အခန်း (၆၁)
Vol. 7 Ch. 61
အခန်း(၆၁)
ချောချောမောမောလူငယ်လေးတွေကို သဘောကြတာလား
ဒါရိုက်တာက ကုရှီချန်းကို ယဲ့ယီအကြောင်း ဆက်ပြီး ချီးမွမ်းခန်းဖွင့်ချင်နေသော်လည်း ယဲ့ယီမှာမူ ဆက်နားမထောင်နိုင်တော့ဘဲ ကုရှီချန်းကို ဘေးသို့ ခေါ်ထုတ်လာသည်။
“ရှုတင်က ကျွန်မဆီ လာတာ တစ်ခုခုကိစ္စရှိလို့လား”
ကုရှီချန်းသည် အလည်လာရုံသက်သက် ရောက်လာခြင်းမဟုတ်ဘဲ ပြောစရာတစ်ခုခု ရှိနေလိမ့်မည်ဟု ယဲ့ယီ တွေးမိသည်။
ကုရှီချန်းက တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။
“မင်း တကယ်ပဲ ကုစဲ့ကို ထပ်ပြီး နာကျင်အောင် မလုပ်တော့ဘူးလား”
ယဲ့ယီ ကြောင်အသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ကုစဲ့ကို တကူးတက နာကျင်အောင် လုပ်ရလောက်အောင် အားယားနေသူ မဟုတ်ပေ။
ကုရှီချန်းက ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ကာပြောလိုက်သည်။
“ဒါဆိုရင်တော့ ရသစုံအစီအစဉ်ပြီးရင် ကွာရှင်းဖို့ မလိုတော့ဘူးပေါ့”
“အမ်”
ယဲ့ယီတစ်ယောက် နားကြားမှားလေသလားဟုပင် ထင်မှတ်သွားသည်။
“ရှင် နောက်နေတာလား”
ယခင်ကဆိုလျှင် ကုရှီချန်းသည် သူမနှင့် ချက်ချင်းကွာရှင်းရန် လက်မနှေးခဲ့သူ မဟုတ်လော။
“ကုစဲ့က ငါတို့ကို မကွာရှင်းစေချင်ဘူး။ မင်းဘက်ကလည်း သူ့ကို ထပ်မနှိပ်စက်တော့ဘူးလို့ ကတိပေးထားတာဆိုတော့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်တာ”
ယဲ့ယီမှာ အလွန်အမင်း ဝမ်းသာသွားလိမ့်မည်ဟု ကုရှီချန်းထင်နေခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ယဲ့ယီမှာ မယုံကြည်နိုင်သလို ကြည့်နေလေ၏။
’ငါ ရမဲ့ လျော်ကြေးငွေတွေက လေထဲကို ပျံထွက်သွားတော့မှာလား’
ယဲ့ယီက အလိုက်သင့်လေး ပြန်ပြောလိုက်သည်။
“တကယ်တော့ ရှင့်ကိုယ်ရှင် ဒီလိုမျိုး အနစ်နာခံစရာ မလိုပါဘူး။ ကျွန်မတို့ ကွာရှင်းလိုက်ရင်တောင် ရှင်ခွင့်ပြုမယ်ဆိုရင် ကျွန်မ ကုစဲ့ဆီကို လာတွေ့မှာပါ”
[ဒီလူ ဒီနေ့ ဘာဖြစ်နေတာလဲ။ အရင်က ငါ့နားကနေ အဝေးဆုံးကို ပြေးချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ]
“မင်း အရင်က လုပ်ခဲ့တာတွေကို ငါ လျစ်လျူရှုပေးနိုင်ပါတယ်။ နောင်မှာ ထပ်မလုပ်ဖို့ပဲ လိုတယ်”
ယဲ့ယီသည် သူမ အတိတ်က လုပ်ရပ်များအတွက် အပြစ်ပေးခံရမည်ကို ကြောက်နေသည်ဟု ကုရှီချန်းယူဆနေမိသည်။
ယခင် ယဲ့ယီ၏ လုပ်ရပ်များလွန်ကဲလှသည်မှာ အမှန်ပင်။ သို့သော် ယခု ယဲ့ယီမှာမူ လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခင် ယဲ့ယီနှင့် ယခု ယဲ့ယီ တစ်ယောက်တည်း မဟုတ်နိုင်ဟု ကုရှီချန်း အနေဖြင့် ပြင်းပြင်းထန်ထန် ခံစားမိသော်လည်း ထိုသို့သော အတွေးမှာ ယုတ္တိမရှိလွန်းသဖြင့် မိမိကိုယ်ကိုယ်ပင် ပြန်၍ မယုံကြည်နိုင်ဖြစ်နေရသည်။
ကုရှီချန်း နောက်နေခြင်း မဟုတ်မှန်း သိလိုက်ရသောအခါ ယဲ့ယီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ဒီကာလအတွင်းမှာ ကျွန်မ ကိုယ်တိုင် ပြန်ဆင်ခြင်ပြီး ကျွန်မရဲ့ အမှားတွေကို နက်နက်ရှိုင်းရှိုင်း သိမြင်လာတယ်။ ကျွန်မလို လူစားမျိုးက ဥက္ကဌကုနဲ့ မထိုက်တန်ပါဘူး။ ရသစုံအစီအစဉ်ပြီးတာနဲ့ ချက်ချင်း ကွာရှင်းကြတာပေါ့။ ကျွန်မရဲ့ အမှားတွေကို ဒီမှာတင် အဆုံးသတ်ပါရစေ”
[အလွန်ဆုံးရှိမှ ခွဲဝေရမဲ့ ပိုင်ဆိုင်မှုတွေကို နည်းနည်းပဲ တောင်းတော့မယ်လေ။ ဘာလို့ ဒီလောက်အထိ အတင်းလုပ်နေရတာလဲ]
ကုရှီချန်းသည် ယဲ့ယီကို ကြည့်ရင်း စကားပြန်ပြောရန် တုံ့ဆိုင်းနေစဉ်မှာပင် အဝေးမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“မမယဲ့ ၊ ဥက္ကဌကု”
ကုရှီချန်းသည် ရောက်လာသူကို မကျေမနပ် ကြည့်လိုက်သည်။
တုန်မင်ရွှမ်မှာမူ ကုရှီချန်းမျက်နှာပျက်နေသည်ကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်သည်။
“ဥက္ကဌကုနဲ့ လူချင်းတွေ့ရတာ တကယ်ကို ဝမ်းသာမိပါတယ်”
ကုရှီချန်းက ယဲ့ယီကို နားမလည်နိုင်သလို ကြည့်လိုက်ရာ ယဲ့ယီက ပြုံးလျက် မိတ်ဆက်ပေးသည်။
“ဒါက တုန်မင်ရွှမ်ပါ၊ ကျွန်မတို့ အဖွဲ့ရဲ့ မင်းသားပေါ့၊ ပြီးတော့ ရှင့်ကို အားကျနေတဲ့သူ တစ်ယောက်လည်း ဟုတ်တယ်”
“မင်္ဂလာပါ”
ကုရှီချန်းက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သော်လည်း ထိုလူငယ်ကို အကဲခတ်နေမိသည်။ ထိုညက ယဲ့ယီထံ ဖုန်းဆက်ခဲ့သူမှာ ဤသူပင် ဖြစ်ဟန်တူသည်။
တုန်မင်ရွှမ်က ပြုံးရင်း ဆိုလိုက်သည်။
“ဥက္ကဌကုကို လူကိုယ်တိုင် မြင်လိုက်ရတာ အခုလို ငယ်ရွယ်နေမယ်လို့ မထင်ထားဘူး”
ထိုစကားကြောင့် ယဲ့ယီ မထိန်းနိုင်ဘဲ ရယ်မောမိသွားသည်။
တုန်မင်ရွှမ်လည်း မိမိ စကားမှားသွားမှန်း သိလိုက်သဖြင့် ကပျာကယာရှင်းပြသည်။
“ဥက္ကဌကု၊ ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ တီဗွီထဲမှာ မြင်ရတာက အကိုမျက်နှာက တော်တော်လေး တည်ကြည်လို့ပါ”
အမှန်စင်စစ် ကုရှီချန်းသည် အမြဲတမ်း ဝတ်စုံအပြည့်နှင့် တည်ကြည်သော အမူအရာရှိသဖြင့် သူ၏ အသက်ထက် ပိုကြီးပုံရသည်မှာ အမှန်ပင်ဖြစ်သည်။
ယခင်ကမူ ကုရှီချန်းသည် ဤအချက်ကို ဂရုမစိုက်ခဲ့ပေ။ စီးပွားရေးလောကတွင် ရင့်ကျက်ပုံ ပေါက်လေ အလုပ်ကိစ္စများ အဆင်ပြေလေ မဟုတ်လော။သို့သော် ယခုကဲ့သို့ လူငယ်တစ်ယောက်ထံမှ ထိုစကားကို ကြားလိုက်ရပြီး ယဲ့ယီကပါ လှောင်ရယ်နေသဖြင့် သူ မတွေးတတ်အောင် စိတ်မသက်မသာ ဖြစ်သွားရသည်။
ယဲ့ယီသည် ရယ်မောရာမှ ရပ်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“မင်ရွှမ်၊ ဒီနေ့ ရှင့် ပုံစံက တော်တော်လေး ကောင်းနေတယ်။ နားမလည်တာ ရှိသေးလား”
တုန်မင်ရွှမ်က ဇာတ်ညွှန်းကို ထုတ်ကာ နေရာတစ်ခုကို ညွှန်ပြလျက်ဆိုသည်။
“ဒီနေရာလေးပါ”
သူတို့နှစ်ယောက်မှာ အလုပ်အကြောင်း စကားပြောနေကြစဉ် ကုရှီချန်းမှာမူ လုံးဝ အပယ်ခံ ဖြစ်သွားရသည်။
ကုရှီချန်း၏ မျက်နှာမှာ အိုးမဲသုတ်ထားသည့်အလား မည်းမှောင်နေတော့သည်။
‘သူတို့ သိလာကြတာ ဘယ်လောက်တောင် ကြာပြီမို့လို့ “မင်ရွှမ်”လို့ရင်းရင်းနှီးနှီး ခေါ်နေရတာလဲ’
ယဲ့ယီသည် သူနှင့်ဆိုလျှင် အမြဲတမ်း အကွာအဝေးတစ်ခု ထားရှိတတ်သည် မဟုတ်လော။ ကုရှီချန်း အလွန် စိတ်တိုမိသွားသည်။ သူသည် ယဲ့ယီ၏ တရားဝင် ခင်ပွန်းဖြစ်သည်။
ကုရှီချန်းသည် ဇာတ်လမ်းအကြောင်း ဆွေးနွေးနေသော ယဲ့ယီနှင့် တုန်မင်ရွှမ်တို့ကို အေးစက်သော မျက်နှာပေးဖြင့် ကြည့်နေမိသည်။
ခဏအကြာတွင် တစ်ယောက်ယောက်က တုန်မင်ရွှမ်ကို သရုပ်ဆောင်ရန် လှမ်းခေါ်မှသာ ယဲ့ယီ ကုရှီချန်း ထိုနေရာ၌ ရှိနေသေးသည်ကို သတိပြုမိတော့သည်။
ကုရှီချန်း၏ မည်းမှောင်နေသော မျက်နှာကို မြင်သောအခါ ယဲ့ယီ အားနာဟန်ဖြင့် မေးလိုက်သည်။
“ဟို... ကျွန်မတို့ စကား ဆက်ပြောကြမလား”
“မလိုတော့ဘူး”
ကုရှီချန်းသည် စကား ဆက်မပြောချင်တော့ပေ။
ယဲ့ယီကလည်း ထပ်ပြီး အတင်းမပြောတော့ပေ။ စကားများလျှင် အမှားပါတတ်သည် မဟုတ်လော။ သူမသည် ဒါရိုက်တာနှင့်အတူ ရှုတင်ကို ပြန်လည် စီစဉ်နေလိုက်သည်။
ဒါရိုက်တာနှင့် ယဲ့ယီတို့၏ အပြန်အလှန် ဆက်ဆံရေးကို ကြည့်ရင်း ကုရှီချန်း ပို၍ စိတ်တိုလာပြန်သည်။
သူသည် ဘေးသို့ ခဏသွားကာ ယဲ့ယီအတွက် ရေတစ်ခွက် ခပ်လာပြီး ကိုယ်တိုင် သွားပေးလိုက်သည်။
ယဲ့ယီက ရေခွက်ကို ယူကာ ကျေးဇူးတင်ကြောင်း ပြောပြီး ဒါရိုက်တာနှင့် ဇာတ်လမ်းအကြောင်း ဆက်ပြောနေပြန်သည်။ ကုရှီချန်းက ကြားဖြတ်၍ မေးလိုက်သည်။
“မင်းတို့ရဲ့ မင်းသားက လူသစ်လား”
ဒါရိုက်တာက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“သူ ဒီလောကထဲ ရောက်တာ မကြာသေးဘူး၊၊ ကြော်ငြာ တစ်ခုနှစ်ခုပဲ ရိုက်ဖူးသေးတာ”
ကုရှီချန်းက ယဲ့ယီကို ကြည့်ကာ လိုရင်းကို တည့်တည့်မေးလိုက်သည်။
“ဒါဆို ဘာလို့ ဒီကားမှာ လူသစ်ကို ခေါင်းဆောင်မင်းသား ပေးရိုက်တာလဲ”
ယဲ့ယီက သရုပ်ဆောင်နေသော တုန်မင်ရွှမ်ကို ကြည့်ရင်း ချီးမွမ်းသည့် လေသံဖြင့်ပြောလိုက်သည်။
“သူက လူသစ်ဆိုပေမဲ့ စနစ်တကျ သင်တန်းဆင်းထားတဲ့သူပါ။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက နာမည်ကြီး မင်းသားတွေနဲ့ ယှဉ်နိုင်တယ်။ ပြီးတော့ သူ့အသက်နဲ့ ပုံစံက ဒီဇာတ်ကောင်နဲ့ ကွက်တိပဲ။ တကယ့်ကို အလားအလာရှိတဲ့ လူငယ်လေးပါ။ အခွင့်အရေးရရင် သူ့ကို ထုတ်လုပ်ရေး ကုမ္ပဏီထဲကိုတောင် ဆွဲခေါ်ချင်မိတယ်”
ယဲ့ယီ၏ ချီးမွမ်းစကားများကို ကြားရသောအခါ ကုရှီချန်း၏ စိတ်အခြေအနေမှာ ရှုပ်ထွေးသွားရသည်။
‘ဒီတုန်မင်ရွှမ်က တကယ်ပဲ အဲဒီလောက် ထူးချွန်နေတာလား ဒါမှမဟုတ်...’
ကုရှီချန်းက ယဲ့ယီကို တစ်ချက် လှမ်းကြည့်လိုက်သည်။
‘ယဲ့ယီက ချောချောမောမော လူငယ်လေးတွေကို သဘောကျနေတာလား’
ကုရှီချန်းသည် ပထမဆုံးအကြိမ်အဖြစ် မိမိကိုယ်ကိုယ် အိုမင်းနေပြီလားဟုပင် တွေးမိသွားသည်။
ရှုတင်သိမ်းပြီးနောက် ကုရှီချန်းက ယဲ့ယီကို မေးလိုက်သည်။
“အိမ်ပြန်မအိပ်ချင်ဘူးလား ကုစဲ့က မင်းနဲ့အတူ အိပ်ချင်နေတာ”
ယဲ့ယီက တိုက်ရိုက်ပင် ငြင်းလိုက်သည်။
“အသွားအပြန် လုပ်ရတာ အချိန်ကုန်လို့ပါ။ အလုပ်သိပ်မရှုပ်တော့တဲ့ အချိန်ကျရင် ပြန်လာခဲ့ပါ့မယ်”
ကုရှီချန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မှာကြားလိုက်သည်။
“ဒါဆိုရင်လည်း ဂရုစိုက် ညဘက်ဆို တံခါးသေချာ ပိတ်အိပ်ဦး”
ယဲ့ယီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကုရှီချန်း ပြန်သွားပြီးနောက် ယဲ့ယီမှာ စဉ်းစားရင်း ကျန်ရစ်ခဲ့သည်။ ကုရှီချန်းတစ်ခုခု ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။ ကွာမရှင်းတော့ဘူးဟု ပြောရလောက်အောင်အထိ မည်သည့်အရာကများ သူ့ကိုပြောင်းလဲစေခဲ့သနည်း။
ကုရှီချန်း ကြံစည်နေသည်များကို မှန်းဆတွေးတောရင်း ယဲ့ယီ စိုးရိမ်မိလာသည်။
‘သူက ကွာရှင်းတာကို ကျော်ပြီး ပိုင်ဆိုင်မှုတွေ ခွဲမပေးချင်လို့ ငါ့ မုဆိုးမ ဖြစ်အောင် လုပ်ဖို့ ကြံနေတာလား’
ကုရှီချန်း အိမ်ပြန်ရောက်သောအခါ ကုစဲ့မှာ ကျောင်းမှ ပြန်ရောက်နေပြီ ဖြစ်သည်။
သားအဖ နှစ်ယောက် အတူတူ နံနက်စာ စားပြီးနောက် စာကြည့်ခန်းထဲတွင် ရင်ဖွင့်စကား ပြောကြပြန်သည်။
စာကြည့်ခန်းထဲ ရောက်သည်နှင့် ကုစဲ့က စိတ်မရှည်စွာဖြင့် လှမ်းမေးလိုက်သည်။
“ဖေဖေ၊ ဘယ်လိုလဲ... မေမေက မကွာရှင်းဖို့ သဘောတူလား”
ကုရှီချန်းသည် ရှုတင်၌ ယဲ့ယီပြောခဲ့သည်များကို ပြန်တွေးမိကာ နှုတ်ဆိတ်သွားတော့သည်။ ယခု ယဲ့ယီ ဘာတွေ တွေးနေသည်ကို သူကိုယ်တိုင်လည်း မသိတော့ပေ။