အခန်း (၆၇)
Vol. 7 Ch. 67
အခန်း (၆၇)
ပြဿနာရှာခြင်း
ကုရှီချန်းမှာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း မည်သို့စကားစရမည်မှန်း မသိ။
“ကိုယ် အဲ့ဒီလူကို ရှာမတွေ့သေးဘူးလို့ မင်းက ဘာလို့ အတိအကျပြောနိုင်ရတာလဲ”
စိတ်ထဲတွင် ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် ကုရှီချန်း ပြောရန် ဆုံးဖြတ်လိုက်သည်။
“ကိုယ်..”
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယဲ့ယီဖုန်းမှ မြည်လာခဲ့သည်။
ယဲ့ယီသည် ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦးဖြစ်နေသဖြင့် ဖြေကြားလိုက်၏။
တစ်ဖက်ကလူသည် ကိစ္စတော်တော်များများကို ပြောနေပုံရပြီး ယဲ့ယီ၏ မျက်နှာထားမှာ တဖြည်းဖြည်း မကောင်းတော့ချေ။
ဇာတ်ကားထဲတွင် မွေးစားဖခင်နှင့် အမျိုးသမီးဇာတ်ဆောင်၏ မောင်လေးတို့ နေထိုင်သည့် အိမ်အငှါးက ရုတ်တရက် အိမ်ဆက်မငှားတော့ကြောင်း ပြောလာခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာ ထက်ဝက်ကျော် ရိုက်ကူးပြီးနေပြီဖြစ်ရာ အကယ်၍ နေရာပြောင်းရပါက အစမှ ပြန်ရိုက်ကူးရတော့မည်။
ယဲ့ယီ၏ မျက်နှာထားမှာ တည်ကြည်လေးနက်သွားပြီး ထမင်းပင် ဆက်မစားတော့ဘဲ အပြင်သို့ ထွက်ရန် ချက်ချင်းပြင်ဆင်တော့၏။
ကုရှီချန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ယဲ့ယီသည် ရိုက်ကူးရေးအဖွဲ့တွင် ဖြစ်ပွားနေသည့် အခြေအနေကို ကုရှီချန်းအား အကျဉ်းချုပ် ရှင်းပြလိုက်၏။
ကုရှီချန်း မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။
“ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”
ယဲ့ယီသည် အပေါ်ထပ်တွင် တစ်ယောက်တည်း အိပ်ပျော်နေသည့် ရှောင်စဲ့ကို သတိရသွားကာ စိတ်မအေးဖြစ်မိသွား၏။
“ရှောင်စဲ့ကရော ဘယ်လိုလုပ်မလဲ၊ ဗိုက်နာတာက သေးတဲ့ကိစ္စ မဟုတ်ဘူးလေ”
“သူ ဘာမှမဖြစ်ဘူး”
ယဲ့ယီသည် တစ်ခဏ ငြိမ်သက်သွားပြီးမှ သူဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားသည်။ သို့သော်လည်း သူမ ဘာမှထပ်မပြောတော့ပေ။
သူတို့နှစ်ဦးသည် ရိုက်ကူးရေးနေရာသို့ အမြန်ဆုံး ရောက်ရှိသွားကြသည်။
မြင်ကွင်းမှာ ရှုပ်ထွေးပွေလီနေပြီး အိမ်ငှါးသည် ရိုက်ကူးရေးအဖွဲ့ဝင်အားလုံးကို နှင်ထုတ်ရန်အတွက် လူတစ်စုကို ခေါ်ဆောင်လာကာ ပြဿနာရှာနေတော့သည်။
ရိုက်ကူးရေးအဖွဲ့၏ တာဝန်ခံသည် ယဲ့ယီကို မြင်သည်နှင့် ရှေ့သို့ ချက်ချင်းတိုးလာကာ ပြောလိုက်၏။
“ဥက္ကဌယဲ့၊ နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီလူက ကျွန်တော်တို့ကို မောင်းထုတ်မယ်လို့ ဇွတ်ပြောနေတာ”
ယဲ့ယီက လူစုကို ဦးဆောင်လာသည့် အိမ်ပိုင်ရှင်ကို ကြည့်ကာ မကျေမနပ်ဖြင့် မေးလိုက်သည်။
“ရှင်က ဘာလို့ လာပြီး ဆူပူသောင်းကျန်းနေတာလဲ”
အိမ်ပိုင်ရှင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောဆိုလိုက်၏။
“အိမ်မငှားခင်တုန်းက ဒါက သည်းထိတ်ရင်ဖိုကားမှန်း ငါမသိဘူး။ ဒီမှာနေတဲ့လူက လူသတ်သမားမှန်းလည်း မသိခဲ့ဘူး။ နောက်ကျရင် ငါ့အိမ်ကို ဘယ်သူက ငှားတော့မှာလဲ၊ ငါ့အိမ်ရဲ့ ဖုန်းရွှေကို မင်းတို့တွေ ဖျက်ဆီးပစ်လိုက်ပြီ”
စီမံကိန်းမန်နေဂျာကလည်း ဒေါသထွက်သွား၏။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒါကို စာချုပ်ထဲမှာကတည်းက ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပဲ။ အခုမှ ဘာကို မသိဘူးပြောနေရတာလဲ”
အိမ်ပိုင်ရှင်မှာ လူမိုက်ဆန်ဆန်ပင်။
“ဘာပဲဖြစ်ဖြစ် ဒီမှာ ဆက်ရိုက်ချင်ရင် ယွမ်နှစ်သိန်းပေးရမယ်၊ မဟုတ်ရင် ထွက်သွား”
“ယွမ်နှစ်သိန်း...ရှင် တကယ်ကြီး ဒီလောက်တောင် တောင်းရဲတယ်ပေါ့”
စီမံကိန်းမန်နေဂျာမှာ ဒေါသပေါက်ကွဲမတတ် ဖြစ်နေရသည်။ ဤစုတ်ပြတ်နေသော အိမ်အိုလေးကို ရောင်းလျှင်ပင် ယွမ်နှစ်သိန်း တန်ချင်မှ တန်လိမ့်မည်။
အိမ်ပိုင်ရှင်ကမူ မာန်မလျှော့ဘဲ ဆိုလေ၏။
“ပိုက်ဆံမပေးရင် ထွက်သွား၊ ငါ့အချိန်ကို လာမဖြုန်းနဲ့”
ယဲ့ယီ သူ့ကို အေးစက်စွာ ကြည့်လိုက်၏။
“ရှင်ကို ပိုက်ဆံမပေးနိုင်ဘူး၊ အဆိုးဆုံးဖြစ်လာရင် ဥပဒေအရ တရားရင်ဆိုင်ကြတာပေါ့”
ဥပဒေအရ တရားရင်ဆိုင်မည်ဟူသော စကားကို ကြားလိုက်ရသဖြင့် အိမ်ပိုင်ရှင်၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ စတင်ပေါ်ပေါက်လာတော့သည်။
“မင်းတို့သာ ဥပဒေအရ လုပ်ရဲလုပ်ကြည့်၊ ဒီကားကို ဆက်ရိုက်ဖို့ မစဉ်းစားနဲ့တော့”
“ရတယ်လေ နောက်ထပ်နေရာသစ်တစ်ခုကို ပိုက်ဆံပေးငှါးပြီး ပြန်ရိုက်ရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ရှင်ပေးရမဲ့ စာချုပ်ဖောက်ဖျက်မှု လျော်ကြေးက ပြန်ရိုက်ရမဲ့ ကုန်ကျစရိတ်တွေအတွက် လုံလောက်ပါတယ်”
ယဲ့ယီ အေးအေးလူလူပင် ပြောလိုက်၏။
အိမ်ပိုင်ရှင်မှာ ပျာယာခတ်သွားတော့သည်။
ကုရှီချန်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ သဘာဝကျကျ စဉ်းစားကြည့်လျှင် ဤလူကို ပေးထားသည့် အိမ်ငှားခမှာ အလွန်ပင် ရက်ရောလှသည်။
ထို့ကြောင့် သူ့အနေဖြင့် ရိုက်ကူးရေးအဖွဲ့ကို လာရောက် ခြိမ်းခြောက်ငွေတောင်းရန် အကြောင်းမရှိပေ။ အဆမတန် တောင်းဆိုစရာလည်း မလိုချေ။ ဤလုပ်ရပ်သည် ရိုက်ကူးရေးအဖွဲ့ကို ပြဿနာရှာရန် သက်သက်သာဖြစ်ပြီး နောက်ကွယ်မှ တစ်စုံတစ်ဦးက ကြိုးကိုင်နေသည်မှာ ထင်ရှားလှသည်။
ကုရှီချန်းသည် အိမ်ပိုင်ရှင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“စာချုပ်ထဲမှာ ဖော်ပြထားတာက စာချုပ်ဖောက်ဖျက်ရင် လျော်ကြေးကို သုံးဆပေးရမယ်၊ ပြီးရင် ရိုက်ကူးရေးအဖွဲ့ရဲ့ ဆုံးရှုံးမှုတွေကိုလည်း ပေးလျော်ရမယ်လို့ ပါပြီးသား၊ ခင်ဗျားဘက်က ပေးနိုင်မယ်ဆိုတာ သေချာလား”
အိမ်ပိုင်ရှင်မှာ မယုံနိုင်သလို တိုးတိုးလေး ရေရွတ်လိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ စာချုပ်ထဲမှာ အဲ့လိုတွေ မရေးထားပါဘူး”
အမှန်အားဖြင့် စာချုပ်၌ ထိုအချက်များ မပါဝင်ပေ။ ကုရှီချန်း တမင်တကာ ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်သည်။
ကုရှီချန်း ဆက်ပြော၏။
“ခင်ဗျား ရိုက်ကူးရေးအဖွဲ့ရဲ့ ပစ္စည်းတချို့ကိုလည်း ဖျက်ဆီးခဲ့တယ် မဟုတ်လား၊ အခြားသူရဲ့ ပိုင်ဆိုင်မှုကို တမင်တကာ ဖျက်ဆီးတာက ခင်ဗျားကို အကြာကြီး ထောင်ထဲပို့ဖို့ လုံလောက်တယ်၊ စိတ်မပူပါနဲ့၊ ကုကော်ပိုရေးရှင်းရဲ့ ရှေ့နေအဖွဲ့က ခင်ဗျားကို ထောင်ထဲမှာ လအနည်းငယ်လောက် ပိုနေရအောင် အတတ်နိုင်ဆုံး ကြိုးစားပေးမှာပေါ့”
အိမ်ပိုင်ရှင်နောက်မှ ပါလာသည့် လူမိုက်တစ်စုလည်း ထိတ်လန့်သွားကြတော့သည်။
“ဘာမှမဖြစ်ဘူးလို့ ငါတို့ကို ပြောထားတာ မဟုတ်လား၊ သူတို့ တကယ်ကြီး ထောင်ထဲ ပို့တော့မှာလား”
အိမ်ပိုင်ရှင် လုံးဝပျာယာခတ်သွားသည်။
“မင်းတို့ကို မောင်းထုတ်လိုက်နိုင်ရင် ရပြီလို့ပဲသူပြောထားတာလေ၊ ထောင်ကျမယ်လို့တော့ မပြောပါဘူး”
ယခုမှ ယဲ့ယီနှင့် အခြားသူများလည်း နားလည်သွားကြသည်။ ဤလူသည် အခြားသူတစ်ဦး၏ စေခိုင်းချက်အရ လုပ်ဆောင်နေခြင်းပင် ဖြစ်၏။
သို့သော် ထိုလူက မည်သူနည်း။ ယဲ့ယီနှင့် ကုရှီချန်းတို့ နှစ်ဦးလုံး၏ စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်လေသည်။
“မင်းကို ပြဿနာရှာဖို့ လွှတ်လိုက်တာ ချန်ထျန်မင်း မဟုတ်လား”
ကုရှီချန်း သူသံသယရှိသူကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောလိုက်သည်။
“ခင်ဗျား ဘယ်လိုလုပ် သိတာလဲ”
အိမ်ပိုင်ရှင်မှာ အစကတည်းက ကြောက်ရွံ့နေသဖြင့် ကုရှီချန်းမှ ထိုသို့ပြောလိုက်သည်နှင့် တိုက်ရိုက်ပင် ဝန်ခံလိုက်တော့သည်။
လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပွားခဲ့သော ကိစ္စများကို ပြန်လည်စဉ်းစားကြည့်ကာ ယဲ့ယီသည် ချန်ထျန်မင်း အဘယ်ကြောင့် ဤသို့လုပ်ရသည်ကို အကြမ်းဖျင်း နားလည်သွား၏။ ယခု လန်ရွှယ် ဒဏ်ရာရသွားသဖြင့် သူတို့၏ ရိုက်ကူးရေးတိုးတက်မှုမှာ သေချာပေါက် နှေးကွေးသွားပေလိမ့်မည်။
ဤဇာတ်ကားနှစ်ကားမှာ အကြောင်းအရာက တူညီနေသဖြင့် အကယ်၍ သူမ ဇာတ်ကားက အရင်ထွက်လာပါက လန်ရွှယ်တို့ဖက်ကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့ရိုက်ကူးရေး အချိန်ဇယားကို နှောင့်နှေးအောင် လုပ်လိုခြင်းဖြစ်ရမည်။
နောက်ကွယ်မှလူကို သိသွားပြီဖြစ်သဖြင့် ကိစ္စများမှာ ပို၍ ရိုးရှင်းသွားခဲ့သည်။
ကုရှီချန်းက တုန်တုန်ယင်ယင် ဖြစ်နေသော အိမ်ပိုင်ရှင်ကို ကြည့်လိုက်သည်။
“ခင်ဗျားကို ရဲစခန်း ပို့ပေးရမလား၊ ဒါမှမဟုတ် ကိုယ့်ဟာကို အေးအေးဆေးဆေးပဲ ထွက်သွားမလား”
“ရဲကိုတော့ မတိုင်ပါနဲ့၊ ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်”
အိမ်ပိုင်ရှင်သည် လူမိုက်များကို ဦးဆောင်ကာ ထွက်သွားရန် ပြင်ဆင်တော့သည်။
“နေဦး၊ အနည်းဆုံးတော့ ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် လျော်ကြေးပေးသင့်တာပေါ့”
ကုရှီချန်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
အိမ်ပိုင်ရှင်မှာ သေလုမတတ် ကြောက်သွားသည်။ သူသည် လောင်းကစားစွဲနေသူဖြစ်ပြီး ရထားသည့် အိမ်ငှားခများမှာလည်း ကုန်နေပြီဖြစ်ရာ ဤပစ္စည်းများအတွက် လျော်ကြေးပေးရန် ပိုက်ဆံမရှိချေ။
“ကျွန်တော် တကယ်မှားသွားပါတယ်၊ သူ့စကားကို နားယောင်ပြီး လာပြီး ပြဿနာရှာမိတာပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော့်မှာ တကယ် ပိုက်ဆံမရှိလို့ပါ”
သူ့နောက်မှ လူမိုက်တစ်စုမှာလည်း လိပ်ကလေးများကဲ့သို့ ခေါင်းမဖော်ရဲဘဲ ရှိနေကြသည်။
ကုရှီချန်းက အေးစက်စွာ ပြောလိုက်၏။
“ဒီပစ္စည်းတွေအတွက် မလျော်နိုင်ရင်လဲ ထားလိုက်တော့၊ ဒါပေမဲ့ နောက်နောင်မှာ ရိုက်ကူးရေးအဖွဲ့ကို လာပြီး ပြဿနာရှာတဲ့သူ ရှိလာရင် အဲ့တာတွေအတွက် မင်းတို့အားလုံးကပဲ တာဝန်ယူရလိမ့်မယ်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီပတ်ဝန်းကျင်ကလူတွေကို ရိုက်ကူးရေးအဖွဲ့ကို လာပြီး ပြဿနာမရှာဖို့ သေချာပြောထားပါ့မယ်”
အိမ်ပိုင်ရှင်မှာ ဦးညွှတ်လျက် ကတိစကားများ ဇွတ်ပေးတော့သည်။ မူလကမူ ရိုက်ကူးရေးအဖွဲ့ ထွက်သွားပြီးနောက် အခြားလူများကို လွှတ်၍ ပြဿနာရှာရန် ကြံစည်ထားသော်လည်း ယခုမူ မည်သို့မျှ မလုပ်ရဲတော့ပေ။
“ပြဿနာရှာချင်ရင်လဲ ရတယ်နော်။ ဒါပေမဲ့ ဒီမှာ လျှို့ဝှက်ကင်မရာတွေ တပ်ထားပြီးသား၊မင်းတို့လုပ်သမျှကို မှတ်တမ်းတင်ထားတယ်ဆိုတာ မမေ့နဲ့”
ဤနေရာတွင် လျှို့ဝှက်ကင်မရာများ ရှိနေသည်ဟု ကြားသောအခါ လူမိုက်တစ်စု၏ ကျောပြင်မှာ ချွေးအေးများဖြင့် ရွှဲရွှဲစိုသွားတော့သည်။
သူတို့သည် ဤနေရာတွင် ကင်မရာမရှိဟု ထင်မှတ်သောကြောင့် ပြဿနာလာရှာရဲခြင်း ဖြစ်သည်။ သို့သော် လျှို့ဝှက်ကင်မရာများ ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။
နောက်ဆုံးတွင် အိမ်ပိုင်ရှင်သည် စိတ်ပျက်အားငယ်စွာဖြင့် လူမိုက်တစ်စုကို ဦးဆောင်၍ ထွက်ခွာသွားတော့သည်။
အမှန်စင်စစ် ဤနေရာတွင် ကင်မရာများ မရှိသေးပေ။လျှို့ဝှက်ကင်မရာများ ရှိသည်ဆိုသည်မှာ ကုရှီချန်း သူတို့ကို ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဘေးကင်းစေရန်အတွက် ကုရှီချန်းသည် ကင်မရာများ လာရောက်တပ်ဆင်ရန် ချက်ချင်း စီစဉ်လိုက်တော့၏။
ကုရှီချန်းသည် ဤကိစ္စကို လွယ်ကူစွာ ဖြေရှင်းပေးလိုက်လေသည်။ ပစ္စည်းတချို့ ပျက်စီးသွားသော်လည်း အနည်းဆုံးတော့ ရိုက်ကူးရေးကို မထိခိုက်စေပေ။
ကိစ္စများ ပြီးပြည့်စုံသွားပြီးနောက် ယဲ့ယီနှင့် ကုရှီချန်းတို့သည် အိမ်ပြန်ရန် ပြင်ဆင်ကြ၏။
သူတို့နှစ်ဦးသည် အလောတကြီး ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် ကုရှီချန်းသည် ဒရိုင်ဘာမခေါ်ဘဲ သူကိုယ်တိုင် ကားမောင်းပို့ပေးခဲ့ခြင်း ဖြစ်သည်။ အာရုံစိုက်၍ ကားမောင်းနေသော ကုရှီချန်းကို ကြည့်ရင်း ယဲ့ယီ ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
သူမကိုယ်တိုင် မဖြေရှင်းခင် သူမအတွက် အရာရာကို တစ်ဦးတစ်ယောက်က ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။ ကုရှီချန်းသည် အမှန်တကယ်ပင် လူကောင်းတစ်ယောက် ဖြစ်လေသည်။
ဤယောကျာ်းသည် သူမအတွက် မဖြစ်ခဲ့သည်မှာ ဝမ်းနည်းကြေကွဲစရာပင်။