အခန်း (၆၃)
Vol. 7 Ch. 63
အခန်း(၆၃)
သကြားဖေဖေကို ချော့မြှူခြင်း
စနေနေ့ နံနက်စောစောစီးစီးတွင် နာမည်ကျော်စတိုင်လ်လစ် အမြောက်အမြားသည် ကုမိသားစုအပန်းဖြေအိမ်ကြီးသို့ အရောက်လှမ်းလာကြသည်။ အကြောင်းရင်းမှာ အခြားမဟုတ် ကျွန်ုပ်တို့၏ မဟာစီအီးအိုကု အတွက် ပုံစံသစ်တစ်ခု ဖန်တီးပေးရန်ပင် ဖြစ်သည်။
“စီအီးအိုကု၊ ဘယ်လိုပုံစံမျိုး လိုချင်သလဲဗျ”
စတိုင်လ်လစ်က ကုရှီချန်း၏ ရှေ့တွင် ရိုသေစွာ ရပ်ရင်း သူ့သဘောထားကို မေးမြန်းလိုက်သည်။
ကုရှီချန်း လိုရင်းတိုရှင်းပင် ဖြေလိုက်သည်။
“တက်ကြွလန်းဆန်းပြီး ချောမောတဲ့ပုံစံမျိုး”
“ဗျာ...”
စတိုင်လ်လစ်မှာ ချက်ချင်းတုံ့ပြန်ရန် အနည်းငယ် နှေးကွေးသွားရသည်။
“ခင်ဗျား မလုပ်ပေးနိုင်ဘူးလား”
ကုရှီချန်းက စတိုင်လ်လစ်ကို မော့ကြည့်လိုက်သည်။
စတိုင်လ်လစ် ခေါင်းကို အမြန်ခါယမ်းရင်း ဆိုသည်။
“မဟုတ်ပါဘူး၊ စီအီးအို ကုက ဒီလိုပုံစံမျိုးကို လိုချင်လိမ့်မယ်လို့ မထင်ထားလို့ပါ”
အမှန်စင်စစ် ကုရှီချန်း၏ ယခင်ပုံစံများသည် ရင့်ကျက်တည်ငြိမ်မှုအပေါ်တွင်သာ အမြဲအာရုံစိုက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အသက်အရွယ်ကို လျှော့ချပေးမည့် ပုံစံမျိုးကို စမ်းသပ်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
စတိုင်လ်လစ်သည် အချိန်မဆွဲတော့ဘဲ ကုရှီချန်းအတွက် ပုံစံသစ်ကို အမြန်ဆုံး စတင်ဖန်တီးပေးလေသည်။ တစ်နာရီခန့်အကြာ အားလုံးပြီးစီးသွားသောအခါ သူသည် အမှန်တကယ်ပင် တက်ကြွလန်းဆန်းကာ ချောမောနေသော်လည်း ကုရှီချန်း၏ အေးစက်သောမျက်နှာထား၊ ပင်ကိုယ်စရိုက်တို့နှင့် ပေါင်းစပ်လိုက်သောအခါ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရသည်။
ကုစဲ့က ဖခင်ဖြစ်သူ၏ ပုံစံသစ်ကိုကြည့်ပြီး အလွန်ကျေနပ်အားရစွာ ခေါင်းညိတ်ပြီး ပြောသည်။
“အဖေ၊ ဒီလိုဆို အဖေ့ကြည့်ရတာ အများကြီး ပိုနုသွားတယ်”
ကုရှီချန်းက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောလိုက်သည်။
“ငါက နဂိုကတည်းက ငယ်ပါတယ်၊၊ ဒါက ပုံစံလေး ပြောင်းလိုက်ရုံပဲလေ”
‘အဖေကတော့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်လွန်းတာပဲ’
ကုစဲ့ စိတ်ထဲကနေ တိုးတိုးလေး ပြောလိုက်သည်။
“အဖေ၊ အခု ရိုက်ကွင်းကို သွားလို့ရပြီလား”
ကုစဲ့က မတတ်သာသည့်လေသံဖြင့် မေးလိုက်သည်။ ကုရှီချန်းသည် ယခုပုံစံတစ်ခုအတွက်နှင့် တစ်မနက်လုံး အချိန်ကုန်ထားခြင်း ဖြစ်ပြီး “ကြယ်ပွင့်မိသားစု” ထုတ်လုပ်ရေးအဖွဲ့ကပင် ယနေ့ ရိုက်ကွင်းသို့ သူတို့ လာဦးမည်လားဟု ဖုန်းဆက်မေးမြန်းထားရသည်။
ကုရှီချန်း ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦး စတင်ထွက်ခွာလာခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ လန်ရွှယ်သည် ချန်ထျန်မင်းအား ချန်ဟောင်ယုကို ရိုက်ကွင်းသို့ ပို့ဆောင်ခိုင်းရန် တမင်တကာ စီစဉ်ထားပြီး မိသားစုဝင်များအကြား နွေးထွေးသော အငွေ့အသက်များကို တစ်ဖန် ပြသပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ချန်ထျန်မင်းသည် ယခင်ကကဲ့သို့ ငွေကုန်ကြေးကျမခံတော့ဘဲ အတော်လေး ငြိမ်ငြိမ်သက်သက် ရှိနေသည်။
ယခုတစ်ခေါက်တွင် ချန်ထျန်မင်းသည် ရသစုံအစီအစဉ် ရိုက်ကူးနေစဉ်တစ်လျှောက် ရိုက်ကွင်း၌ပင် ရှိနေမည် ဖြစ်သည်။
ကုရှီချန်းနှင့် ကုစဲ့တို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ပေါ်လာသောအခါ မှတ်ချက်ပေးသည့်ကဏ္ဍတွင် တစ်ဖန် ပြန်လည် ဆူညံသွားပြန်သည်။
[အို... ဘုရားရေ၊ ဒါ ဘယ်လိုပုံစံလဲ။ ဘာလို့ ဒီလောက်တောင် ထူးခြားနေရတာလဲ]
[အတည်ပြောတာပါ၊ ငါတို့ စီအီးအိုကု အတွက် ဒီပုံစံကို ဘယ်သူ ဖန်တီးပေးတာလဲ။ သူ့ကို အပြင်ဆွဲထုတ်ပြီး ကွပ်မျက်လိုက်ကြစမ်း]
[အို... ကျွန်မတို့ရဲ့ စီအီးအို ကုရယ်၊ ရှင်က အာဏာရှင်စီအီးအို ဆိုတာကို သတိရစမ်းပါ။ အသက်ငယ်အောင် လုပ်တာက ရှင့်နဲ့ တကယ်မလိုက်ဖက်ဘူး]
[စီအီးအိုကုက ချောပေမဲ့ ဒီပုံစံနဲ့တော့ တကယ်မလိုက်ဘူး။ အာဏာရှင်စီအီးအို တစ်ယောက်က သူ့ကိုယ်သူ ကောလိပ်ကျောင်းသား ဖြစ်အောင် အတင်းလုပ်နေသလိုပဲ]
[စီအီးအိုကု၊ ကျွန်မပြောတာ နားထောင်ပါ၊ ဝတ်စုံပြည့် ကုတ်အင်္ကျီတွေကမှ ရှင့်ရဲ့ ပုံမှန်အဝတ်အစားတွေပါ]
အမှန်တကယ်တွင် ကုရှီချန်း၏ ပုံစံမှာ ရုပ်မဆိုးလှသော်လည်း ကံမကောင်းစွာဖြင့် ကုရှီချန်း၏ အရှိန်အဝါသည် အလွန်ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။
ယဲ့ယီသည် ကုရှီချန်း၏ ပုံစံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဝတ်စုံပြည့်နှင့် ရှိနေခဲ့သော အာဏာရှင်စီအီးအိုသည် မတွေ့ရသည့် ရက်အနည်းငယ်အတွင်း မည်သို့ကြောင့် ယခုကဲ့သို့ ပြောင်းလဲသွားရသနည်း။
အာဏာရှင် စီအီးအိုကြီးက ကောလိပ်ကျောင်းသားပုံစံ ဖမ်းနေလေ၏။
’ကုရှီချန်း ဘာတွေတွေးနေတာလဲ’
ကုရှီချန်းသည် ယဲ့ယီ၏အနားသို့ လျှောက်လာပြီး အသာအယာ ချောင်းဟန့်လိုက်သည်။ ကျွမ်းကျင်သော အလုပ်သမားတစ်ယောက်အနေဖြင့် ဤအချိန်တွင် ကုရှီချန်းသည် သူမထံမှ ချီးကျူးစကားကို သေချာပေါက် လိုချင်နေမှန်း ယဲ့ယီသိလိုက်သည်။
ငွေကြေးမျက်နှာကြောင့် ယဲ့ယီမှာ သူမ မသိစိတ်ကို ဆန့်ကျင်ကာ ပြောလိုက်ရ၏။
“ယောကျ်ား၊ ရှင့်ရဲ့ ဒီနေ့ပုံစံက တော်တော်လေး ထူးခြားတာပဲ”
“ကြည့်လို့ကောင်းလား”
အမှန်စင်စစ် ကုရှီချန်း မေးချင်သည်မှာ သူက ပိုကြည့်ကောင်းသလား သို့မဟုတ် တုန်မင်ရွှမ်က ပိုကြည့်ကောင်းသလား ဟူသည့်မေးခွန်းသာ ဖြစ်သည်။
ယဲ့ယီက အားနာနာနှင့် ခေါင်းညိတ်ပြရင်း ဆိုသည်။
“ကြည့်လို့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ နောက်ခါကျရင်တော့ ဒါမျိုး မဝတ်ပါနဲ့တော့”
[ကုရှီချန်း ဒီနေ့ စိတ်လွတ်နေတာလား။ သူက အသက်လည်း ရနေပြီကို အတင်းငယ်အောင် လုပ်နေတယ်]
ကုရှီချန်းသည် ယဲ့ယီကို အားငယ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ကုစဲ့ပြောသည်မှာ မှန်ကန်ပေသည်။ ယဲ့ယီသည် နုနုထွတ်ထွတ် လူငယ်လေးများကိုသာ ကြိုက်နှစ်သက်ခြင်း ဖြစ်မည်။
ကုရှီချန်းမှာ အနည်းငယ် ဝမ်းနည်းသွားရသည်။ သူသည် အသက် ၃၀ပင် မပြည့်သေးသော်လည်း ယခုအခါ ‘အသက်ကြီးသူ’ ဟု အခေါ်ခံနေရပြီ ဖြစ်သည်။
ကုရှီချန်း ယဲ့ယီကို ဒေါသဖြင့် တစ်ချက်ကြည့်ကာ ဘေးသို့ သွားထိုင်နေလေသည်။
ယခင်က ဤမိန်းမသည် သူ့ကို အသေအလဲ ချစ်ခဲ့သော်လည်း ယခုမူ သူ့ကို အသက်ကြီးသည်ဟုဆိုကာ စတင် ငြိုငြင်လာလေပြီ။ မိန်းမများမှာ အတော်လေးကို စိတ်ပြောင်းလွယ်လှပေသည်။
မှတ်ချက်ပေးသည့်ကဏ္ဍတွင်မူ။
[ကျွန်မတော့ ရယ်ရလွန်းလို့ သေတော့မယ်၊ စီအီးအို ကုက ဘာလို့ အားငယ်နေတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ]
[ငါတို့ စီအီးအိုကုရဲ့ အာဏာရှင် အရှိန်အဝါတွေ တဖြည်းဖြည်း ပျောက်ကွယ်နေပြီ]
[ယဲ့ယီ၊နင့်ကို အကြံပေးမယ်၊ ငါတို့ စီအီးအိုကုကို အမြန်သွားချော့လိုက်ပါ။ ငါတို့ စီအီးအို ကု စိတ်မကောင်း ဖြစ်နေပြီ]
ယဲ့ယီသည် ကုရှီချန်း၏ စိတ်အပြောင်းအလဲကို လုံးဝ သတိမထားမိဘဲ သူမ အလုပ်ထဲ၌သာ အပြည့်အဝ အာရုံစိုက်နေသည်။
ကံဆိုးချင်တော့ ယဲ့ယီသည် ယနေ့တွင် တုန်မင်ရွှမ်နှင့်အတူ ရိုမန့်တစ်ဆန်သော အခန်းကို ရိုက်ကူးရန် ရှိနေသည်။ ကုရှီချန်းသည် ချက်ချင်းပင် ပို၍ စိတ်မကောင်းဖြစ်သွားပြီး တစ်နေ့လုံး မျက်နှာပျက်နေလေသည်။
မွန်းတည့်ချိန်တွင် ကုရှီချန်းသည် ရိုက်ကွင်းရှိ ဝန်ထမ်းများနှင့်အတူ စားသောက်ခဲ့ပြီး ထမင်းဘူးကို ယဲ့ယီကိုယ်တိုင် ယူလာပေးခဲ့ခြင်း ဖြစ်သည်။
ထိုအခါမှသာ ကုရှီချန်း၏ မျက်နှာမှာ အနည်းငယ် ပြန်လည် လန်းဆန်းလာသည်။
ထမင်းစားနေစဉ်တွင် ကုစဲ့နှင့် ယဲ့ယီတို့မှာ သူ့ဘေးတွင် ထိုင်နေကြသည်။ မိသားစု သုံးဦးကို ကြည့်ရသည်မှာ သဟဇာတဖြစ်လှသော်လည်း ပတ်ဝန်းကျင်ကို သတိမထားမိဘဲ အငွေ့အသက်ကို လာရောက် ဖျက်ဆီးတတ်သူများလည်း အမြဲရှိနေတတ်သည် မဟုတ်လော။
“စီအီးအိုကု၊ မမယဲ့၊ ကျွန်တော် ဒီမှာ အတူထိုင်ရင် နှောင့်ယှက်သလို မဖြစ်ဘူးမလား “
တုန်မင်ရွှမ်သည် သူ့ထမင်းဘူးကို ကိုင်ရင်း သူတို့ သုံးဦးဆီသို့ လျှောက်လာသည်။
ယဲ့ယီမှာ ဤမျှကြိုးစားအားထုတ်သည့် မင်းသားသစ်လေးအပေါ် အတော်လေး စိတ်ဝင်တစား ရှိနေဆဲ ဖြစ်သည်။ အဓိကမှာ သူမအနေဖြင့် သူ့ကို ဂျက်နီစစ်မီဒီယာသို့ ဆွဲဆောင်လိုသောကြောင့် ဖြစ်သည်။
သူမက ပြုံးလျက် တုန်မင်ရွှမ်အား ပြောလိုက်သည်။
“ရပါတယ်၊ အနှောင့်အယှက်မဖြစ်ပါဘူး”
တုန်မင်ရွှမ်အပေါ် ထားရှိသည့် ယဲ့ယီ၏ သဘောထားကို မြင်သောအခါ ကုရှီချန်းမှာ ချက်ချင်းပင် ထမင်းစားချင်စိတ် ပျောက်ဆုံးသွားပြီး မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။
ကံဆိုးစွာ တုန်မင်ရွှမ်မှာမူ ကုရှီချန်းက သူ့ကို မကြိုဆိုကြောင်းကို သတိမထားမိဘဲ ကုရှီချန်းအား စတင်စကားပြောလေသည်။
“စီအီးအိုကု၊ အကိုနဲ့ အစ်မယဲ့တို့ ဘယ်လို တွေ့ခဲ့ကြတာလဲ”
ယဲ့ယီမှာ ထမင်းပင် သီးမလို ဖြစ်သွားရသည်။
‘ဒီကလေးက ဘာလို့ စပ်စုနေရတာလဲ’
ကုရှီချန်းက အေးစက်သောလေသံဖြင့် ဖြေသည်။
“အစ်ကိုတို့ မိသားစုတွေက မျိုးဆက်တစ်ခုမက ရင်းနှီးလာခဲ့ကြတာပါ”
တုန်မင်ရွှမ်က မျက်လုံးလေးများ ပြူးသွားပြီး ဆိုပြန်သည်။
“ဒါဆိုရင် အစ်ကိုတို့ နှစ်ယောက်က ငယ်သူငယ်ချင်းအချစ်တွေပေါ့၊ တကယ်ကို ရိုမန့်တစ်ဆန်လိုက်တာ”
ယဲ့ယီက ငေါက်လိုက်သည်။
“မိသားစုတွေ ရင်းနှီးတိုင်း ငယ်သူငယ်ချင်း ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ”
တုန်မင်ရွှမ်သည် တက်ကြွရွှင်လန်းသော စရိုက်ရှိပြီး သရုပ်ဆောင်ကောင်းသူ တစ်ယောက်ဖြစ်သော်လည်း သူ၏ တစ်ခုတည်းသော အားနည်းချက်မှာ မိန်းကလေးများထက်ပင် ပို၍ စပ်စုတတ်ခြင်း ဖြစ်ကြောင်း ယဲ့ယီ သိလိုက်ရသည်။
ယခုလည်း တုန်မင်ရွှမ်က ထပ်မံ စပ်စုလိုသေးသဖြင့် မေးပြန်သည်။
“အစ်ကိုတို့ရဲ့ အချစ်သမိုင်းကြောင်းလေးကို ပြောပြလို့ ရမလား”
ယဲ့ယီက သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
“အမြန်စားစမ်းပါ၊ စားပြီးရင် အလုပ်ပြန်လုပ်တော့”
တုန်မင်ရွှမ်မှာလည်း ငြိမ်ငြိမ်သက်သက်ပင် ပြန်စားလိုက်ရတော့သည်။
အမှန်တကယ်တွင် ယဲ့ယီနှင့် ကုရှီချန်းတို့ကြားတွင် မည်သည့် အချစ်သမိုင်းမျှ မရှိဘဲ နှစ်ဦးသားမှာ လက်ထပ်စာချုပ် သွားချုပ်ခဲ့ရုံမျှသာ ရှိခဲ့ခြင်း ဖြစ်သည်။
ထမင်းစားပြီးနောက် ကုစဲ့သည် ယဲ့ယီကို ဘေးသို့ တိတ်တဆိတ် ဆွဲခေါ်သွားသည်။
ယဲ့ယီ ကုစဲ့ ဘာလုပ်ချင်နေသည်ကို သိချင်နေသည်။
ကုစဲ့ လျှို့ဝှက်သော အမူအရာဖြင့် မေးလေသည်။
“မေမေ၊ အဖေက ဘာလို့ ဒီနေ့ ပုံစံပြောင်းလိုက်တယ်ဆိုတာ သိလား”
ယဲ့ယီက ခေါင်းခါပြရင်း မေးသည်။
“ဘာလို့လဲ”
ကုစဲ့က ကုရှီချန်း လာမကြည့်နိုင်အောင် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မေမေက သူ့ကို အသက်ကြီးတယ်လို့ ထင်မှာကို သူ စိုးရိမ်နေလို့လေ”
“ဟင်..”
ယဲ့ယီခမျာ ကုစဲ့ကို မယုံနိုင်သလို ကြည့်လိုက်သည်။
‘ကုရှီချန်းက ဒီအကြောင်းကြောင့် အသက်ငယ်အောင် လုပ်နေတာလား’
ကုစဲ့ ဆက်၍ပြောသည်။
“အဖေ့ရဲ့ အသက်က ဟိုအစ်ကိုကြီးနဲ့ ယှဉ်ရင် ပိုကြီးနေတာ မှန်ပေမဲ့ အဖေက အခုထိ အရမ်းချောတုန်းပါပဲ။ ပြီးတော့ ကြည့်ပါဦး၊ အဖေက နည်းနည်းလေး ပြင်ဆင်လိုက်တာနဲ့ အရမ်းနုသွားတာပဲ”
ကုစဲ့မှာ သူ့ဖခင်အား မိခင်၏ အချစ်ကို ပြန်လည်ရယူနိုင်ရန်အတွက် တကယ့်ကို အနစ်နာခံပေးနေရရှာသည်။
ယဲ့ယီမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားရသည်။
‘ဒီသားအဖနှစ်ယောက် ဘာတွေလုပ်နေကြတာလဲ’
ကုရှီချန်းကဲ့သို့ လူမျိုးက အသက်အရွယ်နှင့် ပတ်သက်ပြီး စိုးရိမ်စိတ်ရှိနေမည်ဟု တွေးမိသောအခါ ယဲ့ယီ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ အသက်အရွယ်ကို မိန်းမများသာမက ယောကျ်ားများကလည်း ဂရုစိုက်ကြသည်ကို သူမသိရှိသွားသည်။
ယဲ့ယီအနေဖြင့် သူမ၏ သကြားဖေဖေကို ချော့မြှူရန် အလွန်လိုအပ်နေပြီဟု ခံစားလိုက်ရသဖြင့် ကုရှီချန်းထံသို့ wechat မှတစ်ဆင့် တိုက်ရိုက် မက်ဆေ့ချ် ပို့လိုက်သည်။
“ရင့်ကျက်တဲ့ ယောကျ်ားတွေကလည်း အရမ်းချောပါတယ်။ ရှင့်ရဲ့ ပုံစံကို တမင်တကာ ပြောင်းလဲနေဖို့ မလိုပါဘူး၊ ရှင့်မူလပုံစံကိုက တော်တော်လေးကို ချောပြီးသားပါ”