← Chapters

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

Vol. 7 Ch. 70

အခန်း (၇၀)

လုံးလုံးလျားလျား စိတ်ပျက်ခြင်း

နန်ချင်ဝမ်သည် သွမ်ဟွေကျိုထံ အကြောင်းစုံရှင်းလင်းမေးမြန်းချင်သော်လည်း သွမ့်ဟွေကျိုမှာ မနက်စောစောစီးစီး အိမ်မှ ထွက်ခွာသွားပြီ ဖြစ်၏။

ညနေစောင်း၌ သွမ့်ဟွေကျို အိမ်ပြန်ရောက်လာသည်နှင့် နန်ချင်ဝမ်သည် သူ့အား စာကြည့်ခန်းထဲတွင် တားဆီးလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“ရှင် ဇာတ်ညွှန်းကို ခိုးခဲ့တာလား”

မေးခွန်းသက်သက်သာ ဖြစ်သော်လည်း နန်ချင်ဝမ်၏ လေသံသည် သေချာလှ၏။

သွမ်ဟွေကျိုသည် နန်ချင်ဝမ်၏ စူးရှသော မျက်ဝန်းများကို မကြည့်ဝံ့ပေ။ ထို့ကြောင့် အပြစ်ရှိသော အသံဖြင့်သာ ဆိုလိုက်၏။

“မင်း ဘာတွေပြောနေတာလဲ၊၊ ငါက ဘာလို့အဲ့လို လုပ်ရမှာလဲ။”

နန်ချင်ဝမ်သည် ဤအဖြစ်မှန်ကို လက်မခံချင်သော်လည်း သွမ်ဟွေကျိုသာလျှင် သံသယဖြစ်နိုင်ချေ အများဆုံးရှိနေသည်။

“ဇာတ်ညွှန်း မနေ့ညက ပေါက်ကြားသွားတယ်။ ရိုက်ကူးရေးအဖွဲ့ထဲက လူတိုင်း လျှို့ဝှက်ထိန်းသိမ်းရေး သဘောတူစာချုပ် လက်မှတ်ထိုးထားတယ်။ ရှင်ကလွဲရင် တခြားဘယ်သူ ဖြစ်နိုင်သေးလို့လဲ”

“မင်းမှာ သက်သေရှိလား။ ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ယောက်က ငွေလိုချင်လို့ လုပ်တာနေမှာပေါ့”

သွမ့်ဟွေ့ကျို ဝန်မခံသေးချေ။

သူ၏ ငြင်းဆန်နေပုံကို ကြည့်ရင်း နန်ချင်ဝမ်၏ရင်ထဲတွင် စိတ်ပျက်ခြင်းများ ပို၍ များလာလေ၏။

“ဒါဆိုရင် ဒါက ဘာလဲဆိုတာ ကျွန်မကို ရှင်းပြစမ်း”

နန်ချင်ဝမ်သည် စာရွက်အချို့ကို သွမ့်ဟွေကျို၏ရှေ့တွင် ဒေါသတကြီး လွှင့်ပစ်လိုက်သည်။ ထိုစာရွက်များမှာ သူ၏စာကြည့်ခန်းထဲမှ ရှာဖွေတွေ့ရှိခဲ့သော ပေါက်ကြားသွားသည့် ဇာတ်လမ်း ဇာတ်ကွက်နှင့် အတိအကျ တူညီနေသည့် စာရွက်များ ဖြစ်လေသည်။

နန်ချင်ဝမ်မှာ မျက်ရည်များက အတားအဆီးမဲ့ စီးကျလာတော့၏။

“ရှင် ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ။ ဒီဇာတ်ကားက ယဲ့ယီအတွက် ဘယ်လောက်အရေးကြီးမှန်း ရှင်သိသားနဲ့။ သွမ့်ဟွေ့ကျို မနေ့က ရှင် ကျွန်မအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတာ ကျွန်မတို့ကို အယုံသွင်းပြီး ဇာတ်ညွှန်ခိုးချင်လို့မလား”

သူမသည် မနေ့က ငယ်စဉ်ကကဲ့သို့ သူမကိုသာ အစဉ်အလိုလိုက်တတ်သော သွမ်ဟွေကျို ပြန်လည်ရောက်ရှိလာပြီဟု ထင်ခဲ့မိသည်။ ယခုတော့ ဤလူသည် သူမ၏ နှလုံးအိမ်ထဲသို့ နောက်ထပ် ဆူးတစ်ချောင်း စိုက်သွင်းခဲ့ပြန်၏။

နန်ချင်ဝမ် သိရှိသွားပြီဖြစ်ကြောင်း မြင်သောအခါ သွမ်ဟွေကျိုသည် ဟန်ဆောင်မျက်နှာဖုံးကို ခွာချပစ်လိုက်၏။

သူ အေးစက်စက် မျက်နှာထားဖြင့် ဆိုလေသည်။

“ငါလုပ်ခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ။ ယဲ့ယီက ဘာဇာတ်ကားကောင်းမှ ရိုက်နိုင်မှာ မဟုတ်ဘူး။ မင်း အဲဒီကုမ္ပဏီကနေ မြန်မြန်ထွက်လိုက်စမ်းပါကွာ။တကယ်အလုပ်လုပ်ချင်ရင် လန်ရွှယ်ကနေတစ်ဆင့် မင်းအတွက် အနုပညာရှင်နှစ်ယောက်လောက် ရအောင် ငါ စီစဉ်ပေးလို့ရတယ်”

သွမ်ဟွေကျို၏ သဘောထားက နန်ချင်ဝမ်ကို ပို၍ဒေါသထွက်စေသည်။

“ဒါ တရားမဝင်ဘူးဆိုတာ ရှင်သိလား”

သွမ့်ဟွေကျို နန်ချင်ဝမ်ကို မျက်နှာပြောင်တိုက်လိုက်၏။

“မင်းမှာ ငါဇာတ်ညွှန်းခိုးခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရှိလား”

“ရှင်”

နန်ချင်ဝမ် စကားဆက်မပြောနိုင်တော့ချေ။ သူမတွင် သက်သေပြနိုင်မည့် နည်းလမ်း အမှန်တကယ်ပင် မရှိ။ စာရွက်များကို ထုတ်ပြလိုက်လျှင်ပင် အင်တာနက်အသုံးပြုသူများက သူမသည် သွမ့်ဟွေ့ကျိုကို မဟုတ်မမှန်စွပ်စွဲနေသည်ဟုသာ ထင်မြင်ကြလိမ့်မည်။

“ရှင် ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲ။ အရင်က ရှင် ဒီလိုမဟုတ်ပါဘူး”

နန်ချင်ဝမ်သည် သူမရှေ့တွင် ရှိနေသော မျက်နှာကို ကြည့်လိုက်မိသည်။ ထိုမျက်နှာမှာ ရင်းနှီးကျွမ်းဝင်လွန်းသော်လည်း တစ်ချိန်တည်းတွင် သူစိမ်းသဖွယ် စိမ်းကားလွန်းလှသည်။ ထိုမျက်နှာပိုင်ရှင်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရသလိုပင် ခံစားလိုက်ရ၏။

“အပြစ်တင်ချင်ရင် လန်ရွှယ်ရဲ့လမ်းကို လာပိတ်ဆို့တဲ့ မင်းတို့ကိုယ်မင်းတို့ အပြစ်တင်ကြ”

သွမ့်ဟွေကျိုသည် မျက်ရည်များ ဝဲနေသော နန်ချင်ဝမ်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများတွင် ကရုဏာစိတ်ဟူ၍ အလျှင်းမရှိ။အထင်သေးမှုများသာ ပြည့်နှက်နေသည်။

“လန်ရွှယ် လန်ရွှယ်…ရှင့်မျက်လုံးထဲမှာ လန်ရွှယ်ပဲ ရှိတော့တာလား။ ဒါဆိုရင် ကျွန်မကရော ကျွန်မက ဘာလဲ”

သွမ့်ဟွေကျို သည် လန်ရွှယ်ကို ကူညီရန်အတွက် ဤအရာအားလုံးကို လုပ်ခဲ့သည်ဟု ကြားလိုက်ရသောအခါ နန်ချင်ဝမ်၏ နှလုံးသားမှာ မထိန်းချုပ်နိုင်တော့ချေ။

အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီးသား လူတစ်ယောက်အတွက် သွမ့်ဟွေကျို သည် ဤဇာတ်ညွှန်းကို ခိုးယူလိမ့်မည် ဟူသော အချက်ကို နန်ချင်ဝမ် လက်မခံနိုင်ပေ။

သွမ့်ဟွေကျို မျက်မှောင်ကြုတ်လျက် မကျေမနပ်သည့်အသံဖြင့် ပြောလိုက်၏။

“မင်းဘာလို့ ဒီလောက်ထိ ဖြစ်နေတာလဲ။ဘာလဲ ငါက လန်ရွှယ်နဲ့ သူငယ်ချင်းတောင် ဖြစ်ခွင့်မရှိဘူးလား”

နန်ချင်ဝမ် အေးစက်စွာပြုံးလိုက်ပြီး သွမ်ဟွေကျို၏ စိတ်ရင်းအမှန်ကို တိုက်ရိုက်ဖော်ထုတ်လိုက်တော့သည်။

“သူငယ်ချင်း.. သွမ့်ဟွေကျို ရှင်ပြောတဲ့စကားကို ရှင်ကိုယ်တိုင်တောင် ယုံရဲ့လား။ အဲဒီတုန်းက ကျွန်မသာ ရှင်နဲ့ ကွာရှင်းပေးခဲ့ရင် ရှင်က အဲ့ကောင်မ နဲ့ အခုလောက်ဆို လက်ထပ်ပြီးလောက်ပြီ”

“မင်းအဲ့စကားကို ပြောရဲသေးတယ်ပေါ့။ မင်းသာမရှိခဲ့ရင် ငါနဲ့လန်ရွှယ် အခုလို လွဲခဲ့ရမှာမဟုတ်ဘူး”

သွမ့်ဟွေ့ကျို၏လေသံမှာ နန်ချင်ဝမ်ကို သူနှင့်လန်ရွှယ်အား ဖျက်ဆီးသွားသော တတိယလူအဖြစ် ဖော်ကျူးနေလေ၏။

နန်ချင်ဝမ်၏ အပြုံးများ ခါးသက်သွားသည်။

“ဒါပေမဲ့ အဲဒီတုန်းက ကျွန်မကို လက်ထပ်ပါရစေလို့ တောင်းပန်ခဲ့တာလည်း ရှင်ပဲနော်။ တစ်သက်လုံး ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ ရှင်ကျွန်မကို ကတိတွေပေးခဲ့တယ်။ ရှင်ကိုယ်တိုင်ပေးခဲ့တဲ့ ကတိတွေကို ရှင်မေ့သွားပြီလား”

သွမ့်ဟွေကျို အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါတွေက အတိတ်ကအကြောင်းတွေလေ ဘာလို့ အခုမှ ပြန်ပြောနေတာလဲ။ ပြီးတော့ ငါတို့ မကွာရှင်းရသေးဘူး။ အခု လန်ရွှယ်နဲ့က သာမန်သူငယ်ချင်းပဲ။ မင်းဘာသာ မင်း လျောက်တွေးမနေနဲ့။ ငါကြည့်ရတာ မင်းကို ယဲ့ယီက ပြုစားထားပြီပဲ။ ယဲ့ယီကို ကုရှီချန်းက အနှေးနဲ့အမြန် ပစ်သွားမှာပဲ။ ငါက မင်းအတွက် ပြောနေတာပါ။ သူနဲ့ ဝေးဝေးနေစမ်း ပါကွာ”

သွမ့်ဟွေကျိုသည် အပြစ်အားလုံးကို ယဲ့ယီအပေါ် သို့ လွှဲချလိုက်သည်။

မှန်ပေ၏။ ယဲ့ယီနှင့်မတွေ့ခင် နန်ချင်ဝမ်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသောကြောင့် နေရာတိုင်းတွင် အလျှော့ပေး လိုက်လျောနေခဲ့သည်။ သို့သော် ယခု ထိုကဲ့သို့ မဟုတ်တော့ပေ။

သူမသည် အတိတ်ကကဲ့သို့ သွမ့်ဟွေ့ကျို နောက်တွင် တိုးတိတ်ညင်သာစွာ လိုက်ပါနေမည် မဟုတ်တော့ချေ။

“ရှင်က အမြဲတမ်းသူများအပေါ် အပြစ်ပုံချနေတာပဲ။ မှားတာက ရှင်လေ။ အဲ့လောက်ထိ သိသာနေတာကို ရှင် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ ရှင် တစ်နေ့နေ့တော့ ပြောင်းလဲလိမ့်မယ်လို့ ကျွန်မ အမြဲတမ်းထင်ခဲ့မိတယ်။ အခုကြည့်ရတာ ကျွန်မ အတွေးလွန်ခဲ့မိပုံပဲ။ သွမ်ဟွေကျို၊ ကျွန်မတို့ ကွာရှင်းကြစို့”

နန်ချင်ဝမ်က ဤစကားကို အလွန် အေးဆေးစွာ ဆိုလိုက်၏။ နောက်ဆုံးအကြိမ်က ကွာရှင်းရန်အကြောင်းပြောသောအခါ သူမ ရင်ထဲတွင် နာကျင်မှု အနည်းငယ် ရှိနေခဲ့သည်။

ယခုတစ်ကြိမ်တွင် ရင်ထဲက ကျောက်တုံးကြီးတစ်တုံးကို လုံးလုံးလျားလျား ဖယ်ထုတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ယခင်တစ်ခေါက် သွမ့်ကျားကျားအတွက်သာ တောင်းဆိုခဲ့ခြင်းဖြစ်၏။ ဤတစ်ကြိမ်မှာတော့ သူမကိုယ်တိုင်အတွက် တောင်းဆိုခြင်းဖြစ်လေသည်။

“နန်ချင်ဝမ်၊ မင်း ဘာတွေ လျောက်လုပ်နေပြန်ပြီလဲ”

သွမ့်ဟွေကျို သူမကို စိတ်မရှည်စွာ ကြည့်လိုက်သည်။

သို့သော် ယခု နန်ချင်ဝမ် စိတ်ကို အခိုင်အမာ ဆုံးဖြတ်ထား၏။

“မနက်ဖြန် ကျွန်မတို့ ရုံးကိုသွားကြမယ်။ ဇာတ်ညွှန်းကိစ္စကတော့ ယဲ့ယီကို အမှန်အတိုင်း ကျွန်မပြောပြရလိမ့်မယ်”

“မင်း လုပ်ရဲတယ်ပေါ့လေ”

သွမ့်ဟွေကျိုသည် နန်ချင်ဝမ်၏ ပြတ်သားသောအကြည့်ကို မြင်သောအခါ အနည်းငယ်တုန်လှုပ်သွားသည်။ ထို့နောက် သူမကို စတင်ဖျောင်းဖျ၏။

“ယဲ့ယီက ငါ ဇာတ်ညွှန်းခိုးတာကို သိသွားရင် မင်းကို သူယုံကြည်ဦးမယ်လို့ ထင်လား။ ငါတို့က တစ်ကြိုးတည်းဆွဲနေရတဲ့ နှံကောင်တွေပဲ။ ဒီကိစ္စကို မင်း အသာလေး မသိချင်ယောင်ဆောင်နေရုံပဲ။ ကွာရှင်းတဲ့ကိစ္စကိုလည်း ထပ်ပြောမနေနဲ့တော့။ မင်းအတွက်မင်း မစဉ်းစားရင်တောင် သွမ့်ကျားကျားအတွက် စဉ်းစားသင့်တယ် မဟုတ်လား”

“ယဲ့ယီက အဖြစ်မှန်ကို မခွဲခြားနိုင်တဲ့သူမဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်”

သူတို့ အတူရှိနေခဲ့သော ကာလတစ်လျှောက်လုံး နန်ချင်ဝမ်သည် ယဲ့ယီအား သူမ အခင်ဆုံး သူငယ်ချင်းအဖြစ် သဘောထား ဆက်ဆံခဲ့၏။ ယဲ့ယီကို သူငယ်ချင်းကောင်းတစ်ဦးအဖြစ် သဘောထားမိသောကြောင့်သာ ဇာတ်ညွှန်းခိုးသူမှာ သွမ့်ဟွေကျိုဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် သူမအနေဖြင့် ဤမျှစိတ်ပျက်မိခြင်း ဖြစ်သည်။

သွမ့်ဟွေကျို လှောင်ပြောင်လိုက်သည်။

“မင်းက နုံအလွန်းတယ်။ အကျိုးစီးပွားနဲ့ရင်ဆိုင်ရတဲ့အခါ လူတွေက ကိုယ့်ကိုယ်ကိုယ်ပဲ အရင် စဉ်းစားကြတာကွ။ ဒီတစ်ခါ ဇာတ်ညွှန်းပေါက်ကြားမှုက ဒီလောက်ထိ သက်ရောက်မှုကြီးတာ။ သူ မင်းကို ဘယ်လိုလုပ် အပြစ်မတင်ဘဲ နေမှာလဲ”

သွမ့်ဟွေ့ကျို မည်သို့ပင်ဆိုစေကာမူ နန်ချင်ဝမ်သည် ယဲ့ယီကို ယုံကြည်နေဆဲပင်။ ထို့ပြင် အကယ်၍ ယဲ့ယီသာ ဤအကြောင်းကြောင့် သူမကို အလုပ်ထုတ်ပစ်ခဲ့လျှင် သူမအနေဖြင့် ယဲ့ယီကို အပြစ်တင်လိမ့်မည် မဟုတ်ချေ။

“စောစောနားလိုက်တော့။ မနက်ဖြန်မနက် ရုံးကို သွားကြတာပေါ့”

နန်ချင်ဝမ်သည် မျက်ရည်များကို သုတ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

သွမ့်ဟွေကျိုက သူမ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။

“မင်း တကယ်ပြောနေတာလား”

နန်ချင်ဝမ်သည် သူ့ကို ကွာရှင်းရန် အမှန်တကယ် ဆုံးဖြတ်ထားသည်ကို သွမ်ဟွေကျို မယုံနိုင် ဖြစ်နေမိသည်။ မနေ့ကပင် သူမသည် ထုံးစံအတိုင်း သူ့ကို အားကိုးတကြီးနှင့် တွယ်ကပ်နေခဲ့သေးသည် မဟုတ်လော။

သို့သော် သွမ့်ဟွေကျိုသည် မနေ့ညက အသက်နှစ်ဆယ်ကျော်အရွယ် သွမ်ဟွေကျို၊ နန်ချင်ဝမ်ကိုသာ ချစ်သော သွမ့်ဟွေကျိုလေးအဖြစ် ဟန်ဆောင်နေခဲ့သည်ကို မေ့သွားခဲ့၏။

နန်ချင်ဝမ် တွယ်ကပ်အားကိုးခဲ့သည်မှာ လက်ရှိ သူမရှေ့က သွမ့်ဟွေကျိုကိုမဟုတ်ပေ။ သူ့ရင်ထဲတွင် သူမတစ်ဦးတည်းကိုသာ အပြည့်အ၀ ထည့်ထားခဲ့သော သွမ့်ဟွေကျိုကိုသာဖြစ်သည်။

“ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် လွတ်လပ်ခွင့်ပေးလိုက်ကြရအောင်”

နန်ချင်ဝမ် အသံသည် အတိုင်းမသိ ညင်သာလှသည်။

သွမ့်ဟွေ့ကျိုသည် နန်ချင်ဝမ်၏မျက်လုံးများကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ မျက်ဝန်းထဲတွင် နောက်ပြောင်နေသည့် အရိပ်အယောင်တို့ကို လိုက်ရှာနေခဲ့၏။

သို့သော် နန်ချင်ဝမ်၏အကြည့်မှာ ထူးထူးခြားခြားပင် တည်ကြည်ခိုင်မာနေခဲ့သည်။

သွမ့်ဟွေကျို စိတ်တိုဒေါသထွက်စွာ နန်ချင်ဝမ်၏လက်ကို တွန်းထုတ်လိုက်မိသည်။ တွန်းအားကြောင့် နန်ချင်ဝမ် လက်သည် စားပွဲထောင့်စွန်းနှင့် တိုက်မိသွားပြီး မျက်စိတစ်မှိတ်အတွင်း ခရမ်းပုတ်ရောင်ညိုမဲသွားလေတော့သည်။

“မင်း က ကွာရှင်းချင်တယ်ပေါ့၊ ကောင်းပြီလေ။ ဒါပေမဲ့ သွမ့်ကျားကျားရဲ့ အုပ်ထိန်းမှုကို ငါပေးမှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်ရဲ့ အခြေအနေအရဆိုရင် သွမ့်ကျားကျားကို ငါ့ဆီ အပ်နိုင်ခြေ ပိုများတယ်”

သွမ့်ဟွေကျိုသည် ထိုသို့ပြောရင်း အေးဆေးတည်ငြိမ်သော အမူအရာဖြင့် နန်ချင်ဝမ်ကို ကြည့်လိုက်သည်။ နန်ချင်ဝမ်သည် သွမ့်ကျားကျားအတွက် သူကို ပြန်အလျှော့ပေးလိမ့်မည်ဟု ထင်နေသည့်အလားပင်။

All Chapters