အခန်း (၄၀၈)
Vol. 41 Ch. 408
(၄၀၈) ချူချန်းဟန် ကျဆုံးရခြင်း၏ အမှန်တရား ပေါ်ပေါက်လာခြင်း
“ချွင်”
ဓားမြည်သံတစ်ချက်နှင့်အတူ ချူဖုန်း ထုတ်လွှတ်လိုက်သော ဓားပုံရိပ်သုံးခုသည် ကျောက်ခန်းမအတွင်း၌ ပေါ်ထွက်လာ၏။
ချူချန်းဟန်၏ မျက်နှာသည် လှောင်ပြောင်ရန်အသင့်ဖြစ်နေသည့် အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသော်လည်း ထိုဓားချီသုံးခုက အစီအရင်ကို ဖြတ်သန်းကာ မဟာပဏ္ဍိတအလောင်းကောင်သုံးခုကို တိုက်ရိုက်ထိမှန်သွားသောအခါ သူ့အမူအရာ တောင့်တင်းအေးခဲသွားတော့သည်။
“ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အလောင်းကောင်လဆင့်ခေါ်ခြင်းအစီအရင်ကို သူတော်စင်အဆင့်ပဲ ဖျက်ဆီးနိုင်ရမှာလေ”
ရှဲ
လေပြေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားပြီး မဟာပဏ္ဍိတအလောင်းကောင်သုံးကောင်မှာ ချက်ချင်းပင် လေထုထဲ၌ ဖုန်မှုန့်အဖြစ် ကြေမွပျောက်ကွယ်သွားတော့၏။
ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင်သည်လည်း တစ်ပြိုင်နက် ပြိုလဲပျက်စီးသွားသည်။
အထက်တွင် ချိတ်ဆွဲထားသော သွေးရောင်လမင်းကြီးသည်လည်း ကွယ်ပျောက်သွား၏။
ချောင်ရို့ချန် ရယ်မောလိုက်သည်။
“ကောင်လေး ငါ မင်းကို အရင်ကတည်းက ပြောဖူးသားပဲ။ မင်းက ငါနဲ့ နောက်ခံအင်အားချင်း ယှဉ်ဖို့ မထိုက်တန်ပါဘူးဆိုတာ။ ကဲ အခုတော့ စိတ်ပျက်အားငယ်မှုတွေက မင်းကို တစ်စစီ ဝါးမြိုသွားတာကို ခံစားလိုက်စမ်း ဟားဟားဟား”
ချူချန်းဟန် နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ယိမ်းထိုးဆုတ်ခွာသွားလိုက်ရသည်။ သူ့ရှေ့မှ မြင်ကွင်းက သူ၏နောက်ဆုံးသော မျှော်လင့်ချက်ကိုပါ နင်းခြေဖျက်ဆီးပစ်လိုက်၏။
ရက်ပိုင်းမျှသော အချိန်တိုလေးအတွင်းမှာပင် သူ ဂုဏ်ယူဝင့်ကြွားခဲ့သမျှ အရာအားလုံးက သနားညှာတာမှုကင်းမဲ့စွာ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
“ဘာလို့လဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”
သူ မရပ်မနား တီးတိုးရေရွတ်နေမိသည်။
ဝမ်တောက်ကျောင်းတော်မှ တပည့်နှစ်ယောက်ပင် မှင်တက်မိသွားကြသည်။
မောက်မာလှသော မြင့်မြတ်သားတော်ချောင်မှ ဤကဲ့သို့ ပြုမူလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မတွေးမိပေ။
၎င်းသည် ပါရမီရှင်တစ်ယောက်နှင့် လုံးဝမတူဘဲ ပုံပြင်စာအုပ်များထဲက လူကြမ်းတစ်ယောက်အတိုင်းပင်။
ကျန်ရှိနေသော မဟာပဏ္ဍိတအလောင်းကောင် ခြောက်ကောင်တို့မှာ ရပ်တန့်သွားပြီး သူတို့ ချောင်ရို့ချန်နှင့် သူ့အဖော်များထံသို့ ကြည့်လာကြသည်။
မဟာပဏ္ဍိတကျန်းယန် ရှေ့သို့ တစ်လှမ်းတိုးကာ ထိုအလောင်းများထဲမှ သုံးကောင်ကို လက်ညှိုးထိုးလိုက်ကာဆိုလိုက်သည်။
“နင်တို့ သုံးကောင်လုံး ငါ့ဆီကို အတူတူ လာခဲ့ကြစမ်း”
“ဝူး”
မဟာပဏ္ဍိတအလောင်းကောင်များသည် ဒေါသတကြီး ဟိန်းဟောက်ကာ ကျန်းယန်ထံ ပြေးဝင်သွားကြ၏။
ကျန်ရှိသော အလောင်းကောင်သုံးခုကမူ ချောင်ရို့ချန်နှင့် ဂျူနီယာနှစ်ယောက်အပေါ်သို့ အကြည့်ကို စူးစိုက်ထားကြသည်။
ချောင်ရို့ချန် သရော်ပြုံး ပြုံးလိုက်ပြီး ထိုအထဲမှ တစ်ခုကို လက်ချောင်းဖြင့် လှမ်း၍ စိန်ခေါ်လိုက်၏။
သို့သော် သူ့လက်ထဲရှိ ဓားကျောက်စိမ်းကို မြင်လိုက်ရသောအခါ ထိုမဟာပဏ္ဍိတအလောင်းကောင်မှာ မသိစိတ်မှ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် တွန့်ဆုတ်သွားသည်။
အလောင်းကောင်တစ်ခု ဖြစ်နေလင့်ကစား မသိစိတ်ထဲက ကြောက်ရွံ့မှုက ကျန်ရှိနေသေးပုံရ၏။
“အခုကတည်းက ကြောက်နေပြီလား”
ချောင်ရို့ချန်က ထပ်မံ၍ ဆွပေးလိုက်သည်။
“ဝူး”
မဟာပဏ္ဍိတအလောင်းကောင် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားလေတော့၏။
မြင့်မြတ်လှသော မဟာပဏ္ဍိတတစ်ဦးအနေဖြင့် ဂျူနီယာတစ်ယောက်၏ ရန်စမှုကို ခံလိုက်ရသဖြင့် ချက်ချင်းပင် ကြီးမားလှသော လက်သည်းကုတ်ချက်ဖြင့် ချောင်ရို့ချန်ထံသို့ လှမ်း၍ ပုတ်လိုက်တော့သည်။
“ဆရာ… ကူညီပါဦး”
ချောင်ရို့ချန်သည်လည်း မပေါ့ဆဝံ့ပေ။
ဟန်ပင်းနှင့် ဖုန်းမူတို့သည်လည်း အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်လိုက်ကြသည်။
ချွင်၊ ချွင်၊ ချွင်…
ဓားချီသုံးချက် ဖြတ်သန်းသွား၏။
စူးရှတောက်ပသော မြင်ကွင်းမျိုး သို့မဟုတ် မြေကမ္ဘာကို တုန်လှုပ်စေမည့် အင်အားမျိုး မရှိပေ။
သို့သော် ထိုမဟာပဏ္ဍိတအလောင်းကောင် သုံးကောင်မှာ ထိုနေရာ၌ပင် တောင့်တင်းသွားပြီးနောက် အေးစိမ့်သော လေပြေထဲ၌ ပျော်ဝင်ပျောက်ကွယ်သွားတော့၏။
အထက်တွင် မဟာပဏ္ဍိတကျန်းယန်၏ နောက်ကွယ်ရှိ တောက်ပလှသော နေမင်းကြီးသည် သူမ ရှေ့မှ အလောင်းကောင်သုံးကောင်ကို လွှမ်းခြုံထားသည်။
ဒိုင်း
မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှသော အသံကြီး ခန်းမတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ပြိုကျတော့မည့် အရိပ်အယောင်များ ပြသလာ၏။
အားလုံးက ထိုတောက်ပလှသော နေမင်းကြီးထံသို့ ကြည့်လိုက်ကြရာ အတွင်း၌ ပုံရိပ်လေးခု ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ပုံရိပ်သုံးခုသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် မဟာပဏ္ဍိတကျန်းယန်မှာ လက်ထဲ၌ အလောင်းကောင်ဆေးလုံးသုံးလုံးကို ကိုင်ဆောင်လျက် နေမင်းကြီးအတွင်းမှ ထွက်လာလေ၏။
ဘုန်း
ချူချန်းဟန်သည် ဝိညာဉ်ကင်းမဲ့နေသော အလောင်းကြီးတစ်ခုသာ ကျန်တော့သည့်အလား ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ထပ်တလဲလဲ ရေရွတ်နေမိတော့သည်။
“ပြီးသွားပြီ… အားလုံး ပြီးသွားပြီ…”
“စီနီယာအစ်ကို ဒီကောင့်ကို ဇာတ်သိမ်းပေးလိုက်ရမလား”
ဟန်ပင်း သနားညှာတာမှု စိုးစဉ်းမျှမရှိ အားကိုးရာမဲ့ဖြစ်နေသော ချူချန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည့်အလျောက် ကြူပင်ခုတ် ကြူငုတ်ပါမချန်ရမည်အား သူကောင်းကောင်းနားလည်လေ၏။
ချောင်ရို့ချန် ပြုံးလိုက်သည်။
“သူ့ကို နောက်ဆုံးစကားပြောဖို့ အခွင့်အရေး ပေးလိုက်ပါဦး။ အမှန်တော့ ငါတို့က သွေးစုပ်ဖုတ်ကောင်တွေမှ မဟုတ်တာ”
ထိုသုံးယောက်စလုံး ချူချန်းဟန်ကို စူးစိုက်ကြည့်လိုက်ကြသည်။
သို့သော် သူတို့ စကားမပြောရသေးခင်မှာပင် ချူချန်းဟန်၏ ခန္ဓာကိုယ်ထဲမှ အလောင်းချီများ ပေါက်ကွဲထွက်လာခဲ့၏။
အသက်ရှင်နေသော လူသားတစ်ယောက်ထံမှ ဤကဲ့သို့သော စွမ်းအင်မျိုး ထွက်ပေါ်လာခြင်းက ဆန်းကြယ်လှသည်။
သို့သော် ချူချန်းဟန်မှာ ကောင်းကင်အလောင်းကောင်ဂိုဏ်းမှ ဖြစ်သဖြင့် ချောင်ရို့ချန်နှင့် တခြားသူများသည် ထူးဆန်းသည်ဟု မထင်ကြဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေကြလေ၏။
မကြာမီပင် ချူချန်းဟန်က ထပ်တလဲလဲ ရေရွတ်နေတော့သည်။
“ဒါ မဖြစ်နိုင်ဘူး… ဒါ လုံးဝ မဖြစ်နိုင်ဘူး…”
“….”
အနီးအနားတွင် ရှိနေကြသူအားလုံးမှာ ချူချန်းဟန်၏ ရူးသွပ်နေသော ပုံစံကြောင့် ကြောင်အမ်းသွားကြ၏။
သူ ဘာလုပ်ဖို့ ကြိုးစားနေသည်ကို သူတို့ လုံးဝ သဘောမပေါက်ကြပေ။
ထိုအချိန်တွင် မဟာပဏ္ဍိတကျန်းယန် သူမလက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ ချူချန်းဟန်၏ စိတ်အာရုံထဲမှ ပုံရိပ်တစ်ခု တွန်းထုတ်ခံလိုက်ရပြီး လေထုထဲတွင် ပေါ်လာသည်။
မဟာပဏ္ဍိတတစ်ဦးအတွက် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက် မြင်တွေ့ခဲ့ရသည်ကို ပုံရိပ်ယောင်အဖြစ် ဖော်ပြရန်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။
လူအုပ်ကြီးက ကြည့်နေစဉ်အတွင်း ပုံရိပ်ထဲ၌ ချူချန်းဟန်သည် လူအုပ်စုတစ်စု၏နောက်သို့ လိုက်ပါရင်း ကောင်းကင်အလောင်းကောင်ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိသွားခဲ့သည်။
အရှေ့ဆုံးတွင်မူ ချူချန်းဟန်နှင့် သုံးပုံတစ်ပုံခန့် ဆင်တူသော အဘိုးအိုတစ်ဦး ရှိနေပြီး ပါးစပ်မှ တီးတိုးရေရွတ်နေသည်။
ထို့နောက်တွင် ကောင်းကင်အလောင်းကောင်ဂိုဏ်းအတွင်းမှ အလောင်းချီများ ပေါက်ကွဲထွက်လာပြီး ထိုလူအုပ်ကြီးကို ဝါးမြိုသွားသည်။ ထို့နောက် မကြာမီမှာပင် ဂိုဏ်း၏ တံခါးဝကြီးက ပွင့်ဟသွားတော့၏။
အသက်ကြီးရင့်လှသော အသံတစ်သံ ချူချန်းဟန်၏ နားထဲသို့ တိုးဝင်လာသည်။
“ဒီနေ့ကစပြီး မင်းရဲ့နာမည်က ချန်းဟန် ဖြစ်ရမယ်။ မှတ်ထား။ ငါတို့ ချူမျိုးနွယ်စုကို ဖျက်ဆီးခဲ့တဲ့သူတွေက မြောက်ပိုင်းတောရိုင်းရဲ့ ရှီးမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုပဲ”
ဤစကားကို ကြားလိုက်ရသောအခါ ချူချန်းဟန်သည် သူ၏နောက်ဆုံးသော သိစိတ်ကိုပါ ဆုံးရှုံးသွားရတော့သည်။
ချောင်ရို့ချန် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ အမှန်တော့ ချူမျိုးနွယ်စုက သူတို့တပည့်ကို ကောင်းကင်အလောင်းကောင်ဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံစေချင်ရုံသက်သက်ပဲ၊၊ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က ဒီဂျူနီယာလေးကို အပြစ်တင်စရာ ဓားစာခံ ဖြစ်အောင် လုပ်သွားခဲ့တာပဲ”
ပုံရိပ်များ ပျောက်ကွယ်သွားသောအခါ ချူချန်းဟန်သည် ထိုနေရာ၌ပင် ထုံထိုင်းစွာ ထိုင်နေမိလေ၏။
ဤအချိန်တွင် သူ၏ တာအိုနှလုံးသားမှာ လုံးဝ ဥဿုံ ကြေမွပျက်စီးသွားသည်။
သူ့ဘဝတွင် ရှင်သန်ရခြင်း၏ အဓိပ္ပာယ်က ဘာလဲဆိုတာကို သူ မသိတော့ပေ။ သူ လိုက်လံရှာဖွေခဲ့သမျှ အရာအားလုံးက လိမ်ညာမှုတစ်ခုမျှသာ ဖြစ်နေခဲ့သည်။
“တော်ပြီ… ငါ မင်းကို လွတ်မြောက်ခွင့် ပေးလိုက်ပါ့မယ်”
ချောင်ရို့ချန် သူ့လက်ကို မြှောက်လိုက်ပြီး ချူချန်းဟန်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ချေမှုန်းပစ်လိုက်တော့၏။
မဟာပဏ္ဍိတကျန်းယန် ထိုမြင်ကွင်းကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့်ဆိုလိုက်သည်။
“တာ့ချန်း… ဒီက ရလာတဲ့ပစ္စည်းတွေကို နင်တို့အချင်းချင်းပဲ ခွဲယူလိုက်ကြ”
“အကြီးအကဲကို အထူးပဲ ကျေးဇူးတင်ပါတယ်”
ချောင်ရိ့ချန် သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
“တစ်လက်မမကျန် ရှာဖွေကြစမ်း… ဘယ်ရတနာကိုမှ ချန်မထားခဲ့နဲ့”
“ဟုတ်ကဲ့ပါ”
လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားကြ၏။
အမှန်တော့ ကောင်းကင်အလောင်းကောင်ဂိုဏ်းသည် တစ်ချိန်က သူတော်စင်အလောင်းကောင်တစ်ခု၏ စောင့်ရှောက်မှုကို ခံခဲ့ရဖူးသဖြင့် သူတို့ဂိုဏ်းတွင် တန်ဖိုးကြီးလှသော ရတနာများစွာ ရှိနေမည်မှာ သေချာလှသည်။
ချောင်ရို့ချန် သိုလှောင်အိတ်ထဲသို့ ခေါင်းတလားနှစ်ခုကို အလွယ်တကူ သိမ်းဆည်းလိုက်သည်။ ၎င်းတို့သည် ဆေးဖော်စပ်ဖို့အတွက် အကောင်းဆုံးပစ္စည်းများဖြစ်၍ အလဟဿ မဖြစ်စေသင့်ပေ။
ကောင်းကင်အလောင်းကောင်ဂိုဏ်းအတွင်း၌ နေ့နှင့်ည ဟူ၍ မရှိပေ။
တခြားသူများ ထိုနေရာကို ပြောင်သလင်းခါအောင် လုယူနေကြစဉ်အတွင်း ချူဖုန်းနှင့်အဖွဲ့သည် လေနှင်းလျှိုမြှောင်မှ ထွက်ခွာလာပြီး နယ်ခြားတောင်တန်းထံသို့ ဦးတည်သွားကြသည်။
“စီနီယာ ကျွန်တော်တို့ အရှိန်ကို နည်းနည်း မြှင့်လိုက်ရမလား”
လျန်ယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“မလောပါနဲ့။ ဂူဗိမာန်ဂိုဏ်းအတွင်းက အရာအားလုံးက သာမန်ကျင့်ကြံသူတစ်ယောက် ဇွတ်အတင်း သွားယူရုံနဲ့ ရနိုင်တာမျိုး မဟုတ်ဘူး”
ချူဖုန်း ပြုံး၍ ပြန်ဖြေလိုက်၏။
“ဒါဆို စီနီယာက ဂူဗိမာန်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သိထားတာလား”
မေးပြီးခါမှ လျန်ယီသည် စကားကျွံသွားမှန်း သတိရပြီး ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။
ချူဖုန်း ၎င်းကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။
“မလောနဲ့၊ မစိုးရိမ်နဲ့။ သဘာဝအတိုင်း စီးဆင်းသွားတာကလည်း စိတ်နှလုံးကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတစ်ခုပဲ။ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့။ ရုတ်တရက် မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေနဲ့ ဆုံချင်ဆုံရမှာ”
ဤစကားကို ကြားသောအခါ လျန်ယီ နောက်တစ်ကြိမ် အတွေးထဲသို့ နစ်ဝင်သွားပြန်သည်။
သို့သော် နောက်က လိုက်ပါလာကြသော သစ္စာစုံဓားဂိုဏ်းမှ တပည့်များမှာ မကျေမနပ် ဖြစ်နေကြသည်။
စီနီယာအစ်ကိုလျန်သည် အဘယ်ကြောင့် ဤမျှ သာမန်ဆန်လှသော လူနှစ်ယောက်အပေါ်တွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေရသည်ကို သူတို့ နားမလည်နိုင်ကြပေ။ သူတို့ကို အစားအသောက် ကျွေးမွေးပြီး လမ်းပြပေးရုံတင်မကဘဲ ယခုတော့ ကံကောင်းခြင်းအခွင့်အလမ်းများကို ရယူရန်ပင် သူတို့ဆီမှာ အမိန့်နာခံနေရသလို ဖြစ်နေ၏။
သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်အရဆိုလျှင် တစ်ရက်အတွင်းမှာပင် ဂူဗိမာန်ဂိုဏ်းဆီ ရောက်ရှိနိုင်ပေသည်။ ဤကဲ့သို့ နှေးကွေးလှသော ခြေလှမ်းဖြင့်ဆိုလျှင် သုံးရက်မှ ငါးရက်အထိ ကြာမြင့်သွားနိုင်သည်။
သူတို့သည် စီနီယာအစ်ကိုလျန်ကို မကြာမီ ဖျောင်းဖျရန် ဆုံးဖြတ်လိုက်ကြ၏။
မိုးချုပ်သောအခါ ထိုအဖွဲ့သည် စမ်းချောင်းလေးတစ်ခု၏ အနီးအနားတွင် စခန်းချခဲ့ကြသည်။
သစ္စာစုံဓားဂိုဏ်းမှ တပည့်တစ်ယောက်က လျန်ယီ၏အနီးသို့ တိုးလာပြီး တီးတိုးပြောလိုက်သည်။
“စီနီယာအစ်ကို အဲဒီလူနှစ်ယောက်ကို တန်ဖိုးထားလွန်းနေတာလား”
ထက်မြက်လှသော လူတစ်ယောက် ဖြစ်သည့်အလျောက် လျန်ယီသည် သူ၏ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
“ဂျူနီယာညီလေး ဒါက မင်းတစ်ယောက်တည်းရဲ့ အတွေးလား။ ဒါမှမဟုတ် တခြားသူတွေအားလုံးကလည်း ဒီလိုပဲ ခံစားနေရတာလား”
ထိုတပည့်က ပြန်ဖြေသည်။
“တခြား ညီအစ်ကိုတွေအားလုံးလည်း ဒီလိုပဲ ထင်နေကြတာပါ”
လျန်ယီက ဆိုလိုက်သည်။
“သူတို့ကို ပြောလိုက်ပါ။ ငါတို့ ဂူဗိမာန်ဂိုဏ်းဆီ ရောက်တဲ့အခါ စီနီယာချန်က ဘယ်လောက်တောင် သန်မာလဲဆိုတာကို မင်းတို့ မျက်စိနဲ့တပ်အပ် တွေ့ရလိမ့်မယ်လို့”
“အစ်ကိုဆိုလိုတာ သူက တကယ်ပဲ ပညာရှင်တစ်ယောက်လား”
ထိုတပည့်က ဝေခွဲမရစွာ မေးမြန်းလိုက်၏။
“အချိန်က အားလုံးကို သက်သေပြလိမ့်မယ်”
လျန်ယီ ပြန်လည်ဖြေကြားပြီးနောက် လှည့်ထွက်သွားခဲ့ရာ ထိုတပည့်မှာ ခေါင်းကုပ်လျက် ကျန်ရစ်ခဲ့တော့သည်။
နောက်ပိုင်းတွင် သူသည် ချူဖုန်း၏ တဲအတွင်းသို့ ပြန်လာပြီး ကပျာကယာ ရှင်းပြလေတော့၏။
“စီနီယာ ကျွန်တော့်ရဲ့ ဂျူနီယာညီလေးတွေက ယဉ်ကျေးမှုကို နားမလည်ကြလို့ပါ။ ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးပါ”
ချူဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကိစ္စမရှိဘူး။ မသိတဲ့သူကို အပြစ်ရှာစရာ မလိုဘူး”
သုံးရက်မြောက်သောနေ့၏ မိုးချုပ်ချိန်တွင် ထိုအဖွဲ့သည် နယ်ခြားတောင်တန်းရှိ ဂူဗိမာန်ဂိုဏ်း၏ နယ်မြေအတွင်းသို့ ရောက်ရှိလာကြသည်။
ထိုအချိန်မှာပင်
ကောင်းကင်အလောင်းကောင်ဂိုဏ်း၏ ပျက်စီးခြင်းနယ်မြေအတွင်း၌ ချောင်ရို့ချန်၏အဖွဲ့သည်လည်း အံ့အားသင့်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြ၏။