အခန်း (၆၅)
Vol. 7 Ch. 65
အခန်း (၆၅)
မူလဗီဇများ ပေါ်လွင်လာခြင်း
တုန်မင်ရွှမ်သည် ကုရှီချန်း သူ့ကို တမင်တကာ လာရောက်ကြွားလုံးထုတ်နေခြင်း ဖြစ်မည်ဟု ပြင်းပြင်းထန်ထန် သံသယဝင်နေမိသော်လည်း ဤကိစ္စက သူနှင့် မည်သို့ပတ်သက်နေမှန်းတော့ နားမလည်ပေ။
‘ငါလည်း သူတို့ဇာတ်လမ်းထဲက တစ်စိတ်တစ်ပိုင်းများဖြစ်နေတာလား’
တုန်မင်ရွှမ် သေချာပေါက် မြင်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် ကုရှီချန်းသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး သူမဟုတ်သည့်အတိုင်း အေးစက်ခက်ထန်သော အာဏာရှင် စီအီးအိုအဖြစ်သို့ ပြန်လည်ကူးပြောင်းသွားတော့သည်။
ယဲ့ယီဘက်မှ ရိုက်ကူးရေးမှာမူ အတော်လေး ချောမွေ့နေသည်။ ဤကာလအတောအတွင်း ရိုက်ကူးခဲ့ပြီးနောက် လူတိုင်းမှာ အခြေအနေနှင့် အသားကျသွားပြီး အခန်းအတော်များများကို တစ်ခါတည်းနှင့်ပင် အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့ကြသည်။
ရိုက်ကူးရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေလေသည်။
လန်ရွှယ်ဘက်တွင်မူ ယနေ့တွင် မတော်တဆမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။ ယနေ့တွင် ချန်ဟောင်ယု၏ ဇာတ်ကောင်မှာ ရွှံ့ကျင်းထဲ၌ လူးလှိမ့်ရမည့် အခန်းပါဝင်သော်လည်း ချန်ဟောင်ယုက လုံးဝ ငြင်းဆန်နေခဲ့သည်။
အမှန်စင်စစ် ဤကိစ္စမှာ ရိုးရှင်းသည်။ လူစားထိုး သရုပ်ဆောင်တစ်ဦး စီစဉ်ပေးလိုက်လျှင် လုံလောက်သော်လည်း ကံဆိုးချင်တော့ သူတို့သည် တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။ အကယ်၍ အင်တာနက်အသုံးပြုသူများ၏ ရှေ့မှောက်တွင် လူစားထိုးအသုံးပြုလိုက်ပါက သေချာပေါက် ဝေဖန်ကဲ့ရဲ့ခံရပေလိမ့်မည်။
လန်ရွှယ်သည် ဤအခန်းကို နောက်မှရိုက်ရန် ရွှေ့ဆိုင်းထားပြီး ထိုအချိန်ကျမှ လူစားထိုးတစ်ယောက်ရှာ၍ ရိုက်ကူးရန် စီစဉ်ထားခဲ့သည်။ သို့သော် ဝန်ထမ်းများက ထိုကိစ္စကို မေ့လျော့သွားခဲ့သည်။ သူတို့သည် ယနေ့ ဤအခန်းကို ရိုက်ကူးမည်ဟု ကြေညာခဲ့ပြီး နေရာကိုပင် အဆင်သင့် ပြင်ဆင်ထားကြသည်။
ယခုအခါ လန်ရွှယ်အနေဖြင့် ရပ်တန့်ချင်သော်လည်း နောက်ကျသွားပြီဖြစ်ရာ သူမသည် ချန်ဟောင်ယုအား ပူးပေါင်းပါဝင်လာစေရန် ချော့မြှူရုံသာ တတ်နိုင်တော့သည်။
လန်ရွှယ်သည် ချန်ဟောက်ယု၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အလွန်နူးညံ့စွာဖြင့် ပြောလိုက်သည်။
“ဟောင်ယု ဒီအခန်းလေးကို ကောင်းကောင်းရိုက်လိုက်ရအောင်နော်၊ ဟုတ်ပြီလား၊ ပြီးသွားရင် မေမေက သားကို အကောင်းဆုံးဆိုင်မှာ လိုက်ကျွေးမယ်လေ”
ချန်ဟောင်ယုက ချန်ထျန်မင်း၏ နောက်ကွယ်တွင် ပုန်းကာ ပြန်ပြောလိုက်သည်။
“မလုပ်ချင်ပါဘူး၊ အဲဒါကြီးက အရမ်းညစ်ပတ်တာ”
လန်ရွှယ် စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်ချော့မြှူပြန်သည်။
“ရိုက်ပြီးတာနဲ့ မေမေတို့ ချက်ချင်း ရေချိုးပေးမယ်လေ နော်”
ချန်ဟောင်ယုက လုံးဝ ပူးပေါင်းခြင်းမရှိဘဲ ဇွတ်ငြင်းနေတော့သည်။
“မလုပ်ဘူး၊ မလုပ်ဘူးဆိုရင် မလုပ်ဘူးပဲ။ ကျွန်တော် ရွှံ့ကျင်းထဲ မဆင်းချင်ဘူး”
လန်ရွှယ်မှာ ချန်ထျန်မင်းကို ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ချန်ထျန်မင်းကလည်း ချန်ဟောင်ယုအား နူးညံ့သောလေသံဖြင့် ဖျောင်းဖျကြည့်သည်။
“လိမ္မာပါတယ် သားရဲ့။ ဒီအခန်းရိုက်ပြီးရင် သားကြိုက်တဲ့ လီဂို အရုပ်အစုံလိုက်ကို အဖေ ဝယ်ပေးမယ်”
ချန်ဟောင်ယု အလိုမကျသေးဘဲ အနီးအနားရှိ ကလေးသရုပ်ဆောင်လေးတစ်ဦးကို တိုက်ရိုက် လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“သူ့ကို ကျွန်တော့်အစား ရိုက်ခိုင်းလိုက်လေ၊ သူက ညစ်ပတ်နေတာပဲဟာကို”
ကင်မရာမှာ ထိုကလေးသရုပ်ဆောင်လေးဆီသို့ ရောက်ရှိသွားသည်။ သူ့ဝတ်စုံမှာ အနည်းငယ် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း သန့်ရှင်းနေပါ၏။
အခြားအချိန်များတွင် ဤကလေးကို ချန်ဟောင်ယုအစား ရိုက်ကူးခိုင်းလိုက်လျှင် အဆင်ပြေသော်လည်း ယခုက တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်သည်။
လန်ရွှယ်သည် အတည်ပေါက် အမူအရာဖမ်းကာ ဆုံးမလိုက်သည်။
“ဟောင်ယု မေမေ သားကို ပြောဖူးတယ်မလား၊ ကိုယ့်အလုပ်ကို ကိုယ်တိုင် အပြီးသတ်ရမယ်လေ။ ကိုယ်လုပ်ရမဲ့ အလုပ်ကို သူများတွေကို ခိုင်းလို့ မရဘူးလေ”
မှတ်ချက်ကဏ္ဍတွင်လည်း လန်ရွှယ်၏ ပရိသတ်များက သူမကို ထောက်ခံနေကြသည်။
[ရွှယ်အာရဲ့ ကလေးထိန်းကျောင်းပုံက တကယ်ကို မှန်ကန်တယ်။ ကျွန်မလည်း ကျွန်မကလေးကို ဒီလိုပဲ ဆုံးမတာ]
[ရွှယ်အာရဲ့ ကျင့်ဝတ်စံနှုန်းတွေက တကယ့်ကို တည့်မတ်လိုက်တာ။ ချစ်လိုက်တာ၊ ချစ်လိုက်တာ]
ချန်ဟောင်ယု လန်ရွှယ်က သူ့ကို ထိုကဲ့သို့သော အမူအရာဖြင့် စကားပြောသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး အော်ပြောလိုက်သည်။
“ခင်ဗျားက မိန်းမဆိုးပဲ၊ ကျွန်တော့်ကို အရှက်ခွဲချင်နေတာ မဟုတ်လား”
လန်ရွှယ်သည် ချန်ထျန်မင်းကို အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူမ ဘာမှမပြောသော်လည်း သူမ မျက်လုံးထဲရှိ ဝမ်းနည်းရိပ်များမှာ လျှံထွက်လုမတတ် ဖြစ်နေသည်။
ချန်ထျန်မင်း ချန်ဟောင်ယုကို တည်ကြည်စွာ ကြည့်လိုက်ပြီး ပြတ်သားသော လေသံဖြင့် ငေါက်လိုက်သည်။
“မင်း မေမေကို ဘယ်လို စကားပြောနေတာလဲ။ မင်းမေမေက မင်းကောင်းဖို့အတွက် ပြောနေတာလေ။ ကိုယ့်အလုပ်ကို ကိုယ်တိုင် လုပ်ရမယ်”
ချန်ဟောင်ယုမှာ ချန်ထျန်မင်း၏ ငေါက်ငမ်းခြင်းကို ခံလိုက်ရသောကြောင့် နှုတ်ခမ်းကို စူလိုက်ပြီး ပြန်ပြောလေသည်။
“ဒါပေမဲ့ အဲဒီရွှံ့ကျင်းက အရမ်း ညစ်ပတ်တာလေ”
လန်ရွှယ်က နူးညံ့စွာ ပြောလိုက်သည်။
“အရည်အချင်းရှိတဲ့ ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် အခက်အခဲကို အရင်ဆုံး သည်းခံတတ်အောင် သင်ယူရမယ်လေ”
ချန်ဟောင်ယုက နှာခေါင်းရှုံ့လိုက်ကာ ပြန်ပြောလိုက်သည်။
“ကျွန်တော် သရုပ်ဆောင် မလုပ်ချင်ပါဘူး။ နောင်ကျရင် ကုမ္ပဏီကို ဆက်ခံရမှာ”
လန်ရွှယ်သည် ချန်ဟောင်ယုက ကုမ္ပဏီကို ဆက်ခံမည်ဟု ပြောလာသဖြင့် လက်သီးကို မသိမသာ ဆုပ်လိုက်မိသည်။ ချန်အုပ်စုကို ဆက်ခံမည့်သူမှာ သူမ လန်ရွှယ်၏ သားသာ ဖြစ်ရမည်။
ချန်ဟောင်ယု ငယ်စဉ်ကတည်းက သူ၏ အဘိုးအဘွားများမှာ ချန်အုပ်စုသည် ပြင်ပလူများ၏လက်ထဲသို့ မရောက်သွားစေရန်အတွက် သူသည် အနာဂတ်တွင် ချန်အုပ်စု၏ ဥက္ကဌသေချာပေါက် ဖြစ်လာမည်ဟူသော အတွေးအခေါ်ကို ရိုက်သွင်းပေးထားခဲ့ခြင်း ဖြစ်သည်။
ချန်ဟောင်ယုကို ချော့မြှူနေရသဖြင့် ရိုက်ကွင်းတစ်ခုလုံး ရပ်နားထားရသည်။ အချို့သော အင်တာနက်အသုံးပြုသူများမှာ ချန်ဟောင်ယုကို စတင် အမြင်မကြည် ဖြစ်လာကြသည်။
[ဘာဖြစ်နေတာလဲ။ လူတစ်ယောက်တည်းအတွက်နဲ့ ရိုက်ကွင်းတစ်ခုလုံးကို နှောင့်နှေးအောင် လုပ်နေတာလား။ ယဲ့ယီဘက်က ပိုပြီး တာဝန်ယူမှု ရှိသေးတယ်]
[ချန်ဟောင်ယုက အတော်လေး စိတ်ပျက်ဖို့ကောင်းတယ်လို့ ခံစားရတယ်။ ရွှံ့ကျင်းထဲ လူးလှိမ့်ရတာ ဘာများ အရေးကြီးလို့လဲ]
[သူက ချမ်းသာတဲ့ သူဌေးသားလေးဆိုတော့လည်း အညစ်အကြေး ကြောက်တတ်တာ သဘာဝပါပဲ]
[ဒါပေမဲ့ ကုစဲ့ကလည်း သူဌေးသားပဲလေ။ ကုစဲ့က အများကြီး ပိုပြီး ရိုးသားပြီး ဟန်ဆောင်မှု ကင်းတယ်လို့ မြင်တယ်]
[ကျွန်မ သိချင်တာက သူတို့ ဘယ်တော့မှ ရိုက်ကူးရေး ပြန်စကြမှာလဲ]
ရိုက်ကူးရေးအဖွဲ့မှာလည်း အလွန်ပင် စိတ်မရှည် ဖြစ်နေကြသော်လည်း ချန်ဟောင်ယု၏ အဆင့်အတန်းကြောင့် ဘာမှမပြောရဲကြပေ။
ဒါရိုက်တာက ရှေ့သို့ တက်လာပြီး ချန်ဟောင်ယုအား ပြောလိုက်သည်။
“ဟောင်ယု ပူးပေါင်းပေးပါဦးနော်၊ ဟုတ်ပြီလား ၊ ဟောင်ယုက အတော်ဆုံးပဲ”
ဤကာလအတောအတွင်း အတူရှိခဲ့ပြီးနောက် ရိုက်ကွင်းရှိ လူတိုင်းနီးပါးသည် ချန်ဟောင်ယုမှာ မိသားစု၏ အလိုလိုက်ခြင်းကို ခံထားရမှန်း သိထားကြသည်။ သူ့ကို ပူးပေါင်းလာစေရန်အတွက် အလွန်အကျွံ ချီးမွမ်းပေးရန်သာ လိုအပ်သည်။
အမှန်တကယ်ပင် ဒါရိုက်တာက ထိုသို့ ချီးမွမ်းလိုက်ပြီးနောက် ချန်ဟောင်ယု၏ စိတ်မှာ ချက်ချင်းပင် အနည်းငယ် ပျော့ပြောင်းသွားသည်။
ချန်ထျန်မင်းနှင့် လန်ရွှယ်တို့ကလည်း ဒါရိုက်တာကဲ့သို့ပင် ချန်ဟောင်ယုကို မနားတမ်း ချီးမွမ်းကြတော့သည်။ အလွန်အမင်း ကြိုးစားအားထုတ်ပြီးနောက်တွင်မှ ချန်ဟောင်ယုအား ရိုက်ကူးရန် သဘောတူအောင် လုပ်နိုင်ခဲ့သည်။
[ဒီသခင်လေးက အိမ်မှာလည်း ဒီလိုပဲလား။ တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ]
[ကလေးတစ်ယောက်ကို ဒီလိုမျိုး မျက်ကန်းတစ်ယောက်လို ချီးမွမ်းနေတာက မကောင်းဘူး၊ ကလေးကို မာနကြီးစေနိုင်တယ်]
[သူတို့ နှစ်ယောက်လုံးက သူဌေးသားတွေ ဖြစ်ပေမဲ့ ကုစဲ့က အများကြီး ပိုပြီး လိမ္မာတယ်။ သူက ရိုက်ကွင်းမှာ ဘာပြဿနာမှ မရှာတဲ့အပြင် ဝန်ထမ်းတွေကိုတောင် ကူညီပေးသေးတယ်]
ချန်ဟောင်ယုသည် ဝတ်စုံလဲပြီး ရွှံ့ကျင်းဘေးသို့ ရောက်သောအခါတွင် တစ်ဖန် ပြန်၍ ဇွတ်တရွတ် လုပ်ပြန်သည်။ ချန်ထျန်မင်းမှာလည်း စိတ်မထိန်းနိုင်တော့ဘဲ ချန်ဟောင်ယုကို တိုက်ရိုက်ပင် တွန်းချလိုက်တော့သည်။
ရွှံ့ကျင်းထဲသို့ တွန်းချခံလိုက်ရပြီးနောက် ချန်ဟောင်ယုသည် ချက်ချင်းပင် အကျယ်ကြီး အော်ငိုလေတော့သည်။
“ဒီမှာ အရမ်းညစ်ပတ်တာပဲ၊ ကျွန်တော့်ကို အမြန် လာထူကြပါဦး၊ ဝူးဝူးဝူး”
အခြားနည်းလမ်းမရှိသဖြင့် ဝန်ထမ်းများကို ရွှံ့ကျင်းထဲ ဆင်းခိုင်းပြီး သူ့ကို ပြန်လည် ထူထုတ်ခဲ့ရသည်။
ချန်ဟောင်ယုမှာ အပြင်သို့ ရောက်သည်နှင့် လန်ရွှယ်ဆီသို့ တိုက်ရိုက် ပြေးသွားတော့သည်။ လန်ရွှယ်မှာ သတိမထားမိဘဲ သူ့ကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားရသည်။ ထို့အပြင် လန်ရွှယ်မှာ ဂါဝန်ဝတ်ထားသဖြင့် သူမ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့မှာ လှစ်ဟသွားခဲ့သည်။
ချန်ထျန်မင်းသည် ချက်ချင်းပင် သူ၏ ကုတ်အင်္ကျီကို ချွတ်၍ လန်ရွှယ်၏ ခြေထောက်များကို ဖုံးပေးလိုက်ပြီး ချန်ဟောင်ယုကို ဒေါသတကြီး ကြည့်ကာ အော်ဟစ်လိုက်သည်။
“မင်း ဘာလုပ်တာလဲ”
ချန်ဟောင်ယုမှာ ချန်ထျန်မင်း၏ လေသံကြောင့် ထိတ်လန့်သွားပြီး ငိုယိုရင်း ပြောလိုက်သည်။
“ဖေဖေ၊ ဖေဖေက ဒီမိန်းမဆိုးကို တကယ်ပဲ ကာကွယ်ပေးနေတာလား။ သူက ဖေဖေ့ကို ပြောပြီး သားကို ရွှံ့ကျင်းထဲ ဆင်းခိုင်းတာလေ၊ အခုထိ သူ့ကို ကာကွယ်ပေးနေတုန်းပဲလား၊ ဝူးဝူးဝူး”
လူတိုင်း၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။ မိမိကိုယ်တိုင် ရွှံ့ကျင်းထဲ ဆင်းမည်ဟု သဘောတူခဲ့ပြီးမှ ယခုအခါ လန်ရွှယ်ကို အပြစ်တင်နေခြင်း ဖြစ်သည်။
‘ဒီကလေး ဒီလောက်ထိဆိုးရလား’
ချန်ထျန်မင်းက ချန်ဟောင်ယုကို စိုက်ကြည့်ကာ ငေါက်ငမ်းလေသည်။
“မင်း အမှားကို အခုထိ ဝန်မခံသေးဘူးလား။ ငါ့မှာ မင်းလို သားမျိုး ဘယ်လိုဖြစ်ပြီး ရှိလာရတာလဲ”
လန်ရွှယ်သည် အခွင့်အရေးကို အရယူကာ ဝင်ပြောလိုက်သည်။
“ကို ဟောင်ယုကို အပြစ်မတင်ပါနဲ့။ ဟောင်ယုက အညစ်အကြေး ကြောက်တတ်တာဆိုတော့ သူ လက်မခံနိုင်တာက နားလည်ပေးလို့ ရပါတယ်”
‘ချန်ထျန်မင်းက ချန်ဟောင်ယုကို အပြစ်တင်ချင်နေတာလား။ မဟုတ်ဘူး သူက ချန်ဟောင်ယုကြောင့် သူ့မျက်နှာ ပျက်သွားလို့ အပြစ်တင်နေတာပဲ’
ချန်ထျန်မင်းသည် ပုံမှန်အားဖြင့် ချန်ဟောင်ယုကို အလိုလိုက်သော်လည်း သူသည် ဂုဏ်သိက္ခာကို ပို၍ အလေးထားသူ ဖြစ်သည်။
ချန်ဟောင်ယုသည် ဤကဲ့သို့ ပြဿနာရှာနေခြင်းကြောင့် အင်တာနက်အသုံးပြုသူများက မိမဆုံးမ ဖမဆုံးမ ဟု သေချာပေါက် ပြောကြပေလိမ့်မည်။ ချန်ထျန်မင်းသည် ဤအရာကို တွေးမိလေ ပို၍ ဒေါသထွက်လေဖြစ်ရာ ချန်ဟောင်ယုကို ရိုက်ပစ်ချင်စိတ်ပင် ပေါက်လာသည်။
ချန်ဟောင်ယုမှာ တစ်ကိုယ်လုံး ရွှံ့များပေကျံကာ ဆက်တိုက် ငိုနေသော်လည်း နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ပေ။ သူသည် ချန်ထျန်မင်း ဒေါသထွက်နေမှန်း သိသဖြင့် ထပ်၍ ပြဿနာမရှာရဲတော့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ချန်ဟောင်ယုနှင့် လန်ရွှယ်တို့သည် အဝတ်လဲခန်းသို့ သွားရောက်ခဲ့ကြသည်။ထို့အပြင် လန်ရွှယ်၏ အဝတ်အစားများပေါ်တွင် ချန်ဟောင်ယု၏ ရွံ့ရာ နှစ်ခုမှာ အထင်းသား ရှိနေလေ၏။