ်ဖက်ကို ပူးယှက်ကာ အရိုအသေပြုလိုက်သည်။
“ကျုပ်က လျန်ယီ ပါ။ တာအိုမိတ်ဆွေနှစ်ယောက်ကို ဘယ်လိုခေါ်ရမလဲ”
“ချန်ကွန်း”
“ရှီရှီဆန်း”
ချူဖုန်းရော ရှီးရွှမ်ပါ သူတို့၏ နာမည်အရင်းများကို မသုံးကြဘဲ လွယ်လွယ်ကူကူပင် နာမည်ဝှက်များ ပေးလိုက်ကြသည်။
“ဒါဆိုရင် တာအိုမိတ်ဆွေချန်နဲ့ တာအိုမိတ်ဆွေရှီဆန်းတို့ပေါ့”
လျန်ယီက သူတို့နာမည်များကို ထူးဆန်းသည်ဟု မထင်ပေ။ လေနှင်းလျှိုမြှောင်တွင် ကျန်းဆန်း သို့မဟုတ် လီဆီ ကဲ့သို့သော နာမည်မျိုးများက တော်တော်လေး အတွေ့ရများသည်။
“မိတ်ဆွေတို့နှစ်ယောက်က တခြားနေရာက လာကြတာလား”
“ဟုတ်တယ်”
ချူဖုန်း တိုတိုတုတ်တုတ်ပင် ပြန်ဖြေပြီးလိုက်၏။
“တာအိုမိတ်ဆွေကကော လေနှင်းလျှိုမြှောင်ရဲ့ ဒေသခံလား၊ ဒါမှမဟုတ် နယ်ခြားတောင်တန်းရဲ့ ကျင့်ကြံသူလား”
“နှစ်ခုလုံးမဟုတ်ဘူး၊ ကျုပ်က နယ်ခြားတောင်တန်းကို ခဏလာပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရုံသက်သက်ပါပဲ”
လျန်ယီက ဆက်လက်ရှင်းပြသည်။ “ခုနက တာအိုမိတ်ဆွေချန်ရဲ့ စိတ်နှလုံးကျင့်ကြံခြင်းအကြောင်း ပြောစကားတွေကို ကြားလိုက်ရလို့ အရမ်းကို လေးနက်လှတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်မို့လို့ ရဲတင်းစွာနဲ့ နှောင့်ယှက်မိတာပါ။ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ချူဖုန်း ဝတ်ကျေတန်းကျေပင် ပြန်ဖြေလိုက်သည်။
“ကိစ္စမရှိပါဘူး”
ထို့နောက် လျန်ယီက မေးမြန်းလာသည်။
“တာအိုမိတ်ဆွေအနေနဲ့ ဒီစိတ်နှလုံးကျင့်ကြံခြင်းအကြောင်းကို ပိုပြီး အသေးစိတ် ရှင်းပြပေးဖို့ တောင်းဆိုပါရစေ။ ကျုပ်ဘက်က ထိုက်တန်တဲ့ အဖိုးအခ ပေးဖို့ အသင့်ပါပဲ”
ချူဖုန်း ပြောလိုက်သည်။
“ရတာပေါ့။ အဖိုးအခအတွက်ဆိုရင်တော့ ငါတို့အတွက် နယ်ခြားတောင်တန်းမှာ လမ်းပြအဖြစ် လုပ်ပေးရင် မဆိုးဘူးမလား”
“သဘောတူပါတယ်”
လျန်ယီက ထပ်မံ ပြောလိုက်၏။
“ပြီးတော့ နယ်ခြားတောင်တန်းအတွင်းက အသုံးစရိတ်အားလုံးကိုလည်း ကျုပ်ဘက်က ကျခံပေးပါ့မယ်”
“မဆိုးဘူးပဲ။ ဒါဆို သဘောတူပြီ”
ချူဖုန်း တုံ့ဆိုင်းခြင်းမရှိ လက်ခံလိုက်သည်။
လျန်ယီက သူ၏နီလာခြင်္သေ့ပြာကို ချူဖုန်းတို့အနီးသို့ စီးနင်းလာ၏။
“ကျုပ်နောက်ကို လိုက်ခဲ့ပေးပါ တာအိုမိတ်ဆွေတို့”
ထိုနှစ်ယောက်သည်လည်း သူတို့ လေပြေမြင်းများကို စီးကာ နောက်က လိုက်ပါသွားကြပြီး လျန်ယီ၏ လူများကလည်း နောက်နားကနေ ကပ်လျက် လိုက်ပါလာကြသည်။
သူတို့သည် လျန်ယီဘက်က လှည့်ကွက် သုံးလာမည်ကို မကြောက်ရွံ့ကြပေ။
အကြောင်းမူကား ဤလောကရှိ သူတော်စင်အဆင့်အောက်တွင် မည်သူမျှ ချူဖုန်းကို အနိုင်မယူနိုင်သောကြောင့်ပင်။
သူတော်စင်တစ်ပါး ပေါ်လာလျှင်ပင် ချူဖုန်းအနေဖြင့် အနည်းဆုံးတော့ ရှီးရွှမ်ကို ခေါ်ပြီး ထွက်ပြေးနိုင်သေး၏။ ထို့ကြောင့် အလကားရသည့် လမ်းပြတစ်ယောက်ကို အလဟဿ မဖြစ်စေသင့်ပေ။
အဖွဲ့သည် လမ်းမရှည်ကြီးအတိုင်း လျှောက်လှမ်းလာခဲ့ကြရာ မကြာမီ ယွဲ့လိုဟု ခေါ်သော တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာကြသည်။
တည်းခိုခန်းမှ စားပွဲထိုးသည် ချက်ချင်း ရှေ့သို့ တိုးလာပြီး ရိုရိုသေသေ မေးမြန်းလိုက်သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ခင်ဗျာ၊ စားသောက်ကြမလား၊ တည်းခိုကြမှာလား ခင်ဗျာ”
“ငါတို့အတွက် အဆင့်မြင့်အခန်းတချို့ ပြင်ဆင်ပေးပါ၊ ပြီးတော့ ဝိုင်ကောင်းကောင်းနဲ့ ဟင်းပွဲကောင်းကောင်းတွေ ယူခဲ့စမ်း”
လျန်ယီက ရက်ရက်ရောရော ပြောဆိုရင်း သူ၏ အလတ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ပစ်ပေးလိုက်၏။
စားပွဲထိုး ၎င်းကို ဖမ်းယူလိုက်ပြီး ကပျာကယာ ပြောလိုက်သည်။
“အခုချက်ချင်းပဲ အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်”
မကြာမီပင် ထိုအဖွဲ့သည် တည်းခိုခန်း၏ ပထမအခန်းများတွင် အခြေချမိသွားကြသည်။
ဝိုင်နှင့် ဟင်းပွဲများ ရောက်ရှိလာသောအခါ ချူဖုန်းတို့သည် စားပွဲတစ်ခုတည်းတွင် အတူတူထိုင်ကာ သောက်စားရင်း စကားစမြည် ပြောဆိုကြလေတော့၏။
လျန်ယီ သူတို့ကို ချက်ချင်း စစ်ဆေးမေးမြန်းခြင်း မပြုသေးပေ။ ထိုအစား သူ နယ်ခြားတောင်တန်း၏ ဓလေ့ထုံးတမ်းများနှင့် အခြေအနေများကို မိတ်ဆက်ပြောပြပေးနေသည်။
နားထောင်ပြီးနောက် ချူဖုန်းက တုံ့ပြန်စကားတစ်ခွန်းသာ ပေးခဲ့၏။
“ရှုပ်ထွေးတာပဲ”
နယ်ခြားတောင်တန်းမှာ ဥပဒေမဲ့သော နေရာတစ်ခု ဖြစ်သည်။ သို့သော် သူ့လို အဆင့်အတန်းမျိုးရှိသူတစ်ယောက်အတွက်မူ ထိုကဲ့သို့သောနေရာက မည်သည့်ဖိအားမျှ မပေးနိုင်ပေ။
ရှီးရွှမ်ကမူ ထိုအကြောင်းအရာများကို အကြမ်းဖျင်းမျှသာ နားထောင်နေသည်။
သို့သော် လျန်ယီက ထိုနှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။ သူတို့၏ တည်ငြိမ်ပြီး တုန်လှုပ်မှုမရှိသော အမူအရာများကို မြင်သောအခါ သူတို့သည် မည်သို့မျှ သာမန်လူများ မဟုတ်နိုင်ကြောင်း တိတ်တဆိတ် ခန့်မှန်းမိလိုက်သည်။
ဝိုင်သုံးခွက် သောက်ပြီးနောက်တွင် ချူဖုန်း နောက်ဆုံးတွက် ပြောလိုက်၏။
“သောက်တာ တော်လောက်ပြီ။ မင်းကို စိတ်နှလုံးကျင့်ကြံခြင်းရဲ့ လျှို့ဝှက်ချက်ကို ဝေမျှပေးတာပေါ့”
“စိတ်နှလုံးကို မကျင့်ကြံခင်မှာ မိမိကိုယ်တိုင် တကယ် ဘာကို အလိုရှိလဲဆိုတာကို အရင်ဆုံး ဆုံးဖြတ်ရမယ်။ ကျင့်ကြံသူ တော်တော်များများက တစ်သက်လုံး လွင့်မျောနေကြပြီး သူတို့ တကယ် လိုက်စားတဲ့အရာက ဘာလဲဆိုတာကို ဘယ်တော့မှ မသိကြဘူး”
“တချို့က ကျင့်ကြံခြင်းဆိုတာ သန်မာဖို့ ဒါမှမဟုတ် အသက်ရှည်ဖို့လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ လောကီရေးရာတွေရဲ့ နှောင့်ယှက်မှုကို မခံရဘဲ ကျင့်ကြံခြင်းသက်သက်မှာပဲ တကယ် စိတ်နှစ်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ”
ရှီရွှမ်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဆရာ၊ ဆရာကကော အဲဒီလို လုပ်နိုင်လား”
“ငါ မလုပ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါကြောင့်ပဲ ငါက ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ရွေးချယ်တာပေါ့။ ကျင့်ကြံခြင်းကိုတော့ ဂရုမစိုက်နိုင်ဘူး”
ချူဖုန်းက ဝိုင်တစ်ကျိုက် ထပ်သောက်ရင်း ဤသို့ ပြောလိုက်သည်။ အဖြေက ရှီရွှမ်းကို ဆွံ့အသွားစေသလို လျန်ယီပင် မှင်တက်သွားရ၏။
ဤလူ့ထံမှ ယခုလိုစကားမျိုး ကြားရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
ချူဖုန်း ဆက်ပြောသည်။
“တော်ပြီ။ အဓိကအကြောင်းအရာဆီ ပြန်သွားရအောင်”
ဝိုင်သောက်ခြင်းက နှစ်နာရီကြာမြင့်ခဲ့ပြီး ချူဖုန်းက စိတ်နှလုံးကျင့်ကြံခြင်းအကြောင်းကို တစ်နာရီခွဲခန့် ဟောပြောခဲ့၏။
လျန်ယီမှာ နားထောင်ပြီးနောက်တွင် တစ်ဝက်တစ်ပျက်သာ နားလည်လိုက်သည်။ သူ ကောင်းကင်ကို ကြည့်ကာ ချူဖုန်းအား ဆိုလိုက်၏။
“စီနီယာ၊ မိုးချုပ်နေပြီ။ မနက်ဖြန်ကျမှ တောင်ထဲ ဝင်ကြတာပေါ့။ ဒါပေမဲ့ အဲဒါမတိုင်ခင် စီနီယာ ဘယ်ကို သွားဖို့ ရည်ရွယ်ထားလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား”
ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“ငါက နယ်ခြားတောင်တန်းထဲမှာရှိတဲ့ မြောက်ဘက်တောင်စွန်းကို သွားဖို့ ရည်ရွယ်ထားတယ်”
“ဒါဆို စီနီယာကလည်း ဝိညာဉ်ဂူဗိမာန်ဂိုဏ်းကြောင့် ဒီကို ရောက်နေတာလား”
လျန်ယီက မသိစိတ်အရ မေးမိသွားသည်။
“ဘယ်ဝိညာဉ်ဂူဗိမာန်ဂိုဏ်းလဲ”
ချူဖုန်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှု ပေါ်လာ၏။
လျန်ယီက ရှင်းပြသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ဝိညာဉ်ဂူဗိမာန်ဂိုဏ်းက ပရမ်းပတာ ဖြစ်သွားခဲ့တယ်။ ဂိုဏ်းတွင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ပြောကြတယ်။ အခုတော့ ပတ်ဝန်းကျင်က အင်အားစုအားလုံးက အဲဒီကနေ အကျိုးအမြတ် ခွဲဝေယူဖို့ မျှော်လင့်နေကြတယ်”
“အဲဒါ ခုနစ်ရက်ထက် ကျော်သွားပြီလား”
ချူဖုန်းက ထပ်မေးသည်။
လျန်ယီက ခေါင်းယမ်းလိုက်၏။
“မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးရက်ကနေ ငါးရက်အတွင်းမှာ ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ ဝိညာဉ်ဂူဗိမာန်ဂိုဏ်းက နယ်ခြားတောင်တန်းမှာ ပထမတန်းစား အင်အားစုတစ်ခုပဲ။ နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်တွေ မရှိပေမဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူ အနည်းငယ်ကတော့ အခြေစိုက်နေကြတယ်။ သာမန် လူတွေကတော့ သူတို့ကို လောဘမတက်ရဲကြပါဘူး”
“ဒါဆိုရင် နယ်ခြားတောင်တန်းမှာ ဘုရင်အဆင့်တွေ အခြေစိုက်နေတဲ့ အင်အားစုတွေကော ရှိလား”
ချူဖုန်းက မေးသည်။
လျန်ယီ ခေါင်းယမ်းလိုက်၏။
“မရှိပါဘူး။ မိုးကုတ်စက်ဝိုင်းဓားဂိုဏ်း မှာတော့ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကောလာဟလတွေအရ သူက မင်းဆက်က ချထားတဲ့ နယ်ရုပ်တစ်ခုပဲ။ အမှန်တော့ ဒီနယ်ခြားတောင်တန်းအသေးလေးက ဘုရင်တစ်ပါးကို မမွေးထုတ်ပေးနိုင်ပါဘူး။ ရှိခဲ့ရင်တောင် မြင့်မြတ်နယ်မြေနှစ်ခုက ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”
ချူဖုန်းက ခပ်ဖွဖွရယ်မောလိုက်၏။
“ဒါဆို မင်းက နယ်ခြားတောင်တန်းအကြောင်းကို တော်တော်များများ သိထားတာပဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဂျူနီယာက နယ်ခြားတောင်တန်းရဲ့ သစ္စာစုံဓားဂိုဏ်းမှာ မွေးဖွားခဲ့တာပါ။ နယ်ခြားတောင်တန်းအတွင်းမှာတော့ အဲဒါက နာမည်ကြီးတဲ့ ဂိုဏ်းတစ်ခုပေါ့”
လျန်ယီသည် သစ္စာစုံဓားဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း သူ၏ အမူအရာက ရိုသေမှုနှင့် ပြည့်နှက်နေပြီး ဝင့်ကြွားမှု စိုးစဉ်းမရှိပေ။
“အော်… ဒါမျိုးကိုး”
ချူဖုန်း ထပ်မမေးတော့ဘဲ ပြောလိုက်သည်။
“မနက်ဖြန် နေမြင့်တဲ့အချိန်ကျရင် ငါတို့ဆီ လာရှာလိုက်”
“ဟုတ်ကဲ့”
သူ့နှလုံးသားထဲတွင် မေးခွန်းများ ရှိနေသော်လည်း လျန်ယီက ထုတ်မမေးခဲ့ပေ။
ညဉ့်နက်လာသောအခါ ချူဖုန်းသည် ထုံးစံအတိုင်း ညဉ့်နက်သည်အထိ ကျင့်ကြံနေခဲ့၏။
ထိုအချိန်မှာပင် ပါရမီရှင်ကြီးလေးဦးကို လိုက်လံအမဲလိုက်နေသော ချောင်ရို့ချန်နှင့် သူ့အဖွဲ့သည် ချူချန်းဟန်၏နောက်သို့ လိုက်ပါရင်း အဆိပ်ငွေ့များ ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခုထဲသို့ ဝင်ရောက်လာကြလေ၏။
အေးစိမ့်သော လေပြေတစ်ခုက တိုက်ခတ်သွားသည်။
သူ့နောက်တွင်ရှိသော ဟန်ပင်း တီးတိုးရေရွတ်လိုက်၏။
“စီနီယာအစ်ကို၊ ဒီလေထဲမှာ ယင်စွမ်းအင်တွေ တော်တော်လေး လေးလံနေတယ်။ ဒါ ကောင်းကင်အလောင်းဂိုဏ်းရဲ့ အသိုက်များ ဖြစ်နေမလား”
ချောင်ရို့ချန် ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“မကြာခင် သိရမှာပေါ့။ ငါးကြီးကြီးမိဖို့ ငါးမျှားကြိုးအရှည်ကြီးပစ်ပြီး စိတ်ရှည်လက်ရှည် စောင့်ခဲ့ရတာ အလဟဿမဖြစ်တော့ဘူး”
ထိုအဖွဲ့ထဲတွင် အပြင်စည်းတပည့် လင်းမို၏ မျက်နှာပေါ်၌ ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
လွန်ခဲ့သော သုံးရက်က သူ စူးစမ်းလိုစိတ်ဖြင့် ဆရာချောင်ကို ချူချန်းဟန်အား မိသွားပြီးနောက်တွင် အဘယ်ကြောင့် သူ့ကို တိုက်ရိုက် မနှိမ်နင်းခဲ့သနည်းဟု မေးခဲ့ဖူး၏။
ထိုအချိန်တွင် ဆရာချောင်က သူတို့အနေဖြင့် သူ့ကို သတ်ရုံသာမက သူ၏ ကံတရားအထောက်အပံ့ကိုပါ လုယူရန် လိုအပ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထိုအဖွဲ့သည် သူတို့၏ စွမ်းအင်လှိုင်းများကို ဖုံးကွယ်ထားပြီး ချူချန်းဟန်၏နောက်မှ တိတ်တဆိတ် လိုက်ပါလာကြ၏။
ချူချန်းဟန်မှာ သူ့နောက်သို့ လူတစ်စု လိုက်နေသည်ကို သတိမပြုမိသေးပေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ အဝေးတစ်နေရာတွင် ပုန်းအောင်းကာ အခြားသော သူတော်စင်အလောင်းကောင်တစ်ခုကို ကျင့်ကြံရန်ပင်။
ထိုသူတော်စင်အလောင်းကောင်က မဟာပဏ္ဍိတမိုးမြေကို အနိုင်မယူနိုင်လျှင်ပင် မြောက်ပိုင်းတောရိုင်းမင်းဆက်နှင့် ထိုယုတ်မာသော မိန်းမ၏ တိုင်းပြည်ကိုတော့ ဖျက်ဆီးပစ်နိုင်၏။ ထိုသို့ဖြင့် သူ၏ ကလဲ့စားချေခြင်းက ပြီးမြောက်ပေလိမ့်မည်။
သူတို့ ချိုင့်ဝှမ်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ယင်စွမ်းအင်များက ပိုမိုထူထပ်လာသည်။ အပြင်စည်းတပည့် နှစ်ယောက်မှာမူ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကို မခံမရပ်နိုင်တော့ပေ။
ထိုပြောင်းလဲမှုကို သတိပြုမိသဖြင့် ချောင်ရို့ချန် သူတို့ကို ကာကွယ်ရန် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
သူ၏ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုဖြင့် သာမန် စစ်မှန်ကံကြမ္မာအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦး၏ သတိပြုမိခြင်းကို ခံရမည်ကို လုံးဝ မစိုးရိမ်ပေ။
မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည်မသိ နောက်ဆုံးတွင် ချူချန်းဟန် ရပ်တန့်သွားသည်။
ချောင်ရို့ချန်ကလည်း သူ့လက်ကို မြှောက်ကာ အဖွဲ့ကို ရပ်တန့်ရန် အချက်ပြလိုက်၏။
လူတိုင်းက ရှေ့သို့ ကြည့်လိုက်ကြရာ ချိုင့်ဝှမ်းအတွင်း၌ မတ်တပ်ရပ်နေသော ကြီးမားလှသည့် ဂူဗိမာန်ကြီးတစ်ခုကို မြင်လိုက်ရသည်။
သူတို့ ခံစားခဲ့ရသော ယင်စွမ်းအင်များသည် ထိုဂူဗိမာန်အတွင်းမှ စီးထွက်လာခြင်းပင်။
“ယင်ကိုးပါးသွေးကြောပဲ”
ချောင်ရို့ချန်မှာ သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်နေစဉ် အတိတ်တုန်းက အန္တရာယ်ရှိသော နေရာများအကြောင်း မှတ်တမ်းများစွာကို ဖတ်ဖူးသည်။
ဤ ယင်ကိုးပါးသွေးကြောမြေသည် အလောင်းကောင်များကို မွေးမြူရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်နေ၏။
သူ စကားပြောနေစဉ်မှာပင် ချူချန်းဟန် သူ၏ သိုလှောင်လက်စွပ် ထဲမှ ကျောက်ပြားတစ်ခုကို ထုတ်ယူကာ မန္တန်ရွတ်ဆိုတော့သည်။
ခဏအကြာတွင် ချိုင့်ဝှမ်းတစ်ခုလုံး တုန်ခါသွားလေ၏။
ကြီးမားလှသော အုတ်ဂူကျောက်တုံးကြီးက ဖြည်းညှင်းစွာ မြင့်တက်လာပြီး ရှေ့တွင် ပိန်းပိတ်အောင် မှောင်နေသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။
ယင်စွမ်းအင်လှိုင်းများသည် ရေလွှမ်းမိုးသည့် ဒီရေအလား ထိုလမ်းကြောင်းအတွင်းမှ အလုံးအရင်းနှင့် တိုးထွက်လာကြလေ၏။
လမ်းကြောင်းကို မြင်လိုက်ရသောအခါမှသာ ချူချန်းဟန်သည် သူ့နှလုံးသားတွင် သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သို့သော် နိမိတ်မကောင်းသည့် လက္ခဏာတစ်ခု သူ့အတွေးအာရုံတွင် ရှိနေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ သူ့ဂိုဏ်းဆီ ပြန်ရောက်သွားလျှင် မည်သူမျှ သူ့ကို ထိရဲမည်မဟုတ်ပေ။
ထို့ကြောင့် ချူချန်းဟန်သည် လမ်းကြောင်းအတွင်းသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် ဝင်ရောက်သွားတော့၏။
ချောင်ရို့ချန် သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ ဂျူနီယာများနှင့် ကျောင်းသားများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
ချူချန်းဟန်သည် လေပြေတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသော်လည်း ဘာမျှ မတွေးမိပေ။ သူ တိုကင်ပြားကို သုံး၍ တံခါးကြီးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး အောက်သို့ ဆက်လက် ဆင်းသွားသည်။
ပုံမှန်အတိုင်း ကျင့်ကြံနေကျနေရာသို့ နီးကပ်လာသည်နှင့်အမျှ ကြောက်ရွံ့ထိတ်လန့်မှု ခံစားချက်က ပိုမိုလေးလံလာလေ၏။
ဤကြိုတင်သိမြင်မှုက ယခင်က သူ့ကို သေဘေးနှင့် ကြုံရလုနီးပါး အကြိမ်ပေါင်းများစွာမှ ကယ်တင်ပေးခဲ့ဖူးသည်။ ၎င်းက မမှားနိုင်ပေ။
သူက ရပ်တန့်လိုက်ပြီး လှည့်ကာ တမင်တကာပင် ပြောလိုက်သည်
“တာအိုမိတ်ဆွေ မင်း ငါ့နောက်ကို ဒီအထိ လိုက်လာခဲ့တာပဲ။ အခုတော့ မင်းကိုယ်မင်း ထုတ်မပြသင့်ဘူးလား”
ဤစကားများကို ကြားသောအခါ သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များအားလုံးသည် ချောင်ရို့ချန်ထံသို့ လှည့်လိုက်ကြတော့လေသည်။