အခန်း (၆၈)
Vol. 7 Ch. 68
အခန်း (၆၈)
တက်ညီလက်ညီရှိခြင်း
အိမ်အပြန်လမ်း တစ်လျှောက်တွင် နှစ်ဦးသား စကားတစ်ခွန်းမှ မပြောခဲ့ကြချေ။ လေထုမှာလည်း အေးစက်စက်ဖြစ်နေကာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေ၏။
ကုရှီချန်းသည် ယနေ့ညကိစ္စအား ကူညီဖြေရှင်းပေးခဲ့သည်ကို တွေးမိရင်း ယဲ့ယီသည် အေးစက်သော လေထုကို ဖြိုခွင်းရန် ချောင်းတစ်ချက်ဟန့်လိုက်သည်။
“ဒီညအတွက် ကျေးဇူးတင်ပါတယ်”
ကုရှီချန်း ခေါင်းညိတ်လိုက်ပြီး အသိအမှတ်ပြုလိုက်သည်။
“နောက်လည်း တစ်ခုခုရှိရင် ကိုယ့်ကို အားမနာဘဲ ပြောလို့ရတယ်”
“ကောင်းပါပြီ”
ယဲ့ယီသည် နှုတ်ကသာ “ကောင်းပါပြီ” ဟု ဆိုလိုက်သော်လည်း စိတ်ထဲတွင်မူ လုံးဝခြားနားသည်။
[နောက်ဆို မဆက်သွယ်တာ အကောင်းဆုံးပဲ။ ရှင်နဲ့ ထပ်ပြီး မပက်သက်ချင်တော့ဘူး။ ကျွန်မက ပိုက်ဆံယူပြီးတော့ ကွာရှင်းချင်နေပြီ။ ယောကျ်ားတွေနဲ့ နီးစပ်လေလေ ကံဆိုးမှုတွေပဲ ကြုံရလေလေပဲ]
ယဲ့ယီ၏ စိတ်ထဲမှ အသံကို ကြားလိုက်ရသည့်အခါ ကုရှီချန်း အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းသွားမိသည်။
‘သူက ငါ့ကို လုံးဝ မကြိုက်တော့တာလား’
အိမ်ပြန်လမ်းတစ်လျှောက်လုံး နှစ်ဦးသား စကားထပ် မပြောဖြစ်ကြပေ။ အိမ်တော်သို့ ပြန်ရောက်လာပြီးနောက် ယဲ့ယီသည် သူမ အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။
ကုရှီချန်းမှာမူ သူကိုယ်တိုင် ဖွယ်ဖွယ်ရာရာပြင်ဆင်ထားသမျှကို ကြည့်ရင်း သက်ပြင်းသာ တိတ်တဆိတ် ချနိုင်တော့၏။
ထိုကိစ္စ ပြေလည်သွားပြီးနောက်တွင် မည်သူမျှ လာရောက်နှောင့်ယှက်ခြင်း မရှိတော့သဖြင့် ရုပ်ရှင်ရိုက်ကူးရေးမှာ ပန်းခင်းလမ်းပမာ အဆင်ပြေချောမွေ့ခဲ့သည်။
ရက်အနည်းငယ်အကြာတွင် လန်ရွှယ်၏ ဒဏ်ရာများမှာလည်း သက်သာသွားသည်။ ထိုအတောအတွင်း ချန်ဟောင်ယုမှာ ချန်ထျန်မင်း၏ မျက်နှာသာပေးခြင်းကို လုံးဝ ဆုံးရှုံးသွားသည်။
လန်ရွှယ်ကို တွန်းခဲ့သူမှာ သူမဟုတ်ကြောင်း အခါခါ ရှင်းပြခဲ့သော်လည်း ချန်ထျန်မင်းက သူ့စကားကို လုံးဝ မယုံကြည်တော့ချေ။ ထို့ကြောင့် ချန်မိသားစုအတွင်း လန်ရွှယ်၏ အဆင့်အတန်းမှာ မျက်စိတစ်မှိတ်အတွင်း မြင့်တက်သွားလေတော့သည်။
ယခု စနေ၊ တနင်္ဂနွေသို့ ပြန်လည်ရောက်ရှိလာပြန်ရာ အစီအစဉ်အဖွဲ့က ဧည့်သည်အဖွဲ့ လေးဖွဲ့အား တစ်ဖွဲ့၏ ရိုက်ကွင်းသို့ တစ်ဖွဲ့က သွားရောက်လည်ပတ်ရန် တာဝန်ပေးလိုက်သည်။
မန်ရှင်းက သူမ သမီး မန်ကျီထုံကို ခေါ်ဆောင်ကာ လန်ရွှယ်၏ ရိုက်ကွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး သွမ့်ဟွေကျိုကမူ နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့ကို ခေါ်ဆောင်ကာ ယဲ့ယီ၏ ရိုက်ကွင်းသို့ ရောက်လာခဲ့၏။
သွမ့်ဟွေကျို သည် ယဲ့ယီ၏ ရိုက်ကွင်းသို့ လိုက်ပါရန် သဘောတူခဲ့ခြင်းအပေါ် နန်ချင်ဝမ်မှာ များစွာ အံ့အားသင့်နေမိသည်။ သွမ့်ဟွေ့ကျိုသည် သူမအား လန်ရွှယ်၏ ရိုက်ကွင်းသို့သာ အတင်းအကျပ် ခေါ်သွားလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။
နန်ချင်ဝမ်ကို ပို၍ အံ့အားသင့်စေသည်မှာ ယနေ့တွင် သွမ့်ဟွေကျိုက သူမအပေါ် အတော်လေး နူးညံ့သိမ်မွေ့နေခြင်းပင်။ သူတို့ စတင် လက်ထပ်ခဲ့စဉ်ကာလ အတိုင်း ပြုမူနေရုံသာမက သွမ့်ကျားကျားကိုပင် လိုလိုလားလား ပွေ့ချီခဲ့၏။
နန်ချင်ဝမ်မှာမူ သွမ့်ဟွေ့ကျို ရုတ်တရက် ပြောင်းလဲလာသည်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။ ယခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကြောင့် သူမအနေဖြင့် သူအပေါ် ကို လုံးဝ မယုံကြည်နိုင်သေးပေ။
သို့သော် သွမ့်ဟွေကျိုကမူ ယခင်က မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား သူမကိုလည်း “ရှောင်ဝမ်” ဟု ခေါ်ကာ ချိုချိုသာသာ ဆက်ဆံနေလေ၏။
ရိုက်ကွင်းသို့ ရောက်ရှိလာသည့်အခါ ယဲ့ယီသည်လည်း သွမ့်ဟွေကျိုကို မြင်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
[ဟိုး... ဒါ လန်ရွှယ်ရဲ့ သစ္စာရှိလှတဲ့ အစေခံလေး မဟုတ်လား။ ဒီနေ့ ဘယ်လိုဖြစ်ပြီး လန်ရွှယ်နောက် မလိုက်ဘဲ ဒီကို ရောက်လာတာလဲ]
ကုရှီချန်း၏ အကြည့်များသည် သွမ့်ဟွေကျိုအပေါ်တွင် စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နှက်နေသည်။ ကုရှီချန်းသည် အိမ်ထောင်ရှိပါလျက်နှင့် ဖောက်ပြန်လိုသူများကို အလွန်ပင် မုန်းတီးသူဖြစ်သည်။
သွမ့်ဟွေကျိုကမူ ဘာမှမဖြစ်သည့်အလား သွမ့်ကျားကျားကို ပွေ့ချီကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လာသည်။
“စီအီးအိုကု၊ ရှောင်ယီ... မတွေ့ရတာ ကြာပြီနော်”
“ရှောင်ယီ” ဆိုသည့် ခေါ်သံကို ကြားလိုက်ရချိန်တွင် ယဲ့ယီ ကြက်သီးများပင် တဖြန်းဖြန်းထသွားရသည်။ ယခင်က သူမကို ဖယ်ရှားပစ်ရန်သာ အမြဲကြိုးစားနေခဲ့သည့် ဤလူက ယခုမှ ဘယ်လိုစိတ်ကူးပေါက်ပြီး ရင်းနှီးပြနေရသနည်း။
သို့သော် ကင်မရာရှေ့တွင် ဖြစ်သောကြောင့် ယဲ့ယီမှာ အားနာပါးနာဖြင့် ပြုံးပြကာ ပြန်လည်နှုတ်ဆက်လိုက်ရသည်။
သို့သော် နောက်ဆုံးတွင် သူမ မနေနိုင်ဘဲ လှောင်ပြောင်လိုက်မိ၏။
“ရုပ်ရှင်မင်းသားကြီးသွမ့်က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။ ကျွန်မကတော့ ရှင် လန်ရွှယ်ရဲ့ ရိုက်ကွင်းကိုပဲ သွားမယ် ထင်ထားတာ”
သွမ့်ဟွေကျိုမှာ အနည်းငယ် နေရခက်သွားသော်လည်း ခဏအကြာတွင် နန်ချင်ဝမ်ကို ချစ်ခင်စုံမက်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မင်းက ရှောင်ဝမ်ရဲ့ သူငယ်ချင်းကောင်းပဲလေ၊ ကိုယ့်မိန်းမနဲ့အတူ ရိုက်ကွင်းကို လိုက်လာပေးတာက ယောကျာ်းတွေရဲ့ တာဝန်မဟုတ်ဘူးလား”
‘ဖွီး’
သွမ့်ဟွေကျို၏ ပျို့အန်ချင်စရာ ကောင်းလှသော စကားများကို ကြားလိုက်ရသည့်အခါ ယဲ့ယီ အန်ချင်သွားသည်။ ယခင်က သူ၏ နတ်သမီးလေးကို ကာကွယ်ရန်အတွက် နန်ချင်ဝမ်ကို အောက်တန်းကျကျ ပြောဆိုခဲ့သည်ကို မေ့နေပုံရ၏။
ယဲ့ယီသည် နန်ချင်ဝမ်ကို ကြည့်လိုက်သောအခါ သူမသည် သွမ့်ဟွေကျို၏ ချစ်ရိပ်အကြည့်များအောက်တွင် ရှက်သွေးဖြာနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ယီမှာ နဖူးကိုသာ ဖိထားမိတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် နန်ချင်ဝမ်မှာ အချစ်နွံထဲတွင် နစ်မွန်းနေသူ ဖြစ်နေပြန်၏။ သူသည် အပေါ်ယံလေး ချော့လိုက်ရုံနှင့် သူမမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားပုံရသည်။
သို့သော် “မင်းကြီးပင် အဆုံးအဖြတ်မပေးနိုင်သော အိမ်တွင်းရေး” ဖြစ်သည့်အတွက် ယဲ့ယီသည် ဘာမှ ဝင်မပြောတော့ချေ။
သွမ့်ကျားကျားသည် ကုစဲ့ကို မြင်လိုက်သည့်နှင့် သွမ့်ဟွေကျို၏ လက်ထဲမှ ချက်ချင်း ဆင်းချင်နေလေ၏။ သွမ့်ဟွေကျိုက သူမကို အောက်သို့ ချပေးလိုက်သည်နှင့် ကုစဲ့အနားသို့ သူမ ခြေတိုလေးများဖြင့် ပြေးသွားတော့သည်။
ကုစဲ့ကမူ မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ လွန်ခဲ့သည့်အကြိမ်က ဆေးရုံတွင် သွမ့်ကျားကျား ငိုယိုခဲ့သည့်အတွက် သူ စိတ်ဒဏ်ရာရနေဆဲပင်။ ဤမိန်းကလေးမှာ အငိုသန်လေး ဖြစ်ပေသည်။
သွမ့်ကျားကျားသည် ကုစဲ့အနားသို့ ပြေးသွားပြီး သူ့လက်ကို လှမ်းဆွဲလိုက်သည်။
“ကိုကိုကုစဲ့၊ အတူတူ သွားကစားရအောင်လေ”
ကုစဲ့ ယဲ့ယီကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ယဲ့ယီကမူ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
[သားလေးရေ... မင်းအခုရနေတဲ့ ဒီအချစ်ကံကို တန်ဖိုးထားစမ်းပါ]
ဤသို့ဖြင့် ကုစဲ့မှာ သွမ့်ကျားကျား ဆွဲခေါ်ရာသို့ လိုက်ပါသွားရတော့သည်။ ကလေးငယ်နှစ်ဦး ရိုက်ကွင်းအသုံးအဆောင် ပစ္စည်းများဖြင့် တိုက်မိကာ ထိခိုက်ဒဏ်ရာ မရစေရန်အတွက် ယဲ့ယီက ဝန်ထမ်းတစ်ဦးဖြင့် သေချာကြည့်ရှုပေးရန် စီစဉ်ပေးလိုက်သည်။
စကားစမြည် ပြောဆိုပြီးနောက် အစီအစဉ်အဖွဲ့က ယနေ့အတွက် တာဝန်ကတ်ပြားကို ပေးအပ်လာလေသည်။
မိသားစုလေးဖွဲ့ကို အုပ်စုနှစ်စုခွဲကာ ရုပ်ရှင်၏ အဓိကအကြောင်းအရာနှင့် ဆက်စပ်သည့် ဗီဒီယိုအတို တစ်ခုကို ရိုက်ကွင်းသုံးပစ္စည်းများဖြင့် ရိုက်ကူးရမည် ဖြစ်သည်။
ထို့နောက် အစီအစဉ်အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင် တင်ပေးမည်ဖြစ်ပြီး ကြိုက်နှစ်သက်မှု အများဆုံးရသည့် အဖွဲ့က အစီအစဉ်၏ နောက်ဆုံးအပိုင်းတွင် ရုပ်ရှင်အတွက် အရောင်းမြှင့်တင်ရေး အခွင့်အရေးနှင့်အတူ လက်ဆောင်တစ်ခုကို ရရှိမည်ဖြစ်သည်။
မည်သူမျှ လက်ဆောင်ကို ဂရုမစိုက်ကြချေ။အဓိက စိတ်ဝင်စားသည်မှာ နောက်ဆုံးအပိုင်းမှ အရောင်းမြှင့်တင်ရေး အခွင့်အရေးပင် ဖြစ်သည်။
ယခုလက်ရှိ “ကြယ်ပွင့်မိသားစု” ၏ ကျော်ကြားမှုအရ ဤအရောင်းမြှင့်တင်ရေးသည် ပရိသတ်အမြောက်အမြားကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ရုပ်ရှင်၏ ဝင်ငွေမှာလည်း အလိုလို မြင့်တက်လာပေလိမ့်မည်။
ထို့ကြောင့် ယဲ့ယီသည်လည်း ဤအခွင့်အရေးကို လက်လွှတ်မခံလိုဘဲ မည်သို့သော ဗီဒီယိုမျိုး ရိုက်ကူးရမည့်အကြောင်း စတင်စဉ်းစားတော့သည်။ ရုပ်ရှင်၏ အဓိကအကြောင်းအရာမှာ သည်းထိတ်ရင်ဖို ဖြစ်သောကြောင့် ဗီဒီယိုအတို၏ ပါဝင်မှုမှာလည်း ထိုပုံစံမျိုးသာ ဖြစ်ရမည်။
တစ်ဖက်တွင် ယဲ့ယီအလေးအနက် စဉ်းစားနေစဉ် သွမ့်ဟွေကျိုမှာမူ နန်ချင်ဝမ်ကို သူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ယုံကြည်လာအောင် လေချိုသွေးနေတော့သည်။
သို့သော် သွမ့်ဟွေကျို၏ ရုတ်တရက် အပြောင်းအလဲသညိ အွန်လိုင်းအသုံးပြုသူများကိုပါ ဇဝေဇဝါ ဖြစ်စေခဲ့သည်။
[နေပါဦး သွမ့်ဟွေ့ကျိုက အရင်က သူ့ဇနီးကို အတော်လေး မုန်းပုံရတယ်။ ဘာလို့ အခုမှ ရုတ်တရက်ကြီး ချစ်ပြနေရတာလဲ]
[အရင်တုန်းက သူတို့မိသားစုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဒီနှစ်ယောက်က ဇနီးမောင်နှံနဲ့တောင် မတူဘူး။ အခုကျမှ ဘာတွေဖြစ်နေတာလဲ]
[ဘာအံ့သြစရာ ရှိလို့လဲ။ သူတို့က လင်မယားတွေလေ၊ ကုတင်ခေါင်းရင်းမှာ ရန်ဖြစ်ပြီး ကုတင်ခြေရင်းမှာ ပြန်တည့်သွားတာ နေမှာပေါ့]
[ဒါပေမဲ့ အပြောင်းအလဲက အရမ်းမြန်လွန်းတယ်။ အရင်က သွမ့်ဟွေကျိုက သူ့ဇနီးကို နှိမ်ခဲ့တာတွေက သရုပ်ဆောင်နေတာနဲ့ မတူဘူး။ မျက်နှာပြောင်းတာကတော့ တကယ်ကို မြန်လွန်းတယ်]
[သူ့ဇနီးကတောင် ဘာမှမပြောတာကို ဒီကလူတွေက ဘာလို့ အလကားနေရင်း စိတ်ပူနေကြတာလဲ။ တကယ်ကို အားနေကြတာပဲ]
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်မူ ယဲ့ယီ ရိုက်ကူးမည့် အကြောင်းအရာကို ဆုံးဖြတ်လိုက်သည်။
တိုတောင်းသော အချိန်အတွင်း သည်းထိတ်ရင်ဖို ခံစားချက်ကို ပေးစွမ်းနိုင်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ တရုတ်ရိုးရာ ထိတ်လန့်ဖွယ်ရာ အငွေ့အသက်များကို ထည့်သွင်းခြင်းပင် ဖြစ်သည်။
ရိုက်ကွင်းတွင်လည်း ယခင်ရိုက်ကူးရေးအဖွဲ့ ထားခဲ့သည့် ရှေးဟောင်းဝတ်စုံနှင့် အသုံးအဆောင်များ ရှိနေသဖြင့် အဆင်ပြေသွားသည်။ အကြောင်းအရာကို ဆုံးဖြတ်ပြီးနောက်တွင် ယဲ့ယီသည် နန်ချင်ဝမ်တို့ကို ခေါ်ကာ ဇာတ်ကောင်များ ခွဲဝေပေးလိုက်သည်။
ယဲ့ယီ ရေးဆွဲထားသည့် ဇာတ်လမ်းမှာ ရှေးဟောင်းအိမ်ကြီး တစ်ခုအတွင်း၌ အခြေတည်ထား၏။ သူဌေးကြီးတစ်ဦး၏ အသစ်စက်စက် ဇနီးသည်မှာ မင်္ဂလာဦးညတွင် ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ကာ သေဆုံးသွားခဲ့ရာ ဒေသန္တရအရာရှိက ချက်ချင်း စုံစမ်းစစ်ဆေးရန် လူလွှတ်ပေးခဲ့သည်။
စုံစမ်းကြည့်သည့်အခါ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုသူဌေးကြီးသည် သူ၏ ရာထူးတက်လှမ်းရေးအတွက် ကိုယ်ဝန်ရှစ်လရှိနေသော ပထမဇနီးကို သတ်ပစ်ခဲ့ကြောင်း ပေါ်ပေါက်လာသည်။
လူတိုင်းသည် ပထမဇနီးက လက်စားချေရန် ပြန်လာသည်ဟု ထင်မှတ်ကြပြီး အချို့ကလည်း ညဘက်တွင် ပထမဇနီး နေထိုင်ခဲ့သည့် အခန်းထဲမှ ကလေးငိုသံကို ကြားရသည်ဟု ဆိုကြသည်။ သူဌေးကြီးမှာ ကြောက်လန့်လွန်းသဖြင့် လေဖြတ်သွားရတော့သည်။
အရာရှိ၏ လူများက ဆက်လက် စုံစမ်းစစ်ဆေးခဲ့ရာ ဤဖြစ်ရပ်မှာ အမှန်စင်စစ် ပထမဇနီး၏ အမွှာညီမက လက်စားချေရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိသွားသည်။
နောက်ဆုံးတွင် အမွှာညီမကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြသည်။ အားလုံးက ကိစ္စရပ်များ ပြီးဆုံးသွားပြီဟု ထင်မှတ်နေချိန်တွင် စုံစမ်းစစ်ဆေးရေးမှူးက ပထမဇနီး၏ မွေးရပ်မြေရှိ အဘွားအိုတစ်ဦးထံမှ ထူးဆန်းသော သတင်းတစ်ခုကို ကြားလိုက်ရသည်။
၎င်းမှာ ပထမဇနီးတွင် အမွှာညီမ လုံးဝမရှိဘဲ အမွှာမောင်လေးသာ ရှိခဲ့သည်ဟု ဆိုလေသည်။ သို့သော် ဖမ်းဆီးခံထားရသူမှာ ငြင်းမရသော မိန်းမသားတစ်ဦး ဖြစ်နေသည်။
အမွှာညီမကို ခေါင်းဖြတ်သတ်ရန် မတိုင်မီ တစ်ရက်အလိုတွင် စုံစမ်းစစ်ဆေးရေးမှူး၏ ကုတင်ဘေးတွင် အနီရောင် ပန်းထိုးဖိနပ်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။