← Chapters

အခန်း (၄၀၉)

Vol. 41 Ch. 409

အခန်း (၄၀၉)

Vol. 41 Ch. 409

အခန်း (၄၀၉) ဒါဆိုရင် ဒီနေရာမှာတင် နိီဗားနားရှင်သန်ခြင်းအဆင့်ကို တက်ပြရတာပေါ့

“အကြီးအကဲရဲ့ ကျယ်ပြန့်လှတဲ့ ဗဟုသုတတွေနဲ့ဆိုရင် ဒီဝိညာဉ်သွေးကြောက ဘယ်လိုအဆင့်မျိုးလဲဆိုတာ ခွဲခြားနိုင်မလား”

ကောင်းကင်အလောင်းကောင်ဂိုဏ်း၏ နက်ရှိုင်းလှသော မြေအောက်ခန်းအတွင်း၌။

ချောင်ရို့ချန် အေးစိမ့်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် သူ၏ရှေ့မှ ဝိညာဉ်သွေးကြောကြီးအား ကြည့်ကာ မေးမြန်းလိုက်သည်။

“ဒါက သူတော်စင်အဆင့်ရှိတဲ့ အေးစက်ယင် ဝိညာဉ်သွေးကြောပဲ။ ကောင်းကင်အလောင်းကောင်ဂိုဏ်းက သူတော်စင်အလောင်းကောင်တွေနဲ့ မဟာပဏ္ဍိတအလောင်းကောင်တွေကို မွေးမြူနိုင်ခဲ့တာ မဆန်းပါဘူး။ ဒီဝိညာဉ်သွေးကြောကပဲ ဝိညာဉ်စွမ်းအင်တွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ထောက်ပံ့ထားတာ”

မဟာပဏ္ဍိတကျန်းယန်၏ လေသံမှာ အေးစက်တည်ငြိမ်လှ၏။ နတ်ဘုရားကျောင်းတော်တွင် သူတော်စင်အဆင့် ဝိညာဉ်သွေးကြောများက ရှားပါးလှသည်မဟုတ်ပေ။

သို့သော် သူတော်စင်တစ်ပါးတည်းသာရှိသော ကောင်းကင်အလောင်းကောင်ဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ခုအတွက်မူ ၎င်းသည် အလွန်တရာ ရှားပါးလှသော ရတနာတစ်ပါး ဖြစ်နေ၏။

ချောင်ရို့ချန် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“အကယ်၍ ကျွန်တော်တို့ ဒီဝိညာဉ်သွေးကြောကို သောင်းပြောင်းပညာရပ်ဌာနဆီ ပြန်ယူသွားနိုင်ရင် ကျွန်တော်တို့ဌာနမှာလည်း နောက်ဆုံးတော့ ကိုယ်ပိုင်အဆင့် ဝိညာဉ်သွေးကြောတစ်ခု ရှိလာတော့မှာ”

“စီနီယာအစ်ကို…. စိတ်ကူးကောင်းပဲ။ ဆရာကလည်း ဒီလိုလက်ဆောင်မျိုးကို ရရင် သေချာပေါက် သဘောကျမှာ”

ဟန်ပင်း ရယ်မောရင်း ပြောလိုက်သည်။

“ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့ ဒီဝိညာဉ်သွေးကြောကြီးကို ဘယ်လိုရွှေ့ကြမလဲ”

ဖုန်းမူ တိုးတိုးလေး မေးလိုက်သည်။

ချောင်ရို့ချန် အပြုံးတစ်ခုကို အတင်းလုပ်ယူကာ မဟာပဏ္ဍိတကျန်းယန်ကို ကြည့်လိုက်၏။

“အကြီးအကဲ၊ အကြီးအကဲအနေနဲ့…”

“မရဘူး”

မဟာပဏ္ဍိတကျန်းယန် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ရသည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။

“ငါက နင်တို့ရဲ့ စောင့်ရှောက်သူပဲ၊ အစေခံမဟုတ်ဘူး။ ဒါပေမဲ့ နင်တို့ ရွှေ့လို့မရတာတော့လည်း မဟုတ်ပါဘူး။ အကယ်၍ နင်သာ နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်နိုင်ရင် နင့်တာအိုအနှစ်သာရနဲ့ နတ်ဘုရားခန္ဓာအစွမ်းပိုသုံးပြီး ဒီဝိညာဉ်သွေးကြောကြီးကို သယ်ဆောင်သွားနိုင်လိမ့်မယ်”

ဤစကားကို ကြားရသောအခါ ချောင်ရို့ချန်၏ မျက်နှာထက်တွင် ပြတ်သားသောဆုံးဖြတ်ချက်တစ်ခု အရိပ်ထင်သွားလေတော့၏။

သူ ရဲရဲဝံ့ဝံ့ပင် ကြေညာလိုက်သည်။

“ဂျူနီယာညီလေးတို့… ငါ့ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီနေ့ ငါက ဒီနေရာမှာပဲ ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်ပြမယ်”

သူ့စကားကြောင့် အနီးနားရှိသူအားလုံး၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားကြသည်။

သို့သော် စုန့်ကျောက်ယီ ချက်ချင်းပင် အဓိကအချက်ကို သတိပြုမိသွား၏။

“ယောက်ျား… ရှင်က အဲဒီမဟာပဏ္ဍိတအလောင်းကောင်ဆေးလုံးကိုသုံးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ရည်ရွယ်နေတာလား”

လူအုပ်ကြီး၏ အကြည့်များက ချက်ချင်းပင် ပြောင်းလဲသွားကြသည်။ မဟာပဏ္ဍိတအလောင်းကောင်ဆေးလုံးကို သုံးပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ကာ အဆင့်တက်ရန် ကြိုးစားခြင်းမှာ စွန့်စားရမှု ကြီးမားလွန်းလှ၏။

အဝေးတစ်နေရာမှ စောင့်ကြည့်နေသော မဟာပဏ္ဍိတ ကျန်းယန်တစ်ဦးတည်းသာ မျှော်လင့်စောင့်စားနေသော အပြုံးတစ်ခုရှိနေခဲ့၏။

စောစောက ချောင်ရို့ချန်ကို ငြင်းပယ်ခဲ့ခြင်းမှာ ကောင်လေးကို ဤနေရာ၌ အဆင့်တက်ရန် ကြိုးစားစေချင်သောကြောင့်ပင်။

မည်သို့ပင် ဆိုစေ ချောင်မျိုးနွယ်စု ဂုဏ်သိက္ခာသည် သူ့အပေါ်တွင် မူတည်နေပါ၏။ ရှောင်ချန်းပင် နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တာ့ချန်အနေဖြင့်လည်း အမီလိုက်ရပေလိမ့်မည်။

ချောင်ရို့ချန် တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။

“ကျောက်ယီ မင်းက ကိုယ့်ကို အသိဆုံးပဲ။ စကားတွေ အများကြီး ပြောမနေတော့ဘူး။ မင်း ခန္ဓာကျင့်ကြံတာကို အရင်ကလည်း မြင်ဖူးသားပဲ။ ဒါက ကိုယ် ကျော်ဖြတ်နိုင်တဲ့ မုန်တိုင်းမျိုး မဟုတ်ပါဘူး”

စုန့်ကျောက်ယီ စိုးရိမ်နေဆဲ ဖြစ်သော်လည်း သူမအမျိုးသား၏ ဆုံးဖြတ်ချက်ကို မည်သူမျှ ပြောင်းလဲ၍မရမှန်းသိနေသည်။ သူမ နှုတ်ခမ်းကို ဖိကိုက်လျက် ခေါင်းညိတ်ပြလိုက်တော့၏။

ထို့နောက် ချောင်ရို့ချန် လူအုပ်ထဲရှိ လင်းမိုကို ကြည့်သည်။

“ရှောင်မို ဒီနေ့ ငါ မင်းကို ကျင့်ကြံခြင်းရဲ့ ပထမဆုံး သင်ခန်းစာကို ပေးမယ်။ ငါတို့ မြောင်တောင်ရဲ့ ခန္ဓာကျင့်ကြံခြင်းနည်းစနစ်က ဖရိုဖရဲခန္ဓာကျမ်းလို့ ခေါ်တယ်။ အဲ့ဒါက ယင်ယန်၊ ဓာတ်ကြီးငါးပါးနဲ့ အရာခပ်သိမ်းကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်တာပဲ”

“ပြင်းထန်ယင်စွမ်းအင်ပဲဖြစ်ဖြစ်၊ အလောင်းကောင်ဆေးလုံးထဲက အလောင်းကောင်ချီပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက သန့်စင်ဖို့အတွက် အကောင်းဆုံးပါဝင်ပစ္စည်းတွေပဲ။ မှတ်ထားပါ။ ခန္ဓာကိုယ်ကို သန့်စင်တဲ့အခါ ကြောက်ရွံ့မှုအားလုံးကို စွန့်လွှတ်၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး အတွင်းနတ်ဆိုးတွေရဲ့ လှည့်စားမှုမှာ ဘယ်တော့မှ ကျ‌ရှုံးမသွားစေနဲ့”

လင်းမို ကပျာကယာ ခေါင်းညိတ်လိုက်၏။

“တပည့် နားလည်ပါပြီ”

အကယ်၍ ချူဖုန်း သို့မဟုတ် ရှောင်ချန်းသာ ဤနေရာ ဤအချိန်၌ ရှိနေပြီး ယခုဖြစ်ရပ် မြင်တွေ့ခဲ့ရလျှင် သေချာပေါက် ဤသို့ မှတ်ချက်ချမိကြပေလိမ့်မည်။

‘ချောင်မျိုးရိုးတပည်ရေ… မင်း ကျင့်ကြံခြင်းကို ဒီလိုနည်းလမ်းနဲ့ စခဲ့တာ မဟုတ်တာတော့ သေချာပါတယ်’

စကားပြောပြီးနောက် ချောင်ရို့ချန် သူ၏ သိုလှောင်လက်စွပ်ထဲမှ အလောင်းကောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် သူ ၎င်းကို မျိုချလိုက်ပြီးနောက် သူတော်စင်အဆင့် အေးစက်ယင် ဝိညာဉ်သွေးကြောထံသို့ တည့်တည့် လျှောက်လှမ်းသွားတော့၏။

တခြားသူများမှာ ထိုမြင်ကွင်းကြောင့် မှင်တက်အံ့အားသင့်သွားကြသည်။

“စီနီယာအစ်ကိုက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ရက်စက်တာပဲ”

ဖုန်းမူ တီးတိုးရေရွတ်လိုက်သည်။

ဟန်ပင်းက လေးနက်စွာ ဆိုလိုက်၏။

“ဒီအချက်ကြောင့်ပဲ စီနီယာအစ်ကိုက သာမန်အလေအလွင့် ဘဝကနေ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်အဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ရက်စက်တတ်ပြီး တုန်လှုပ်မှုမရှိတဲ့ တာအိုနှလုံးသား ရှိလို့ပဲ”

သူ့စကားကြောင့် လူအုပ်ကြီး၏ ချောင်ရို့ချန်အပေါ် လေးစားမှုက ပိုမိုနက်ရှိုင်းသွားခဲ့သည်။

ချောင်ရို့ချန် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ကို အေးစိမ့်လှသော ယင်စွမ်းအင်များ လွှမ်းခြုံသွားတော့သည်။

သူ့အမူအရာမှာ တွန့်ကွေးသွားပြီး ဒွာရပေါက်များမှ သွေးမည်းများ စီးကျလာကာ ပုံသဏ္ဌာန်မှာ ငရဲကိုးထပ်မှ တွားသွားတက်လာသော နတ်ဆိုးတစ်ကောင်အလား။

အနီးနားရှိသူများသည် ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေကြပြီး လူတိုင်းမှာ ချောင်ရို့ချန်အတွက် စိုးရိမ်ပူပန်နေမိသည်။

မြောက်ဘက်တောင်စွန်း၏ တောင်ခြေတွင်

အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများမှာ စုဝေးရောက်ရှိနေကြပြီး တောင်ပတ်လည်ကို ရေပက်မဝင်နိုင်အောင် ပိတ်ဆို့ဝိုင်းရံထားကြလေ၏။

ချူဖုန်းနှင့် သူ့အဖွဲ့သည် စခန်းချရန်အတွက် နေရာတစ်ခုကို လွယ်လွယ်ကူကူပင် ရွေးချယ်လိုက်ကြသည်။

လျန်ယီမှာ သူ၏ ဂိုဏ်းတူညီအစ်ကိုများကို ဂိုဏ်းမှ တခြားသူများနှင့် သွားရောက်ပူးပေါင်းရန် အရင်လွှတ်လိုက်ပြီး သူက စီနီယာနှစ်ဦးနှင့်အတူ ရှိနေရန် ဤနေရာ၌ ကျန်ရစ်ခဲ့၏။

ရှီးရွှမ်သည် ထိုကောင်လေးမှာ ထွက်ခွာသွားရန် အစီအစဉ်မရှိသေးသည်ကို သတိပြုမိသဖြင့် ပြုံး၍ စနောက်လိုက်သည်။

“တာအိုမိတ်ဆွေလျန် မင်း မြောက်ဘက်တောင်စွန်းကို ရောက်နေပြီပဲ၊ ဒါပေမဲ့ မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေဆီ မသွားသေးဘူးလား။ ဂိုဏ်းက မင်းကို အပြစ်တင်မှာ မကြောက်ဘူးလား”

လျန်ယီက ရယ်မောလျက် ပြန်ဖြေသည်။

“ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ လျန်မိသားစုက သစ္စာစုံဓားဂိုဏ်းမှာ အရှိန်အဝါအတန်အသင့် ရှိပါတယ်။ ကျွန်တော့်ရဲ့ အဘိုးက ဒုတိယဂိုဏ်းချုပ်လေ”

ရှီရွှမ်း ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ကောင်းတာပေါ့”

ထို့နောက် လျန်ယီ ပြောလိုက်သည်။

“စီနီယာတို့… ကျွန်တော် သတင်းအချက်အလက်တချို့ သွားပြီး စုံစမ်းပေးပါ့မယ်”

ရှီးရွှမ် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“မလိုပါဘူး။ မနက်ဖြန် တောင်ပေါ်တက်တဲ့အခါ အားလုံး ရှင်းလင်းသွားမှာပါ”

“ဒါဆိုရင် မနက်ဖြန် မွန်းတည့်ပြီးမှပဲ ထွက်ခွာကြမလား”

လွန်ခဲ့သော ရက်ပိုင်းအတွင်း လျန်ယီသည် ထိုစီနီယာချန်၏ အလေ့အထကို သတိပြုမိခဲ့သည်။

သူ မွန်းမတည့်မီ ထွက်ခွာလေ့မရှိပေ။ မနက်ခင်းနှင့် ညနေခင်းများသည် ဘေးအန္တရာယ် ဖြစ်လွယ်ပြီး မွန်းတည့်ချိန်ကသာ ပို၍ မင်္ဂလာရှိသည်ဟု တစ်ကြိမ်က ရှင်းပြဖူး၏။

“ဒါပေါ့။ ဒီည ကောင်းကောင်း အနားယူလိုက်ဦး”

ထိုသို့ပြောပြီးနောက် ရှီးရွှမ်သည် လှည့်၍ ချူဖုန်း၏ တဲအတွင်းသို့ လျှောက်လှမ်းသွားတော့သည်။

“ဟုတ်ကဲ့”

လျန်ယီ ရှီးရွှမ်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီးနောက် သူ၏ ကိုယ်ပိုင်တဲဆီသို့ ပြန်သွားခဲ့လေ၏။

“ဆရာ… လျန်ယီကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

ချူဖုန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် ရှီးရွှမ် ရိုရိုသေသေ မေးမြန်းသည်။

ချူဖုန်းက ပြုံးကာဆိုလိုက်၏။

“သူ ဂူဗိမာန်ဂိုဏ်းကနေ ဘာတွေ ရနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကံတရားက သူ့ကို ငါတို့အနားဆီ ခေါ်ဆောင်လာခဲ့တာပဲ”

“ဆရာပြောတာ မှန်ပါတယ်။ ကျွန်တော် သိချင်တာက အဲ့အဘိုးကြီး ဂူဗိမာန်ဂိုဏ်းမှာ ဘာတွေ ချန်ထားခဲ့လို့ ဒီလောက်တောင် ပရမ်းပတာတွေ ဖြစ်နေရတာလဲ ဆိုတာပဲ”

ရှီးရွှမ် စကားပြောနေစဉ်မှာပင် သူ၏ မျက်နှာထက်တွင် မျှော်လင့်စောင့်စားခြင်း အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ညဉ့်အချိန်သည် အနှောင့်အယှက်မရှိ ကုန်လွန်သွားခဲ့၏။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချူဖုန်းနှင့် လူသုံးယောက်အဖွဲ့မှာ တောင်ပေါ်သို့ အေးအေးလူလူ လျှောက်လှမ်းလာခဲ့ကြသည်။

လျန်ယီက ထိုစီနီယာနှစ်ဦးကို ဂရုတစိုက် စောင့်ကြည့်နေမိလေ၏။

သူတို့သည် လူအုပ်ကြီးကြားထဲမှ တည့်တည့် လျှောက်လှမ်းလာခဲ့ကြသော်လည်း မည်သူမျှ သူတို့ကို သတိပြုမိပုံမရပေ။ ထိုကျင့်ကြံသူများသည် မိမိကိုပင် လျစ်လျူရှုထားခဲ့ကြသည်။

သူတို့ခြေလှမ်းက မနှေးမမြန် ရှိနေသော်လည်း လူအုပ်များကို ကျော်ဖြတ်လာကြ၏။

သူ၏ အတွင်းစိတ်ထဲ၌ စူးစမ်းလိုစိတ်က ပိုမိုနက်ရှိုင်းလာလေတော့သည်။ သူ့ရှေ့မှ စီနီယာနှစ်ဦးသည် မည်သို့သော ပုဂ္ဂိုလ်မျိုးနည်းဆိုသည်ကို သူသိချင်မိလာသည်။

မိုးချုပ်ခါနီးတွင် လျန်ယီသည် စီနီယာနှစ်ဦးအတွက် တဲထိုးခြင်းကို ပြီးစီးသွားပြီး လက်ဖက်ရည်ကျိုရန် ပြင်ဆင်နေခဲ့၏။

ရုတ်တရက် အနီးအနားမှ လှောင်ပြောင်သရော်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“အော်… ဒါ သခင်လေး လျန်ယီပါလား။ မင်းက ဘာဖြစ်လို့ အောက်ခြေအစေခံတွေလုပ်တဲ့ အလုပ်ကြမ်းတွေကို လုပ်နေရတာလဲ”

တဲအတွင်းသို့ ပြန်ဝင်တော့မည့် ချူဖုန်းနှင့် ရှီးရွှမ်တို့မှာ သူတို့၏ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်သခွားသီး များကို ထုတ်ယူကာ ထိုအသံထွက်ပေါ်လာရာ အရပ်သို့ လှမ်းကြည့်လိုက်ကြတော့၏။

All Chapters