အခန်း (၆၉)
Vol. 7 Ch. 69
အခန်း (၆၉)
ဇာတ်ညွှန်းပေါက်ကြားခြင်း
ယဲ့ယီတစ်ယောက်သာ အမျိုးသမီးသရုပ်ဆောင် ဖြစ်သဖြင့် အမွှာညီမနေရာတွင် သူမကိုယ်တိုင် သရုပ်ဆောင်ရလေ၏။ နန်ချင်ဝမ်ကမူ သူဌေးကတော်အသစ်အဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။
သို့သော် သွမ့်ဟွေကျိုနှင့် ကုရှီချန်းတို့အနက် မည်သူက သူဌေးကြီးနေရာနှင့် မည်သူက ရဲအရာရှိနေရာတွင် သရုပ်ဆောင်မည်နည်း။
ယဲ့ယီ ထပ်မံမစဉ်းစားတော့ပဲ ပြောလိုက်သည်။
“မင်းသားကြီးသွမ့်က သူဌေးကြီးနေရာက သရုပ်ဆောင်၊ ရှီချန်းက ရဲအရာရှိနေရာက သရုပ်ဆောင်ပေါ့”
သွမ့်ဟွေကျိုမှာ ထိုစီစဉ်မှုအပေါ် အလွန်မကျေမနပ် ဖြစ်သွားလေ၏။
“ငါက ဘာလို့ သူဌေးကြီးနေရာက သရုပ်ဆောင်ရမှာလဲ”
ထိုမေးခွန်းကြောင့် ယဲ့ယီသည် သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။
“မင်းသားကြီးသွမ့်ရဲ့ ရုပ်ရည်သွင်ပြင်က ဒီဇာတ်ရုပ်နဲ့ ပိုလိုက်ဖက်လို့ပေါ့”
သွမ့်ဟွေကျို၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ ဤသည်မှာ သူ့ကို လူမဆန်သည့် နှလုံးသားမဲ့သူဟု သွယ်ဝိုက်ပြီး ပြောလိုက်ခြင်းပင် မဟုတ်လော။
သို့သော်လည်း တစ်ဖက်လူမှာ သူ လုံးဝ ရန်မစရဲသည့် ကုရှီချန်း ဖြစ်နေသောကြောင့် အံကြိတ်ကာ မျိုသိပ်ထားလိုက်ရသည်။
ဇာတ်ကောင်များ ခွဲဝေပြီးသည်နှင့် ရိုက်ကူးရေး စတင်တော့၏။ ဤသည်မှာ အရောင်းမြှင့်တင်ရေး အခွင့်အရေးအတွက် တိုက်ပွဲတစ်ခုသာမက ရိုက်ကူးရေးအဖွဲ့ နှစ်ဖွဲ့ကြားမှ စွမ်းရည်ပြိုင်ပွဲလည်း ဖြစ်သည်။
သွမ့်ဟွေကျိုမှာ ပြဿနာရှာချင်သော်လည်း ဘာမှလုပ်၍ မရခဲ့ချေ။ သူ့ဇာတ်ကွက်အများစုမှာ ကုတင်ပေါ်တွင်သာ လဲလျောင်းနေရ၏။ ထို့အပြင် သူ တစ်ခုခုလုပ်ရန် ကြံစည်တိုင်း ကုရှီချန်း၏ အကြည့်တစ်ချက်က သူ့ကို ပြားဝပ်သွားစေ၏။
လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် အစီအစဉ်အဖွဲ့က ရိုက်ကူးရေး လုပ်ငန်းစဉ်များကို မှတ်တမ်းမတင်ခဲ့ပေ။
အခြားတစ်ဖက်ရှိ လန်ရွှယ်၏ ရိုက်ကွင်းမှာမူ ခေတ်သစ်ပုံစံ ဖြစ်သည်။
သို့သော် အရာအားလုံးကို စီမံခန့်ခွဲနေသည့် ယဲ့ယီနှင့် နှိုင်းယှဉ်ပါက လန်ရွှယ်မှာ ထိုဘက်တွင် ဒေါသထွက်လုနီးပါး ဖြစ်နေရသည်။
မန်ရှင်းသည် ဗီဒီယိုအတိုတွင် ခေါင်းဆောင်မင်းသမီး နေရာအတွက် သူမနှင့် အပြိုင်လုနေသောကြောင့် ဖြစ်လေ၏။ လန်ရွှယ်အနေဖြင့်လည်း လုံးဝ သဘောမတူနိုင်ချေ။
သူမသည် ရုပ်ရှင်၏ ခေါင်းဆောင်မင်းသမီး ဖြစ်သဖြင့် ဗီဒီယိုအတိုတွင်လည်း သူမသာ ခေါင်းဆောင် ဖြစ်သင့်သည်ဟု ယူဆထားသည်။ သို့သော် မန်ရှင်းက ချန်ထျန်မင်း၏ ကွယ်လွန်သွားသော ဇနီးဟောင်းက သူမအား နောင်တွင် လိုချင်သည့် ဇာတ်ကောင်မှန်သမျှကို တိုက်ပွဲဝင်ယူရန် မှာကြားခဲ့ဖူးကြောင်း သနားစဖွယ် ပြောဆိုလာတော့သည်။
ကွယ်လွန်သူ အချစ်ဦးဇနီးဟောင်းအကြောင်း ကြားလိုက်ရတိုင်း ချန်ထျန်မင်းမှာ ဆင်ခြင်တုံတရားများ ပျောက်ဆုံးသွားလေ့ရှိသည်။ လန်ရွှယ် မည်သို့ပင် ပြောဆိုပါစေ မန်ရှင်းကိုသာ ထိုဇာတ်ကောင်ကို ပေးလိုက်တော့သည်။
လန်ရွှယ်မှာ ရိုက်ကွင်းတစ်လျှောက်လုံးဝမ်းနည်း ပက်လက်ဖြစ်ခဲ့ရသည်။
နောက်ဆက်တွဲ အလုပ်များကို တည်းဖြတ်သူထံ လွှဲပြောင်းထား၏။ တည်းဖြတ်ပြုပြင်ပြီးပါက ထုတ်လုပ်ရေးအဖွဲ့သို့ ပေးပို့မည် ဖြစ်သည်။
ရိုက်ကူးရေးပြီးဆုံးသည့်အခါ ညစာစားချိန်သို့ ရောက်ရှိလာ၏။ အစီအစဉ်အဖွဲ့က ဧည့်သည်များကို ဝန်ထမ်းများနှင့်အတူ ထမင်းဘူး စားရန် သတ်မှတ်ထားလေသည်။
ကုရှီချန်းနှင့် ကုစဲ့တို့သည် ယဲ့ယီကြောင့် ရိုက်ကွင်းမှာပင် ထမင်းဘူးဖြင့် အကြိမ်ကြိမ် စားဖူးခဲ့သဖြင့် ကျင့်သားရနေပြီ ဖြစ်၏။ နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့မှာလည်း အစားအသောက် မရွေးကြဘဲ မြိန်ယှက်စွာ စားသောက်နိုင်ကြသည်။
သွမ့်ဟွေကျို တစ်ယောက်သာ လက်ထဲမှ ထမင်းဘူးကို စက်ဆုပ်စွာ ကြည့်နေ၏။ သို့သော် ယခုအချိန်က တိုက်ရိုက်ထုတ်လွှင့်နေသည်ကို သတိရကာ အံကြိတ်၍ စားလိုက်ရသည်။
အားလုံး စားသောက်ပြီးချိန်တွင် သွမ့်ဟွေကျို အိမ်သာသွားမည်ဟု အကြောင်းပြကာ ထွက်ခွာသွားခဲ့သည်။
ယဲ့ယီမှာ ရုတ်တရက် စိတ်ကူးသစ်တစ်ခု ရလိုက်သဖြင့် ဇာတ်ညွှန်းသွားယူရန် ပြင်ဆင်လိုက်သည်။
သူမသည် ယာယီရုံးခန်းထဲသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ် ခိုးကြောင်ခိုးဝှက် သွားနေသည့် အရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ယဲ့ယီသည် ချက်ချင်းရပ်ကာ တံခါးအပြင်ဘက်တွင် ပုန်းနေပြီး အတွင်းမှ လူကို အကဲခတ်ကြည့်လိုက်သည်။
ထိုလူမှာ အခြားသူမဟုတ်ဘဲ သွမ့်ဟွေကျိုပင် ဖြစ်ပြီး သူသည် တစ်ခုခုကို ရှာဖွေနေပုံရသည်။
ယဲ့ယီသည် သူ အမှန်တကယ် မပြောင်းလဲနိုင်ကြောင်း သိရှိထားပြီးဖြစ်ရာ ယခုမှသာ ဟန်ဆောင်နေရသည့် အကြောင်းအရင်းကို သိရတော့၏။ သူသည် ယဲ့ယီ၏ အရေးကြီးသော လျှို့ဝှက်အချက်အလက်များကို ခိုးယူလိုခြင်းဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့တစ်ခုတွင် အရေးကြီးဆုံးမှာ ဇာတ်ညွှန်းပင် ဖြစ်သည်။ လန်ရွှယ်က သွမ့်ဟွေ့ကျိုကို ဇာတ်ညွှန်းခိုးခိုင်းပြီး ပေါက်ကြားအောင် လုပ်ခိုင်းနေခြင်း ဖြစ်ကြောင်း တွေးတောနေစရာပင် မလိုဘဲ ယဲ့ယီ တန်းသိလိုက်၏။
သွမ့်ဟွေကျိုမှာ အတော်ကြာအောင် ရှာသော်လည်း မတွေ့ပေ။ တစ်စုံတစ်ယောက်ရောက်လာမည်ကို စိုးရိမ်သဖြင့် ပြန်ထွက်ရန် ပြင်ဆင်လိုက်သည်။
သူ မထွက်လာမီ ယဲ့ယီက အခြားတစ်ဖက်သို့ သွားကာ ပုန်းနေလိုက်သည်။
သူ ထွက်သွားပြီးနောက် ယဲ့ယီသည် အခန်းထဲသို့ဝင်ကာ လက်ပ်တော့အောက်မှ ဇာတ်ညွှန်းကို ထုတ်ယူလိုက်သည်။ သူမသည် ဇာတ်ညွှန်းကို လက်ပ်တော့အောက်တွင် ညှပ်ထားခဲ့ခြင်း ဖြစ်ရာ သွမ့်ဟွေကျို တွေ့မသွားသည်မှာ မထူးဆန်းပေ။
ယဲ့ယီသည် ဇာတ်ညွှန်းကို ကြည့်ကာ ခဏစဉ်းစားလိုက်သည်။ သွမ့်ဟွေကျိုသည် ဇာတ်ညွှန်းခိုးရန် အခွင့်အရေး ထပ်ရှာဦးမည်မှာ သေချာသလောက် ရှိ၏။ ထိုသို့ဆိုပါက သူမ သူ့ကို ကောင်းကောင်း အသုံးချရပေလိမ့်မည်။
ယဲ့ယီသည် ဇာတ်ညွှန်း အစိတ်အပိုင်း အချို့ကို အံဆွဲထဲတွင် ထည့်လိုက်ပြီး အစွန်းလေး အနည်းငယ် ထွက်နေအောင် တမင်တကာ လုပ်ထားလိုက်သည်။ ထို့နောက် ကွန်ပျူတာ၏ မှတ်တမ်းတင်ရိုက်ကူးမှုကို ဖွင့်ထားလိုက်၏။
ထို့နောက် ဇာတ်ညွှန်းအစစ်ကို စာအုပ်တစ်အုပ်ထဲတွင် ဝှက်ကာ ယူဆောင်သွားခဲ့သည်။ ငါးစာကို ငါးလာဟပ်မည့်အချိန်ကို စောင့်နေရန်သာ ကျန်တော့၏။
မျှော်လင့်ထားသည့်အတိုင်းပင် သွမ့်ဟွေကျိုမှာ ရုံးခန်းထဲသို့ ဝင်ရန် အခွင့်အရေး ထပ်ရှာနေခဲ့သည်။
ယဲ့ယီသည် သူ့အစီအစဉ်ကို ပိုပီပြင်စေရန်အတွက် ဝန်ထမ်းများကို တမင်ဖယ်ရှားပေးကာ သူ့အတွက် အခွင့်အရေး ဖန်တီးပေးလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ သွမ့်ဟွေကျိုသည် ရုံးခန်းထဲသို့ တစ်ဖန် ခိုးဝင်သွားပြန်သည်။ ခဏအကြာတွင် ပြန်ထွက်လာသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးများမှာ ဖုံးဖိ၍မရအောင် ဖြစ်နေတော့၏။
ထိုအမူအရာကြောင့် နန်ချင်ဝမ် ထူးဆန်းသလို ခံစားရ၏။
“ဟွေ့ကျို ဘာလို့ ဒီလောက် ပျော်နေတာလဲ”
သွမ့်ဟွေ့ကျို ပြုံးပြုံးပင် ပြန်ဖြေ၏။
“ဒီနေ့က မင်းနဲ့အတူ ပထမဆုံးအကြိမ် သရုပ်ဆောင်ရတဲ့နေ့ဆိုတော့ ကိုယ်အရမ်း ပျော်နေတာပါ”
နန်ချင်ဝမ် ချက်ချင်းပင် ရှက်သွေးဖြာသွားပြီး ယဲ့ယီကမူ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းသာ ချမိတော့သည်။
ရိုက်ကူးရေး ပြီးဆုံးသွားသည့်အခါ သွမ့်ဟွေကျိုက နန်ချင်ဝမ်နှင့် သွမ့်ကျားကျားတို့ကို ခေါ်ဆောင်ကာ ချက်ချင်းပင် ပြန်သွားတော့သည်။ တစ်မိနစ်မျှ နောက်ကျသွားပါက လန်ရွှယ်ကို မျက်နှာချိုသွေးရန် အခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်နေသည့် အလားပင်။
သူတို့ ထွက်သွားပြီးနောက် ယဲ့ယီက သွားရောက်စစ်ဆေးခဲ့သည်။
အံဆွဲထဲမှ ဇာတ်ညွှန်းမှာ ထင်သားသည့်အတိုင်းပင် ပျောက်ဆုံးသွားလေပြီ။ သူမသည် ကွန်ပျူတာကို ဖွင့်ကြည့်လိုက်သောအခါ သွမ့်ဟွေကျို၏ ပစ္စည်းခိုးယူနေသည့် ဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ မှတ်တမ်းတင်ထားသည်ကို တွေ့လိုက်ရသည်။
အခြားတစ်ဖက်တွင်မူ သွမ့်ဟွေကျိုသည် ပြန်ရောက်သည်နှင့် စာကြည့်ခန်းထဲသို့ဝင်ကာ လန်ရွှယ်ထံသို့ တိတ်တဆိတ် သတင်းပို့လေတော့သည်။
သူသည် ဇာတ်ညွှန်းများကို ဓာတ်ပုံရိုက်ကာ ပို့ပေးလိုက်ပြီးနောက် မကြာမီမှာပင် လန်ရွှယ်က ဖုန်းပြန်ဆက်လာ၏။
သွမ့်ဟွေကျို အမြန်ပင် ဖုန်းကိုင်လိုက်၏။
ဖုန်းတစ်ဖက်မှ လန်ရွှယ်၏ အသံထွက်ပေါ်လာလေသည်။
“ဟွေကျို ဘာလို့ ဒီလောက်နည်းနေတာလဲ”
သွမ့်ဟွေကျို အားနာနာနှင့် တောင်းပန်လိုက်၏။
“သူတို့ က ဇာတ်ညွှန်းကို အရမ်း လျှို့ဝှက်ထားတာ၊ ငါ ဒါလေးရဖို့တောင် တော်တော် ကြိုးစားခဲ့ရတယ်”
လန်ရွှယ် ဘာမှထပ်မပြောတော့ဘဲ အားသည့်အခါ ထမင်းလိုက်ကျွေးမည်ဟု ဆိုကာ ဖုန်းချသွားသည်။
သွမ့်ဟွေကျိုကမူ လန်ရွှယ် သူ့ကို ပထုတ်လိုက်သည်ကို နည်းနည်းမှ သတိမမူမိဘဲ သူမနှင့်အတူ ဖယောင်းတိုင် မီးရောင်မှုန်မှုန်လေးအောက်တွင် ညစာ စားရမည့်အချိန်ကို မျှော်လင့်နေတော့၏။
လန်ရွှယ်သည် စျေးကွက်ရှာဖွေရေး အကောင့်အချို့နှင့် ဆက်သွယ်ကာ ထိုညမှာပင် ပေါက်ကြားလာသော ဇာတ်ကွက်များကို ဖြန့်ဝေလိုက်တော့သည်။
နောက်တစ်နေ့တွင် ယဲ့ယီမှာ ထုံးစံအတိုင်း လူမှုကွန်ရက်၏ ရေပန်းစားဆုံးစာရင်း တွင် ပါဝင်လာပြန်သည်။
ပေါက်ကြားသွားသည့် ဇာတ်ကွက်မှာ မင်းသားနှင့် မင်းသမီးတို့၏ အချစ်ခန်းများသာ ဖြစ်သည်။ မင်းသမီး၏ ကြင်နာတတ်မှုနှင့် လှပမှုကြောင့် ရဲအရာရှိက သူမကို ချစ်မိသွားကာ လိုက်လံပိုးပန်းသည့် ဇာတ်ကွက်များသာ ဖြစ်ပြီး ရုပ်ရှင်၏ အဓိကဇာတ်လမ်းနှင့် လုံးဝသက်ဆိုင်ခြင်း မရှိချေ။
ဇာတ်ညွှန်းပေါက်ကြားသွားပြီးနောက် စျေးကွက်ရှာဖွေရေး အကောင့်များစွာက ယဲ့ယီ၏ ရုပ်ရှင်ကို လှောင်ပြောင်ကြတော့၏။
ဤသည်မှာ သည်းထိတ်ရင်ဖို ရုပ်ရှင်မဟုတ်ဘဲ သည်းထိတ်ရင်ဖို အယောင်ဆောင်ထားသည့် အချစ်ရုပ်ရှင်သာ ဖြစ်လိမ့်မည်ဟု ဝေဖန်ကြသည်။
အင်တာနက်အသုံးပြုသူများကလည်း အပြင်းအထန် ဆွေးနွေးလာကြသည်။
“ဒါကို သည်းထိတ်ရင်ဖို ရုပ်ရှင်လို့ ခေါ်တာလား။ မဟုတ်တရုတ်တွေ မလုပ်ပါနဲ့”
“ပြောစရာ စကားပျောက်ဆုံးသွားပြီ။ ဒါက အပေါစား အချစ်ကားပဲ မဟုတ်လား။ ဘာလို့ သည်းထိတ်ရင်ဖိုကားလို့ ဟန်ဆောင်နေတာလဲ။ ငါ့မှာ မျှော်လင့်နေလိုက်ရတာ”
“လူတွေကို လိမ်တာပဲ”
“ငါသိသားပဲ၊ ပညာရှင်မဟုတ်တဲ့ ဇာတ်ညွှန်းရေးဆရာက ဘယ်လိုလုပ် သည်းထိတ်ရင်ဖို ဇာတ်ညွှန်း ရေးနိုင်မှာလဲ။ အချစ်ကား ရေးတယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်”
လူအများစုက ယဲ့ယီကို လှောင်ပြောင်သည့် သဘောထားမျိုး ရှိနေကြသည်။ ယဲ့ယီကမူ ထိုမှတ်ချက်များကို မြင်သောအခါ အံ့အားမသင့်ခဲ့ပေ။ ဝေဖန်သံများ ကျယ်လောင်လေလေ၊ လူသိများလေလေ ဖြစ်သည် မဟုတ်လော။
အခြေအနေများ အရှိန်မြင့်လာသောအခါ ယဲ့ယီ နန်ချင်ဝမ်အား ဖုန်းဆက်ကာ ဤရုပ်ရှင်မှာ အမှန်တကယ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအတွက် ရုပ်ရှင်ထွက်ရှိသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပေးရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရှင်းလင်းခိုင်းလိုက်သည်။
ဇာတ်ညွှန်း ပေါက်ကြားသွားသည်ကို မြင်လိုက်ရသောအခါ နန်ချင်ဝမ်မှာ ထိတ်လန့်သွားပြီး တစ်စုံတစ်ခုကို တွေးမိကာ မျက်နှာတစ်ခုလုံး ချက်ချင်းလက်ငင်း ဖြူဖပ်သွား၏။
သူမ၏ စိတ်ကို ထိန်းကာ ယဲ့ယီ ခိုင်းသည့်အတိုင်း လူမှုကွန်ရက်တွင် စာတင်လိုက်သော်လည်း ပြီးဆုံးသွားသည့်အခါ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့၏။
သူမ ထင်ထားသည့်အတိုင်း မဟုတ်ပါစေနှင့်ဟုသာ သူမ ဆုတောင်းနေမိတော့သည်။