← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

အဆင်ပြေရုံလေးပဲ နေကြရအောင်လေ

အဝတ်လဲခန်းထဲသို့ ရောက်သည်နှင့် ဝန်ထမ်းဖြစ်သူက ချန်ဟောင်ယုအတွက် အဝတ်အစားသွားရှာနေစဉ်မှာပင် လန်ရွှယ်သည် သူမ၏ နူးညံ့သိမ်မွေ့သည့် ဟန်ဆောင်မှုများကို ဖယ်ရှားလိုက်ပြီး ချန်ဟောင်ယုကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

“နင့်လို တိရစ္ဆာန်လေးက ငါ့ကို တွန်းထုတ်ရဲတယ်ပေါ့လေ၊ ငါ နင့်ကို သတ်ပစ်နိုင်တယ်ဆိုတာ ယုံလား”

လန်ရွှယ်က သူ့ကို ထိုသို့သောစကားမျိုး ပြောထွက်လိမ့်မည်ဟု ချန်ဟောင်ယု လုံးဝမထင်ထားခဲ့သဖြင့် သူမကို မယုံနိုင်သလို ကြည့်နေမိသည်။

လန်ရွှယ်သည် ဘာမှဖုံးကွယ်မထားတော့ဘဲ ပြောလိုက်သည်။

“ဘာကြည့်နေတာလဲ၊၊ နင့်အဖေ မျက်နှာကြောင့်သာမဟုတ်ရင် နင့်လိုကောင်ကို ငါက ဒီလောက်ကြာအောင် သည်းခံနေမယ် ထင်လား”

“ခင်ဗျားက မိန်းမဆိုးပဲ၊ ကျွန်တော့်ကို နှိပ်စက်တယ်လို့ ဖေဖေနဲ့ တိုင်ပြောမှာ”

လန်ရွှယ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“သွားပြောလေ၊ နင့်အဖေက နင့်ကို ယုံမယ်ထင်လို့လား။ ငါ့သားလေး မွေးလာရင် နင့်အဖေက နင့်ကို ဘယ်တော့မှ ပြန်ချစ်မှာ မဟုတ်တော့ဘူး”

လန်ရွှယ်၏ စကားကြောင့် ချန်ဟောင်ယုမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး အော်ပြောလိုက်သည်။

“ခင်ဗျားလိမ်နေတာ၊ ဖေဖေက ကျွန်တော်တစ်ယောက်တည်းကပဲ သူ့တစ်ဦးတည်းသောသားလို့ ပြောထားတာ”

“သူက နင့်ကို လိမ်ပြောနေတာ။ နောင်ကျရင် ကုမ္ပဏီကို ငါ့သားဆီပဲ လွှဲပေးမှာလို့ သူ ငါ့ကို ပြောပြီးသား။ နင်ကတော့ အဲ့ဒီအချိန်ကျရင် အိမ်ပေါ်က အနှင်ထုတ်ခံရမှာ”

ဝန်ထမ်းဖြစ်သူ မကြာခင် ပြန်လာတော့မည်ကို တွက်ချက်ပြီး လန်ရွှယ်သည် ချန်ဟောင်ယုကို ပို၍ ဒေါသထွက်အောင် ဆွပေးလိုက်သည်။

“မယုံဘူး။ ခင်ဗျားလိမ်နေတာ”

ချန်ဟောင်ယုက လန်ရွှယ်ကို ရိုက်ရန် လက်လှမ်းလိုက်သည့် အချိန်မှာပင် ဝန်ထမ်းဖြစ်သူက အဝတ်အစားများကိုယူ၍ ပြန်ရောက်လာခဲ့သည်။

ထိုအခိုက်အတန့်ကို အမိအရဖမ်းဆုပ်ပြီး လန်ရွှယ်သည် စားပွဲထောင့်ဆီသို့ အင်တိုက်အားတိုက် ပစ်လဲချလိုက်သည်။

ဝန်ထမ်းဖြစ်သူ၏အမြင်တွင် သူမသည် စားပွဲထောင့်သို့ လဲကျသွားသည်မှာ ချန်ဟောင်ယုက တွန်းထုတ်လိုက်သည့် ပုံစံနှင့် ကွက်တိဖြစ်နေတော့သည်။

ထိုဝန်ထမ်းက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ဘုရားရေ၊ တစ်ယောက်ယောက် လာကြပါဦး၊ လူတစ်ယောက် ဒဏ်ရာရသွားလို့ပါ”

အပြင်မှာ စောင့်နေသော ချန်ထျန်မင်းသည် ဒဏ်ရာရသည်ဟူသော အသံကြားသည်နှင့် အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည်။ သူဝင်လာချိန်တွင် လန်ရွှယ်မှာ ဝန်ထမ်း၏ အကူအညီဖြင့် ထလာသည်ကို တွေ့လိုက်ရပြီး သွေးများက သူမ၏ နဖူးမှ စီးကျနေလေ၏။

သူ့နောက်က လိုက်ပါလာသော ကင်မရာဆရာကလည်း ထိုမြင်ကွင်းကို ရိုက်ကူးထားလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင် ဝက်ဝက်ကွဲ ဆူညံသွားတော့သည်။

[ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ၊ အဝတ်လဲတာပဲလေ၊ ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသွားတာလဲ]

[ငါ့ရဲ့ ရွှယ်အာ မျက်နှာမှာ အမာရွတ်မကျန်ပါစေနဲ့လို့ ဆုတောင်းပါတယ်၊ အဲ့လိုတော့ မဖြစ်ပါစေနဲ့]

[ချန်ဟောင်ယု ရပ်နေတဲ့ပုံစံအရ သူက လန်ရွှယ်ကို တွန်းလိုက်တာ သေချာတယ်]

[ဒီကလေးက ဘယ်လိုတောင် ရက်စက်ရတာလဲ၊ အမေအရင်းမဟုတ်ရင်တောင် ဒီလိုတော့ မဆက်ဆံသင့်ဘူး]

ချန်ထျန်မင်း ရှေ့သို့တိုးလာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ”

လန်ရွှယ်က အားယူပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ယောကျ်ား၊ ဟောင်ယုကို အပြစ်မတင်ပါနဲ့၊ သူ တမင်လုပ်တာ မဟုတ်လောက်ပါဘူး”

ထိုစကားတစ်ခွန်းဖြင့် ချန်ဟောင်ယုက သူမကို တွန်းထုတ်လိုက်ခြင်းဖြစ်သည်ဟု သွယ်ဝိုက်၍ အတည်ပြုလိုက်ခြင်းပင်။

လူတိုင်းက ချန်ဟောင်ယုကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ချန်ဟောင်ယုမှာ ပျာပျာသလဲ ဖြစ်သွားပြီး ပြောလိုက်သည်။

“သားမဟုတ်ဘူး၊ သားသူ့ကို မတွန်းဘူး၊ ဒီမိန်းမက သူ့ဘာသာသူ စားပွဲနဲ့ တိုက်အောင် လဲချတာ”

လန်ရွှယ်သည် မျက်ရည်လေးဝဲကာ ချန်ထျန်မင်းကို ကြည့်လိုက်ရင်း ပြောလေ၏။

“ကျွန်မဘာသာ လဲကျတာလို့ပဲ သဘောထားလိုက်ပါ”

ထိုအချိန်တွင် ဝန်ထမ်းဖြစ်သူက ဝင်ပြောလိုက်သည်။

“ကျွန်တော် အဝတ်အစားတွေယူပြီး ပြန်လာတဲ့အချိန်မှာ ချန်ဟောင်ယု လန်ရွှယ်ကို တွန်းလိုက်တာကို ကွက်တိမြင်လိုက်ရတယ်”

လူအုပ်ကြီးမှာ တီးတိုးတီးတိုး ဝေဖန်ကြတော့သည်။

“သူ့မျက်နှာမှာ အမာရွတ်ထင်သွားပြီ။ အမျိုးသမီး အနုပညာရှင်တစ်ယောက်က ကလေးတစ်ယောက်ကို အကွက်ဆင်ဖို့အတွက် သူ့မျက်နှာကို အနာခံပါ့မလား”

“ချန်ဟောင်ယုက လန်ရွှယ်ကို ခုနကပဲ တွန်းခဲ့တာမဟုတ်ဘူးလား၊၊ လူမရှိတဲ့အချိန်မှာ သူ ဒီလိုလုပ်ရဲလိမ့်မယ်လို့ မထင်ထားဘူး”

“လန်ရွှယ်ကတော့ သနားစရာပဲ...”

ချန်ဟောင်ယုမှာ စိတ်သောကရောက်ကာ စတင်ငိုကြွေးတော့သည်။

“သားမဟုတ်ဘူး၊ တကယ် သားမဟုတ်ဘူး”

ချန်ဟောင်ယုက သူ့အဖေ၏ အင်္ကျီစကို ဆွဲပြီး ငိုယိုကာ ပြောရှာသည်။

“ဖေဖေ၊ သားတကယ် မတွန်းပါဘူး၊ ဒီမိန်းမဆိုးက သူ့ဘာသာသူ ပြေးတိုက်တာပါ”

ချန်ထျန်မင်း၏ အမြင်တွင်မူ ချန်ဟောင်ယုမှာ အမှားကို နောင်တမရဘဲ ငြင်းဆန်နေဆဲဖြစ်သည်ဟု ထင်သောကြောင့် သူ့ကို ဖြန်းခနဲ့ ရိုက်ချလိုက်၏။

ဖြန်း

ထိုပါးရိုက်ချက်ကြောင့် ချန်ဟောင်ယုမှာ ကြောင်အမ်းသွားသည်။ ၎င်းသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် အဖြစ် ချန်ထျန်မင်း၏ ရိုက်နှက်ခြင်းကို ခံရခြင်းဖြစ်သည်။

ချန်ထျန်မင်း ချန်ဟောင်ယုကို လျစ်လျူရှုကာ လန်ရွှယ်ကို ပွေ့ချီပြီး ဆေးရုံသို့ ခေါ်သွားရန် ပြင်ဆင်တော့သည်။

ချန်ဟောင်ယုမှာ အားကိုးရာမဲ့စွာ အော်ဟစ်ငိုကြွေးနေသော်လည်း ယခုအချိန်တွင် မည်သူကမျှ သူ့ကို မချော့မြှူလိုကြတော့ချေ။ သူသည် မူလကတည်းက အများ၏ အချစ်ကို မရရှိသူဖြစ်ပြီး သူ့အရှိန်အဝါကြောင့်သာ လူအများက သည်းခံခဲ့ကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်ကြောင့် သူ့ကို မည်သူကမျှ အရေးမလုပ်ချင်ကြတော့ပေ။

လန်ရွှယ်မှာ ဒဏ်ရာရ၍ ဆေးရုံသွားရသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်မလုပ်နိုင်တော့ဘဲ ရိုက်ကူးရေးအဖွဲ့ကလည်း ခေတ္တရပ်နားထားလိုက်ရသည်။

ဇာတ်ညွှန်းရေးဆရာမ နျင်ရှမှာ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လျက် ရှိနေသည်။ ဤအတိုင်းဆိုလျှင် ဇာတ်ကားမှာ မည်သည့်အချိန်မှ ပြီးမည်ကို မသိနိုင်တော့ပေ။

ယနေ့ဖြစ်ရပ်သည် ချက်ချင်းဆိုသလို နာမည်ကြီးသတင်း ဖြစ်သွားသော်လည်း များမကြာမီ ရှာဖွေမှုရလဒ်များမှာ ပျောက်ကွယ်သွားခဲ့သည်။

ချန်ထျန်မင်းသည် ချန်ဟောင်ယုအပေါ် အလွန်စိတ်ဆိုးမိသော်လည်း မည်သို့ပင်ဖြစ်စေ ချန်ဟောင်ယုသည် သူ၏ တစ်ဦးတည်းသော သားဖြစ်ပြီး မိသားစုကိစ္စကို သီးသန့်ဖြေရှင်းလိုသေးသည်။

သို့သော် သတင်းများကို ဖုံးကွယ်ထားနိုင်သော်လည်း အင်တာနက်အသုံးပြုသူများ၏ ချန်ဟောင်ယု အပေါ် မြင်သည့်အမြင်မှာမူ ပြန်လည်ကုစား၍ မရနိုင်တော့ပေ။

အခြားတစ်ဖက်တွင်မူ ယဲ့ယီ၏ ရိုက်ကူးရေးအဖွဲ့မှာ ယနေ့အတွက် ရိုက်ကူးရေးကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

အလုပ်သိမ်းခါနီးတွင် ကုရှီချန်း ယဲ့ယီကို လာရှာခဲ့သည်။

“ဒီည အိမ်ပြန်ပြီး အတူတူ ထမင်းစားရအောင်၊ ရှောင်စဲ့က ငါတို့နဲ့ အချိန်ပို ကုန်ဆုံးချင်တယ်လို့ ပြောနေတယ်”

ကုစဲ့အကြောင်း ပြောလာသဖြင့် ယဲ့ယီလည်း သဘာဝကျကျပင် ငြင်းဆန်မနေတော့ဘဲ အလုပ်ပြီးသည်နှင့် ကုရှီချန်းနှင့်အတူ ကုမိသားစုအိမ်တော်သို့ ပြန်လိုက်လာခဲ့သည်။

အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ကုရှီချန်းမှာ တစ်ခုခုသွားလုပ်နေပြီး ယဲ့ယီကမူ ကုစဲ့နှင့်အတူ ကာတွန်းကားကြည့်နေလိုက်သည်။ သူမတို့နှစ်ယောက်၏ အပြန်အလှန် ဆက်ဆံပုံမှာ မိခင်နှင့် သားအရင်းသဖွယ် ပိုပို၍ တူလာခဲ့သည်။

ထမင်းစားချိန်နီးမှသာ ကုရှီချန်းက ပြန်ပေါ်လာခဲ့သည်။

ကုစဲ့က သူ့အဖေကို မြင်သည်နှင့် ချက်ချင်းပင် သူ့ဗိုက်ကို ပွတ်ကာ ပြောလေသည်။

“ဗိုက်က အရမ်းနာနေလို့ သား အိပ်တော့မယ်”

ယဲ့ယီ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“တစ်ခုခု မှားစားမိလို့လား၊ ဆေးရုံသွားဖို့ လိုလား”

ကုစဲ့က အလျင်အမြန် ငြင်းဆိုလိုက်သည်။

“မလိုဘူး၊ အိပ်လိုက်ရင် သက်သာသွားမှာပါ”

ယဲ့ယီက စိတ်မအေးသဖြင့် ထပ်မေးလိုက်သည်။

“ငါလိုက်ခဲ့ပေးမယ်လေ”

“မလာနဲ့၊ သားဘာသာ သွားအိပ်မယ်”

ကုစဲ့က ငြင်းဆန်ကာ ဗိုက်ကိုကိုင်ပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။

ယဲ့ယီမှာ အံ့သြနေလေ၏။

‘ဒီကလေး ဘာဖြစ်တာလဲ၊ ဗိုက်နာလို့အိပ်တာလား၊ ဆေးသောက်ရမှာ မဟုတ်ဘူးလား၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း အဖော်မခေါ်ဘူး’

ကုရှီချန်း ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။

“သူ့ကို စိတ်မပူပါနဲ့၊ ငါတို့ အရင်သွားစားရအောင်”

ယဲ့ယီမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ကုရှီချန်းသည်ပင် ကလေးအပေါ် စိတ်မပူသဖြင့် ကုစဲ့တစ်ယောက် အဆင်ပြေမှာပါ ဟု ယူဆလိုက်သည်။

ထမင်းစားခန်းထဲသို့ ရောက်သွားတော့မှသာ ကုစဲ့သည် အဘယ့်ကြောင့် ဤသို့ဇွတ်ပြောခဲ့သည်ကို ယဲ့ယီ နားလည်သွားတော့သည်။ ကုရှီချန်းသည် ထမင်းစားခန်းထဲတွင် ဖယောင်းတိုင်မီးဖြင့် ညစာစားပွဲကို ပြင်ဆင်ထားပြီး ဘေးတွင်လည်း တီးဝိုင်းတစ်ခု ရှိနေခဲ့သည်။

ယဲ့ယီသည် သူမ ထိုင်ခုံတွင် ထိုင်လိုက်သော်လည်း အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေဟန်ရသည်။

ကုရှီချန်းက ယဲ့ယီအတွက် ဝိုင်နီတစ်ခွက် ငှဲ့ပေးရင်း မေးလိုက်သည်။

“ဘယ်လို ခံစားရလဲ”

“တော်တော်... တော်တော် ကောင်းပါတယ်”

ယဲ့ယီသည် စိတ်မပါဘဲ ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင်မူ ပြင်းပြင်းထန်ထန်ညည်းတွားနေမိသည်။

[ထမင်းစားဖို့ကို ဘာလို့ ဒီလောက်အလုပ်ရှုပ်ခံနေတာလဲ၊ စိတ်ပျက်စရာကြီး]

ကုရှီချန်း သက်ပြင်းချမိသည်။ ဤမိန်းမသည် အတော်လေး ထူးခြားပေသည်။ မိန်းကလေးအများစုမှာ ဤမြင်ကွင်းကို အလွန် ရိုမန်တစ်ဆန်သည်ဟု မြင်ကြမည် ဖြစ်သော်လည်း ယဲ့ယီတစ်ယောက်တည်းကသာ စိတ်ပျက်စရာဟု မြင်နေခဲ့သည်။

ကုရှီချန်း ဝေခွဲမရဖြစ်နေပြီးမှ စကားစလိုက်သည်။

“ရှောင်စဲ့က ငါတို့ကို မကွာရှင်းစေချင်ဘူးတဲ့၊ ကွာရှင်းမယ့်ကိစ္စကို မေ့လိုက်ရင်ရော ဘယ်လိုလဲ”

ယဲ့ယီက ကုရှီချန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

[ငါ့ကို ပေးရမယ့် ပိုက်ဆံတွေကို မပေးချင်လို့များလား]

ကုရှီချန်းက ဇွတ်ဆက်ပြောလိုက်သည်။

“ရှောင်စဲ့က ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုကို လိုချင်တာ၊ သူက မင်းကို အခုသိပ်ချစ်နေတာ၊ ငါတို့သာ ကွာရှင်းလိုက်ရင် သူအရမ်း ဝမ်းနည်းသွားလိမ့်မယ်”

ယဲ့ယီမှာ မျက်မှောင်ကြုတ်သွားပြီး ကုရှီချန်းဘက်မှ အတည်ပြောနေခြင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချကာ ဆိုလိုက်သည်။

“အပြန်အလှန် ချစ်ခင်မှုရှိမှသာ အိမ်ထောင်ရေးတစ်ခုက ပျော်ရွှင်နိုင်မှာပါ ၊ ကလေးအတွက်ဆိုရင်တောင် အဆင်ပြေရုံလေးပဲ ပေါင်းသင်းနေလို့ မရဘူးလေ၊ အပြန်အလှန် ညှဉ်းပန်းသလိုဖြစ်နေမဲ့ အိမ်ထောင်ရေးမျိုးက မရှိတာပဲ ကောင်းပါတယ်။ ကျွန်မက ကျွန်မချစ်တဲ့သူ၊ ကျွန်မကိုလည်း ပြန်ချစ်တဲ့သူမျိုးနဲ့ပဲ လက်ထပ်ချင်တာပါ။ အရင်က ကျွန်မကြောင့် ရှင့်ရဲ့အချိန်တွေ ပုပ်ခဲ့ရပြီ။ ကွာရှင်းပြီးရင် ရှင်လည်း ရှင်တန်ဖိုးထားရမဲ့ သူကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်”

All Chapters